← Chapters

ရုတ်တရက် သေဆုံးရခြင်း(3)

Vol. 8 Ch. 77

ရုတ်တရက် သေဆုံးရခြင်း(3)

Vol. 8 Ch. 77

ရှုကျုံးသွမ့်ယွဲ့က တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မထွက်ခင် သားဖြစ်သူအား ကင်မရာရှေ့သို့ ဆွဲခေါ်ကာ ကုကျစ်စုန့်ကို ကျေးဇူးတင်ခိုင်းလိုက်သည်။

သူ ရုတ်တရက်သေဆုံးနိုင်ချေရှိသည်ကို သိလိုက်ရခြင်းကြောင့် လျို့ရှောင်ဖုန်မှာ ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေကာ မျက်လုံးများကလည်း နီရဲနေလေ၏။

“တောင်းပန်ပါတယ် ကုတောက်ကျန့်၊  ကျွန်တော် ခုနက ရိုင်းပြသွားမိပါတယ်၊ အသက်ကို ကယ်တင်ပေးလို့လည်း ကျေးဇူးတင်ပါတယ်၊ ကျွန်တော် နောက်ကို ဘယ်တော့မှ ညဉ့်နက်တဲ့အထိ မနေတော့ပါဘူး”

ရှုကျုံးသွမ့်ယွဲ့ ကင်မရာအား ပိတ်လိုက်သော်လည်း တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များကတော့ မကျေနပ်ကြသေးပေ။

[ဝေါင်းးးးးးးးးးးးးးးးးးးးးးးးးးးး]

[ကယ်ပါဦး၊ ငါလည်း မကြာခဏ ရင်ဘတ်ထဲမှာ တင်းကြပ်ပြီး အသက်ရှူလည်း ကြပ်၊ ရင်လည်းတုန်တတ်တယ်၊ ငါလည်း ဆရာဝန်နဲ့ နှလုံးရောဂါစစ်ဆေးဖို့ ရက်ချိန်းယူထားပြီးပြီ]

[ငါလည်း အိပ်ရာ စောစောဝင်ပြီး စောစောထချင်ပါတယ်၊ ဒါပေမယ့် ညဆိုရင် ထိန်းမရတော့ဘူး…]

[ဒီနေ့ ထုတ်လွှင့်သူရဲ့ ဘေးမှာ တစ်ခုခုရှိနေတာကို သတိထားမိတာ ငါတစ်ယောက်တည်းလား? အဲဒီ အဝါရောင် စက္ကူလူရုပ်လေးက တစ်ခုခုကို ရည်ရွယ်ထားတာလား?]

မကြာလိုက်ပါချေ။ ဝေ့ပေါ်၌ ထိပ်တန်းရှာဖွေမှုများ ထိုးတက်လာတော့သည်။

# မိဘများ၏ အသံတိတ်ချစ်ခြင်းအကြောင်း ပြောကြရအောင်#

# ကုကျစ်စုန့်ပြောတယ် ညဘက် မအိပ်ရင် ရုတ်တရက်သေမယ်တဲ့#

#ဝိဉာဉ်တွေ တကယ်ရှိတယ်#



သက်ရှိကမ္ဘာ၏ အခြားတစ်ဖက်တွင်ရှိနေသည့် မြေအောက်ကမ္ဘာမှ သရဲများသည်လည်း ပျော်ပျော်ကြီး ဆွေးနွေးကာ မှတ်ချက်များ ဝင်ရေးနေခဲ့ကြသည်။

မြေအောက်ကမ္ဘာမှ အင်တာနက်အရှိန်မှာ အလွန် ညံ့ဖျင်းကာ သူတို့ ရေးပို့သော မှတ်ချက်များကလည်း အထက်မှ တိုက်ရိုက်ထုတ်လွှင့်ခြင်းသို့ မရောက်နိုင်မှန်း သိထားသော်ငြား သူတို့၏ပျော်ရွှင်နေခြင်းကို မတားဆီးနိုင်ကြပေ။

