အရိုးမျိုးနွယ်စု ကွမ်းတောင်ကိုင်
Vol. 25 Ch. 337
“အဖေရေ၊ သမီးက အဖေ့ရဲ့ အချစ်ဆုံးသမီးလေးပါ!” သမီးဖြစ်သူမှာ ဖခင်အရင်းကြီး၏ သစ္စာဖောက်မှုကြောင့် ခံရခက်စွာ စိတ်ပျက်လက်ပျက် အော်ဟစ်လိုက်သည်။
သက်လတ်ပိုင်းအရွယ် မြို့စားက သူမကို ထပ်ကန်လိုက်ပြီး ဆူပူလိုက်သည်။ “ထွက်သွား! မင်းပဲ ခုနက အသံအကျယ်ဆုံး အော်နေတာလေ!”
“ဟဲဟဲ၊ ကိုယ့်ကိုယ်ကိုယ် ဟန်ဆောင်ကောင်းလှပြီ ထင်နေလား” လီဝူကျယ်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ကြောက်စရာအပြုံးတစ်ခုဖြင့် ဓားကို တစ်ချက်ဝင့်လိုက်သည်။
တစ်ဖက်လူ နီးကပ်လာသည်ကို မြင်သောအခါ အရိုးမျိုးနွယ်မြို့စားသည် ဦးရေပြားများ စပ်ဖျဉ်းဖျဉ်းဖြစ်အောင် ကြောက်ရွံ့သွားတော့၏။ ထို့နောက် သူက ဝမ်းနည်းပူဆွေးသော မျက်နှာဖြင့် စတင် အသနားခံလိုက်သည်။ “လူသားမျိုးနွယ်စု အကြီးအကဲခင်ဗျာ၊ ကျွန်တော့်သမီးကို ဘယ်လိုမြင်လဲ? သူမက ဒေသတွင်း နံပါတ်တစ်အလှမယ်၊ ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်တယ်။ သဘောကျရင် ကြိုက်သလို ခံစားကြည့်ပါနော်!”
“အဖေ၊ အဖေက သမီးကို အရမ်း စိတ်ပျက်စေတယ်!” သမီးဖြစ်သူက မိုးခြိမ်းသကဲ့သို့ စူးခနဲအော်ဟစ်လိုက်ပြီး မျက်ရည်များ စီးကျလာကာ အရှက်တရားနှင့် ဒေါသများက နှလုံးသားထက် လေးလံဖိစီးနေသည်။
“အယ်?”
လီဝူကျယ် ရပ်တန့်သွားပြီး နံဘေးမှ အရိုးမျိုးနွယ်စု သတ္တဝါမလေးကို ဂရုတစိုက် စစ်ဆေးလိုက်သည်။
တစ်ဖက်လူက ပန်းရောင်အရိုးစုပုံစံရှိပြီး သူမ၏ဦးခေါင်းရိုးကို ပန်းရောင် ခေါင်းစည်းကြိုးလေးဖြင့် ချည်နှောင်ထားသည်။ သူမ၏ ‘ခန္ဓာကိုယ်အချိုးအစားလှပခြင်း’ ဟူသည်မှာ တကယ်တမ်းတော့ ခါးအလွန်အမင်း ကွေးကောက်နေခြင်းသာပင်။
“ဘုရားရေ၊ ဒီမိန်းမပျိုလေးက တော်တော် ထူးဆန်းတာပဲ!” လီဝူကျယ် ကြက်သီးမွေးညင်းထသွားပြီး အော်ဟစ်လိုက်သည်။
မြို့စားကတော့ ထိုလူသား သူ့သမီး၏ ရုပ်ရည်ကို တအံ့တသြ ချီးမွမ်းနေသည်ဟု ထင်မှတ်ပြီး ပြုံးရွှင်သော မျက်နှာဖြင့် ထပ်ပြောလိုက်သည်။ “လူသားမျိုးနွယ်စု အကြီးအကဲ၊ မင်းအလိုရှိရင် စမ်းကြည့်လို့ရတယ်နော်။ ငါ့သမီးက ဇရှိတယ်"
“မင်းမေကို ဇရှိ!!”
လီဝူကျယ်က အော်ဟစ်လိုက်သည်။ “ငါ့ကို အရိုးကိုက်ရတာကြိုက်တဲ့ ခွေးလို့ မင်းထင်နေတာလား? အဘိုးကြီး၊ မင်းငါ့ကို သက်သက်စော်ကားနေတာပဲ!”
