အမဲလိုက်ခံနေရသော ကျောင်းဆောင်အိပ်ခန်း(2)
Vol. 8 Ch. 79
ရှီဟေးဟုန် စကားပြောပြီးနောက်တွင် ဆံပင်တိုနှင့် ကျောင်းသူ၏ မျက်လုံးများမှာ ဝိုင်းစက်သွားကာ ခေါင်းကို ဆက်တိုက်ငြိမ့်ပြလာသည်။
“မှန်ပါတယ်၊ ကျဲကျဲပြောတာ အတိအကျပါပဲ၊ ကျွန်မရဲ့မျက်လုံးနဲ့ သေသေချာချာကို သရဲကို မြင်ခဲ့တာပါ! ကျွန်မရဲ့ အခန်းဖော်တွေရော မိသားစုကိုရော ပြောခဲ့ပေမယ့် ဘယ်သူမှ ကျွန်မကို မယုံကြဘူး..”
ထိုကောင်မလေးက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် သူမ၏ အတွေ့အကြုံအား တုန်ယင်စွာ ရှင်းပြနေသည်။
လွန်ခဲ့သော ကိုးရက်ခန့်က မနက်ခင်း ၁နာရီ၊၂နာရီခန့်တွင် သူမ အိပ်စက်နေစဉ် ခြေသံများ ကြားလိုက်ရသည်။ သို့သော် သူမ အိပ်မက်မက်နေသည်ဟုသာ ယောင်ဝါးဝါးဖြင့်တွေးခဲ့မိသည်။
အိပ်တဝက်၊နိုးတဝက်ဖြင့် ခန္ဓာကိုယ်၏ လှုံ့ဆော်နေမှုကြောင့် သူမ အိပ်မှုံစုန်မွှားဖြင့် ထကာ သန့်စင်ခန်းသို့ သွားရန်ပြင်လိုက်သည်။
“အဲဒီအချိန်တုန်းက… အခန်းထဲမှာ အရမ်းကို အေးစိမ့်နေခဲ့တာ.. စောင်ခြုံအောက်မှာတောင်မှ အရမ်းအေးနေတယ်၊ ဒါနဲ့ ကျွန်မလည်း ခုတင်ရဲ့လိုက်ကာကို လှပ်ပြီး အဲယားကွန်းက ဘယ်လောက်တောင် လျှော့ထားလဲဆိုတာကို ကြည့်ဖို့လုပ်ခဲ့တယ်… ဒါပေမယ့် လိုက်ကာကိုလှပ်လိုက်တာနဲ့ အိပ်ခန်းဆောင်ရဲ့ ပြားလျှောက်လမ်းမှာ လူတစ်ယောက်ကို မြင်လိုက်ရတယ်လေ !!”
“ကျွန်မလည်း လန့်သွားပြီး ချက်ချင်းပဲ လုံးဝနိုးကြားသွားခဲ့ရတယ်”
ထိုနေ့ညက အဖြစ်အပျက်များအား ပြန်လည်စဉ်းစားမိတိုင်း သူမ ကြောက်ရွံ့နေဆဲပင်။
“အဲဒီမိန်းကလေးက ကျွန်မကို ကျောပေးပြီး ရပ်နေခဲ့တယ်၊ သူမက အဆောင်ရဲ့ တံခါးပေါက်နားက ခုတင်ဘေးမှာ ရပ်နေတာလေ၊ ကျွန်မရဲ့ခုတင်က အဆောင်ရဲ့ အတွင်းဆုံးကျတဲ့ အပိုင်းမှာ၊ ပြီးတော့ မှောင်လဲမှောင်နေတော့ သေချာမမြင်ရဘူး၊ အစတုန်းက ကျွန်မက သူ့ကို အဲဒီခုတင်ရဲ့ပိုင်ရှင် ကောင်မလေးလို့ပဲ တွေးလိုက်မိတာ၊ ကျွန်မလည်း….”