“သရဲဖြစ်နေတာ တော်သေးတယ်၊ ငါ နှစ်တစ်ရာလောက်မအိပ်ရင်တောင် ရုတ်တရက်တော့ မသေဘူး”

“ငါတို့မိသားစုက အလှလေးစုန့်စုန့်ကို အရမ်းသဘောကျတာပဲ၊ သူက အစီအရင်လည်း ဖြိုခွဲနိုင်တယ်၊ သရဲလည်း ဖမ်းနိုင်တယ်၊ တစ္ဆေဘုရင်ရဲ့ သင်္ချိုင်းကိုတောင် တူးဖော်နိုင်သေးတယ်၊

ဒီလို စွမ်းအားကြီးတဲ့ ထူးခြားပညာရှင်ရဲ့ ဝိဉာဉ်က သန့်စင်ပြီး တန်ဖိုးရှိမှာပဲ၊ မြေအောက်ကမ္ဘာက အိုမင်းရှုံ့တွတွေနဲ့တော့ ကွာပါ့၊ တစ္ဆေဘုရင်က ပြိုင်ဆိုင်ချင်စိတ်နည်းလွန်းတယ်၊  ငါကတော့ ငါ့ကိုယ်ငါ သူမရဲ့ တစ္ဆေအဖော်ဖြစ်ဖို့ ထောက်ခံချင်တယ်နော်” 

“ဘယ်သူက မလုပ်ချင်ဘဲနေမှာလဲ၊ ငါကတော့ သူမရဲ့ဘေးက လိုက်နေတဲ့ အဝါရောင်စက္ကူလူရုပ်ကို မနာလိုဖြစ်နေပြီ၊ အားလုံး သရဲချင်းတူတူပဲကို သူက ဘာလို့ စုန့်စုန့်ရဲ့ အနီးမှာ ကပ်နေရတာလဲ!!”



အနာဂတ်ဟောပြောခြင်းပြီးနောက် အချိန် ၂နာရီ ကုန်သွားပြီဖြစ်သည်။

ကုကျစ်စုန့် တိုက်ရိုက်ထုတ်လွှင့်သည်ကို ရပ်လိုက်ကာ ရေသောက်၊ အနားယူရန် ဆယ်မိနစ်ခန့် နားချိန်ယူလိုက်သည်။

ထိုအချိန်တွင် လက်ထောက်ရှောင်ကျိုးမှာ သူမရှေ့မှ မိုဘိုင်းဖုန်းအားစိုက်ကြည့်ကာ မျက်လုံးများကလည်း တောက်ပနေခဲ့ပြန်သည်။ သူမ၏ စိတ်လှုပ်ရှားနေသော အမူအရာများက မျက်နှာပေါ်တွင် အတိုင်းသားပေါ်နေခဲ့သည်။

ကုကျစ်စုန့်: “… …”

“ဘာဖြစ်ပြန်ပြီလဲ?”

ရှောင်ကျိုး :

“စုန့်ကျဲကျဲ ကိုယ့်ဘာသာကိုယ် ကြည့်လိုက်တော့၊ ကျွန်မပြောချင်တာ တစ်ခုကတော့ ကျဲကျဲက အရမ်းမိုက်တာပဲ!!”

ကုကျစ်စုန့်: “???”

သူမ ဝေ့ပေါ် အပ်ပလီကေးရှင်းအား ဖွင့်လိုက်ပြီးနောက် သီးသန့်မက်ဆေ့ချ်များနှင့် မှတ်ချက်များက 999+ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သူမ ပထမဆုံးတွေ့မြင်လိုက်ရသည့် ရှာဖွေမှုအား နှိပ်လိုက်ပြီးနောက် trend ဖြစ်နေသော ရှာဖွေမှုမှာ # ကုကျစ်စုန့်ပြောတယ် ညမအိပ်ရင် ရုတ်တရက်သေမယ်တဲ့# ဟူ၍ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် ပြောစရာစကားပင် ဆွံ့အသွားရသည်။

ငါ ဘယ်တုန်းက အဲလိုမျိုး ပြောလိုက်လို့လဲ?

