အခန်း (၃၄၂)
Vol. 25 Ch. 342
လူတိုင်း အံ့သြစွဖြင့် အသံလာရာကို လိုက်ကြည့်လိုက်သောအခါ လက်ခုပ်တီးသူကိုမြင်လိုက်ရသော် သူတို့အမူအရာများ အလွန်တရာ ထူးဆန်းသွားရ၏။
“ကောင်းတယ်၊ ကောင်းတယ်”
“ပြောရရင် မင်းက တကယ့်ကို ပါရမီရှင်ပဲ!”
ယဲ့ကျွင်းလင် လက်ခုပ်တီးလိုက်ပြီး သက်ပြင်းချလိုက်သည်။ “အရှက်မဲ့မှုမှာ မင်းဟာ အထွတ်အထိပ်အဆင့်ကို ရောက်နေပြီ၊ အထူးသဖြင့် မင်းရဲ့ ခွေးဟောင်သံက အရမ်း၊ အရမ်းကို လက်တွေ့ကျလွန်းလို့ တကယ့်ခွေးလို့ ထင်သွားရတဲ့အထိပဲ!”
“ချန်းဝေ၊ မင်းကတော့ တကယ့်ကောင်ပဲ!”
ထိုစကားများကိုကြားသော်။
ဝမ်ချန်းဝေ၏ မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ပြက် ဖြတ်ပြေးသွားပြီး ရှုံ့မဲ့နေသောမျက်နှာကြီးဖြင့် အော်ဟစ်လိုက်သည်။ “ယဲ့မျိုးရိုးကောင်၊ ငါ့ကိုကို မစော်ကားနဲ့!”
“နတ်ဘုရားသံတမန် ဒီမှာရှိနေတာမို့ ဒီနေ့ဟာ မင်းသေဆုံးမယ့်နေ့ပဲ!”
ထို့နောက် ဝမ်ချန်းဝေသည် မင်ယဲ့ကို လေးစားစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ “နတ်ဘုရားသံတမန်၊ ဒီလူက ယဲ့ကျွင်းလင်ပါ။ သူက အရှင့်ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တဲ့သူပါပဲ”
“ငါထင်ပါတယ်"
မင်ယဲ့၏ မျက်လုံးများက အန္တရာယ်ရှိစွာ ကျဉ်းမြောင်းသွားပြီး သူ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားသော ဆံပင်ငွေရောင်နှင့်လူငယ်ကို အာရုံစိုက်ကြည့်ပြီး ဟက်ခနဲတစ်ချက်ရယ်သည်။
“ယဲ့ကျွင်းလင်၊ ခွင်းလွင်နယ်မြေကို ငါ ရောက်လာကတည်းက မင်းက ကြုံဖူးသမျှထဲမှာ အခက်ခဲဆုံး ပြိုင်ဘက်ပဲ။”
“အပြင်မှာဆိုရင် ငါကမင်းပြိုင်ဘက် မဟုတ်နိုင်ပါဘူး။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ မင်း ငါ့ထောင်ချောက်ထဲ ကျရောက်လာပြီ။ ဒီတစ်ခါတော့ မင်း သေကိုသေရလိမ့်မယ်!”
“မင်းကို ကယ်တင်မယ့်သူ ဘယ်သူမှမရှိတော့ဘူး!”
ထိုခြိမ်းခြောက်စကားသံတွင် ၁၀၀ရာခိုင်နှုန်း ပြင်းထန်သော ယုံကြည်မှုများ ပြည့်နှက်နေသည်။
“မင်းတို့ လူတော့နည်းတယ်နော်?"
ယဲ့ကျွင်းလင် မျက်ခုံးပင့်လိုက်သည်။ မင်ယဲ့နှင့် အခြားသူများ၏ ကျင့်ကြံမှုသည် စစ်မှန်သော မသေမျိုးအရှင် စတုတ္ထကောင်းကင်အဆင့် ဝန်းကျင်တွင် ရှိနေသည်ကို သူ ခံစားမိ၏။ ဤအဆင့်မျှသာဆိုလျှင် သူ လက်တစ်ဖက်တည်းဖြင့်ပင် အနိုင်ယူဖို့ ခက်ခဲမနေပါ။
ဒီလိုစကားမျိုးပြောရဲရအောင် သူတို့မှာ ဘယ်လိုအားကိုးရာမျိုး ရှိနေသေးလို့လဲ?
ရွှစ်!
