အမဲလိုက်ခံရသော ကျောင်းဆောင်အိပ်ခန်း(3)
Vol. 8 Ch. 80
မျက်နှာဝိုင်းနှင့်မိန်းကလေးက ဒေစီ၏ စကားအား သဘောတူစွာ ခေါင်းငြိမ့်ပြသည်။ ရိုက်ကူးရေးအဖွဲ့သားထံမှ သတင်းစကားကိုရရှိပြီးနောက် ဒေစီက မီးခြစ်ဆံတစ်ချောင်းကိုထုတ်ယူလိုက်ကာ မီးခြစ်လိုက်ပြီးနောက် အနက်ရောင်ဖယောင်းတိုင်အား မီးညှိလိုက်သည်။
ဖယောင်းတိုင်၏ ကဆုန်ပေါက်နေသည့် မီးရောင်က သူမ၏ ထင်ရှားပြတ်သားသည့် မျက်နှာပုံသဏ္ဍာန်ပေါ်တွင် ထင်ဟပ်နေခဲ့လေသည်။
မကြာခင်တွင် သူမက အရည်ပျော်နေသည့် ဖယောင်းချက်ရည်အား ပူသည်ဟုပင် မထင်သည့်အလား လက်ဖဝါးပေါ်သို့ လောင်းချလိုက်ပြီး လက်ဖဝါးအား လှည့်ကာ ဓာတ်ပုံကို အာရုံခံနေခဲ့ပြန်သည်။
ထို့နောက် ဒေစီက မျက်လုံးများကို ပြန်ဖွင့်လိုက်ကာ မျက်နှာဝိုင်းကျောင်းသူလေး၏ ပုံအား မီးနှင့်တို့ထိကာ မီးရှို့လိုက်တော့သည်။
မီးလောင်နေသော ဓာတ်ပုံမှ ညှော်နံ့ထွက်လာသည်နှင့် သူမက ထိုမီးစွဲနေသည့် ဓာတ်ပုံအား မှန်ပေါ်သို့ ပစ်တင်လိုက်ကာ အနက်ရောင်ဖယောင်းချက်ရည်ကိုလည်း မီးထဲသို့ ပစ်သွင်းလိုက်သည်။
ပြုံးရယ်နေသည့် ကျောင်းသူလေး၏ မျက်နှာအား မီးတောက်များ လွှမ်းခြုံသွားချိန်တွင် ဒေစီမှ ဂါထာတစ်ခုခုကို ရေရွတ်လိုက်ချေသည်။
အသံကတော့ နှစ်မျို့ဖွယ်ရာ သိပ်မကောင်းလှပါချေ။
လည်ချောင်းထဲတွင် အရိုးတစ်နေသကဲ့သို့ အက်ကွဲကြမ်းရှနေကာ ရှလူမျိုးများ နားလည်နိုင်သည့် ဘာသာလည်း မဟုတ်ပေ။
ဂါထာရွတ်ဖတ်ပြီးနောက် ဒေစီက အနက်ရောင်ဖယောင်းချက်များနှင့် ဖုံးလွှမ်းနေသော လက်ဖဝါးအား ဖြန့်ကာ မီးလောင်နေသည့် ဓာတ်ပုံပေါ်သို့ ဖိချလိုက်သည်။
မီးလောင်သည့်အသံ တဖျစ်ဖျစ်က ဦးရည်ပြားကိုပင် ကြိမ်းသွားစေလေ၏။
ထိုရုတ်တရက်လုပ်ဆောင်လိုက်မှုက ဘေးမှ ရိုက်ကူးနေသူဝန်ထမ်းကိုပင် တုန်လှုပ်သွားစေကာ လက်ထဲမှ ကင်မရာပင် လွတ်ကျလုမတတ်ဖြစ်သွားရသည်။
[သောက်ကျိုးနည်း၊ ငါအဲဒါကို မြင်လိုက်ရတာ ကြက်သီးတောင် ထသွားတယ်၊ နောက်ပြီး ဒေစီ ဂါထာစရွတ်လိုက်တာနဲ့ ငါ့ပေါင်ပေါ်မှာထိုင်နေတဲ့ ကြောင်က ခုန်ဆင်းပြီး မာန်ဖီနေခဲ့တာ!]