ရွှစ်!
ထိုသို့ပြောရင်း လက်ထဲမှဓားကို ဝှေ့ယမ်းလိုက်ရာ မြို့စားသည် မည်သည့်ခုခံနိုင်စွမ်းမျှမရှိဘဲ ထိတ်လန့်တကြား အမူအရာဖြင့် ဖုန်မှုန့်များအဖြစ် ကွဲထွက်ကာ လေနှင့်အတူ လွင့်ပျံသွားခဲ့သည်။
“မင်းရောပဲ!” လီဝူကျယ်က သူ၏ဓားကို မြှောက်ကာ အရိုးမျိုးနွယ်စု အမျိုးသမီးကို ချိန်ရွယ်လိုက်သည်။
“မသတ်ပါနဲ့၊ ကျွန်မမှာ အပြစ်မရှိပါဘူး!”
အရိုးမျိုးနွယ်စု အမျိုးသမီးက ကြောက်လန့်တကြား အသနားခံလာသည်။ အသက်သေရမည့်အစား အရှက်ရမည့်အရေးကိုသာ လိုလားပါ၏။
သူမသည် အရိုးမျိုးနွယ်စုများကြားတွင် အလွန်ရေပန်းစားသော အလှပဂေးတစ်ဦးပင်။ ရုပ်ရည်ခန္ဓာကိုယ်က ပြိုင်ဘက်မရှိ ထိပ်တန်းအဆင့်ဖြစ်ပြီး မရေမတွက်နိုင်သော အရိုးမျိုးနွယ်စု အမျိုးသားများ၏ အလွန်အမင်း နှစ်သက်ခြင်းကို ခံယူရတတ်သူဖြစ်၏။
သို့သော် ပြဿနာမှာ ဤလူသားမျိုးနွယ်စု ကျင့်ကြံသူက သူမကို လုံးဝ စိတ်မဝင်စားခြင်းပင်။ ထို့ကြောင့် သူမ၏ အလှအပကိုပင် သူမကိုယ်တိုင် ပြန်လည်သံသယဝင်လာရသည်အထိ။
“အပြစ်မရှိဘူးလား?” လီဝူကျယ်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အာရုံစူးစိုက်ကြည့်သော် ဤအမျိုးသမီးပေါ်တွင် လူသားမျိုးနွယ်စု၏ နာကျည်းခြင်းအငွေ့အသက်တစ်ချို့ကို အာရုံခံလိုက်မိ၏။
“မဟုတ်မှလွဲရော…”
သူ တိတ်တဆိတ် နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်ရာ မြို့တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။ စေ့စေ့စပ်စပ် လိုက်ကြည့်နေရာမှ မြို့စားအိမ်တော်၏ မြေအောက်အကျဥ်းထောင်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော လူသားရုပ်အလောင်း ရာပေါင်းများစွာကို တွေ့လိုက်ရ၏။ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေးငယ် စသည်ဖြင့် အမျိုးစုံပင်။
ဤသို့ ဆိုးဆိုးရွားရွား သေဆုံးသွားရသူများသည် မသေဆုံးမီတွင်လည်း မည်ကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ညှင်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ကြရမည်အား လီဝူကျယ် စိတ်ပင်ကူးမကြည့်ရက်နိုင်ခဲ့။
မရဏချောက်နက်မှ အရှေ့ပိုင်းစီရင်စုကို ကျူးကျော်သိမ်းပိုက်ခဲ့သော စစ်ပွဲမှတစ်ဆင့် ဖမ်းဆီးရရှိခဲ့သည့် အကျဉ်းသားများ ဖြစ်မည်မှာ သေချာသည်။
ထိုမြင်ကွင်းကို မြင်သောအခါ။
လီဝူကျယ်၏ မျက်လုံးများက ပြင်းပြသော အလင်းရောင်ဖြင့် စူးရှတောက်ပြောင်လာပြီး နဖူးပေါ်တွင် သွေးကြောများ ဖောင်းကြွလာကာ သူ၏ တစ်ကိုယ်လုံးမှ မီးတောင်ပေါက်ကွဲသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ ပတ်ဝန်းကျင်ရှိ မြေပြင်များ အက်ကွဲကြေမွသွားကာ အက်ကွဲကြောင်းများ မျက်စိတစ်ဆုံး ပေါ်ထွက်လာသည်။
“ပုပ်သိုးနံစော်နေတဲ့ အရိုးစုတွေ! မင်းတို့ အရင်က ဘာတွေလုပ်ခဲ့လဲဆိုတာ မမှတ်မိဘူးလား?!”
