← Chapters

တိုက်ပွဲတွင်းမှ ခွေးဟောင်သံ

Vol. 25 Ch. 341

တိုက်ပွဲတွင်းမှ ခွေးဟောင်သံ

Vol. 25 Ch. 341

ဘုန်း!

ရွှယ်ဝူဟန်က ပထမဆုံး တုံ့ပြန်နိုင်လိုက်သူဖြစ်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့ တည့်တည့်ထိုးတက်သွားသည်။ က်လုံးများက ဒေါသတကြီး စူးရဲတောက်လောင်နေပြီး ဆူပွက်နေသော သတ်ဖြတ်လိုစိတ်က ပတ်ဝန်းကျင်ကိုပင် ရိုက်ခတ်ကာ လေဟာနယ်တွင် မျက်စိဖြင့်မြင်လိုက်လောက်သည့် လှိုင်းတွန့်များပါ ဖြစ်ပေါ်လာ၏။

“ဝမ်ချန်းဝေ! မင်း သစ္စာဖောက်! ဂြိုဟ်သားလက်ပါးစေ ခွေးသူခိုး!!!” ဝတ်ရုံဖြူဝတ် ဓားမသေမျိုးအရှင် က တစ်ဖက်လူကို ဓားဖြင့်တန်းတန်းထိုးညွှန်ကာ နာကျည်းမုန်းတီးမှုများပြည့်နေသောအသံဖြင့် အော်ဟစ်ကျိန်ဆဲလိုက်သည်။

“မှန်တယ်။ ယုတ်မာလိုက်တဲ့လုပ်ရပ်။ ဒါဆို မင်း အစကတည်းက ဟန်ဆောင်နေခဲ့တာပေါ့လေ၊ မင်း လူရော ဟုတ်ရဲ့လား?!”

“အရှက်သိက္ခာမရှိတဲ့ လူယုတ်မာ၊ မင်းက ငါတို့ လူသားမျိုးနွယ်စုကို အရှက်ရစေတာပဲ။ အရှေ့ပိုင်းစီရင်စုရဲ့ နံပါတ်တစ်မသေမျိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်က သူရဲဘောကြောင်ပြီး ကိုယ့်မျိုးနွယ်ကိုယ် သစ္စာဖောက်ရသတဲ့။ ယုံတောင်မယုံနိုင်ဘူး!”

“သစ္စာဖောက် ခွေးသူခိုးကောင်၊ သေခြင်းဆိုးနဲ့ သေပါစေ! မင်းကံကြမ္မာကို ငါကျိန်စာတိုက်တယ်!”

ကျင့်ကြံသူများ ဆူညံပွက်လောရိုက်သွားပြီး သူတို့၏ ဒေါသတကြီး ကျိန်ဆဲသံများ အရပ်လေးမျက်နှာသို့ ပဲ့တင်ထပ်သွားကာ အဆုံးမဲ့ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူတို့၏ မျက်လုံးများက ဒေါသတကြီး စူးရဲလို့နေကာ မုန်းတီးမှုများ အပြည့်ဖြင့် ဝမ်ချန်းဝေ ၏ မာနကြီးကာ မာန်တက်နေဟန်ရှိသော အမူအရာကို စိုက်ကြည့်နေကြသည်။ သူ့ကို အရေခွံခွာ၊ အကြောများကို ဆွဲထုတ်၊ အသားကိုဝါးစား၊ သွေးပါသောက်ပစ်ချင်သည့် ဒေါသအပြည့်ဖြင့်။

“ဟဲဟဲ”

ဒေါသတကြီး ကျိန်ဆဲသံများကို ကြားသောအခါ ဝမ်ချန်းဝေသည် သူနှင့်မဆိုင်သောကိစ္စတစ်ခုကို အပြင်မှရပ်ကြည့်နေသကဲ့သို့ ဂရုမစိုက်စွာ ခပ်လှောင်လှောင်သာရယ်နေသည်။

“ဟေ့၊ မင်းကို ခွေးလို့ ခေါ်နေကြပြီ။ မင်း ဘယ်လို ပြန်ချေပမလဲ?” မင်ယဲ့က ရွှင်ရွှင်ပျပျ မေးလိုက်သည်။