[အား ... ဘယ်လိုများ သူ့လက်ဖဝါးကို ဒီအတိုင်းကပ်ပစ်လိုက်နိုင်တာလဲ?? ခေါင်းတွေတောင် ကြိမ်းပြီး ကြည့်ရတာနဲ့တင် နာနေပြီ]
[ဘုရားရေ! ငါမြင်လိုက်တာ မမှားဘူးဆိုရင် သူ့ရဲ့ မျက်လုံးတွေက ခဏလောက် မည်းနက်သွားတာ မြင်လိုက်ရသလိုပဲ!]
[မြွေလိုအော်နေတာ..ဒီအသံက စိတ်မသက်မသာဖြစ်စေတယ်၊ ငါလက်ခံသွားပြီ၊ ဒီသွေးနှောစုန်းမလေးက တကယ်ကို အနက်ရောင်မှော်အကြောင်း သိတဲ့ပုံပဲ...]
[ဒေစီကျဲကျဲက နော်ဝေးအမှောင်စုန်းအဖွဲ့ကလေ၊ ပြီးတော့ အာဖရိကမှော်ပညာရပ်ရဲ့ မျိုးဆက်တစ်ယောက်လည်းဟုတ်တယ်၊
တရုတ်ပြည်မှာလည်း ပုံစံဆင်တူပေမယ့် နာကျင်မှုမရှိတဲ့ အစားထိုးနည်းလမ်းတစ်ခုတော့ ရှိတယ်လို့ကြားဖူးတယ်]
ကုကျစ်စုန့်က ဖန်သားပြင်ကို စိတ်ဝင်တစားကြည့်နေခဲ့သည်။
သူမအနေဖြင့် ဒေစီမှ အမှောင်မှော်ပညာအား အသုံးချသည်ကို ပထမဆုံးမြင်ဖူးခြင်းပင်ဖြစ်သည်။
ဆိုရလျှင် နိုင်ငံရပ်ခြားမှ ထူးခြားပညာရပ်အားလည်း ပထမဆုံးမြင်ဖူးခြင်း ဖြစ်ပေသည်။ ဤသည်က အမှန်တကယ်ပင် ရှနိုင်ငံ၏ သဘာဝလွန်ပညာရပ်နှင့် ကွဲပြားလွန်းလှသည်။
ဒေစီ၏ လုပ်ဆောင်မှုမှ ထွက်ပေါ်လာသော စွမ်းအင်မှာ မှောင်မိုက်ကာ သိသာထင်ရှားလှသည်။ နှိုင်းယှဥ်ရပါကမြေအောက်ကမ္ဘာမှ တစ္ဆေဘုရင်များ၊ တစ္ဆေစစ်သူကြီးများထံမှ ရရှိသော စွမ်းအင်ဖြင့် အလားတူနေခဲ့သည်။
မြေအောက်ကမ္ဘာတွင် တစ်နှစ်ပတ်လုံးလှည့်ပတ်သွားနေကာ ယင်စွမ်းအင်များ ထုတ်လွှတ်ပေးခဲ့ဖူးသော ရှီဟေးဟုန်ကတော့ အဆင်ပြေသည်။
သို့သော် ရှေးရိုးစွဲ တယူသန်သည့်ရှင်းယိချင်းကတော့ စုန်း၊စုန်းမများနဲ့ အခြား အောက်လမ်းနည်းလမ်းများအား အသုံးပြုသူများသည် အမှန်တကယ် ပညာရှင်များဟု ယူဆလို့မရဟူသည့် ပုံစံမျိူးဖြင့် မျက်မှောင်ကြုတ်နေခဲ့သည်။
မှတ်ချက်ဧရိယာ၌ ရှုပ်ထွေးလျှက်ရှိနေချိန်တွင် အကူအညီတောင်းသည့် မိန်းကလေးများရှိနေသည့် တိုက်ရိုက်ထုတ်လွှင့်နေသည့်ဘက်မှ အော်ဟစ်သံထွက်လာခဲ့သည်။
မျက်နှာဝိုင်းနှင့် ကောင်မလေးက ထ,ခုန်ကာ အော်ဟစ်နေခဲ့သည်ပင်။
သူမ၏ အခန်းဖော်များက ပူပန်စွာ မေးမြန်းလာကြသည်။
“ဘာဖြစ်လို့လဲ???”
