← Chapters

အခန်း (၃၄၃)

Vol. 25 Ch. 343

အခန်း (၃၄၃)

Vol. 25 Ch. 343

ဤကြီးမားသော အစီအရင်သည် မသေမျိုးအရှင်သခင်များကိုပင် ဖမ်းဆီးချုပ်နှောင်နိုင်ရုံမက သတ်ဖြတ်နိုင်စွမ်းလည်း ရှိသည်။

ရွှယ်ဝူဟန်၏ နှလုံးသားထဲတွင် ထိတ်လန့်မှုများ တိုးပွားလာပြီး သူ၏နဖူးမှ ချွေးစေးများ စီးကျလာသည်။

မင်ယဲ့က ဆက်ပြောလာသည်။ “မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်ဟာ ဖမ်းဆီးဖို့အတွက်သာမက အမြင့်ဆုံး သတ်ဖြတ်ရေးအစီအရင်အဖြစ်လည်း ပြောင်းလဲနိုင်ပြီး အထဲမှာရှိသမျှ အရာအားလုံးကို ဖုန်မှုန့်တွေအဖြစ် ကြေမွသွားစေနိုင်တယ်!”

“ငါ ဒုတိယအဆင့်ကို အသက်သွင်းလိုက်တာနဲ့ မင်းတို့ လူသားတွေအကုန် ခိုကိုးရာမဲ့ သေကုန်ကြလိမ့်မယ်! တစ်ယောက်မှ ကျန်မှာ မဟုတ်ဘူး!”

ထိုစကားကို ကြားသောအခါ။

ကျင့်ကြံသူများ ချက်ချင်း ထိတ်လန့်သွားကြပြီး အသက်ရှင်သန်လိုစိတ်ဖြင့် အရူးအမူး လုပ်မိလုပ်ရာ လုပ်ကြကာ အစိမ်းပြာရောင် အလင်းကန့်လန့်ကာကို အသည်းအသန် ရိုက်ခတ်ဖျက်ဆီးကြတော့၏။

မရေမတွက်နိုင်သော မှော်ရတနာများနှင့် ဂါထာပေါင်းစုံက ကန့်လန့်ကာကို ထိမှန်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။

“ထွက်ချင်တယ်! ထွက်ချင်တယ်!”

“ဒါ ဘယ်လိုကျင့်စဥ်မျိုးလဲ၊ ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုထားတာ!”

"ဘုရားရေကယ်ပါ၊ မလာခဲ့သင့်ဘူးလို့ ထင်သားပဲ၊ အခုတော့ လှည့်စားခံလိုက်ရပြီ!”

...

ထိုမြင်ကွင်းကို မြင်သော် မရဏချောက်နက်သတ္တဝါအားလုံး အားရပါးရရယ်မောကြပြီး ပြောမပြနိုင်အောင် ဝမ်းသာရွှင်မြူးနေကြသည်။

သူတို့၏ ယခင်ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုတွေ ပျောက်ကွယ်သွားပြီဖြစ်ပြီး ရန်သူများ ဒုက္ခရောက်နေသည်ကိုသာ ပြပွဲတစ်ခုလို ပျော်ပျော်ကြီး အေးအေးဆေးဆေးထိုင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ကြတော့၏။

ခုနကပဲ လူသားမျိုးနွယ်စုတွေ အရမ်းမာန်တက်နေကြသေးတာလေ။

ငါတို့နယ်မြေကို လာပြီး ငါတို့လူတွေကို အရူးအမူး သတ်ဖြတ်နေကြသေးတာ။

အခုကျတော့ရော?

ဆက်သတ်ချင်သေးလား? လာကြလေ။ ဟားဟား!