ဝမ်ချန်းဝေသည် တစ်ဖက်လူ၏ အမူအရာကို သတိပြုမိပြီး မိမိမျက်နှာကောင်းယူရန် အခွင့်အရေး ရောက်လာပြီဟု တွေးကာ ချောင်းတစ်ချက်ဟန့်လျက် လေးနက်စွာ ပြောလိုက်သည်။

“ဆိုရိုးစကားရှိသလိုပါပဲ၊ ဉာဏ်ရှိသူက အခြေအနေမှန်ကို ဝေဖန်ပိုင်းခြားတတ်ပါတယ်။ ခွေးဖြစ်ရတာ ဘာများဆိုးလို့လဲ? နတ်ဘုရားသံတမန်ဆီမှာ တာဝန်ထမ်းဆောင်ပြီး မင်မျိုးနွယ်အပေါ် သစ္စာခံရတာဟာ ကျွန်ုပ်ဝမ်ချန်းဝေအတွက် အမြင့်မားဆုံး ဂုဏ်သိမ်တစ်ခုပါပဲ"

“သူတို့က အဲ့လိုကျိန်ဆဲလိုက်လို့ ကျွန်တော်ရှက်ရွံ့ဝမ်းနည်းသွားမယ် ထင်နေကြတာလေ။ ဒါပေမယ့် သူတို့ လုံးဝ မှားနေတာပဲ။ ဒီရာထူးကိုရထားတာ ကျွန်တော်ဂုဏ်ယူတယ်!”

“နတ်ဘုရားသံတမန်အတွက် ခွေးတစ်ကောင် ဖြစ်ရတာကို ငါ ဂုဏ်ယူတယ်!!”

ထိုစကားကို ကြားသောအခါ မင်ယဲ့၏ မျက်လုံးများမှာ အံ့အားသင့်သွားဟန်ရှိပြီး ထို့နောက် နက်ရှိုင်းသော ချီးကျူးနှစ်လိုမှုသို့ ပြောင်းလဲသွား၏။

ထိုသို့သော ပါရမီရှင်တစ်ဦးကို ကောင်းစွာ ပြုစုပျိုးထောင်သင့်သည်ပင်။

မိမိဘက်အရေးနိမ့်တော့မည့် လက္ခဏာများကို ခံစားမိသောအခါ ဘုရင်တန့်ယိုသည် အန္တရာယ်ကိုခံစားမိသကဲ့သို့ ထိုသူကိုဦးတည်ကာ ဝင်ပြောလိုက်သည်။

“ရောင်းရင်း၊ ခင်ဗျားဘက်က ဒီလောက်ကြည်ဖြူနေမှတော့ နတ်ဘုရားသံတမန် ကို ဖျော်ဖြေဖို့ ခဏလောက် ဟောင်ပြလိုက်ပါလား?”

“ဘာ?!”

ဝမ်ချန်းဝေ ကြောင်သွားသည်။

ကျွန်တော် ခင်ဗျားနဲ့ ဘာရန်ငြိုးမှ မရှိဘူးလေ။ ဘာလို့ နောက်ကျောကို ဓားနဲ့ထိုးရတာလဲ?

မကောင်းတဲ့ကောင်!

“အို? ဒီ ရောင်းရင်းက မဟောင်ချင်ဘူးထင်ပါ့။ ကျွန်တော် သတိပေးလိုက်မယ်နော်၊ နတ်ဘုရားသံတမနကို လှည့်ဖြားခြင်းက သေဒဏ်ထိုက်တယ်!” ဘုရင်တန့်ယိုက လောင်စာထပ်ထည့်လိုက်ပြီး ရယ်ချင်ပက်ကျိဖြင့် စောင့်ကြည့်နေသည်။

ဝမ်ချန်းဝေ ၏ မျက်နှာကြီး မည်းပုပ်သွားတော့၏။ တစ်ဖက်လူက ဒီလိုအချိန်မျိုးမှာ နောက်ကျောကို ဓားနဲ့ထိုးရလောက်တဲ့အထိ အညှာအတာမဲ့လိမ့်မယ်လို့ ထင်မထားခဲ့။

သူ မင်ယဲ့ကို အကူအညီတောင်းဖို့ ကြည့်လိုက်သည့်အခါ မင်ယဲ့က အေးစက်စက်ဖြင့် ပြောလာခဲ့သည်။ “ငါ အမုန်းဆုံးက အကျိုးအမြတ် မမြင်တတ်တဲ့သူတွေနဲ့ ငါ့ကို လှည့်ဖြားတဲ့သူတွေပဲ!”