နောက်တစ်စက္ကန့်တွင် ယဲ့ကျွင်းလင်သည် ချက်ချင်းလှုပ်ရှားလိုက်ကာ လောကဘုရင်တံဆိပ်ကို အသက်သွင်းပြီး ပြင်းပြင်းထန်ထန် ရိုက်ထုတ်လိုက်သည်။
စစ်မှန်သော မသေမျိုးအရှင် ဆဋ္ဌမကောင်းကင်အဆင့်သို့ ရောက်ရှိပြီးနောက် လောကဘုရင်တံဆိပ်ကို ထပ်မံ အသက်သွင်းသောအခါ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော မသေမျိုးအရှင် စွမ်းအားက ကျင့်စဥ်ကို ထောက်ပံ့ပေးနေသဖြင့် ပေါင်းစည်းထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားသည်ကား တိုင်းတာ၍မရနိုင်အောင် ကြီးမားလှ၏။
ဘုန်း—!!!
ကောင်းကင်တွင် ဆိုင်းနေသော သွေးလသည်ပင် တုန်ယင်သွားခဲ့သည်။
လူသားဘုရင်တံဆိပ်သည် သတ္တဝါအားလုံးကို ဖိနှိပ်နိုင်လောက်သည့် ကြီးမားသော အရှိန်အဝါ ကို သယ်ဆောင်လာပြီး ၎င်းတို့ကို ဝန်းရံထားသည်။ ဤတိုက်ခိုက်မှုသာ ကျရောက်ခဲ့ပါက တော်ဝင်မြို့တော်တစ်ခုလုံး ညက်ညက်ကျေအောင် ဖျက်ဆီးခံရပြီး ဝိညာဉ်များပင် တစ်စမကျန် ပြဲစုတ်လွင့်ထွက်သွားပေတော့မည်။
ဘုရင်တန့်ယို အသက်ရှူမှားသွားသည်၊ ဤလှုပ်ရှားမှု၏ စွမ်းအားသည် နတ်ဘုရားသံတမန်ထက် များစွာ ပိုမိုအားကောင်းနေပုံရ၏…
ဝမ်ချန်းဝေပင် ကြောက်လန့်တကြားဖြစ်သွားပြီး အရေထူသောမျက်နှာကြီးပင် ပြူးပြူးပြာပြာဖြစ်သွားရသည်။
ဝုတ်!
သူ ဘက်ရွေးမှားသွားပြီလား?
သို့သော်လည်း မင်ယဲ့၏ အမူအရာကား မလှုပ်မခတ်ပင်တည်ငြိမ်နေသည်။ ထို့နောက် သူ လက်ကို မြှောက်လိုက်ပြီး တံဆိပ်တစ်ခုကို ဖန်တီးကာ အေးစက်စွာ အော်ဟစ်လိုက်၏။ “ဖွင့်စမ်း!”
ဘုန်း!!!
ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသော တုန်လှုပ်ဖွယ် ပေါက်ကွဲသံကြီးတစ်သံ။
မရေမတွက်နိုင်သော ရှေးဟောင်းစာလုံးအတွန့်အတက်များသည် ဖားလောင်းလေးများကဲ့သို့ စုပြုံထွက်ပေါ်လာပြီး အရှေ့ပိုင်းစစ်တပ်ကို ဝန်းရံလိုက်သည်။ ထို့နောက် လေဟာနယ်တွင် စိမ်းပြာရောင် ကန့်လန့်ကာကြီးတစ်ခု ဖြစ်ပေါ်လာပြီး ဧရာမ ပန်းကန်လုံးကြီးကို မှောက်အုပ်လိုက်သကဲ့သို့ သူတို့ကို မြဲမြံစွာ ဖုံးအုပ်ကာရံလိုက်တော့၏။
ဘုန်း!
ပစ်လွှတ်လိုက်သော လောကဘုရင်တံဆိပ်သည် အလင်းကာရံနှင့် တိုက်မိပြီး ချက်ချင်း ကြေမွသွားလေသည်!