ဒေါသတကြီး ကြိမ်းဝါးသံသည် ခြင်္သေ့တစ်ကောင်၏ တိုက်ပွဲဝင်ဟိန်းဟောက်သံကဲ့သို့ ကမ္ဘာမြေကို ပြင်းစွာတုန်လှုပ်စေ၏။
“ကျွန်မ…”
အရိုးမျိုးနွယ်စု အမျိုးသမီးသည် ခြေထောက်တို့ပင် လှုပ်မရတော့သည်အထိ ကြောက်လန့်နေပြီး တစ်ဖက်လူကို တည့်တည့်ကြည့်ရန်ပင် မဝံ့ရဲတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် လွန်ခဲ့သောကာလများကမှ လူသားကျွန်အချို့ကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ရင်း အလွန်ပျော်ရွှင်ခဲ့ရသောကြောင့်ပင်။
“ငရဲကို သွားသေလိုက်!!!”
လီဝူကျယ်သည် ဒေါသတကြီးဖြင့် ဓားသွားကို အားကုန်ဝှေ့ယမ်းလိုက်တော့၏။
ရွှပ်!
ပြင်းစွာသော ဓားစွမ်းအင်သည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ခွင်းသွားပြီး မြို့တစ်ဝက်ကျော်ခန့်ကို လွှမ်းခြုံသွားခဲ့သည်။
“အား…” အော်သံက ရုတ်တရက် ရပ်တန့်သွားသည်။ အရိုးမျိုးနွယ်စု အမျိုးသမီးမှာ လေနှင့်အတူ ဟုတ်ခနဲပျောက်ကွယ်သွားပြီး ဖုန်မှုန့်တစ်စက်ပင် မကျန်ရှိခဲ့တော့ချေ။
“ငါတို့ လူသားမျိုးနွယ်စုကို စော်ကားညှင်းပန်းသူ ဘယ်သူမဆို အညှာအတာမရှိ သတ်ပစ်မယ်!”
ကြိမ်းဝါးသံသည် အဆုံးမဲ့ ဒေါသအမျက်များနှင့် ရောနှောကာ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားခဲ့သည်။
ဒုန်း!!
စိတ်ခံစားချက်တို့ အထိမခံဖြစ်ကာ မုန်ယိုနေသော အခြေအနေတွင် လီဝူကျယ်သည် လက်ထဲရှိ မှင်ရောင်ဓားကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလျက် မြင်မြင်သမျှအရာတိုင်းကို ဖျက်ဆီးသုတ်သင်ပစ်လေတော့၏။
မြင်ကွင်းသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသကဲ့သို့ ထင်မှတ်မှားစေနိုင်သည်။
တစ်ချိန်တည်းမှာပင်။
ရွှယ်ထျန်းဂိုဏ်းမှ တပည့်များအားလုံးလည်း တက်ညီလက်ညီတိုက်ခိုက်နေကြပြီး မိမိတို့၏စွမ်းအားကို အားကုန်ထုတ်ပြနေခဲ့ကြသည်။
မရဏချောက်နက်တိုက်ပွဲမှာ မြေပြင်အတွေ့အကြုံကောင်းများရယူရန် ရှယိုနျန်သည် အရည်အသွေးကောင်းကာ စိတ်ချရသော တပည့်အုပ်စုတစ်ဖွဲ့ကို ယဲ့ကျွင်းလင်နှင့်အတူ စေလွှတ်ခဲ့ခြင်းပင်။
ကျောက်လင်အာသည် သုံးပေရှည်သော ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး ရေဒြပ်စင်ကျင့်စဥ်နှင့် ပေါင်းစပ်ကာ ထိုးစစ်နှင့်ခံစစ် တိုက်ကွက်များကို ကျင်လည်စွာ လှည့်ပြောင်းအသုံးပြုနေသည်။ သူမသည် ကျွမ်းကျင်သော လှုပ်ရှားမှုများဖြင့် စစ်မြေပြင်တွင် အထင်းသားပေါ်လွင်နေခဲ့ရာ ပတ်ဝန်းကျင်ရှိ အမျိုးသားကျင့်ကြံသူများပင် မကြာမကြာ လည်ပြန်ကြည့်မိသည်အထိ။
“အားလုံး သတိထားကြ၊ ရန်သူကို အထင်မသေးကြနဲ့!”