မျက်နှာဝိုင်းကောင်မလေးက၏ မျက်နှာပေါ်တွင် အံ့ဩမှုများ အတိုင်းသားပေါ်နေကာ သူမ ၏လက်မောင်းအား လက်တစ်ဖက်နှင့်ကိုင်လျှက် ဖြည်းညင်းစွာ ပြောလာသည်။
“အခုလေးတင် မီးလောင်သလိုမျိုး အရမ်းပူလာခဲ့တာ.. တကိုယ်လုံးလည်း နာနေတယာ... ဒါပေမယ့် အဲဒါက ခဏလေးပဲ.. ချက်ချင်းပျောက်သွားတယ်...”
မီးလောင်သလို..?
ချက်ချင်းဆိုသလို လူတိုင်းက ဆက်လက်၍ လုပ်ကိုင်နေဆဲဖြစ်သော ဒေစီဆီကို ပြန်ကြည့်လိုက်သည်။
ထိုအချိန်တွင် သူမက မီးကျွမ်းနေသော ဓာတ်ပုံအား လက်ထဲတွင် ဆုပ်ကိုင်ထားကာ ပြာများအား ပွတ်တိုက်နေခဲ့ပြီး မှန်ပေါ်တွင် ပြာများကို ကြဲချနေခဲ့ချေသည်။
ဖယောင်းတိုင်မှ အလင်းက မှန်ပေါ်တွင် အလင်းပြန်နေကာ ဒေစီ၏ သန်မာပုံရသည့် နိုင်ငံခြားမျက်နှာလေးကလည်း မီးခိုးပြာများကြားမှ ရောင်ပြန်ဟပ်နေခဲ့သည်။
ဒေစီ၏ အသံက ရုတ်တရက် ကျယ်လောင်လာကာ ဖယောင်းတိုင်မီးအား လက်ဖြင့် ရိုက်ချကာ ငြိမ်းသတ်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူထုတ်လိုက်သည်။
သူမ ခေါင်းပြန်မော့လာချိန်၌ အသံက ပုံမှန်ဖြစ်သွားပြီဖြစ်သော်လည်း အသံထဲတွင်ပင်ပန်းနွအ်းနယ်မှုကတော့ သိသာလှသည်။
“ကျွန်မ မှန်ထဲမှာ နတ်ဆိုးတစ်ကောင် တွေ့လိုက်ရတယ်၊ အရှေ့ဘက်ခြမ်းမှာတော့ ဒါကို နတ်ဆိုးလို့ ခေါ်တာဟုတ်ရဲ့လားတော့ မသိဘူး၊ ဒါပေမယ့် တော်တော်လေးတော့ ဆိုးရွားတာပဲ၊ သူ့ရဲ့ ခန္ဓာကိုယ်မှာလည်း အမုန်းတရားတွေအပြည့်ပဲ... ဆံပင်အနက်ရောင် အရှည်နဲ့၊ နှုတ်ခမ်းနဲ့ မေးစေ့တွေမှာ သွေးတွေပေကျံနေပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့ မင်းအပေါ်မှာ လှဲနေတာ”
စိတ်ငြိမ်နေပြီဖြစ်သော ဆံပင်တိုနှင့် ကောင်မလေးမှာ မျက်လုံးများ ပြူးကျယ်လာခဲ့သည်။
“အဲဒါက အဲ့နေ့ညက အဆောင်မှာတွေ့ခဲ့ရတဲ့ သရဲမရဲ့ ပုံစံပဲ!!”