မတိုင်ခင်က ပြီးသွားသော တွက်ချက်မှုများအပြင် နားမလည်နိုင်သည့် မှတ်ချက်များလည်း အမြောက်အမြားပင်။

[ချင်းချင်းရှောင်ချောင်: မင်းကို ဒီလောက်ထိ သတ္တိရှိတဲ့သူဖြစ်မယ်လို့ ထင်မထားဘူး၊ အရင်က မင်းကို မကောင်းပြောခဲ့ဖူးတာတွေအတွက် တောင်းပန်ပါတယ်၊ အခု ငါတို့ တစ်ဖွဲ့လုံး အမှားပြင်နေပါပြီ]

[လင်းဟူက ငါ့လောင်ဖော : ကျေးဇူးတင်ပါတယ်]

[ကျန်းနန်၏ မြူခိုးမိုးစက်: မျှတမှုနဲ့ ဥပဒေကို ယုံကြည်တဲ့ အမျိုးသမီး အနုပညာရှင်ပဲ!  ငါသဘောကျသွားပြီ!]

ကုကျစ်စုန့် နာမည်ကြီးနေသော ရှာဖွေမှုအဆင့်များအား ထပ်မံကြည့်လိုက်သောအခါ ပထမရှာဖွေမှုမှာ #အနုပညာလောက၏ မှောင်ခိုစည်းမျဉ်းများအား လင်းဟူမှဖော်ထုတ်# အား ရှာဖွေသူအများဆုံး စာလုံးအား တွဲမြင်လိုက်ရသည်။

သူမ ထိုရှာဖွေမှုအားနှိပ်လိုက်ပြီး မြင်လိုက်ရသည်မှာ လင်းဟူမှ လွန်ခဲ့သည့် တစ်နာရီခန့်က ယမန်နေ့ညမှ အဖြစ်အပျက်များအား screenshot များနှင့်အတူ အွန်လိုင်ပေါ်တွင်တင်ထားခြင်းကို တွေ့လိုက်ရလေ၏။

နစ်နာသူများ၏ အမည်များအား ကွယ်ဝှက်ထားသော်လည်း ပို့စ်များတွင် ကျူးလွန်သူများ၏ နံပါတ်ကတော့ ပေါ်နေဆဲပင်။

လင်းဟူက ပုံများ၏ အဆုံးတွင် စာရေးသားခဲ့သည်။

[လင်းဟူ V:

ဒီပို့စ်ကို မတင်ခင် ကျွန်မ ဆက်တိုက် ဖျက်၊ ပြင် တွေပြုလုပ်နေခဲ့ပြီး ညလယ် ညဉ့်နက်သန်းခေါင်ထိ မအိပ်နိုင်ဘဲ  ထိုင်စဉ်းစားနေခဲ့မိတယ်၊

ကျွန်မက အမြဲတမ်း သတိကြီးပြီး ထိန်းသိမ်းနေတတ်တဲ့ လူတစ်ယောက်ပါ၊ အနုပညာအသိုင်းအဝိုင်းမှာ ဒီလိုကိစ္စတွေ ရှိမှန်း ကျွန်မ အရင်တည်းက သိထားပေမယ့် ဘယ်တုန်းကမှ မမေးရဲခဲ့ဘူး၊ ကျွန်မမှာ အားသာချက်၊ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့အတွက် မေ့ထားလိုက်တာအကောင်းဆုံးပဲလို့သာ တွေးခဲ့မိတယ်၊

ဒီပို့စ်ကို တင်ပြီးရင် ဘယ်လိုတုန့်ပြန်မှုတွေ ရောက်လာမယ်ဆိုတာကို ကျွန်မ မသိဘူး၊ ဒီ ဂရုချက်ထဲက သူဌေးတွေ ကြွားဝါထားသလိုပဲ ဖျာအောက်ထဲကို ထိုးထည့်ခံလိုက်လောက်ရမလား??