ဘုရင်တန့်ယို လက်ခုပ်လက်ဝါးတီးပြီး ရယ်မောလိုက်သည်။ အတွင်းစိတ်တွင် ပြောမပြနိုင်အောင် စိတ်သက်သာပေါ့ပါးနေလျက်။ “နတ်ဘုရားသံတမန်၊ ကျွန်တော် အရှင့်ကို တကယ်ပဲ လေးစားမိပါတယ်။ ကျေးဇူးပြုပြီး နောက်တစ်ဆင့်ကို အမြန်သွားပေးပါဦး၊ ပြီးရင် သူတို့အားလုံး ဒီအစီအရင်ကြီးထဲမှာ ဖျက်ဆီးခံလိုက်ရပါစေ"

“ကျုပ်လုပ်နိုင်ပါတယ်၊ ဒါပေမယ့် အဲ့မတိုင်ခင်မှာ ခင်ဗျားလူတွေ ကျွန်တော့်ကို အကူအညီပေးဖို့ လိုပါသေးတယ်” မင်ယဲ့၏ မျက်လုံးများတွင် အေးစက်စက် အရောင်တစ်ချက်လက်သွားပြီး သူ၏လေသံတွင် နက်ရှိုင်းသော အဓိပ္ပာယ်တစ်ခု ပါရှိနေသည်။

“ဘာကို?” ဘုရင်တန့်ယို တစ်ခုခု လွဲမှားနေသည်ကို သဘောပေါက်သွားပြီးနောက် မင်ယဲ့၏ နောက်လိုက်အဖော်ငါးဦးမှ တော်ဝင်မြို့တော်ရှိ အမျိုးမျိုးသော မရဏမျိုးနွယ်စုဝင်များကို ဖမ်းဆီးရန် စတင်လှုပ်ရှားနေသည်ကို သူ တွေ့လိုက်ရ၏။

ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း—!!!

သန်းပေါင်းများစွာသော သတ္တဝါများ ပျော်ရွှင်မှုထဲတွင် နစ်မြုပ်နေဆဲဖြစ်သော်ငြား နောက်တစ်စက္ကန့်တွင် ၎င်းတို့အား မသေမျိုးအရှင် ငါးပါးက ဖမ်းဆီးပြီး ကြေမွပျက်စီးသွားစေခဲ့သည်။

သွေးမြူများက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး သွေးလကို သွေးများစီးဆင်းလျှံကျတော့မယောင် နီရဲစေခဲ့သည်။ မရေမတွက်နိုင်သော ဝိညာဉ်များသည် ခံပြင်းစိတ်အပြည့်ဖြင့် အော်ဟစ်ငိုယိုနေကြပြီး ကြောက်မက်ဖွယ်ကောင်းသော လေအေးတစ်မျိုးကလည်း တသုန်သုန် တိုက်ခတ်နေကာ မြင်ကွင်းတစ်ခုလုံးမှာ ကြက်သီးထဖွဘ်ကောင်းလှ၏။

ကျန်ရှိနေသေးသော မရဏချောက်နက်သတ္တဝါ ထောင်ပေါင်းများစွာသည် စိတ်လွတ်တော့မလောက် ကြောက်လန့်နေကာ ဘယ်ပြေးလို့ပြေးရမှန်းမသိ။ မြေပြင်ပေါ်တွင်သာ တုန်ယင်စွာ လဲလျောင်းနေကြပြီး သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ထို နတ်ဘုရားသံတမန်များက ဘာကြောင့် ရုတ်တရက် လှံဖျားကို သူတို့ဘက်သို့လှည့်ကာ ပြင်းထန်စွာ တိုက်ခိုက်လာကြမှန်း သူတို့ နားမလည်နိုင်ခဲ့ကြပေ။

“ဘာလို့လဲ…”

သူ၏ မျိုးနွယ်စုဝင်များ လက်တစ်ချက် မြှောက်လိုက်ရုံဖြင့် ဖျက်ဆီးခံလိုက်ရသည်ကို မြင်သောအခါ ဘုရင်တန့်ယို၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားပြီး မျက်လုံးများလည်း ထွက်ကျတော့မတတ် ပြူးကျယ်သွားရသည်။

