← Chapters

အခန်း (၃၄၄)

Vol. 25 Ch. 344

အခန်း (၃၄၄)

Vol. 25 Ch. 344

“ဒီလိုထည့်စဥ်းစားပေးလို့ ကျေးဇူးတင်ပါတယ် နတ်ဘုရားသံတမန်! မရဏချောက်နက် ရာပေါင်းများစွာသော မျိုးနွယ်စုများအစား အလွန်ကျေးဇူးတင်မိပါတယ်!” ဘုရင်တန့်ယိုက အပြုံးကိုပြန်လည်တပ်ဆင်လျက် လေးစားစွာဦးညွှတ်လိုက်သည်။

“ဘာမှအပန်းမကြီးပါဘူး” မင်ယဲ့ လက်ကိုဝှေ့ယမ်းလိုက်သည်။

ဘုရင်တန့်ယို၏ ဝမ်းချုပ်နေဟန် မျက်နှာအမူအရာကို ကြည့်ရင်း ဝမ်ချန်းဝေသည် အတွင်းစိတ်၌ တိတ်တဆိတ် ပျော်ရွှင်နေသည်။ ငါ့ကိုလုပ်ထားလို့ ပြန်ခံရတယ်ပဲမှတ်ပေါ့!

တစ်ချိန်တည်းမှာပင် သူသည်လည်း မသေမျိုးအရှင်တို့၏ ရက်စက်သော နည်းလမ်းများအပေါ် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရ၏။

သန်းပေါင်းများစွာသော မရဏချောက်နက်သတ္တဝါများ၏ အများစုမှာ ကျင့်ကြံမှု အဆင့်နိမ့်ကျသူများ ဖြစ်သော်လည်း ဝိညာဉ်အဆင့်တက်ခြင်းနှင့် ခန္ဓာပေါင်းစည်းခြင်း အဆင့်ရှိ အင်အားကြီးသူများစွာလည်း ရှိခဲ့သည်။ သို့သော် ထိုလူတစ်စု၏လက်ထဲတွင် အနည်းငယ်မျှပင် ရုန်းကန်ခုခံနိုင်ခြင်းမရှိပါဘဲ ပျက်စီးသေဆုံးခဲ့ရသည်ပင်။

ဝက်ပေါ်တာကမှ အဲ့ထက်ပိုပြီး အချိန်ကြာလိမ့်ဦးမယ်။

ဒီကောင်တွေကိုသတ်လိုက်တာမျိုး ပုရွက်ဆိတ်လေးတွေကို နင်းချေလိုက်သလိုပဲ။

မသေမျိုးအရှင်တွေရဲ့လက်အောက်မှာ အရာအားလုံးက ပုရွက်ဆိတ်တွေပဲ။

အဲ့ဒီစကားက တကယ်ကို မှန်တယ်!

ထိုများပြားသော သက်ရှိစွမ်းအင်စီးကြောင်းကြီးကို စုပ်ယူပြီးနောက် မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်သည် ဒုတိယအဆင့်ကို အောင်မြင်စွာ အသက်သွင်းလိုက်နိုင်လေပြီ။

ကြီးမားသော အစီအရင်၏ အရှိန်အဝါသည် အလွန်ပြင်းထန်လာပြီး အစီအရင်အတွင်းတွင် သွေးဆာနေသော အနီရောင်အလင်းများ လင်းလက်လာကာ အထူးကြောက်မက်ဖွယ်ကောင်းနေသည်။

“ပြီးသွားပြီ၊ ငါတို့တော့ လမ်းဆုံးပြီ” မရေမတွက်နိုင်သော ကျင့်ကြံသူများ စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေကြပြီး သေရမည်ကို ကြောက်ရွံ့စိတ်နှင့်အတူ နက်ရှိုင်းသော နောင်တတရားများလည်း အလုံးအရင်း ဝင်ရောက်လာခဲ့၏။

ရွှယ်ဝူဟန်၏ မျက်နှာအရောင်မှာ အတော်လေးဖျော့တော့နေပြီး သူ၏ ဆံပင်များလည်း ကြောက်စိတ်ဖြင့် ထောင်မတ်နေသည်။ မသေမျိုးအရှင်တစ်ပါး၏ အာရုံခံစားမှုဖြင့် ကျရောက်လာတော့မည့် သတ်ဖြတ်ခြင်းနိမိတ်ကို သူကြိုတင်ခံစားမိနေ၏။

ဒါပေမယ့် အခုမှတော့ သူဘာလုပ်နိုင်မှာလဲ?