စကားလုံးတိုင်းတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

ဝမ်ချန်းဝေ ထိတ်လန့်သွားရ၏။

လူသိရှင်ကြား မျက်နှာပျက်အောင် လုပ်တာ၊ ခင်ဗျားတို့ စိတ်ခံစားမှုဆိုင်ရာဉာဏ်ရည် မရှိကြတဲ့သူတွေပဲ။

ကျွန်တော် လူမဟုတ်ရင်တောင် ခင်ဗျားတို့ကတော့ သေချာတယ်။‌ ခွေးစစ်စစ်တွေ!

လူတိုင်း၏ အကြည့်အောက်တွင် သူ့အပေါ် ဖိအားများ ပိုမိုပြင်းထန်လာသည်ကို ခံစားမိသောအခါ ဝမ်ချန်းဝေ၏ နဖူးမှ ချွေးစေးတစ်စက် စီးကျလာသည်။ သူ စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း ဟန်မပျက်ပြုံးကာ တုံ့ပြန်လိုက်၏။

“ဟားဟား၊ ဘာမှအရေးပါတဲ့ကိစ္စ မဟုတ်ပါဘူးဗျာ။ နတ်ဘုရားသံတမန်က နားထောင်ချင်တယ်ဆိုတော့ ကျွန်တော် အားရပါးရ ဟောင်ပြီး ဖျော်ဖြေပေးနိုင်ပါတယ်"

ထိုသို့ပြောရင်း ဝမ်ချန်းဝေသည် သူ၏ ဒန်တျန်တွင် စွမ်းအင်များကို စုစည်းလိုက်ကာ မျက်လုံးများကိုပြူးကျယ်လျက် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဂရုမစိုက်တော့ဟန်ဖြင့် အားရပါးရ ဟောင်လိုက်သည်။

“ဝုတ် ဝုတ် ဝုတ်! ဝုတ် ဝု ဝု ဝုတ်! ဝေါင်း ဝုတ် ဝုတ်!!”

ခွေးဟောင်သံများသည် အံ့ဩစရာကောင်းလောက်အောင် သက်ဝင်ပီပြင်နေပြီး အသံသည် အလွန်ကျယ်လောင်ကာ ကောင်းကင်တစ်ခွင်တွင် အချိန်ကြာမြင့်စွာ ပဲ့တင်ထပ်လို့နေတော့၏။

“ဟားဟားဟားဟား…” မင်ယဲ့မှာ စိတ်ပါလက်ပါမရယ်မောရတာ အချိန်အတော်ကြာလှပြီဖြစ်သဖြင့် တဟားဟားရယ်မောပြီး ချီးကျူးလိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်၊ အဲဒီခွေးဟောင်သံတွေက တော်တော်လေးပီပြင်တာပဲ!”

ဒီကောင်က တကယ်ကို ပါရမီရှင်ပဲ။ အထူးတလည် ပြုစုပျိုးထောင်ဖို့ လိုတယ်!

“နတ်ဘုရားသံတမန်ရဲ့ ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်။ ခွေးလိုဟောင်ရတာကို ကျွန်တော် အရမ်းကျွမ်းကျင်တာပါ” ဝမ်ချန်းဝေက မျက်နှာလိုအားရ ထပ်ပြောလာသည်။

ဘုရင်တန့်ယို လုံးဝ ရှော့ခ်ရသွားရ၏။

နေပါဦး။ မင်းက တကယ်ကြီးဟောင်ပစ်လိုက်တာပဲ။

ထိုသူသည် နတ်ဘုရားသံတမန်ထံမှ အထူးတလည်မျက်နှာသာ‌ပေးခြင်းကို ရရှိသွားကြောင်း သိလိုက်ရချိန်တွင် ဘုရင်တန့်ယို နောင်တအကြီးအကျယ်ရသွားသည်။ ဒီကောင် ဒီလောက်မျက်နှာပြောင်မှန်းသိရလျှင် တမင်သက်သက် သွားဆွပေးဖြစ်မည်မဟုတ်။

ဂိုဏ်းချုပ်ဖြစ်သူက အရှေ့ပိုင်းစီရင်စုတစ်ခုလုံးနှင့်သော တိုက်ပွဲကြီးထဲမှာ ခွေးလိုထဟောင်နေသည်ကို မြင်သော် ယွီဟွားဂိုဏ်းသားများလည်း အသိစိတ်တစ်ခုလုံး ဇောတ်ထိုးမိုးမျှော်ဖြစ်ကာ စကားတစ်လုံးပင် မထွက်နိုင်ခဲ့ကြတော့ပေ။