တစ်ယောက်ယောက်က ဖော်ထုတ်ဖို့ ကြိုးစားရင်တောင် သူတို့မှာ အဲဒီလူကို ဖိနှိပ်ဖို့အတွက် စွမ်းအားတွေ အပြည့်ရှိနေတာလား??

အင်တာနက်သုံးစွဲသူတွေကရော  ကျွန်မ အပိုတွေလုပ်နေတယ်လို့ ထင်ကြမလား ၊ နာမည်ကြီးချင်လို့ ဒီလိုမျိုး အရှုပ်အထွေးတွေ လုပ်ပြနေတယ်လို့ ထင်ကြမလား၊ ကျွန်မ ကြောက်လန့်နေတုန်းပဲ...

ဒါပေမယ့် ကျွန်မလိုမျိုး နည်းနည်းလေးလောက် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ လူတစ်ယောက်က နှုတ်ဆိတ်နေပြီး မျက်နှာလွှဲလိုက်မယ်ဆိုရင် တခြား မတရားနှုတ်ပိတ်ခံလိုက်ရတဲ့ နစ်နာသူတွေကြတော့ရော?

အခုချိန်မှာတော့ ကျွန်မ ရဲလည်း တိုင်ထားသလို screenshot တွေနဲ့ လိုအပ်မယ့် သက်သေတွေကိုလည်း အပ်နှံထားပါတယ်၊ကျွန်မရဲ့ ကြိုးစားမှုနည်းနည်းလောက် အရာထင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊

နောက်ဆုံးအနေနဲ့ ကျွန်မ @ကုကျစ်စုန့်ကို ကျွန်မ ဒုက္ခအရောက်ဆုံးအချိန်မှာ မကောင်းဆိုးဝါးလို လူရဲ့ လက်ကနေ ကယ်ဆယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ချင်ပါတယ်၊ သူ့ကြောင့်သာ မဟုတ်ရင် ကျွန်မ ဒီနေ့ဒီအချိန် ဒီပို့စ်ကို တင်နေဖို့မပြောနှင့် လင်ကျန်းမြစ်ထဲမှာ လဲလျောင်းနေရလောက်ပါပြီ]

ထိုပို့စ်ကို မျှဝေသူ သိန်းပေါင်းများစွာရှိနေပြီဖြစ်သည်။ ဝေဖန်သူများကလည်း ss များထဲမှ လူများ၏ မျက်နှာကို မြင်ကာ တရားဒေါသထွက်ကြပြီး  သူတို့အားလုံး ရှာဖွေတွေ့ရှိခဲ့ကြသည်မှာ ထိုလူအားလုံးသည်ကား ချင်ကျန်းခေါင်းဆောင်ထားသော လူများ ဖြစ်ကြသည်ကိုပင်။

ချင်ကျန်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်နှင့် ဓာတ်ပုံများလည်း ပေါက်ကြားကာ သူ့အား ဆဲရေးတိုင်းထွာ ဆူပူနေသူများ သိန်းချီရှိနေခဲ့သည်။

လင်းဟူ ပို့စ်တင်လိုက်ပြီးနောက်တွင် ယခင်က နစ်နာခဲ့သူများကလည်း လူသိရှင်ကြားရော တိုးတိုးတိတ်တိတ်ပါ သတင်းပေးတိုင်ကြားလာကြသည်။

အပူက အလွန်မြင့်မားလာခဲ့ပြီး  တရားဝင်အစိုးရရုံးများမှလည်း စစ်ဆေးရန် ပါဝင်လာခဲ့ကြသည်။