ရှီဟိုင်ဟုန် သဘောပေါက်သွားသည်။
“မင်း သူ့ကို ခေါ်လိုက်တယ်”
“ဟုတ်ပါတယ်”
ဆံပင်တိုဖြင့် ကျောင်းသူလေးက အံကိုကြိတ်လိုကာမိသည်။ သူမသည်ကား ထိုလုပ်ရပ်အတွက် ယခုထိ နောင်တရနေဆဲပင်။
သူမ ထိုညက အိပ်ရာနိုးကာစ၊ အိပ်ရာမှ ထရန် အလျင်လိုနေချိန်ဖြစ်သည်ကြောင့် စိတ်ကလည်း ပုံမှန်မဟုတ်ဘဲ ဆုံးဖြတ်ချက်ချခဲ့မိသည်။
“ကျွန်မလည်း ထူးဆန်းတယ်လို့တော့ တွေးလိုက်ပေမယ့် အိပ်ရာက မထရဲလို့ ‘xxx ၊ အဲနားမှာ ရပ်ပြီး မအိပ်သေးဘဲ ဘာလုပာနေတာလဲ၊ လူတွေကို လန့်အောင်လုပ်နေတာလား’လို့မေးလိုက်မိတယ်၊ ဒါပေမယ့်… သူမ ကျွန်မဘက်ကို ခေါင်းလှည့်လာတော့ သူမရဲ့မျက်နှာတစ်ခုလုံးက သွေးတွေနီရဲနေပြီး ကျွန်မကို ကြောက်စရာကောင်းတဲ့ မျက်လုံးနီကြီးတွေနဲ့ စိုက်ကြည့်နေခဲ့တာ!!!”
ထိုအကြောင်းပြောသည်နှင့် သူမပြန်လည်ကြောက်လန့်လာခဲ့ကာ ကင်မရာရှေ့တွင် ထိတ်လန့်တကြား ငိုမိပြန်သည်။
“ပြီးခဲ့တဲ့ နှစ်ရက်လောက်က ကျွန်မရဲ့အမေက ကျွန်မကို စိတ်ပညာရှင်ဆီကိုလည်းခေါ်သွားပြီး ကျွန်မအတွက် အဆောင်ယတြာတွေလည်း ဆောင်ထားဖို့ ပေးလိုက်ပေမယ့် ကျွန်မ ညဘက်ဆိုရင် အဲဒီမျက်နှာနဲ့ မျက်လုံးတွေကို ဘယ်လိုမှ မေ့လို့မရဘူး၊ မျက်စိမှိတ်လိုက်တိုင်း အဲဒီမြင်ကွင်းကိုပဲပြန်ပြီး သတိရလာတယ်”
[ဘုရားရေ၊ ငါသာဆိုရင်လို့ တွေးကြည့်လိုက်တာ၊ ဘယ်သူမှ မသိလိုက်ပဲတောင် ငါ လိပ်ပြာလွင့်သွားနိုင်တယ် ]
[စိတ်လှုပ်ရှားစရာပဲ၊ ဒါမျိုး သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သရဲခြောက်ခံရတာတွေက အနာဂတ်ဟောတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ်]
[ညနက်သန်းခေါင်ကြီး အဆောင်ထဲမှာ တစ်ယောက်ယောက်က မတ်တပ်ရပ်နေတာကို မြင်ပြီး အော်ခေါ်ရဲတယ်ပေါ့? သတ္တိရှိတာလား၊ သတ္တိကြောင်တာလား မသဲကွဲဘူး... ငါသာဆိုလို့ကတော့ အိပ်ရာပေါ်မှာပဲ ကွေးနေပြီး ဘုရားစာတွေ ရွတ်နေမှာပဲ!]
