လူသားများ၏ ကပ်ဆိုး.. (အပိုင်းတစ်)
Vol. 60 Ch. 930
~”ရက်စက်လိုက်တာ... ဒါ... ခွင့်မလွှတ်နိုင်စရာပဲ! နတ်ဆိုးတွေ သေစမ်း!”
နူးညံ့သိမ်မွေ့သော အော်စကာပင်လျှင် သူ့ဒေါသကို မထိန်းနိုင်။ ဒေါသတကြီး ဖြစ်ကာ စကားပြောနိုင်စွမ်း ဆုံးရှုံးသွားသည်။
အော်စကာသည် ဟိန်းဟောက်ရင်း နတ်ဆိုး အပျက်အစီးနှင့် အနက်ရောင်ကျောက်တုံး အနှစ်သာရတို့မှ ဖန်တီးထားသည့် လှံရှည်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
ဝှီး.. ဝှီး ..ဝှီး..!
သူ့လက်ကောက်ဝတ်ကို ခါယမ်းလိုက်သောအခါတွင် အနက်ရောင်အလင်းတန်းငါးခုသည် သေမင်းထံမှ ဆင့်ခေါ်ထားသကဲ့သို့ ပေါ်လာသည်။
လျှပ်စီးကဲ့သို့အရှိန်ဖြင့် လှံသည် ပင်လယ်မျိုးနွယ်၏ မြွေစစ်သည်၏ လည်ချောင်းကို ထိုးဖောက်ကာ ၎င်းကို ချက်ချင်းသတ်ပစ်လိုက်သည်။
ဤလူငယ်အတွက် ဤကဲ့သို့ အပြင်းအထန်တိုက်ခိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
“သတ်!” လူစီနှင့် ပါတိုတို့လည်း သူတို့မြင်လိုက်ရသည့် မြင်ကွင်းအတွက် မခံမရပ်နိုင်ဖြစ်ကြသည်။
ဖေးက အမိန့် တစ်စုံတစ်ရာ မထုတ်ပြန်မီတွင် သူတို့က သူတို့၏ လက်နက်များကို သိုလှောင် လက်စွပ်မှ ထုတ်ယူကာ အရှေ့တွင်ရှိသော ပင်လယ်မျိုးနွယ်ဝင်များကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
ချက်ချင်းပင်၊ သက်ရှိငရဲအဖြစ်ပြောင်းသွားသော ဤရွာသည် ဆူညံသွားပြန်သည်။ စူးစူးဝါးဝါး အော်ဟစ်သံများ အစီအရီထွက်ပေါ်လာသော်လည်း၊ ဤတစ်ကြိမ်တွင် ပင်လယ်မျိုးနွယ်ဝင်များထံမှ ထွက်ပေါ်လာခြင်းသာ။
ရွာတစ်ဝိုက်တွင် ငြိမ်ဝပ်စွာနေ၍ သမုဒ္ဒရာသို့ ပြန်မသွားသေးသော ပင်လယ်မျိုးနွယ်ဝင် ၄,၀၀၀ နီးပါးခန့်ရှိသည်။ ဤအေရအတွက်ကို လျစ်လျူရှု၍ မရနိုင်ပါ။ သို့သော် ၎င်းတို့ထဲမှ အများစုမှာ အဆင့်နိမ့်အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့သည် လူသားများနှင့် သိပ်မတူပေ။ ၎င်းတို့သည် ပင်လယ်သတ္တဝါများ၏ ထူးခြားသော အရည်အသွေးများကို အများအားဖြင့် ထိန်းသိမ်းထားပြီး ကြမ်းတမ်းသောဗီဇကို အသုံးပြု၍ တိုက်ခိုက်ကြသည်။ အများစုမှာ သိပ် အစွမ်း မထက်ကြပါ။
ထို့အပြင် ၎င်းတို့သည် ယခု ကုန်းမြေပေါ်တွင် တိုက်ပွဲဝင်နေသောကြောင့် ရေထိန်းချုပ်နိုင်သည့် အခွင့်ကောင်းကို အသုံးမပြုနိုင်ပေ။ ဤနေရာတွင် ပင်လယ်မျိုးနွယ်၏ အသန်မာဆုံး အဖွဲ့ဝင်သည် ကြယ်သုံးပွင့် စစ်သည်တော်နှင့် ညီမျှသည်။
ထို့ကြောင့် တက္ကသိုလ်ကျောင်းသားသုံးဦး၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်တွင် ပင်လယ်မျိုးနွယ်စု၏ အဆင့်နိမ့်အဖွဲ့ဝင်များသည် လယ်သမားများ၏ တံစဉ်အောက်ရှိ သီးနှံများကဲ့သို့ အသီးသီး လဲကျသွားခဲ့သည်။