ဒါက မသေမျိုးအရှင်သခင်တွေကိုတောင် ထောင်ချောက်ဆင်ပြီး သတ်နိုင်တဲ့ အစီအရင် ပဲ!

မသေမျိုးအရှင်များတွင်လည်း အဆင့်သတ်မှတ်ချက်များ တိကျသေချာစွာ ရှိထားသည်ပင်။ စစ်မှန်သော မသေမျိုးအရှင်၊ ကောင်းကင်အဆင့်မသေမျိုးအရှင်၊ ဉာဏ်အလင်းအဆင့် မသေမျိုးအရှင် ဒါတွေအားလုံပြီးကာမှ မသေမျိုးအရှင်သခင်အဆင့်က ရောက်လာပေမည်။

အခုမှ တက်‌ရောက်လာတဲ့ စစ်မှန်သော မသေမျိုးအရှင်တစ်ပါးက ဘယ်လိုများ တောင့်ခံလို့ရနိုင်ဦးမှာလဲ?

မသေမျိုးအရှင်သခင်တောင် သေရမယ့်ထောင်ချောက်တဲ့လေ။

“အခုဆို ငါတင်မကဘူး၊ အစ်ကိုကြီးယဲ့လည်း ကျဆုံးရတော့မယ်” ရွှယ်ဝူဟန်က ကောင်းကင်ကိုမော့ကြည့်ကာ ဝမ်းနည်းမှုအပြည့်ဖြင့် ရေရွတ်လိုက်ပြီး သက်ပြင်းတစ်ချက်ချသည်။

“မဖြစ်ဘူး…”

အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့မှာတော့ စိတ်လွတ်သွားသူများလို ပြုမူကြကာ အချို့က အစီအရင်ကို ခေါင်းနှင့်ဝင်တိုက်နေကြပြီး အချို့က မျက်ရည်များစီးကျလျက် အရူးအမူး အော်ဟစ်ငိုယိုနေခဲ့ကြသည်။

တိုက်ခိုက်ရင်းသေဆုံးရတာကမှ ခံသာသေးတယ်။ သစ္စာဖောက်ခံရပြီး သေဆုံးခြင်းက ဘယ်‌လောက် သိက္ခာကျလိုက်လေသလဲ?

“ဟားဟား၊ မင်းတို့အားလုံး၊ သေခြင်းကို ကြိုဆိုလိုက်ကြ!”

ဝမ်ချန်းဝေ စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ ဝမ်းသာရွှင်မြူးစိတ်ဖြင့် တစ်ကိုယ်လုံး လေထဲပေါလောမျောနေသကဲ့သို့ ပေါ့ပါးတက်ကြွနေကာ မကြာမီပင် မသေမျိုးအရှင်အဆင့်သို့ တက်လှမ်းတော့မည့်အလား ထင်မှတ်ရသည်အထိ။

သူ၏ မဟာလက်စားချေမှုကြီး ပြီးဆုံးလေပြီ၊ ယခင်က အရှက်ရခဲ့သည့် အဖြစ်အပျက်များ လုံးဝ ချေဖျက်ခံလိုက်ရလေပြီ!

အရမ်း ကျေနပ်တယ်၊ အရမ်းကို ကျေနပ်တယ်!

ယွီဟွားဂိုဏ်းမှ ကျင့်ကြံသူများအားလုံးလည်း ဝမ်းသာအားရရယ်မောနေကြပြီး အခြားသူများ ဒုက္ခရောက်နေသည်ကို ပျော်ရွှင်စွာ စောင့်ကြည့်နေကြသည်။

“ဘာလို့၊ ဘာလို့ ဒီလို ဖြစ်နေရတာလဲ?” မင်းသမီးမင်ယွဲ့ မျက်လုံးများနီရဲလျက် မျက်ရည်သွင်သွင်စီးကျလျက်သား။ သူမ၏ နှလုံးသားသည် အင်အားမဲ့စွာ နာကျင်ခံစားနေရလေပြီ။

လီဝူကျယ်သည်လည်း သွေးရောင်လွှမ်းသော မျက်လုံးများဖြင့် အံကိုသာ တင်းတင်းကြိတ်ထား၏။ “ငါတို့ ဒီလိုပဲ သေရတော့မှာလား…”

လောကတစ်ခွင် နံပါတ်တစ်ဓားနတ်ဘုရားဖြစ်လာရမယ့် ရည်မှန်းချက်လေးကို ဖြည့်ဆည်းခွင့်မရှိတော့ဘူးလား?

