အခန်း (၃၃၉)
Vol. 25 Ch. 339
အားပေးလှုံ့ဆော်ခြင်း၏ အကျိုးသက်ရောက်မှုက ပြည့်စုံနေသည်ကို မြင်သောအခါ ဝမ်ချန်းဝေ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု ပေါ်လာသည်။
အောင်မြင်မှုဆီရောက်ဖို့ တစ်လှမ်းသာ လိုတော့သည်။
သူ ဒီလူတွေကို ဘယ်လိုလုပ် ထွက်သွားခွင့်ပြုနိုင်မှာလဲ?
သူတို့ ထောင်ချောက်ထဲ လုံးလုံးဝင်မိအောင် သေချာပေါက် တွန်းအားပေးရမည်!
“အားလုံးပဲ၊ ကျွန်တော်ရှေ့က ဦးဆောင်တိုက်ခိုက်မယ်! သေရမှာ မကြောက်တဲ့သူတွေ၊ နောက်ကလိုက်ခဲ့!” ဝမ်ချန်းဝေ တစ်ချက်ကြေညာလိုက်ပြီး သူ၏လေသံတွင် ကြောက်ရွံ့မှု စိုးစဥ်းမျှမရှိပေ။
ထိုသို့ပြောရင်း အရှေ့ဆုံးသို့ အပြေးအလွှားသွားကာ လူတိုင်းအတွက် မားမားမတ်မတ် ရပ်တည်နေသော နောက်ကျောပုံရိပ်ကို ချန်လှပ်ထားခဲ့၏။
“ကျွန်တော်တို့ ဂိုဏ်းချုပ်အနောက်ကို သေသည်အထိ လိုက်ပါပါ့မယ်!” အကြီးအကဲလျိုလည်း ကူညီပံ့ပိုးပေးသည့်အနေဖြင့် အော်ဟစ်လိုက်သည်။
ယွီဟွားဂိုဏ်း၏ အင်အားစုများ ရှေ့သို့ တိုးလာပြီး တော်ဝင်မြို့တော်ဆီသို့ ဦးဆောင်ချီတက်သွားကြ၏။
“သတ်! သတ်! သတ်!”
ထိုမြင်ကွင်းကိုမြင်သော် မရေမတွက်နိုင်သော ကျင့်ကြံသူအများအပြားလည်း ကြွေးကြော်အော်ဟစ်ရင်း ချီတက်သွားကြလေတော့သည်။
ဒီအခြေအနေမှာ ဘယ်သူက မျက်နှာပြောင်ပြောင် ဆုတ်ခွာရဲတော့မလဲ?
ဒီတိုက်ပွဲကို အဆုံးအထိ တိုက်ရတော့မှာပေါ့!
ထို့အပြင် မိမိတို့ဘက်တွင် မသေမျိုးအရှင်နှစ်ပါးလည်း မားမားမတ်မတ်ရပ်တည်နေသေး၏။ ရှုံးဖို့ရာ လမ်းမရှိပါချေ။
အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် တားဆီး၍မရနိုင်သော အရှိန်အဟုန်ဖြင့် တော်ဝင်မြို့တော်သို့ တိုက်ရိုက်ချီတက်လာစဉ် ၎င်းတို့ထံမှ ထွက်ပေါ်လာသော ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည့် သတ်ဖြတ်လိုစိတ်က ကြောက်မက်ဖွယ်အရှိန်အဝါကို ဖန်တီးနေခဲ့သည်။
တော်ဝင်မြို့တော်။
ထိုအချိန်တွင် မရေမတွက်နိုင်သော မျိုးနွယ်စုအသီးသီးမှ သတ္တဝါများ တော်ဝင်မြို့တော်သို့ စုဝေးရောက်ရှိနေပြီး ရှိရှိသမျှကွင်းပြင်တိုင်းတွင် ပြည့်ကျပ်လျက်သား။ မှောင်မိုက်သော စစ်သင်္ဘောပျံများ ဟိုဟိုဒီဒီ ပျံသန်းနေခြင်းက ကြီမားမှောင်မိုက်သော တိမ်တိုက်ထုကြီးတစ်ခု ဖုံးအုပ်ကာဆီးထားသလို မွန်းကျပ်ပိတ်လှောင်သောခံစားချက်အား ပေးစွမ်းကာ လူအများကို စိတ်ဖိစီးစေ၏။
“သေသင့်တဲ့ လူသားမျိုးနွယ်စု၊ ငါတို့ကို လမ်းပိတ်မိအောင် မရမကတွန်းပို့နေတယ်။ ဒါဆိုရင် ဒီနေရာမှာပဲ အဆုံးအဖြတ်တိုက်ပွဲ ဆင်နွှဲကြစို့!”
“မှန်တယ်။ သူတို့လာရဲရင် ငါတို့လည်း တိုက်ရဲတယ်။”
“ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး အားလုံး စစ်သားတွေပဲ! သတ်ကြ!”