ကင်မရာ၏ တစ်ဖက်တွင်တော့ ငိုနေသည့် ကောင်မလေးအား သူငယ်ချင်းများက ဝိုင်း၍ ချော့နေကြသည်။
ဆံပင်ရှည်နှင့် ကောင်မလေးတစ်ယောက်ကလည်း မျက်နှာဖြူဖျော့နေကာ ပြောလိုက်သည်။
“သူမြင်လိုက်တာက ကျွန်မ အိပ်ရာဘေးမှာ ရပ်နေတာကိုမြင်ခဲ့တာလေ….”
“ကျွန်မတို့အားလုံး ညဉ့်နက်သန်းခေါင်ဆိုတော့ အိပ်ပျော်နေခဲ့ပေမယ့် သူမရဲ့အော်သံကိုကြားတော့ လန့်နိုးလာခဲ့တာ၊ လူတိုင်းင လန့်သွားခဲ့ပြီး ဘာဖြစ်တာလဲဆိုတာ မေးခဲ့ပေမယ့် သူမရဲ့စကားကို ကျွန်မတို့ မယုံခဲ့ကြဘူး”
မယုံသည့်အပြင် အခြားကောင်မလေးများက စိတ်ပင်ဆိုးခဲ့ကြသေးသည်။
ညလယ်ခေါင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေချိန် အော်သံကျယ်ကြီးကြောင့် နိုးလာရပြီးနောက်တွင် မည်သူက စိတ်မဆိုးရှိမည်နည်း??
ပိုဆိုးသည်မှာ မီးများဖွင့်လိုက်ပြီးနောက်တွင် အဆောင်ထဲတွင် မည်သူမှ ရှိမနေသလို အပူချိန်သည်လည်း ဆံပင်တိုကောင်မလေးပြောသကဲ့သို့ အေးစိမ့်မနေပေ။
လူတိုင်းက ထိုကောင်မလေး အိပ်မက်ဆိုးမက်ပြီး အိပ်မက်အား တကယ်ထင်နေသည်ဟုသာ ယူဆခဲ့ကြသည်။
သို့သော် ထပ်ပြီး ဖြစ်ပျက်လာခဲ့မှုများကြောင့် သူတို့ထင်ထားသကဲ့သို့ မရိုးရှင်းကြောင်း သဘောပေါက်သွားကြသည်။
တင်ဆက်သူလျို့က မိုက်ခရိုဖုန်းကိုဖွင့်ကာ ပြောလိုက်သည်။
“ ပြိုင်ပွဲဝင်နံပါတ် (၁၀)ကတော့ ပထမဆုံးအကူအညီတောင်းခံသူ မြင်ခဲ့ရတဲ့ သဘာဝလွန်ကိစ္စတွေကို မြင်နိုင်ပါတယ်၊ အဲဒါက လူလား? ဒါမှမဟုတ် ညဘက်အဆောင်မှာ ထူးဆန်းစွာပေါ်လာတဲ့ အရိပ်တစ်ခုလား?? ပြိုင်ပွဲဝင် ရှီဟေးဟုန် အားလုံးအတွက် ဖြေပေးလို့ရမလား??