မျက်နှာဝိုင်းဖြင့် ကျောင်းသူလေး: “?!!”
ကြည့်ရှု့နေသူများ: “?!!”
မျက်နှာဝိုင်းနှင့် ကျောင်းသူလေး တုန်လှုပ်သွားခဲ့သည်။
“ကျွန်မ.. ကျွန်မပေါ်မှာ လှဲနေခဲ့တာ????”
ဒေစီ ခေါင်းကို ခါလိုက်သည်။
“စိတ်မပူပါနဲ့၊ သူက အခု မင်းဘေးမှာ မရှိတော့ပါဘူး”
“ကျွန်မ စုန်းပညာကိုသုံးပြီး မင်းထဲက စွမ်းအင်ကို အရင် အာရုံခံလိုက်တာ၊ ပြီးမှ သေချာရှင်းပြပါ့မယ်”
သူမ လေ့ကျင့်ရန် အသုံးပြုသည့် ပစ္စည်းများအား ဖယ်ရှားလိုက်ကာ ဝန်ထမ်းမှ ပေးလာသည့် လက်ကိုင်ပဝါဖြင့် လက်သုတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။
“ကျွန်မတို့ဘက်မှာတော့ ဓာတ်ပုံထဲက လေဟာပြင်ကို ကမ္ဘာတစ်ခုအဖြစ်သတ်မှတ်တယ်၊ သဘောပေါက်နိုင်မလား မသိဘူး၊ ဓာတ်ပုံရိုက်လိုက်ပြီဆိုရင် မင်းက အဲဒီ ဓာတ်ပုံထဲက ကမ္ဘာမှာ ထာဝရရပ်တန့်သွားလိမ့်တယ်၊
အဲဒီနေရာက အချိန်နဲ့ လေဟာပြင် မရှိတော့တဲ့ နေရာတစ်ခုလို ဖြစ်သွားတယ်၊ ဒီတော့ ကျွန်မတို့ စုန်းမတွေက ဓာတ်ပုံတွေကနေ လူတွေရဲ့ စွမ်းအင်ကို ဆွဲယူလို့ ရတယ်”
“စုန်းပညာရပ်က စုန်းမကို ယာယီအားဖြင့် ဥပမာ ကျွန်မကိုဆိုပါတော့.. အဲဒီစုန်းမကို ကြားခံအဖြစ်သုံးပြီး မင်းရဲ့ ခန္ဓာကိုယ်က စွမ်းအင်ကို ကျွန်မဆီကို လွှဲပြောင်းလိုက်ပြီး မင်းဆီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို သိအောင်လုပ်လို့ရတယ်”
မျက်နှာဝိုင်းလေးက တံတွေးမြိုချလိုက်ကာ မေးလိုက်သည်။
“ဒါဆိုရင် ဒေစီကျဲကျဲ.. မြင်လိုက်တာက သူက ကျွန်မပေါ်မှာ လှဲနေတာပေါ့!?”
