← Chapters

အခန်း (၃၄၀)

Vol. 25 Ch. 340

အခန်း (၃၄၀)

Vol. 25 Ch. 340

ရွှစ်!

မင်ယဲ့သည် လေထဲမှ ရုတ်တရက် ပေါ်လာပြီး သူ၏ဘေးတွင် အဖော်ငါးဦး ခြံရံထားကာ ၎င်းတို့အားလုံးသည် မသေမျိုးအရှင်အဆင့် စွမ်းအင်လှိုင်းများကို ထုတ်လွှတ်နေကြသည်။

ထို အစွမ်းထက်သော ပုဂ္ဂိုလ်ခြောက်ဦးသည် အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူများ၏ နှလုံးသားကို အမှောင်ဖုံးစေခဲ့‌တော့၏။

“ဒီ မရဏချောက်နက် နယ်မြေလေးမှာ တကယ်ကို မသေမျိုးအရှင်အဆင့် စွမ်းအားရှင် ခြောက်ဦးတောင် ရှိနေတာလား?” ရွှယ်ဝူဟန် တစ်ခုခုမှားနေသည်ကို သဘောပေါက်သွားသော်လည်း အတွေးတစ်ခုဝင်လာသည့်နှယ် ခွန်းဖန်းကို လှည့်ကြည့်လိုက်ကာ စိတ်သက်သာရာရသွားခဲ့၏။

အကြီးအကဲယဲ့ ရှိနေတာပဲလေ။

“နတ်ဘုရားသံတမန်တဲ့လား? ကောလဟာလတွေက တကယ်မှန်နေတာပဲ!”

မျိုးနွယ်စုအသီးသီးမှ သတ္တဝါများ စိတ်ခံစားချက်တို့ ချက်ချင်း ပေါက်ကွဲထွက်လာကြသည်။ စိတ်လှုပ်ရှားမှုကြောင့် မျက်ရည်များ စီးကျလာပြီး အင်အားကြီး ပုဂ္ဂိုလ်ခြောက်ဦးအား ဒူးထောက် ကိုးကွယ်ကုန်ကြ၏။

ဘုရင်တန့်ယို တံတွေးမျိုချလိုက်သည်။ ထိုဓားချက်အား ဖျက်ဆီးလိုက်မှုက သူ့တို့ကြားမှ စွမ်းအားကွာဟမှုကို နားလည်စေခဲ့သည်။ သူ တစ်ချက်ပင် အာမခံရဲပါပေ။

“ကျေးဇူးတင်ပါတယ် နတ်ဘုရားသံတမန်။ ဒီကျေးဇူးကို သက်ဆုံးတိုင် မှတ်သားထားပါ့မယ်!” ဘုရင်တန့်ယို လေးစားစွာ ဦးညွှတ်လိုက်သည်။

မင်ယဲ့က သူ့ကိုစောင်းကြည့်ကာ လှောင်ပြောင်လိုက်သည်။ “ခုနကပဲ မင်းအတော်လေး လေလုံးထွားနေတောမလား? အခုက ဘာကိုကြောက်သွားပြန်တာလဲ?”

ဘုရင်တန့်ယို မျက်နှာချိုသွေးရင် ပြန်ပြောလိုက်သည်။ “နတ်ဘုရားသံတမန်က တော်တော်နောက်တတ်တာပဲ။ ကျွန်တော့်ရဲ့ ယုံကြည်မှုအားလုံးက အရှင့်ဆီက လာတာပါ။ အရှင်က မရဏချောက်နက်လောကရဲ့ ကောင်းကင်နတ်ဘုရားပါပဲ"

ထိုစကားလုံးများ၏ အဆုံးစွန်သော မြှောက်ပင့်မှုကြောင့် မရဏချောက်နက် သတ္တဝါများပင် သူတို့၏ စွမ်းအားအကြီးဆုံးဘုရင် နှိမ့်ချရိုကျိုးနေမှုအား အံ့အားသင့်ရသည်အထိ။

သို့ပေမဲ့ သူတို့ များများစားစား‌‌တွေးမနေဘဲ အမြန်လက်ခံလိုက်ကြသည်။ ဘာပဲဖြစ်ဖြစ် ဒါက နတ်ဘုရားသံတမန် တစ်ပါး၊ မရဏချောက်နက်ကို ကယ်တင်နိုင်တဲ့ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တစ်ပါးပဲ။

“ဟမ့်!”