ဘုရင်တန့်ယို၏ စိတ်ခံစားချက်များမှာ အလွန်ရှုပ်ထွေးနေလျက်။ ကြောက်ရွံ့မှု၊ ဒေါသနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေသည်။

သူ ရဲရဲဝံ့ဝံ့ ရပ်တည်လိုက်ပြီး ပြုံးနေသော မင်ယဲ့ကို တည့်တည့်ကြည့်လိုက်သည်၊ “နတ်ဘုရားသံတမန်၊ ကျွန်တော့်လူတွေက ခင်ဗျားကို ဘယ်လို စော်ကားမိခဲ့လို့လဲ? ဘာလို့ သူတို့ကို ဒီလိုဆက်ဆံရတာလဲ?”

မင်ယဲ့က ခပ်ရွှင်ရွှင်သာပြုံးကာ ပြန်ဖြေလာသည်။ “သူတို့ရဲ့ အကူအညီ လိုတယ်လို့ မင်းကို ပြောပြီးပြီလေ”

“အကူအညီလား?”

ဘုရင်တန့်ယို အံ့ဩပြီး သေချာပြန်တွေးကြည့်နေမိသည်။ ဒါက ဘယ်လိုအကူအညီမျိုးလဲ?

ရုတ်တရက်ပင် သွေးရောင် ချီစွမ်းအင်စီးကြောင်းများစွာ မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင် ထဲသို့ စီးဝင်နေသည်ကို သူ အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။

မူလက အစိမ်းရောင်ရှိသော အလင်းကန့်လန့်ကာသည် ရုတ်တရက် အလွန်နီရဲသွားပြီး သွေးများဖြင့် ရွှဲရွှဲနစ်အောင် စွန်းထင်းနေသကဲ့သို့ အသွင်ပြောင်းသွားရကာ ရက်စက်ကြမ်းကြုတ်မှုနှင့် ပုံပျက်ပန်းပျက်အရောင်က အလွန်တရာထူးဆန်းသော ကြောက်စိတ်တစ်မျိုးအား ပေးစွမ်းနိုင်သည်။

“ဒီ အစီအရင်က ဒုတိယအဆင့်ကို အသက်သွင်းဖို့ဆိုရင် သက်ရှိစွမ်းအင် အမြောက်အများ လိုအပ်တယ်၊ ဒါကြောင့် သူတို့ကိုယဇ်ပူဇော်လိုက်ဖို့ပဲ တတ်နိုင်တော့တယ်လေ” မင်ယဲ့က ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။

လုပ်စရာရှိသည့်ကိစ္စများ အတော်လေးပြီးစီးသွားသော သံတမန်၏နောက်လိုက်အဖော်များက နားကွဲမတတ်ရယ်သံကျယ်ကြီးများဖြင့် ရယ်မောလာကြ၏။ ထို အစုလိုက်အပြုံလိုက် လူသတ်ပွဲက သူတို့ကို ပျော်ရွှင်မှု ပေးစွမ်းသကဲ့သို့ပင်။

“ဝူးဝူး၊ ကျွန်တော်တို့မျိုးနွယ်ဝင်တွေ!” ကျန်ရှိနေသေးသော အဆင့်မြင့် မျိုးနွယ်စုဝင်များ ယူကျုံးမရဖြစ်စွာ ငိုကြွေးကုန်ကြသည်။

မရဏချောက်နက်မှ ဇာတိသားညီအစ်ကို သန်းပေါင်းများစွာသည် မျက်စိတစ်မှိတ်အတွင်း ထောင်ဂဏန်းလောက်သာ ကျန်ရှိခဲ့လေပြီ။