“မှန်တယ်၊ မှန်ဆိုတာက အခြားကမ္ဘာနဲ့ ဆက်သွယ်နေတဲ့ မှော်လက်နက်တစ်ခုပဲ၊ ငါတို့ စုန်းမတွေက မှန်ထဲကနေ ငရဲကို မြင်နိုင်တယ်”
ဒေစီ၏ အမူအယာတည်တံ့သွားကာ :
“အဲဒီတစ်ညက ပတ်ဝန်းကျင်က မှောင်မိုက်နေပြီးတော့ နတ်ဆိုးက ငရဲကနေ လူ့ပြည်ကို ရောက်လာခဲ့တယ်... သူမရဲ့ စွမ်းအင်က အရမ်း ရက်စက်ပြီး အားကြီးလွန်းတယ်၊ သူမရဲ့ နှလုံးသားကလည်း နာကျင်မှုအငြိုးအတေးနဲ့ ပြည့်နှက်နေခဲ့တယ်၊
မင်းကတော့ အဲ့အချိန်တုန်းက အိပ်နေတာဖြစ်လိမ့်မယ်၊ မင်းရဲ့ စွမ်းအင်နဲ့ အသက်ရှူသံက တည်ငြိမ်နေတယ်လေ၊ ဒါပေမယ့် သူက မင်းနဲ့ နီးနီးကပ်ကပ်မှာ မင်းကိုယ်ပေါ်မှာ လှဲနေခဲ့တယ်၊ ဒါမှမဟုတ်ရင် မင်းအပေါ်မှာ ဝဲနေတာလို့ပြောသင့်တာဖြစ်မယ်၊ အတိုချုံးပြောရရင် ငါ နတ်ဆိုးရဲ့ မျက်လုံးတွေကို မြင်လိုက်ရတယ်၊ သူက မင်းကို စိုက်ကြည့်နေခဲ့တာပဲ”
“ကောင်မလေးတို့၊ ဒါက စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာမျိုး မဟုတ်တော့ဘူး၊ စွမ်းအားကြီး နတ်ဆိုးတစ်ကောင်ရဲ့ ပစ်မှတ်ထားခံရတာက အရမ်း ကြောက်ဖို့ကောင်းတယ်နော်၊ မင်းတို့တွေ သူမကို သွားပြီး ရန်စလိုက်မိတာလား?”
မျက်နှာဝိုင်းနှင့် ကောင်မလေး မပြုံးနိုင်တော့ချေ။
“ကျွန်မတို့ ဘယ်သူ့ကိုမှ ရန်မစခဲ့ပါဘူး !!”
***
ပြိုင်ပွဲရာသီသုံးခုလုံး တင်ဆက်လာခဲ့သော်လည်း ယခုတစ်ကြိမ်မှာ တင်ဆက်သူလျို့အတွက် ရင်ထဲတွင် မသက်မသာအဖြစ်စေဆုံး အပိုင်းပင် ဖြစ်လိမ့်မည်။
သူ အသံထွက်လျှက် မေးမြန်းလိုက်သည်။
“ဒုတိယမြောက်အကူအညီတောင်းတဲ့ ညီမလေး၊ ပြိုင်ပွဲဝင်နံပါတ် (၆) ဒေစီပြောတာ မှန်ကန်ရဲ့လား?”
မျက်နှာဝိုင်းနှင့် ကျောင်းသူလေး :
“ ကျွန်မ မသိဘူး၊ ဒါပေမယ့် အဲလိုပဲဖြစ်ခဲ့လိမ့်မယ်လို့ ကျွန်မထင်တယ်၊ ကျွန်မ အခန်းဖော်က အဆောင်တွင်းမှာ ညလယ်ခေါင်ကြီး သရဲခြောက်ခံရပြီးတဲ့နောက် အဆောင်မှာ ထူးဆန်းတာတွေ ထပ်ဖြစ်ခဲ့တယ်၊ အဲဒီတစ်ခါက်က ကျွန်မအလှည့်ပဲ”
သူမ၏ အခန်းဖော်တစ်ဦးက ဖြူဖျော့သည့်မျက်နှာနှင့် ဝင်ပြောလာသည်။
“ကျွန်မပြောပြမယ်၊ အဲဒီညက အချိန်ကိုတော့ အတိအကျ မမှတ်မိတော့ဘူး၊ ဒါပေမယ့် တော်တော်လေး နောက်ကျနေပြီး ကျွန်မတို့ အားလုံး အိပ်ပျော်နေကြပြီ၊
အဲဒီအချိန်တုန်းက ရုတ်တရက် သူမရဲ့ခုတင်က တုန်ခါနေပြီး ကျွန်မဘက်အထိတောင် တုန်လာခဲ့တာလေ၊ အစကတော့ အရှိန်က မပြင်းသေးတဲ့အတွက် ကျွန်မ သည်းခံနိုင်သေးတယ်၊
နောက်ကျတော့ အဲဒီတုန်ခါမှုကြောင့် ကျွန်မ အိပ်ရာကတောင် နိုးလာခဲ့ရတယ်”
“တကယ်တော့ အရင်ညက ဖြစ်ထားတာနဲ့ ပတ်သတ်ပြီး ကျွန်မလည်း နည်းနည်းတော့ ကြောက်နေခဲ့တာလေ၊ ကျွန်မက သူအိပ်မက်ဆိုးမက်နေလို့ လှုပ်နေတယ်ထင်ခဲ့ပြီး လှမ်းလည်းမခေါ်ရဲခဲ့ဘူး၊ ဒါကြောင့် လိုက်ကာကို မသိမသာလေး လှပ်ကြည့်လိုက်ပြီး သူ့အိပ်ရာဘက်ကို လှမ်းကြည့်လိုက်တော့ မြင်လိုက်ရတာက...”