ကျန်ရှိနေသေးသော မရဏချောက်နက်သတ္တဝါများသည် မုန်းတီးနာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး နောက်ဆုံးခံစစ်ကို အသေခံတိုက်ခိုက်ရန် ကတိပြုလိုက်ကြသည်။
မကြာမီပင် အရှေ့ဘက်မှ နားကွဲမတတ် အသံကြီးများ ထွက်ပေါ်လာသည်။ ၎င်းသည် မရေမတွက်နိုင်သော ဓားပျံများ၊ စီးတော်ယာဥ်များနှင့် စစ်သင်္ဘောများ ပေါင်းဆုံရာမှ ထွက်ပေါ်လာသော တဝေါဝေါအသံကြီးသာဖြစ်၏။ ပေါင်းစည်းထိုးတက်လာသော အရှိန်အဟုန်သည် ပင်လယ်နက်တစ်နေရာမှ လှိုင်းလုံးကြီးများ ပမာ သူတို့၏ လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ချေမွှဖျက်ဆီးပစ်တော့မလို ခြိမ်းခြောက်နေသည့်ဟန်ပင်။
မြေကြီးတို့ တုန်ခါနေသလို ရန်သူများလည်း သွေးကြောင်လာကြသည်။
တိုက်ပွဲစိတ်ဓာတ် အထွတ်အထိပ်ရောက်နေသော အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် တော်ဝင်မြို့တော်သို့ မည်သူမျှ မတားဆီးနိုင်သော အရှိန်အဟုန်ဖြင့် ချီတက်လာခဲ့ကြတော့၏။
“လူသားမျိုးနွယ်စု လာပြီ! လူသားမျိုးနွယ်စုတွေ ရောက်လာပြီ!”
တော်ဝင်မြို့တော်ရှိ မရေမတွက်နိုင်သော မရဏချောက်နက်သတ္တဝါများမှာ မထိန်းနိုင်လောက်အောင် အော်ဟစ်ပြေးလွှားရင်း ဆောက်တည်ရာမရ ဖြစ်ကုန်ကြတော့၏။
သူတို့သည် တစ်ချိန်က စစ်ပွဲကို စတင်ခဲ့သူများ ဖြစ်ပြီး အရှေ့ပိုင်းစီရင်စု ဆယ့်လေးပြည်နယ်ကို ကျူးကျော်ကာ လူသားမျိုးနွယ်စု အများအပြားကို နှိပ်စက်သတ်ဖြတ်ခဲ့ကြသည်။ လူမှန်သမျှကို ခြေနှစ်ချောင်းသိုးများအဖြစ် သဘောထားကာ စိတ်ကြိုက် နှိပ်ကွပ်စော်ကားခဲ့ကြသည်။ ယခုအခါ အခြေအနေတစ်ခုလုံး ပြောင်းပြန်လှန်သွားခဲ့ပြီး လူသားမျိုးနွယ်စု မဟာမိတ်တပ်ဖွဲ့သည် နာကျင်မှုအရသာကို တစ်ဖန်ပြန်လည်ပေးစွမ်းဖို့ရာ အိမ်တိုင်ရာရောက် ကျူးကျော်လာခဲ့လေပြီ။
“ကိုယ့်လူတို့၊ မထိတ်လန့်ကြနဲ့!”
ခန့်ညားသော အသံတစ်သံ ပဲ့တင်ထပ်လာပြီး မိုင်ကိုးသောင်းအထိ ပျံ့နှံ့သွားခဲ့၏။
လူတိုင်း၏အကြည့်အောက်တွင် ဘုရင်တန့်ယိုသည် လေထဲ၌ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ လက်များကို အနောက်သို့ပစ်ကာ မရွေ့လျားနိုင်သော တောင်ကြီးတစ်လုံးနှယ် မားမားမတ်မတ် ရပ်တည်လျက်။
“ဘုရင်ကြီးပဲ!”
သတ္တဝါများသည် ယခုမှ အားကိုးရာရှာတွေ့သကဲ့သို့ စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။
“ငါ ဒီမှာရှိနေသရွေ့ မရဏချောက်နက် ပျက်စီးမှာ မဟုတ်ဘူး!”