မင်ယဲ့ ထိုသူကို စကားမပြတ်တော့ဘဲ အရှေ့မှရွှယ်ဝူဟန်ကိုသာ ခပ်ထေ့ထေ့ပြုံးကြည့်လိုက်သည်။ “ဓား မသေမျိုးအရှင်? နည်းနည်းတော့ စိတ်ဝင်စားစရာပဲ”

ထိုဓားချက်သည် အသစ်တက်လာသော မသေမျိုးအရှင် တစ်ဦး၏ ပျမ်းမျှစွမ်းအားဖြင့် နှိုင်းယှဥ်လျှင် အလွန်ထူးခြားနေပြီဖြစ်သည်။ သူသာ မျိုးနွယ်စု၏ မူရင်းစွမ်းအားကို အသုံးမပြုခဲ့ပါက ထိုမျှလွယ်ကူစွာ ဖြေရှင်းနိုင်မည် မဟုတ်တာတော့ သေချာသည်။

ရွှယ်ဝူဟန် အေးစက်စက် မေးလိုက်သည်။ “ဒါဆို မင်းက ဒီထောင်ချောက်ရဲ့ အဓိကကြံစည်သူပေါ့”

မင်ယဲ့က ငရဲတမျှ နက်ရှိုင်းသောလေသံဖြင့် ပြန်ဖြေသည်။ “မှန်တယ်။ ဒီကို ရောက်လာတာ မင်းတို့ဘဝရဲ့ အကြီးမားဆုံး အမှားပဲ”

ထိုစကားများအဆုံးတွင်။

ကျင့်ကြံသူအားလုံးမှာ ထောင်ချောက်မိခံလိုက်ရသကဲ့သို့ မျက်နှာအမူအရာများ ပျက်ယွင်းသွားကြကုန်၏။

သူတို့ တကယ်ပဲ ရှုံးနိမ့်တော့မှာလား?

ထိုအချိန်မှာ ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ကို တုန်လှုပ်စေသည်။

“စကားကို လျှော့ပြောစမ်း!”

“ငါ ဝမ်ချန်းဝေ၊ ဒီနေ့ မသေမျိုးအရှင် တစ်ပါးကို ကိုယ်တိုင်သတ်ပြီး ငါတို့ လူသားမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်မယ်!”

ဝမ်ချန်းဝေသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တစ်ခုဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး ဆက်တိုက်အော်ဟစ်ကြွေးကြော်ကာ မရေမတွက်နိုင်သော ထိတ်လန့်တကြား အကြည့်များအောက်တွင် တော်ဝင်မြို့တော်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့၏။

“ဂိုဏ်းချုပ်၏နောက်မှ သေသည်အထိ လိုက်ပါပါမည်!” အကြီးအကဲလျိုလည်း ဟစ်အော်လိုက်ပြီး ခုန်တက်ကာ လိုက်ပါသွားသည်။

“သတ်! သတ်!” ယွီဟွားဂိုဏ်း ကျင့်ကြံသူများ၏ မျက်လုံးများ တောက်ပလာပြီး သူတို့လည်း ခေါင်းဆောင်များအတိုင်း အတုခိုးကာ လိုက်လံအော်ဟစ်ရင်း လိုက်ပါသွားခဲ့ကြသည်။

ဤသို့ဖြင့် ယွီဟွားဂိုဏ်းမှ အင်အားစုများသည် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့မှ ခွဲထွက်သွားကာ တော်ဝင်မြို့တော်ဆီသို့ ပြင်းထန်စွာ ချီတက်သွားကြလေသည်။

“ဂိုဏ်းချုပ်ဝမ်…” ကျင့်ကြံသူများ မယုံနိုင်စွာ ‌ငေးကြည့်မိနေကြ၏။ ဒီလောက်ထိ စိတ်ဓာတ်ပြင်းထန်ဖို့ လိုအပ်လို့လား?

တိုက်ရိုက် တိုက်ခိုက်ကြတော့မယ်ပေါ့လေ?

“သူတို့ အခုနေ သေရင်တောင် သမိုင်းမှာ မှတ်တမ်းတင်ခံရလိမ့်မယ်!”