ရှီဟေးဟုန် စိတ်ရှုပ်သွားပုံပေါ်ကာ တည့်တိုးပဲ ပြောလိုက်သည်။
“ကျွန်မရဲ့ အကောင်းဆုံးစွမ်းရည်က သေပြီး ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တာပဲ၊ ဒါပေမယ့် အခု ကျောင်းသူလေးတွေကို ကြည့်ရသလောက် သူတို့ဆီမှာ မကောင်းဆိုးရွားဝိဉာဉ်တွေဆီက တိုက်ခိုက်မှုကို ခံရပြီးနောက်ပိုင်းမှာ ကျန်ခဲ့တဲ့ ယင်စွမ်းအင်အကြွင်းအကျန်တွေပဲ ရှိတယ်၊
သရဲ၊တစ္ဆေတွေရဲ့အရိပ်အယောင်က မရှိနေဘူး၊ ဒီတော့ တောင်းပန်ပါတယ်၊ ဒီတစ္ဆေက ဘာလို့ သူတို့ဘေးမှာ ပေါ်လာရလဲဆိုတာကို ကျွန်မ မသိပါဘူး”
“ဒါပေမယ့် တစ်ခုအသေအချာ ပြောနိုင်တာကတော့ ဒီတစ္ဆေက စွမ်းအားကြီးတယ်၊ ကျန်ခဲ့တဲ့ ယင်စွမ်းအင် အကြွင်းအကျန်တောင်မှ အားကြီးပါတယ်”
“ဒါဆိုရင် ပြိုင်ပွဲဝင် နံပါတ်(၁၀)အနေနဲ့ အကူအညီပထမဆုံးတောင်းတဲ့ ကျောင်းသူလေးက ကျန်းမာရေးထိခိုက်ပြီး ဝိဉာဉ်လည်း မတည်မငြိမ်ဖြစ်နေတာကို မြင်နေရတယ်လို့ပြောခဲ့တယ်မလား၊ ဆိုတော့ ကူညီလို့ရမယ့် နည်းလမ်းများ ရှိနိုင်မလား??”
ရှီဟေးဟုန် ပင်ပန်းစွာ ပြုံးလိုက်ရင်း ခေါင်းခါသည်။
“သူ့ရဲ့ ဝိဉာဉ်ကို ပြင်ဆင်ပေးလို့ရတယ်၊ ဒါပေမယ့် ကျွန်မ လေထဲကနေ လုပ်လို့မရဘူး၊ ကျွန်မအနေနဲ့ ကျောင်းသူလေးရဲ့ ဝိဉာဉ်မျက်နှာနှင့် တိုက်ရိုက် မျက်နှာချင်းဆိုင်တွေ့ပြီး ထိတွေ့ဖို့ လိုတယ်”
သူမပြောနေရင်းနဲ့ တစ်ခုခုကို စဉ်းစားမိသွားကာ ချီတုံချတုံဖြင့် ပြောလိုက်သည်။
“ကူညီနိုင်တဲ့သူတစ်ယောက်တော့ ရှိတယ်”
တင်ဆက်သူလျို့ : “ဘယ်သူများလဲ?”
ရှီဟိုင်ဟုန်: “ပြိုင်ပွဲဝင်နံပါတ်(၇) ကုကျစ်စုန့်ပဲ”
ကုကျစ်စုန့်: “???”
ဘေးမှ ပွဲကြည့်ပရိသတ်ဖြစ်နေခဲ့သော ကုကျစ်စုန့်တစ်ယောက် ရုတ်တရက် အခေါ်ခံလိုက်ရမည်ဟု ထင်မထားခဲ့ချေ။
သူမ မတုံ့ပြန်နိုင်ခင်မှာပင် တင်ဆက်သူလျို့က မေးလာခဲ့သည်။
“ဒါဆို စုန့်စုန့်မှာ နည်းလမ်းရှိပါသလား?”