အတော်အတန် အဆင့်မြင့်သည့် မရဏချောက်နက်သတ္တဝါ တစ်ဦးကို သတ်ဖြတ်ရှင်းလင်းပြီးနောက် ကျောက်လင်အာက သူမနောက်ကွယ်ရှိ တပည့်များကို လေးနက်စွာ သတိပေးလိုက်သည်။
“ဟုတ်ကဲ့၊ ဆရာတူအစ်မကြီး ကျောက်!”
တပည့်များက လေးစားစွာ တုံ့ပြန်ကြသည်။
“မင်ယွဲ့၊ ဘာဖြစ်တာလဲ?” ကျောက်လင်အာသည် ခရမ်းရောင်ဝတ်ရုံ ဝတ်ထားသော အမျိုးသမီး တစ်နေရာရာသို့ ငေးမောနေသည်ကို မြင်တော့ အံ့အားသင့်စွာ မေးလိုက်သည်။
မကြာမီက မရဏချောက်နက်စစ်တပ် အရှေ့ပိုင်းစီရင်စုမှ ဆုတ်ခွာပြီးနောက် မင်းသမီးမင်ယွဲ့သည် မရဏမြေဖြစ်နေခဲ့သော ကျင့်ထူပြည်ကို ပြန်လည်တည်ဆောက်ဖို့ရန် စီစဉ်ခဲ့သည်။ သို့သော် ယခုလို မရဏချောက်နက်ကို တိုက်ခိုက်ရန် အခွင့်အရေးရလာသောအခါ၌လည်း မအားလပ်သည့်ကြားမှ သူမ၏ အခန်းကဏ္ဍကို ပါဝင်ထမ်းဆောင်ရန်အတွက် ပြတ်ပြတ်သားသား ရောက်ရှိလာခဲ့လေသည်။
မင်းသမီးမင်ယွဲ့ ငေးမောကြည့်နေသော နေရာသည် ယွီဟွားဂိုဏ်းမှ ကျင့်ကြံသူများ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော မြင်ကွင်းဖြစ်၏။ သူမ၏ လှပသော မျက်လုံးများ ပြူးကျယ်နေပြီး အံ့အားသင့်မှုနှင့် သံသယများကို ရောနှောတွေ့မြင်နိုင်သည်။
“မင်ယွဲ့!”
ကျောက်လင်အာက စိတ်ပျံ့လွင့်နေသော သူငယ်ချင်းမလေးကို ဆက်တိုက်ခေါ်ဆိုနေခဲ့ရ၏။
“အာ?” မင်းသမီးမင်ယွဲ့ နောက်ဆုံးတွင် တုံ့ပြန်လာပြီး သူမဘက်ကို အလေးအနက် လှည့်ကြည့်လာသည်။
“ဒီလို အခြေအနေမျိုးမှာ စိတ်ပျံ့လွင့်နေတာ၊ မင်းသမီး ကိုယ့်အသက်ကိုယ် တန်ဖိုးမထားချင်တော့ဘူးလား?!” ကျောက်လင်အာက ဒေါသတကြီး ဆူပူလိုက်သည်။
“တောင်းပန်ပါတယ်” မင်းသမီးမင်ယွဲ့ စိတ်ပျက်အားငယ်စွာဖြင့် တောင်းပန်စကားဆိုလိုက်ပြီး အစောက ယွီဟွားကျင့်ကြံသူအုပ်စုကို ပြန်ကြည့်ကာ လက်သီးများတင်းတင်းဆုပ်လျက် တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ရီနေခဲ့သည်။
ကျောက်လင်အာ တစ်ခုခုမှားနေသည်ကို သဘောပေါက်သွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ “ပြောပါဦး၊ ဘာဖြစ်တာလဲ?”
မင်းသမီးမင်ယွဲ့ အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သောလေသံဖြင့် ပြောပြလာသည်။ “ကျွန်မ ကျင့်ထူနန်းတော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ လျှို့ဝှက်ပုဂ္ဂိုလ်ဟာ ယွီဟွားဂိုဏ်းက လာတာလို့ ပြင်းပြင်းထန်ထန် သံသယဝင်မိတယ်!”
“ဘာ?!”