“ယွီဟွားဂိုဏ်းကတော့ အံ့မခန်းပဲ! ဂိုဏ်းချုပ်ဝမ်က တကယ့်သူရဲကောင်းကြီး!”

ဆူညံသံများ တက်လိုက်ကျလိုက် ထွက်ပေါ်နေသည်။

အဓိကတပ်မတော်မှ ခွဲထွက်ပြီးနောက် ဝမ်ချန်းဝေသည် မျက်နှာချက်ချင်းပြောင်းကာ အသည်းအသန် အော်ဟစ်အသိပေးလိုက်၏။

“တစ်ဖွဲ့တည်းသားတွေ! တစ်ဖွဲ့တည်းသားတွေ!”

ဘုရင်တန့်ယိုသည် ထိုသူ မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း နားလည်သွားပြီး စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းကာ တားဆီးလိုက်၏။ “မတိုက်ခိုက်ကြနဲ့၊ သူက ငါတို့ မရဏချောက်နက်ရဲ့ သစ္စာရှိ မိတ်ဆွေတစ်ဦးပဲ!”

ထို့နောက် ဝမ်ချန်းဝေသည် ယွီဟွားဂိုဏ်းကို ဦးဆောင်ကာ ပွင့်ပွင့်လင်းလင်းပင် သစ္စာဖောက်ပြီး တော်ဝင်မြို့တော်ဘက်ခြမ်းသို့ ပူးပေါင်းလျက် အ‌ရှေ့ပိုင်းစီရင်စုမဟာမိတ်တပ်ဖွဲ့အား တည့်တည့်ရင်ဆိုင်လိုက်သည်။

ဤရုတ်တရက် အပြောင်းအလဲသည် လူတိုင်းကို သတိလစ်လဲစေတော့မတတ် ရှော့ခ်သွားစေခဲ့၏။

ဘာကြီးလဲ?

ဘာတွေဖြစ်နေတာလဲ?!

“ကြီးမြတ်လှတဲ့ နတ်ဘုရားသံတမန်၊ အရှင့်ရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့ကို အောင်မြင်စွာ ဆွဲဆောင်ခေါ်သွင်းနိုင်ခဲ့ပါပြီ။ ဒီကိစ္စပြီးရင် ဘိုးဘေးကြီးရှေ့မှာ ကျွန်တော့်ဆောင်ရွက်မှုအကြောင်း ကောင်းကောင်းပြောပြပေးဖို့ မျှော်လင့်ပါတယ်”

ဝမ်ချန်းဝေသည် မြင့်မြတ်သော ပုဂ္ဂိုလ်ကို လေးစားစွာ ဦးညွှတ်လိုက်သည်။

မင်ယဲ့က ဟက်ခနဲတစ်ချက်ရယ်သည်။ “မင်း ကောင်းကောင်း စွမ်း‌ဆောင်နိုင်ခဲ့တယ်။ ဒီအစီအစဉ်မှာ မင်းရဲ့ ပံ့ပိုးမှုက မရှိမဖြစ်အရေးပါတဲ့ အစိတ်အပိုင်းပါပဲ!”

“ဒါဆိုရင် ကျေးဇူးတင်ပါတယ် နတ်ဘုရားသံတမန်” ဝမ်ချန်းဝေသည် ရင်ဘတ်ထဲကအလုံးကြီး ယခုမှပြုတ်ကျသွားသကဲ့သို့ ပြုံးရွှင်စွာ‌ လျှောက်တင်လိုက်သည်။

ထိုအချိန်တွင် အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့တစ်ခုလုံးမှာတော့ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်လျက်။ သူတို့ လုံးဝ ကြိုတင်ပြင်ဆင်ထားခြင်း မရှိခဲ့ပါချေ။

အရှေ့ပိုင်းဒေသရဲ့ ဂုဏ်သိက္ခာကြီးမြင့်လှပါတဲ့ နံပါတ်တစ် ကျင့်ကြံခြင်းနယ်မြေက မရဏချောက်နက်နဲ့ လျှို့ဝှက်ပူးပေါင်းနေတာလား?

ပြဿနာတော့ အကြီးအကျယ်ကို တက်ပြီဟေ့!

All Chapters