“ငါ့ရဲ့ အာဏာပြန်လည်တည်ဆောက်ခြင်း အစီအစဥ်က ဒီလိုနဲ့ပဲ ပြီးဆုံးတော့မှာလား?” ဟုန်ချန်ယဲ့ တီးတိုးရေရွတ်လိုက်ပြီး သစ်သားရုပ်ထုကဲ့သို့ နေရာတွင် ကျောက်ချရပ်နေသည်။ ဤရက်စက်သော လက်တွေ့ဖြစ်ရပ်ကို သူ လက်သင့်မခံနိုင်လှသေးပေ။

ခွင်းလွင်နယ်မြေရှိ မသေမျိုးအရှင များအားလုံး ပေါင်းစည်းပြီး ဤအစီအရင်ထဲသို့ ဝင်ရောက်လာလျှင်ပင် တစ်ခုတည်းသော ရလဒ်မှာ သေခြင်းသာ ဖြစ်သည်။

သူတို့က ဘယ်လိုများ ပြောင်းလဲနိုင်မှာလဲ?

လွတ်လမ်းမရှိတော့ဘူး!

မင်ယဲ့နှင့် သူ့အုပ်စုကို ပြန်မပြောရဲသောကြောင့် ငြိမ်ခံနေရသည့် ဘုရင်တန့်ယိုမှာ ဒေါသအားလုံးကို လူသားမျိုးနွယ်ဆီ စုပုံချလျက် အရူးအမူးအော်ဟစ်လိုက်သည်။ “ငရဲကိုသွားစမ်း! ဒါက မင်းတို့ မရဏချောက်နက်ကို ကျူးကျော်ခဲ့တဲ့အတွက် ပြန်ပေးဆပ်ရတဲ့ တန်ကြေးပဲ! ဟားဟားဟား…”

“မှန်တယ်! အားလုံး မင်းတို့အပြစ်ပဲ! သေသင့်တယ်!!” ကျန်ရှိနေသေးသော မရဏချောက်နက်သတ္တဝါများကလည်း မုန်းတီးမှုများလျှံကျနေသော မျက်လုံးများဖြင့် ‌ဒေါသတကြီး ဝင်ရောက်ကြိမ်းမောင်းကြသည်။

အပြစ်အားလုံးကို လူသားမျိုးနွယ်စုအပေါ်သာ ပုံချလိုက်ကြခြင်းပင်။

မင်ယဲ့သည် သူတစ်ပါး၏ သေခြင်းရှင်ခြင်းကံကြမ္မာကို လွှမ်းမိုးရသည့်ခံစားချက်အား အလွန်ကြိုက်နှစ်သက်သူပင်။ ရန်သူများ၏ ကယ်ပါယူပါတစာစာ အော်ဟစ်သံများအား နားထောင်ရင် သူလွန်စွာကျေနပ်ရွှင်မြူးနေခဲ့သည်။

“ယဲ့ကျွင်းလင်၊ မင်းရဲ့အကူအညီမဲ့နေတဲ့ သနားစရာမျက်နှာလေးကို ကြည့်ရသေးတာပေါ့”

သူ့ကို အကြိမ်ကြိမ် ဆန့်ကျင်နိုင်ခဲ့သော ထိုပြိုင်ဘက်မှာ ယခုသူ့လက်ခုပ်ထဲ ကျရောက်လာခဲ့လေပြီ။မင်ယဲ့ အောင်နိုင်သူတစ်ယောက်၏ အားရကျေနပ်မှုကို အပြည့်အဝခံစားနေရသည်။ ထိုအချိန်တွင် တစ်ဖက်လူ၏ ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေမည့် ပုံပန်းသဏ္ဌာန်ကို သူ တွေ့မြင်လိုစိတ် ပြင်းပြနေခဲ့လေ၏။

ထို့ကြောင့် ထိုလူကို သူအာရုံစိုက်စောင့်ကြည့်လိုက်ချိန်မှာတော့၊

မင်ယဲ့ ကြက်သေသေသွားခဲ့ရသည်။

All Chapters