“ဝိဉာဉ်ပြင်ဆင်တာနဲ့ ပတ်သတ်ပြီး ကျွန်မ နည်းနည်းလောက်တော့ သိထားပါတယ်…”
သူမ ဖြည်းညင်းစွာ ပြောလိုက်သည်:
“သဘာဝလွန်ဆိုင်ရာ ဆေးပညာရပ်မှာ ဖော်ညွှန်းထားတဲ့ အလွယ်ဆုံး ဝိဉာဉ်ပြင်ဆင်ခြင်းနည်းလမ်းက ဟင်းသီးဟင်းရွက်စွပ်ပြုတ်သောက်တာရယ်၊ နောက်တစ်ခုက ဝိဉာဉ်တံခါးဝသွေးကြောအမှတ်ကို နှိပ်ပေးပြီး ဝိဉာဉ်ကို ထိန်းချုပ်တာပဲ”
ထိုစကားကို ကြားရသည့် ရှီဟေးဟုန်မှ ‘ ငါသိနေသားပဲ’ ဆိုသော အမူအယာဖြစ်သွားသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူမ အလုပ်လုပ်နေသည့် အချိန်တွင် ကုကျစ်စုန့်နှင့် ဆုံခဲ့ရပြီးနောက် သူမ ထိုကိစ္စနှင့် ပတ်သတ်ပြီး စိတ်ပူပန်နေခဲ့သည်။
သူမ မြေအောက်ကမ္ဘာမှ လုပ်ဖော်ကိုင်ဖက်များအား မေးမြန်းရာတွင် ကုကျစ်စုန့်နှင့် ဆက်နွယ်နေသော ကိစ္စများဖြစ်သည့် ဖုန်းချောင်ယွမ်နှင့် အခြားသောတစ္ဆေကိစ္စများအကြောင်းကိုပါ ရှာတွေ့ခဲ့သည်။
ထိုအချိန်တွင် သူမအနေဖြင့် ရုတ်တရက်ပေါ်လာသော ဤထူးခြားပညာရှင်မှာ သာမန်အခန်းကဏ္ဍသက်သက်လောက်သာ သိကျွမ်းခြင်းတော့ မဖြစ်နိုင်ဟု ခံစားလိုက်ရသည်။
ကုကျစ်စုန့်က ချီစွမ်းအင်အား လေ့လာကာ နဂါးသွေးကြောကို ရှာဖွေခဲ့ပြီး ဖုံးကွယ်ထားသည့် အင်ပါယာ၏ သင်္ချိုင်းအားလည်း ရှာတွေ့နိုင်ခဲ့သည်။
ထိုလုပ်ဆောင်ချက်များက ရွှမ်းမင်ဂိုဏ်း၏ စိတ်ဝင်စားမှုကို ရရှိစေခဲ့သည်။
သူမအား ယနေ့ကြည့်ရခြင်းဖြင့် သူမအနေနှင့် မြေအောက်ကမ္ဘာနှင့် ဆက်သွယ်နိုင်ရုံသာမက လေနှင့် ရေတွင်လည်း ကျွမ်းကျင်ကာ တောက်ဓမ္မကျောင်းငါးခု၏ ဒုတိယမြောက်လျို့ဝှက်ဆေးပညာရပ်ကျောင်းမှ ပညာများကိုပါ သေချာနားလည်နေခဲ့သည်။
ဤသည်မှာ သာမန်လူတွေအတွက်တော့ တစ်သက်လုံးကြွားဝါ၍ မဆုံးနိုင်မည့် ပညာရပ်ပင်ဖြစ်သည်။ ထို့အပြင် ကုကျစ်စုန့်မှာ အသက်ကလည်း ငယ်ရွယ်သေးသည်။
အသက်နှစ်ဆယ်ကျော်ခန့်တွင် ဤမျှထိ ပညာပေါက်မြောက်နေနိုင်ရန် သူမ အဘယ်တွင်များ ကျင့်ကြံခဲ့ပါသည်နည်း??