လင်းဟူမှ သူမ၏နာမည်အား အဆုံးသတ်တွင် ထည့်ရေးလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကုကျစ်စုန့် အံ့ဩသွားရသည်။

သူမ ပြန်လည်မျှဝေလိုက်သည်။

[ကုကျစ်စုန့် gzs V: ဒါက မင်းရဲ့ သတ္တိကို ပြသတာခဲ့ပဲ၊ နည်းနည်းလောက် ကြိုးစားမှုလေးကလည်း အလင်းမလာခင် အစပျိုးတဲ့ ရောင်ခြည်လိုပါပဲ @လင်းဟူV: …]

ထိုအချိန်တွင် ပရိုဂရမ်အဖွဲ့သားတစ်ဦးက တံခါးခေါက်ကာ သူမ၏ နားချိန်ပြည့်တော့မည်ဖြစ်ကြောင်း ပြောလာခဲ့သည်။

ထို့ကြောင့် သူမ ဖုန်းကို ချကာ တိုက်ရိုက်ထုတ်လွှင့်မှုနေရာသို့ ပြန်ကြည့်လိုက်လေ၏။

သူမ ခေါင်းမော့လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်ခန်းမှ ပရိတ်သတ်များကတော့ စိတ်ဆိုးမာန်ဆိုးနှင့်ပြောလာခဲ့ကြသည်။

[ငါရေထားတယ်၊ ဒီအမျိုးသမီးက ၁၁မိနစ်တိတိ  ဖုန်းကိုပဲ ခေါင်းစိုက်ပြီးကြည့်နေခဲ့တာ၊ ခေါင်းလေးမော့ပြီး မှတ်ချက်တစ်ခုလောက်မှတောင် မဖတ်ခဲ့ဘူး၊ ငါတကယ် စိတ်ဆိုးသင့်နေပြီ! !]

[ငါအခု နာမည်ကြီး ရှာဖွေမှုကရောက်နေလာခဲ့တာ ၊ အခုတော့ ထောင်ချောက်တွင်းထဲကို ပြုတ်ကျသွားရပြီ]

[ငါ့လောင်ဖောရဲ့ ဆံပင်တွေက လှလိုက်တာ၊ လျှာနှင့်လျှက်လိုက်ပြီ]

[ဘေးခန်းက ပြိုင်ပွဲဝင်နံပါတ် ၁၊ နံပါတ် ၆နဲ့ နံပါတ် ၁၀ တို့က ပူးပေါင်းပြီး မတော်တဆမှုတစ်ခုကို အဖြေရှာနေကြတယ်၊ အခုထိတော့ တိကျတဲ့ အဖြေမရသေးဘူး၊ စုန့်ကျဲလည်း သွားပြီး အဲဒီကပြသနာဖြစ်နေကြတဲ့ ညီမလေးတွေကို ကူညီပေးလိုက်ပါလား?]

[အားလုံးပဲ၊ စခရင်(မှတ်ချက်နေရာ)ကို နည်းနည်းရှင်းပေးကြပါဦး၊ ကျောင်းသူလေးတွေက မတော်တဆမှုကြုံရပြီး ပြိုင်ပွဲဝင်တွေဆီကနေ အကူအညီတောင်းနေတာ၊ တိုက်ရိုက်ထုတ်လွှင့်သူမြင်အောင် ကူပေးကြပါဦး]

[စုန့်စုန့် ကျောင်းသူလေးတွေကို တစ်ချက်လောက် ကူညီကြည့်ပေးလိုက်ပါဦး]

[စုန့်ကျဲ၊ ကြည့်လိုက်ပါဦး၊ အဲဒီ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ ကြည့်ရှုသူတွေ အများကြီးရှိနေပြီ၊ စုန့်ကျဲဖြေရှင်းပေးတာကိုလည်း ကြည့်ချင်တယ်!]

*

All Chapters