ကျောင်းသူလေး၏ သူငယ်အိမ်များက အလွန်ကျုံ့သွားခဲ့ရသည်။
“နောက်ဆုံးတော့ ကျွန်မ သူ့ရဲ့ အိပ်ရာလိုက်ကာတွေ ရမ်းခါနေတာကို မြင်လိုက်ရတယ်၊ ခုတင်လက်ရမ်းတွေကအစ လှုပ်နေခဲ့တာ၊ အဲဒီလှုပ်ရှားမှုက အိပ်မက်ဆိုးမက်တဲ့လူတွေ လုပ်နိုင်တဲ့ လှုပ်ရှားမှုမျိုးမဟုတ်ဘူးလေ!!”
နောက်တော့ ဘေးခုတင်များမှ လူများကလည်း ဆူညံသံကြောင့် လန့်နိုးလာကြသည်။
ကောင်မလေးတစ်ယောက်က ကြောက်လန့်တုန်လှုပ်မှုကြောင့် ငိုယိုကာ အိပ်ရာဘေးမှ မီးအိမ်အား ဖွင့်လိုက်သည်။ သို့သော် ထိုအချိန်တွင်
ခုတင်လှုပ်ရှားမှုကတော့ ရပ်တန့်သွားပြီဖြစ်ကာ လိုက်ကာများသာလျှင် ယိမ်းခါလျှက် ကျန်ရစ်ခဲ့သည်။
မျက်နှာဝိုင်းဖြင့် ကောင်မလေး :
“ကျွန်မက သူတို့နှိုးလို့ နိုးလာခဲ့တဲ့အထိ ဘာတွေဖြစ်သွားလဲဆိုတာကို မသိပါဘူး၊ သူတို့ပြောတာက ကျွန်မရဲ့ ခုတင်က တော်တော်ကြီး ကြမ်းကြမ်းတမ်းတမ်း ရမ်းခါနေခဲ့တယ်တဲ့၊ ဒါပေမယ့် ကျွန်မကတော့ ဘာကိုမှ မခံစားလိုက်ရဘူးလေ!!”
ထိုညက အဆောင်မှ လူများ တစ်ယောက်မှ မအိပ်ရဲကြချေ။
သူတို့ ကြောက်ရွံ့စွာဖြင့် မိုးလင်းသည်ထိ အရူးကဲ့သို့ ထိုင်နေခဲ့ကြသည်။
ဒေစီရှင်းပြပြီးနောက် သူတို့ သဘောပေါက်လိုက်ရသည်မှာ ‘ထိုအရာ’ သည် မျက်နှာဝိုင်းလေးနှင့် ကျောင်းသူလေး၏ အိပ်ရာပေါ်တွင် ထိုနေ့ညက ရှိနေခဲ့သည်!