စိမ်းပြာရောင် ကန့်လန့်ကာကတော့ လုံးဝ ထိခိုက်သက်ရောက်ခြင်း မရှိပါဘဲ မြင့်မြတ်သော အရှိန်အဝါ ဖြင့် ပြည့်နှက်နေသည်။
“ဒါက မင်းရဲ့ အကြီးမားဆုံး အားကိုးရာလား?” ယဲ့ကျွင်းလင် အနည်းငယ် အံ့ဩသွားသည်။ ပိုမိုနီးကပ်စွာ လေ့လာကြည့်လိုက်သောအခါ ၎င်းသည် အစီအရင် တစ်ခုဖြစ်ကြောင်း သိလိုက်ရ၏။
သူ၏ စွမ်းအားအပြည့်နှင့် ပစ်လွှတ်လိုက်သော တိုက်ကွက်သည် မသေမျိုးအရှင်တစ်ပါးကိုပင် စိတ်ဝိညာဥ်ပါမကျန် ကျိုးပဲ့ကြေမွသွားလောက်အောင် အားကြီးပါသော်ငြား ဤအစီအရင်က ထိုတိုက်ကွက်ကိုပင် ပိတ်ဆို့နိုင်ခဲ့လေသည်လား။
ဒီ အစီအရင်က အဆင့်မြင့်ပုံရတယ်!
“ဒါက မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်ပဲ!”
မင်ယဲ့က မာနကြီးစွာဖြင့် ပြောလိုက်သည်၊ “ဒါက ငါတို့ မင်မျိုးနွယ်ရဲ့ ကောင်းကင်အဆင့် အစီအရင်ဆရာသခင်ကိုယ်တိုင် တည်ဆောက်ခဲ့တဲ့ အစီအရင် တစ်ခုဖြစ်ပြီး ဆဋ္ဌမအဆင့် ကောင်းကင်အစီအရင်တစ်ခုဖြစ်တယ်။ မသေမျိုးအရှင်သခင် တစ်ပါးတောင် ဝင်လာပြီးရင် ပြန်ထွက်လို့မရနိုင်ဘူး! အခု ဒီအစီအရင်ကို အသက်သွင်းလိုက်ပြီဆိုတော့ မင်းတို့ရဲ့ စွမ်းရည်အားလုံးပေါင်းစည်းတောင် ဖောက်ထွက်လို့ရနိုင်တော့မှာ မဟုတ်ဘူး!”
လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။
သူတို့သည် ကောင်းကင်အဆင့် အစီအရင်ဆရာသခင်ဆိုသည်မှာ ဘာကြီးမှန်းမသိကြ၊ ဆဋ္ဌမအဆင့် ကောင်းကင်အစီအရင်၏ သဘောတရားကိုလည်း နားမလည်ကြသော်လည်း ဒဏ္ဍာရီလာ မသေမျိုးအရှင်သခင် တစ်ပါးကိုပင် ဖမ်းဆီးချုပ်နှောင်နိုင်သည်ဟု ကြားလိုက်ရသောအခါ သူတို့ ပြဿနာကြုံနေရပြီဖြစ်ကြောင်း သဘောပေါက်သွားရတော့၏။
“ငါတို့ထွက်လို့မရတော့ရော ဘာလုပ်မှာလဲ? တစ်သက်လုံးဖမ်းထားမလို့လား?"
ရွှယ်ဝူဟန်သည် စိတ်အစဥ်ကို တည်ငြိမ်အေးဆေးအောင် ထိန်းညှိလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလာသည်။ “ဒီလို အစီအရင်ကို ထိန်းသိမ်းဖို့အတွက် စွမ်းအင် အမြောက်အများ လိုအပ်တယ်။ မင်းက ငါတို့ကို ဘယ်အချိန်ထိ ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမှာမလို့လဲ"
မသေမျိုးအရှင်သခင်အဆင့်ကိုပင် ချုပ်နှောင်ဖမ်းဆီးနိုင်သော အစီအရင်ဖြစ်လင့်ကစား သူတို့ကို အထိအခိုက်မဖြစ်စေသရွေ့ ပြန်လည်တွန်းလှန်နိုင်ဖို့ အခွင့်အရေးရှိသေးသည်ပင်။
“ငတုံးကောင်!” ဒီအစီအရင်ကို မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချအစီအရင်လို့ ဘာလို့ခေါ်တာဖြစ်မလဲ? နှိမ်နင်းဆိုတဲ့စကားကို သေချာစဥ်းစားကြည့်စမ်း”
မင်ယဲ့က အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
“မဟုတ်မှလွဲရော…” ရွှယ်ဝူဟန် တစ်စုံတစ်ခုတွေးမိသကဲ့သို့ အကြီးအကျယ် မျက်နှာပျက်သွားခဲ့သည်။