ပင်လယ်မျိုးနွယ်၏ အဆင့်အတန်းမြင့်သော အဖွဲ့ဝင်အချို့ ပေါ်လာသောအခါတွင် ဖေးသည် သူ့လက်ချောင်းများဖြင့် ညွှန်ပြလိုက်ရာ ၎င်းတို့သည် မဟိန်းဟောက်နိုင်မီပင် သွေးမြူများအဖြစ် ဘဝပြောင်းသွားရသည်။
ထို့နောက် ဖေးတို့ လေးဦးသား ရွာတစ်ဝိုက်တွင် အသက်ရှင်ကျန်ရစ်သူများကျန်လေမလား ရှာဖွေကြသည်။
ကံဆိုးစွာဖြင့်၊ အံ့ဩစရာ ဖြစ်ရပ် မရှိခဲ့ပါ။ ကျိုးပဲ့သော ခြေလက်များ နေရာတိုင်းတွင်ရှိသကဲ့သို့ ပင်လယ်မျိုးနွယ်ဝင်များ၏ တစ်ဝက်တစ်ပျက် ကိုက်စားထားသော အလောင်းများသာ ရှိသည်။
ကောင်းကင်ဘုံလို သာယာသည့် ဤရွာတွင်၊ ပင်လယ်မျိုးနွယ်စုများမှ အောက်ခြေအဆင့်အဖွဲ့ဝင်များ၏ တိုက်ခိုက်မှုအောက်တွင် မည်သူမျှ မလွတ်မြောက်နိုင်ပုံပါပဲ။
ရွာသားများ၏ တိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များကိုပင် ၎င်းတို့က ကရုဏာမရှိဘဲ သတ်ဖြတ်ခဲ့ကြသည်။ တကယ်တော့ အသံထွက်သည့် သက်ရှိအားလုံးကို အမြစ်ပြတ် ခြေမှုန်းလိုက်ခြင်းသာ။
တဖြည်းဖြည်းနှင့် ဖေးနှင့်တက္ကသိုလ်ကျောင်းသားသုံးဦးတွင် ရန်မူနေသောပင်လယ်မျိုးနွယ်၏ အဖွဲ့ဝင် အရေအတွက်မှာ လျော့သွားခဲ့သည်။
အချိန် ကြာလာသည်နှင့်အမျှ ၎င်းတို့သည် အကန့်အသတ်သို့ ရောက်သွားပုံ ရသည်။ ရက်စက်ကြမ်းကြုတ်သော ပင်လယ်မျိုးနွယ်ဝင်များသည် တစ်စုံတစ်ခုကို သတိပြုမိကြပြီး မျက်နှာတွင် ထိတ်လန့်သော အမူအရာများ ပေါ်လာကြသည်။ သူတို့အားလုံး သွေးရူးသွေးတန်းဖြင့် အဝေးက ကမ်းခြေဆီသို့ ပြန်ပြေးကြသည်။
အများစုက ဆန္ဒရှိသလို ရေထဲခုန်ချခဲ့ကြပေမယ့် ဒဏ်ရာရသူတွေကတော့ အမြန်မပြေးနိုင်ကြပါ။ ရုတ်တရက် ၎င်းတို့သည် ကမ်းခြေတွင် လဲကျပြီး ခန္ဓာကိုယ်များသည် ရေနစ်သလို တုန်လှုပ်သွားကြသည်။ ထို့နောက် ၎င်းတို့ပါးစပ်မှ အဖြူရောင် အငွေ့များ ထွက်လာသည်နှင့်အမျှ ခန္ဓာကိုယ်များ တောင့်တင်းကာ မည်းသွားခဲ့သည်။ ကမ်းစပ်မှာ ချက်ချင်း သေသွားကြသည်။
“ဘာတွေ ဖြစ်နေတာလဲ?”
လူစီနှင့် ပါတိုတို့သည် အံ့သြစွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။
( သီအိုရီ မက်ဒ်မန်း )အော်စကာသည် ကမ်းခြေသို့ ပြေးသွားကာ သေဆုံးသွားသော ပင်လယ်မျိုးနွယ် အဖွဲ့ဝင်များ နံဘေး ဒူးထောက်၍ ထိုင်ချလိုက်ကာ ၎င်းတို့အားစစ်ဆေးခဲ့သည်။ မကြာမီ အော်စကာသည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိပြီး ပြောသည်။
“သူတို့ ပင်လယ်ရေထဲက ထွက်နေတာ ကြာလို့ ဒီလိုဖြစ်တာ... ရှေးဟောင်း မှတ်တမ်းတွေရဲ့ အချက်အလက်တွေက မှန်တာပဲ၊ ဒါက ဒီအကောင်တွေရဲ့ သဘာဝ ချို့ယွင်းချက်ပဲ၊ ပင်လယ်မျိုးနွယ်စုက ပင်လယ်ရေထဲက အကြာကြီး ထွက်သွားရင် ချက်ချင်း သေသွားမယ်၊ ဟားဟားဟား၊ ဒါ နတ်ဘုရားတွေက ဒီဆိုးယုတ်တဲ့ မျိုးနွယ်စုကို ပေးခဲ့တဲ့ ပြစ်ဒဏ်ပဲကွ...”