ခုတင်လှုပ်ခါခြင်းနှင့် လိုက်ကာများ ရမ်းခါနေခြင်းသည် ‘ထိုအရာ’၏ လက်ချက်ပင်။
ထိုအချက်အား သဘောပေါက်သွားသည့် ကျောင်းသူလေးများ တုန်လှုပ်သွားကြကာ ငိုတော့မလိုဖြစ်လာခဲ့ကြသည်။
ဒေစီမှ အလောတကြီးဖြင့် ပြောခဲ့သည်။
“အရမ်းစိတ်မပူပါနဲ့၊ မင်းရဲ့ စွမ်းအင်ကို ခုနက ကူးယူခဲ့တုန်းက မင်းရဲ့ခန္ဓာကိုယ်မှာ ကပ်ပြီး ကျန်ခဲ့တဲ့ ယင်စွမ်းအင်လက်ကျန်ပါ ကူးပြောင်းပါဝင်လာခဲ့တယ်လေ၊ ငါက Zemberto ကို မင်းကိုယ်ထဲက မကောင်းတာတွေ ဖယ်ပေးဖို့ ဆုတောင်းပေးထားတယ်၊ ဒါပေမယ့် အဲဒါက ယာယီပဲရမယ်ဆိုတာကိုတော့ မမေ့လိုက်နှင့်ဦး၊ အဲဒီနတ်ဆိုးကို မဖယ်ရှားနိုင်သရွေ့တော့ သူက ပြန်လာနေဦးမှာပဲ”
အနောက်အာဖရိကန် ဗူးဒူးဂိုဏ်းများမှ ကိုးကွယ်သည့် Zambettiနတ်ဘုရားမှာ ည၏အရှင်သခင်လည်းဖြစ်ပေသည်။
အနက်ရောင်စုန်းမများက သူတို့အနေဖြင့် ည၏အရှင် Zambetti ထံမှ ကျိန်စာများ၊ မှော်ပညာများနှင့် အဆိပ်ဖော်ခြင်းတို့အတွက် လိုအပ်သည့် စွမ်းအင်အရင်းအမြစ်များ ရရှိနိုင်သည်ဟု ယုံကြည်ထားကြသည်။
ညသည် အဆုံးမရှိသရွေ့ စွမ်းအင်သည်လည်း ပျောက်ကွယ်ရိုးထုံးစံမရှိ။
ဒေစီမှ ဓာတ်ပုံအား မီးရှို့ကာ သူမလက်ဖဝါးဖြင့် ဖိနှိပ်လိုက်ချိန်တွင် သူမကိုယ်တိုင်အား စုန်းပညာတွင် အသုံးပြုရန် ကြားခံဖြစ်စေခဲ့သည်။
ကျောင်းသူလေး၏ စွမ်းအင်က သူမထံသို့ ကူးပြောင်းလာကာ သူမထံမှ Zambetti ၏ စွမ်းအားအနည်းငယ်ကိုလည်း ကျောင်းသူလေးထံသို့ လွှဲပြောင်းပေးခဲ့သည်။
ကျောင်းသူလေး ခံစားလိုက်ရသည့် ပူလောင်ခြင်းမှာ သူမ၏ကိုယ်တွင် ကပ်ငြိကျန်နေသော ယင်စွမ်းအင်များက အနက်ရောင်စုန်းမကြောင့် လောင်ကျွမ်းသွားခြင်းပင်။
ကောင်မလေး အံ့အားသင့်သွားရသည်။
“အဲဒါကြောင့် ကျွန်မ အပူလောင်သလိုဖြစ်ပြီးတဲ့နောက်မှာ ပေါ့ပါးသွားတာကိုး၊ ကျွန်မက အတော်လေး သက်သောင့်သက်သာရှိသွားသလိုထင်နေတာ၊ တကယ်တော့ စိတ်ကနေ အထင်သက်သက် မဟုတ်ခဲ့ဘူးပဲ၊ ဒါကို ဒေစီကျဲကျဲမပြောခင်တည်းက အဲလို ခံစားနေရတာ”
သူမ တစ်ချက်ရှိုက်၍ ပြောလာသည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဒေစီကျဲကျဲ”
[အားးးးးးးးးးးးးးးးးးးးးးးးးးးး!]