အကြီးအကဲလျို မှင်တက်သွားပြီးနောက် စိတ်ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

အဲ့ဒါကြောင့်လည်း ဒီကောင့်ကိုကျော်ပြီး သူဂိုဏ်းချုပ်နေရာလုလို့ မရခဲ့တာပေါ့။

“ချီးတဲ့မှ၊ အဲဒီခွေးဟောင်သံက တကယ့်ခွေးသံအတိုင်းပဲ!”

“လူတစ်ယောက်က အရှက်မရှိတဲ့ အဆင့်ကို ရောက်သွားပြီဆိုရင် အရှုံးမရှိတော့ဘူး!”

“အား ခံပြင်းလိုက်တာနော်။ ဘာလို့ ဒီခွေးလိုကောင်ကို ယုံခဲ့မိတာလဲ?!”

ကျင့်ကြံသူအများ ဒေါသတကြီး ဖြစ်နေကြပြီး သွေးရောင်သမ်းနေသော မျက်လုံးများဖြင့် ဝမ်ချန်းဝေကို အရိုးထိပေါက်မတတ် စိုက်ကြည့်နေခဲ့ကြသည်။

“ဝမ်ချန်းဝေ၊ မင်းနဲ့ မင်းရဲ့ ယွီဟွားဂိုဏ်းဟာ လူသားမျိုးနွယ်စုရဲ့ အပြစ်သားတိုင်မှာ တစ်သက်လုံး ရိုက်နှိပ်ဖော်ပြခံရလိမ့်မယ်!” ရွှယ်ဝူဟန် ဟစ်အော်လိုက်သည်။

လီဝူကျယ်က အံတင်းတင်းကြိတ်ထား၏။ “သောက်ကျိုးနဲ၊ ဒီအဘိုးကြီး ဒီလောက်အရှက်မရှိမှန်း သိခဲ့ရင် ရှန်ဟိုင်တောင်ကြားမှာကတည်းက တစ်ခါတည်း ခုတ်ချပစ်ခဲ့ပါတယ်!”

ဟုန်ချန်ယဲ့လည်း မထင်မှတ်ဘဲ လှည့်ကွက်ထဲကျရောက်သွားသည့်အတွက် မျက်နှာများပင် ဖြူဖျော့လျက်။

ထိုအချိန်တွင်။

လူထောင်ပေါင်းများစွာ၏ လက်ရှိ အထင်အမြင်သေးခံပစ်မှတ် ဝမ်ချန်းဝေက သူ့လက်မှ လက်စွပ်ကို တစ်ချက်ပွတ်သပ်လိုက်ပြီး ကျောကို ဖြောင့်မတ်လိုက်ကာ သံနေသံထားဖြင့် ပြောလာ၏။

“မင်းတို့က ရိုးအလိုက်ကြတာ။ သမိုင်းဆိုတာ အောင်နိုင်သူတွေရဲ့လက်ထဲမှာပဲ ရှိတာလေ။ မင်းတို့အားလုံး ဒီမှာ မြေမြှုပ်ခံရပြီးရင် ဒီနေ့ ဖြစ်ပျက်ခဲ့သမျှကို ဘယ်သူကမှတ်မိနေတော့မှာလဲ?”

“ပြီးတော့ နတ်ဘုရားသံတမန်ရဲ့ အကူအညီနဲ့ ငါတို့ရဲ့ယွီဟွားဂိုဏ်းဟာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားပြီး ထာဝရတည်ရှိမဲ့ တာအိုမျိုးနွယ်ရင်းမြစ်ကြီး ဖြစ်လာလိမ့်မယ်!!”

ဝမ်ချန်းဝေ၏မျက်လုံးများက မျှော်လင့်ချက်များဖြင့် တောက်ပနေပြီး လက်နှစ်ဖက်ကို ဖြန့်ကားနေဟန်မှာ ရောက်ရှိလာမည့် ကောင်းမွန်သောအနာဂတ်များကို ဆီးကြိုပွေ့ဖက်နေသကဲ့သို့။

ရုတ်တရက် လက်ခုပ်သံ တဖျောင်းဖျောင်း ထွက်လာသည်။

All Chapters