တောက်ဓမ္မဂိုဏ်းသားတစ်ယောက်ဖြစ်သည့် ရှင်းယီချင်းသည်လည်း မယုံမကြည်နိုင်ဖြစ်ကာ အံ့ဩသွားရသည်။
ကုကျစ်စုန့်က သူ့ကိုယ်တွင်းမှ ကုပိုးကောင်များ ထုတ်ရန် ကူညီပေးခဲ့သည်ကို သတိရသွားပြီးနောက် သူ၏ မေးခွန်းများအား ပြန်မျိုချလိုက်ကာ အသက်မပါသည့် လေသံဖြင့် ပြောလိုက်သည်။
“ဆေးပညာက နက်နဲတယ်၊ သာမန်လူတွေ ပေါ့သေးသေးနဲ့ စမ်းမကြည့်သင့်ဘူး”
ကုကျစ်စုန့်တစ်ယောက် မျက်နှာပြင်ပေါ်မှ သုန်မှုန်နေသော ထိုတောက်ကျန့်အား ကြည့်ရင်း ယနေ့တွင် ရှင်းယိချင်းက သူမအား မတိုက်ခိုက်တော့သည်ကြောင့် အံ့အားသင့်သွားရသည်။
ထို့နောက် ခေါင်းငြိမ့်ကာ သူ့၏စကားကို ထောက်ခံလိုက်သည်။
“ရှင်းတောက်ကျန့်ပြောတာ မှန်တယ်၊ ကျွန်မက ခန္ဓာပြင်ပက သွေးကြောမှတ်တွေ အကြောင်းကိုပဲ အဓိကပြောတာပါ။ ကောဟုန်က “ ပေါင်ပုဇီ” ထဲမှာ ဆိုခဲ့တာက သီလမရှိဘဲ ရူးသွမ်းနေရင်တောင်မှ ကိုယ့်ကိုကိုယ် ဝိဉာဉ်ရှိမှန်း သိကြတယ်တဲ့၊ ဝိဉာဉ်သာ ပြိုကွဲသွားရင် လူတွေက ကျန်းမာရေးချို့တဲ့ခြင်းနဲ့ သေဆုံးခြင်းကို ဖြစ်စေနိုင်တယ်၊
ဝိဉာဉ်ကို သန်မာစေပြီး စိတ်ကို အားပြည့်စေနိုင်ဖို့အတွက် အရင်ဆုံး နှလုံးသားကို တည်ငြိမ်စေရမယ်။ နှလုံးသားတည်ငြိမ်ရင် ဝိဉာဉ်ကလည်း အလိုလိုပြန်လည် အားပြည့်လာလိမ့်မယ်”
ကုကျစ်စုန့် သူမ၏ လက်ချောင်းဖြူဖြူသွယ်သွယ်လေးများအား မြှောက်ကာ သရုပ်ပြလိုက်သည်။
“ပထမအမှတ်က ရှန်းမန် အမှတ်ပဲ၊ အဲဒါကက လက်ကောက်ဝတ်အဆက်နားက လှုပ်ရှားတဲ့ နေရာလေးမှာ ရှိတယ်၊ ဒုတိယအမှတ်က သူကနေ နှစ်လက်မအကွာမှာရှိနေတဲ့ နဲကွမ်းအမှတ်ပဲ၊
အဲဒီအမှတ်နှစ်ခုက ဝိဉာဉ်ကို တည်ငြိမ်စေပြီး စိတ်ကို ငြိမ်စေတဲ့ နေရာမှာ အရေးပါတဲ့ အမှတ်နှစ်ခုလို့ဆိုနိုင်တယ်။ အကယ်လို့ ပင်ပန်းပြီး အိပ်မရဖြစ်နေတယ်ဆိုရင် အိပ်ရာမဝင်ခင်မှာ အဲ့အမှတ်ကို နှိပ်ပေးရင် တဖြည်းဖြည်းအိပ်ပျော်သွားလိမ့်မယ်”
“ဒါ့အပြင် ဦးခေါင်းအလယ်မှာ ရှိတဲ့ ပိုင်ဟွေ့အမှတ်နဲ့ နောက်စေ့ခြမ်းမှာရှိတဲ့ ဖုန်ချီအမှတ်တွေကလည်း စိတ်ကို တည်ငြိမ်စေပြီး ဝိဉာဉ်ကိုငြိမ်းချမ်းစေတဲ့ နေရာတွေပဲ”