ကျောက်လင်အာသည် နားကြားများမှားလေသလားဟု နားဝေတိမ်တောင် ဖြစ်သွားရ၏။
“မင်ယွဲ့၊ သေချာစဥ်းစားကြည့်ပါဦး။ ဒီလို ကိစ္စမျိုးက ထင်သလိုစွပ်စွဲလို့မရဘူးနော်!” ကျောက်လင်အာက မင်းသမီးမင်ယွဲ့၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ရင်း စိုးရိမ်တကြီး ပြောလိုက်သည်။
မင်းသမီးမင်ယွဲ့သည် အလွန်တည်ငြိမ်ပြီး လေးနက်သောလေသံဖြင့် ဆက်ပြောလာ၏။ “လင်အာ၊ ကျွန်မ ဒီလိုသံသယရှိရတဲ့ အကြောင်းရင်းက အဲဒီ လျှို့ဝှက်လုပ်ကြံသူအုပ်စု လာရောက်တိုက်ခိုက်ခဲ့တဲ့ အချိန်တုန်းက သူတို့ရဲ့ လှုပ်ရှားမှုတွေရော၊ သူတို့ရဲ့ ကျင့်စဥ်နည်းလမ်းတွေကပါ ယွီဟွားဂိုဏ်းက ကျင့်ကြံသူ တွေနဲ့ အလွန်တူနေလို့ပဲ။ ကျွန်မ သူတို့ကို သံသယမဝင်ရင် ဘယ်သူ့ကိုဝင်ရတော့မလဲ?"
“ဒီလိုလား…”
ကျောက်လင်အာသည် တစ်ဖက်လူ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်ပြီး နှစ်လှမ်းခန့် နောက်ဆုတ်သွားရကာ သူမ၏စိတ်ထဲတွင် ပျားအုပ်ကြီး တဝီဝီပျံဝဲနေသကဲ့သို့ ဆူညံရှုပ်ထွေးလာသည်။
ယွီဟွားဂိုဏ်းသည် အရှေ့ပိုင်းစီရင်စု၏ နံပါတ်တစ် မသေမျိုးဂိုဏ်းဖြစ်ပြီး လူသားမျိုးနွယ်အင်အားစု၏ အရေးကြီးသော ကျောထောက်နောက်ခံတစ်ခုဖြစ်သည်။ ၎င်းတို့သည် လက်ရှိ မရဏချောက်နက်အား ကျူးကျော်တိုက်ခိုက်ခြင်း၏ အဓိက ဦးဆောင်သူများလည်းဖြစ်ပြီး ပြင်ပလောကမှ မရေမတွက်နိုင်သော ထောက်ခံနှစ်သက်မှုများကိုပါ ခံယူရရှိထားသူများပင်။
ဂုဏ်သတင်းကျော်ကြားမှုများ အလျင်အမြန် မြင့်တက်လာနေသည့် အခြေအနေတွင် မည်သူမဆို ဤသတင်းကို ကြားရသောအခါ ထိတ်လန့်တုန်လှုပ်မိမည်မှာ သေချာ၏။
ကျင့်ထူနန်းတော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီးနောက် မရဏချောက်နက် စစ်တပ်သည် ကျင့်ထူပြည်ထောင်တစ်ခုလုံးအား လျင်မြန်စွာ သိမ်းပိုက်နိုင်ခဲ့သည်။ တရားခံများသည် သေချာပေါက်ကို မရဏချောက်နက်နှင့် ပူပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပေမည်။
ယခု မင်းသမီးမင်ယွဲ့၏ ပါးစပ်မှ သံသယစကားကို တိုက်ရိုက်ကြားရသောအခါ ကျောက်လင်အာသည် မကြာသေးမီက ဖြစ်ပေါ်နေသော အခြေအနေများနှင့် သူတို့၏ လက်ရှိ အခြေအနေကို ဆက်စပ်တွေးတောမိပြီး ကျောချမ်းသွားကာ စိုးရိမ်ပူပန်မှုများ လှိုက်တက်လာရတော့၏။
“လှည့်ကွက်တစ်ခုခု ပါနေတာလား?”
“ကျွန်မကတော့ ပါမယ်ထင်တယ်” မင်းသမီးမင်ယွဲ့ ခေါင်းညိတ်ထောက်ခံလိုက်သည်။ “တိုက်ခိုက်မှုက အရမ်းလွယ်ကူမြန်ဆန်လွန်းတယ်။ တစ်ယောက်ယောက်က တမင်တကာ တွန်းအားပေးနေသလိုပဲ။ ဖြစ်နိုင်တာက ယွီဟွားဂိုဏ်းဟာ မရဏချောက်နက်နဲ့ လျှို့ဝှက်ပူးပေါင်းပြီးသားပဲ။ ဒီစစ်ဆင်ရေးဆိုတာလည်း တကယ်တော့ ထောင်ချောက်တစ်ခုပဲ ဖြစ်ရမယ်!”