[ငါကတော့ ထူးဆန်းသလို ခံစားနေရတုန်းပဲ၊ ဘာလို့ အဲဒီသရဲက သူတို့ရဲ့အဆောင်မှာ ကပ်နေတာလဲ?? ကိစ္စတစ်ခုခုတော့ ရှိကိုရှိရမယ်!]
[ ဒေစီကိုတော့ ကြွေသွားပြီ၊ အနက်ရောင်မှော်သုံးရတာက သူမရဲ့ စွမ်းအင်ကိုကုန်ခမ်းစေတာတောင်မှ သူက ကျောင်းသူလေးရဲ့ ယင်စွမ်းအင်ကို ဖယ်ရှားပေးဖို့ ကူညီပေးခဲ့သေးတယ်]
[ ပြိုင်ပွဲဝင် နံပါတ်(၁၀)က ဒီပြဿနာကို မရှင်းနိုင်ဘူးလို့ ပြောခဲ့တယ်၊ နံပါတ် ၆ ကလည်း သူမှန်ထဲမြင်လိုက်ရတဲ့ အရာက စွမ်းအားကြီးလွန်းတယ်တဲ့၊ ကြောက်စရာပဲ!]
တင်ဆက်သူလျို့ မေးခွန်းထုတ်လိုက်သည်။
“ဒါဆို ဒေစီရော ဒီပြဿနာကို ဖြေရှင်းနိုင်ပါသလား??”
ဒေစီက ရိုးသားစွာ ခေါင်းရမ်းလိုက်သည်။
“အဲဒီနတ်ဆိုးက စွမ်းအားကြီးလွန်းတယ်၊ ကျွန်မ သူ့ကို အခုလို အင်တာနက်ပေါ်ကနေ မပြောနဲ့ မျက်နှာချင်းဆိုင်တွေ့ရင်တောင်တောင် တိုက်ထုတ်နိုင်မယ်လို မထင်ဘူး”
“ဒါပေမယ့် ကျွန်မကလည်း ပြိုင်ပွဲဝင်တွေထဲမှာ အားအကောင်းဆုံးမဟုတ်ဘူးလေ၊ ပြီးတော့ အရှေ့တိုင်းက သရဲတွေနှင်တာကလည်း ကျွန်မရဲ့ကျွမ်းကျင်မှုမဟုတ်ဘူး၊ ကျွန်မနောက်က ပြိုင်ပွဲဝင်နှစ်ယောက်က ကျွန်မထက် သန်မာပြီး သူတို့ဆီမှာတော့ နည်းလမ်းတွေရှိမှာပါ”
မှတ်ချက်ဧရိယာ နှစ်ပိုင်းကွဲသွားသည်။
[မှန်တယ်၊ နောက်မှာ ဘုရင်နှစ်ပါးကျန်သေးတယ်!]
[ စုန့်ကျဲ၊ ညီမလေးတွေကို ကူညီပေးပါဦီး၊ ကျဲမှ မဖြေရှင်းနိုင်ဘူးဆိုရင် ဒီပြဿနာက ဘယ်တော့မှ ပြီးပြတ်တော့မှာ မဟုတ်တော့ဘူး]
[ ကုကျစ်စုန့်ရဲ့ ပရိတ်သတ်တွေက ကြွားနေနေရာမှာတော့ တော်တော်ကျွမ်းကျင်တာပဲ၊ ပြောချင်တာက သူမကဘဲ သဘာဝလွန်ပညာမှာ တဖက်ကမ်းခတ်ဆိုတဲ့ သဘောလား? သူမထက် သာတဲ့လူ မရှိတော့ဘူးလား? ဟာသပဲ!]
ကုကျစ်စုန့်: “… …”
ရှင်းယိချင်း: “… …”
ဤနှစ်ယောက်လုံးဆီတွင်တော့ ဖိအားများ ပိုမို များပြားလာခဲ့သည်။
*