တိုက်ရိုက်ထုတ်လွှင့်မှု၏ တခြားတစ်ဖက်မှ ဆံပင်တိုကျောင်းသူလေးနှင့် အခန်းဖော် ကျောင်းသူ ၃ယောက်တို့သည်လည်း ကင်မရာရှေ့သိုတိုးကာ သူမပြောသည့်အတိုင်း တသဝေမတိမ်းလိုက်လုပ်ကြသည်။
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကြောင့်လားပင်မသိ၊ နှစ်မိနစ်လောက် ဖိထားပြီးနောက် ဆံပင်တိုကျောင်းသူလေး၏ စိတ်လည်း သိသိသာသာ တည်ငြိမ်သွားကာ မျက်ရည်များလည်း တိတ်သွားသည်။
ကုကျစ်စုန့်ကတော့ တည်ငြိမ်စွာပင် ဆက်ပြောသည်။
“ထပ်ပြီးတော့ ဆရာ ကျန်းကျုံးကျင်းကလည်း ပြောခဲ့တယ်၊ ‘ငိုကြွေးခြင်းသည် ဝိဉာဉ်ကို ပင်ပန်းစေကာ ဝိဉာဉ် ကစင့်ကလျားဖြစ်လာပါလျှင် လူသည်လည်း ယန်စွမ်းအင် သိသာစွာ ထိုးကျသွားလိမ့်မည်။ ယန်စွမ်းအင် အားနည်းနေသူမှာ ရူးသွပ်သွားနိုင်သည်။ စိတ်တည်ငြိမ်စေခြင်းနှင့် ဝိဉာဉ်အား ပို၍ သန်မာစေလိုလျှင် ယန်ချီစွမ်းအင် စိမ့်ထွက်ခြင်းအား ရပ်တန့်စေရမည်။ အခွင့်သာ၍ အချိန်ရလျှင် တောင်ကြားလမ်းအား ရွေးချယ်သင့်သည်’ တဲ့”
[တရုတ်တိုင်းရင်းဆေးကျောင်းသားတွေ ပြောတာကတော့ ကုကျစ်စုန့်ပြောသွားတဲ့ သွေးကြောမှတ်တွေက တကယ်လည်း အပြင်မှာ အသုံးတည့်တယ်တဲ့]
[ထုတ်လွှင့်သူ နောက်ဆုံးပြောသွားတာ ဘာကို ပြောချင်တာလဲ?? ငါနားမလည်လိုက်ဘူး]
[အပြင်ထွက်ရတဲ့ လေ့ကျင့်ခန်းများများလုပ်ဖို့ ပြောတာ…]
ကုကျစ်စုန့်:
“ဆေးပညာဗေဒအရဆိုရင် ကျောင်းသားတွေက တရုတ်ဇီးသီးများများ စားပေးသင့်တယ်၊ အခြားဆေးပညာအကျိုးရှိတဲ့ ဖူရှန်၊ နဂါးသွားစွယ်နဲ့ ဝက်သံသေတို့လို သုံးစွဲမှု ကန့်သတ်မထားတဲ့ အရာတွေဆိုရင် ဆေးပေခန်းတွေမှာ ဝယ်ယူပြင်ဆင်ပြီး လက်ဖက်ရည်အနေနဲ့ ပမာဏအနည်းငယ်လောက် သောက်လို့ရတယ်၊
ရေမှာလည်း စိတ်ကို တည်ငြိမ်စေပြီး ဝိဉာဉ်ကို အားပြည့်နိုင်စွမ်းရှိတယ်”
သူမ ပြောပြီးနောက် တင်ဆက်သူလျို့က ဝင်ပြောလာချေသည်။
“ပြိုင်ပွဲဝင်နံပါတ်(၁၀)က ပထမဆုံးအကူအညီတောင်းသူ ကြုံတွေ့ခဲ့ရတာကို မြင်တွေ့ပြီးဖြစ်ပါတယ်၊ ဒီတော့ နောက်ထပ် အကူအညီတောင်းသူမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာ သိရအောင် ပြိုင်ပွဲဝင်နံပါတ်(၆) ဒေစီက ကူညီပေးပါဦး”