စကားအဆုံး၌ မင်းသမီးမင်ယွဲ့ နှုတ်ခမ်းကို ကိုက်လိုက်ပြီး မျက်လုံးများ နီရဲလာသည်။ ချစ်ရသူ မိသားစုဝင်များ အစ်ကိုတော်များ၏ ကြေကွဲဖွယ်သေဆုံးမှုများကို ပြန်တွေးလိုက်မိသောအခါ သူမ၏ နှလုံးသားမှာ ဓားဖြင့် စုတ်ပြတ်နေအောင်အမွှမ်းခံရသလို နာကျင်လာရ၏။
နာလိုက်တာ၊ အရမ်းနာတာပဲ။
ကျောက်လင်အာ တွေးလေလေ၊ စိုးထိတ်လာလေလေ ဖြစ်လာသည်။ သူမသည် မင်းသမီမင်းယွဲ့၏ လက်ကို ဆွဲကိုင်ပြီး စိုးရိမ်တကြီး တိုင်ပင်လိုက်၏။ “မြန်မြန်၊ ငါနဲ့အတူ တောင်ထိပ်သခင်ယဲ့ကို သွားရှာရအောင်။ ဒီကိစ္စကို သူပဲ အဆုံးအဖြတ်ပေးနိုင်လိမ့်မယ်!”
သူမသည် ယွီဟွားဂိုဏ်း၏ သစ္စာဖောက်မှုအတွက် ထိတ်လန့်သလို ဒေါသလည်း ထွက်နေသည်။ အရှေ့ပိုင်းစီရင်စု၏ နံပါတ်တစ် အင်အားစု၊ လူသားမျိုးနွယ်စု၏ မျက်နှာဖုံးဂိုဏ်းဂဏကြီး ဖြစ်သော်လည်း နတ်ဆိုးလောကသားများနှင့် ပူးပေါင်းကာ မိမိမျိုးနွယ်ကို ပြန်လှန်ဒုက္ခပေးဖို့ ကြံရွယ်ရက်လေ၏။
ကိုယ်ကျင့်တရား ပျက်စီးခြင်းပေလား? လူသားဆန်ခြင်းသည် ပျက်သုဥ်းခဲ့လေပြီလား?
သူတို့ ဘာကိုလိုချင်လို့ ဒီလိုလုပ်ရတာလဲ?
ကျောက်လင်အာ ခေါင်းခြောက်သည်အထိ တွေးတောနေသော်လည်း နားမလည်နိုင်ခဲ့ပေ။ တစ်ခုတည်းသော ရှင်းပြချက်မှာ ယွီဟွားဂိုဏ်း၏ အထက်အကြီးအကဲများ ရူးသွပ်သွားခြင်းသာပင်။ ထိုသို့ဖြစ်ပါက သူတို့ကို အချိန်မီ တားဆီးရမည်။
ပြဿနာမှာ ယွီဟွားဂိုဏ်း၏ ဆင့်ခေါ်စည်းရုံးမှု အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် လွန်စွာစိတ်ဓာတ်တက်ကြွကာ မရဏချောက်နက်အတွင်းသို့ နက်ရှိုင်းစွာ ကျူးကျော်ဝင်ရောက်နေခဲ့ပြီ ဖြစ်ပြီး အရာအားလုံးကို ရှင်းလင်းသုတ်သင်နေပြီဖြစ်သည်။ သူမ အသံကုန် အော်ဟစ်တားဆီးလျှင်ပင် သူမကို ယုံကြည်ပေးမည့်သူ များများစားစား မရှိနိုင်ပေ။ ထို့ကြောင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ဖြေရှင်းနိုင်သူမှာ သူမတို့၏ တောင်ထိပ်သခင်ယဲ့တစ်ဦးသာ ရှိတော့ပေမည်။
“ဟုတ်ပြီ၊ ငါ မင်းနဲ့အတူ သွားမယ်” မင်းသမီးမင်ယွဲ့ လေးနက်စွာ ထောက်ခံလိုက်သည်။ သူမ၏ ရှင်းပြချက်က ထိုသူကို ယုံကြည်စေမည်လား မသေချာသော်လည်း ဤအချိန်တွင် အတတ်နိုင်ဆုံးတော့ ကြိုးစားရမည်သာ။