ဤပြောင်းလဲမှုသည် လေမုန်တိုင်းတစ်ခု ဖြတ်တိုက်သွားပြီး အပျက်အစီးပုံသာ ကျန်ရစ်ခဲ့သကဲ့သို့ အလွန်လျင်မြန်စွာ ဖြစ်ပေါ်လာခဲ့ရာ သူတို့မှာ လက်တွေ့ကိုလက်ခံဖို့ရာ အတော်လေးခက်ခဲခဲ့ရသည်အထိ။

ဘုရင်တန့်ယိုသည် အံသွားများကိုတင်းတင်းကြိတ်ရင်း တုန်ယင်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်မျိုးနွယ်ဝင်များကိုလည်း တစ်ဝက်ကျော်ခန့် ဆုံးရှုံးခဲ့ရသည်ပင်။ ထိုသူတို့ထဲမှ အချို့ဆိုလျှင် သူ့သွေးရင်းဆွေမျိုးများပင် ဖြစ်ကြလေသည်။

သတ်ဖြတ်သူလူတစ်စု၏ နားကွဲမတတ် ရယ်သံများကို နားထောင်ရင်း ဘုရင်တန့်ယိုသည် မရဏချောက်နက် ရာပေါင်းများစွာသော မျိုးနွယ်စုများမှာ မင်မျိုးနွယ်က မွေးမြူထားသော အခိုင်းစေခံ ကျွဲနွားများသာ ဖြစ်ပြီး စိတ်ထဲလေးလံနေစရာမလိုဘဲ လိုသလိုအသုံးချ သတ်ဖြတ်နိုင်သည်ဟု သတ်မှတ်ထားကြောင်း နက်နက်နဲနဲ သဘောပေါက်သွားခဲ့သည်။

မင်ယဲ့သည် ဘုရင်တန့်ယို မျက်စိမျက်နှာပျက်နေသည်ကို သတိပြုမိပြီး မကျေမနပ် ဟစ်အော်လိုက်သည်-

“ဘာလို့ အဲ့လောက်မျက်နှာပျက်နေရတာလဲ? သူတို့ တိုက်ခိုက်တဲ့အခါ မျိုးနွယ်စုတိုင်းက သတ္တဝါနည်းနည်းစီကို ချန်ထားပေးဖို့တောင် ငါတကူးတက ညွှန်ကြားပေးထားခဲ့တာ။ ဒီလိုမှ မျိုးဆက်မပြတ်ဘဲ အနာဂတ်လည်း ဆက်လက်တည်တံ့မှာပေါ့။ အခု လူနည်းနည်းကျန်တာလောက်ကို ဂရုစိုက်မနေနဲ့။ နောက်နှစ်ထောင်ပေါင်းများစွာကြာပြီးအရင် အရင်လိုပြန်တိုးလာပြီး အရင် မရဏမျိုးနွယ်စုကမ္ဘာရဲ့ ဂုဏ်ကျက်သရေတွေ ပြန်ရောက်လာဦးမှာပဲ"

“ငါက မင်းတို့အတွက် ဒီလောက် ထည့်တွက်ပေးခဲ့သေးတာကို မင်းက ဒေါသထွက်နေတုန်းပဲလား?!”

ဤစကားများသည် ကျိုးကြောင်းဆီလျော်ပြီး အတော်လေးစေ့စပ်သေချာစွာ စီစဥ်ထားသည်ဟု ယုံကြည်လိုက်ချင်စရာပင်။

ဘုရင်တန့်ယို၏ မျက်ဆံများ တဆတ်ဆတ်တုန်ယင်နေပြီး နာကျည်းစိတ်ကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။

သို့သော် သူ ဘာမှလုပ်နိုင်သည်မဟုတ်။ သူ ကိုယ်တိုင် ရွေးချယ်ခဲ့သော လမ်းဖြစ်ပြီး ခြေကျိုးသွားလျှင်ပင် ရအောင် တွားသွားခရီးဆက်ရမည်သာ။

ထို့အပြင် ထိုသူ၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ကြည့်လိုက်သောအခါ ကျိုးကြောင်းဆီလျော်ပုံတော့ ရသားပင်!

All Chapters