ဘုရင်တန့်ယိုသည် နောက်ကွယ်မှအကြံအစည်အားကိုးဖြင့် အတိအလင်း ကြေညာလိုက်သည်။
နေရာတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။
မျိုးနွယ်စုအသီးသီးမှ သတ္တဝါများ အံ့အားသင့်သလို ပျော်ရွှင်ဝမ်းသာမိကြသည်။ ထိုသို့သော စကားမျိုး ထုတ်ပြောနိုင်သည်ဆိုပါက အခြေအနေကို ပြောင်းလဲနိုင်မည် နည်းလမ်းတစ်ခုခု ရှိနေသေးသည်ပင်။
အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့သည် တော်ဝင်မြို့တော်သို့ နီးကပ်လာနေပြီဖြစ်၏။ တစ်ဖက်လူ၏ ယုံကြည်မှုအပြည့်ဖြင့် တိကျသေချာသော စကားများကို ကြားသောအခါ ကျင့်ကြံသူများအားလုံး တစ်ပြိုင်နက်တည်း ဒေါသတကြီး ရယ်မောလိုက်ကြသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဘုရင်တန့်ယိုသည် ဘေးဒုက္ခကျော်လွှားခြင်း ပြီးပြည့်စုံခြင်းအဆင့်၏ ပြိုင်ဘက်ကင်းကျင့်ကြံသူတစ်ဦးဖြစ်သလို မရဏချောက်နက်၏ အတုမရှိ ဘုရင်တစ်ပါးလည်းဖြစ်၏။ မသေမျိုးအဆင့်အောက်တွင် ထိပ်တန်းဟုသတ်မှတ်၍ရနိုင်သော တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ကြောင်း လက်ခံနိုင်ပါသည်။
သို့ပေမဲ့ သူတို့ဘက်တွင်သား စစ်မှန်သောမသေမျိုးအရှင် နှစ်ပါးတိတိတောင် ပါရှိနေခဲ့သည်လေ။
မရဏချောက်နက်သတ္တဝါများ ဘာလျှို့ဝှက်နည်းလမ်းတွေ ရှိနေသေးပါလိမ့်ဟု စိုးရိမ်ခဲ့သေးသော်ငြား လက်ရှိအခြေအနေအရ အလဟဿစိုးရိမ်မိခြင်းသာ ဖြစ်ပေမည်။
သေခါနီး သွေးရူးသွေးတမ်း စုစည်းမှုတစ်ခုထက် မပိုဟန်ရှိ၏။
“ဟမ့်၊ မာနကြီးလိုက်တာ! မင်းရဲ့ ခွေးအသက်ကို ငါ့ဓားချက် တစ်ချက်တည်းနဲ့ သတ်ပစ်မှာကို စောင့်ကြည့်နေလိုက်!” ရွှယ်ဝူဟန်၏မျက်လုံးများက အဖြူရောင်အေးစက်စက်အလင်းတန်းကို ထုတ်လွှတ်ကာ မသေမျိုးအရှင်တစ်ပါး၏ စွမ်းအားအဟုန်အား ဓားသွားပေါ်စုစည်းလျက် မဆိုင်းမတွ ခုတ်ချလိုက်သည်။
ဘုန်း!
ကြောက်မက်ဖွယ် ဓားအလင်းတစ်ပြက် ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီးကိုပင် အရောင်မှိန်သွားစေကာ၊ ဤရှေးဟောင်း တော်ဝင်မြို့တော်ကို မြှုပ်နှံဖုံးအုပ်ပစ်မည့် ဆောင်းရာသီရေတံခွန်ကြီးတစ်ခု စီးဆင်းဖြစ်ပေါ်လာသည့်နှယ်။
“မကောင်းတော့ဘူး!” မျိုးနွယ်စုအသီးသီးမှ သတ္တဝါများ ကြောက်လန့်တကြားဖြစ်သွားပြီး သူတို့၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများ ထင်ပေါ်လာသည်။
ပြီးပြီ။ ဒါက မသေမျိုးအရှင်ရဲ့ စွမ်းအားပဲ။ သူတို့ ဘယ်လို ခုခံနိုင်မှာလဲ?
ဘုရင်တန့်ယိုလည်း ဟန်မဆောင်ရဲတော့ဘဲ ကြောက်လန့်စိတ်ကြောင့် ဦးရေပြားများပြင် စပ်ဖျဉ်းဖျဉ်းဖြစ်ကာ အသက်ရှင်လိုစိတ်ဖြင့် အော်ဟစ်လိုက်သည်။
“နတ်ဘုရားသံတမန်၊ ကျေးဇူးပြု၍ ထွက်လာပေးပါ!!”
ထိုစကားဆုံးသည်နှင့် တပြိုင်နက်။
လေဟာနယ်ထက်မှ ခရမ်းရင့်ရောင်ရှိသော လက်တစ်ဖက် ရုတ်တရက် ထွက်လာပြီး ဓားအလင်းကို အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားစေ၏။
ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက်ကိုလည်း ကြားလိုက်ရသည်!
နှင်းပွင့်များ နေရာအနှံ့ ပျံဝဲကာ ထိုဓားချက်မှာ တမုဟုတ်ချင်း ပျောက်ကွယ်သွားခဲ့သည်ပင်။
“ဘာ?!”
ရွှယ်ဝူဟန် မျက်နှာပျက်သွားသည်။ တစ်ဖက်ရန်သူမှာလည်း မသေမျိုးအရှင်တစ်ပါး ဖြစ်သည်ပင်။
ဒီ မရဏချောက်နက်က တကယ်ကို မရိုးရှင်းနေဘူး!