မျက်နှာပြင်အရှေ့သို့တိုးသာသည့် အကူအညီတောင်းသူ မိန်းလေးမှာ မျက်နှာဝိုင်းဝိုင်းလေးရှိငည့် အဆောင်နေကျောင်းသူလေးဖြစ်သည်။
သူမ၏ အခန်းဖော်နှင့် ယှဉ်လျှင် သူမကတော့ တက်တက်ကြွကြွရှိပြီး ချစ်စရာကောင်းသည့် မျက်နှာဖောင်းဖောင်းလေးရှိနေခဲ့ပေသည်။
သူမက တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသူများကို နှုတ်ဆက်လိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မကတော့ အဆောင်ခန်းထဲက ဒုတိယမြောက်ကံဆိုးသူဖြစ်ပါတယ်၊ ကျွန်မရဲ့ အကြိုက်ဆုံးပြိုင်ပွဲဝင်က ဒေစီကျဲကျဲပါ၊
ဘာလို့လည်းဆိုတော့ အမှောင်စုန်းဆရာမဆိုတာက လျို့ဝှက်ပြီး အရမ်းမိုက်တယ်လို့ ထင်လို့လေ၊ ဒါပေါ့ အခြားပြိုင်ပွဲဝင်တွေကလည်း အရမ်းတော်ပြီး သူတို့ကိုလည်း သဘောကျပါတယ်”
ရွှေအိုရောင်ဆံပင်ရှိပြီး၊ နှုတ်ခမ်းနီရဲရဲလေးများနှင့် လိပ်ပြာပုံလက်များရှိသော လည်ထောင်အင်္ကျီကို ဝတ်ဆင်ထားသည့် ဒေစီက ထိုစကားအား ကြားသောအခါ ပျော်ရွှင်စွာပြုံးလာခဲ့သည်။
“မင်းရဲ့ သဘောကျမှုအတွက် ကျေးဇူးတင်ပါတယ်၊ မင်းက ကျဲရဲ့ ပရိတ်သတ်လေးဆိုမှတော့ သေသေချာချာလေးကြည့်ပေးပါ့မယ်”
ဒေစီက သူမ၏ ဘေးတွင်ရှိသည့် စားပွဲပေါ်မှ အနက်ရောင် ဖယောင်းတိုင်တစ်ချောင်းကို ထုတ်ယူလိုက်ကာ ကြမ်းပြင်ပေါ်တွင် မှန်တစ်ချပ်ကို နေရာချထားခဲ့သည်။
သူမ ထိုကိစ္စကို လုပ်ရမည်ဖြစ်သောကြောင့် ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်က သူမ၏အခန်းထဲသို့ ဝင်လာခဲ့ကာ ကင်မရာကို ကိုင်ထားပေးရသည်။
အကူအညီတောင်းသူများက သူတို့၏ လတ်တလောပုံများအား ပရိုဂရမ်အဖွဲ့သို့ ကြို၍ ပေးထားခဲ့ပြီး ပရိုဂရမ်အဖွဲ့ကလည်း ထိုပုံများကို ပရင့်ထုတ်ယူထားခဲ့သည်။
ဒေစီက ထိုမျက်နှာဝိုင်းလေး၏ တစ်ဦးတည်းသောပုံအား ကြည့်လိုက်ကာ သူမ၏လက်ဖဝါးများက ဓာတ်ပုံ၏ အပေါ်ထဲ ခဏလောက် ဝဲနေခဲ့ပြီး ကင်မရာအား စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
“ဒီဓာတ်ပုံကို မီးရှို့လိုက်လို့ အဆင်ပြေလား?? ဒီပုံထဲက စွမ်းအင်ကို အာရုံခံရမှာဖြစ်လို့ပါ၊ ဒါက နည်းနည်းလောက်ရိုင်းပြသလို ဖြစ်သွားလိမ့်မယ်ထင်တယ်”