တစ်ကိုယ်တော်ရှိုးထုတ်ချိန် ရောက်ပြီလေ
Vol. 25 Ch. 345
သူ၏မျက်လုံးထဲတွင် ထိုလူငယ်၏မျက်နှာသည် စိတ်ပျက်အားငယ်ခြင်း အလျဥ်းမရှိ၊ ထိတ်လန့်နေပုံလည်း မပေါ်၊ ထို့အစား သူသည်...
စက်ဆုပ်ရွံရှာသော အမူအရာဖြင့် ရှိနေ၏။
မှန်သည်။ စက်ဆုပ်ရွံရှာမှုပင်။
မင်ယဲ့ သူ့မျက်လုံးသူပင် မယုံနိုင်။ ဒါ ဘယ်လိုသဘောမျိုးလဲ?
မင်း သေချင်နေပြီလား။ ဘာကိစ္စ ဟန်ဆောင်နေသေးတာလဲ?!
မင်ယဲ့ တွေးလေလေ ဒေါသထွက်လေလေ ဖြစ်သည်။ သူ ဒေါသတကြီး တဟားဟားရယ်မောလျက် ရေရွတ်လိုက်သည်။ “ကောင်းပြီ၊ အရမ်းကောင်းတယ်။ မင်း ဘယ်လိုသေမလဲဆိုတာ ငါဒီမှာ ရပ်ပြီး ကြည့်နေမယ်!”
မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်၏ စွမ်းအားအောက်တွင် မသေမျိုးအုပ်စိုးသူ အဆင့် စွမ်းအားရှင်များပင် ချက်ချင်း ပျက်စီးသွားနိုင်သည်ဆို၏။ ရိုးရိုး စစ်မှန်သော မသေမျိုးအရှင် တစ်ပါးက ဘယ်လောက်များ ခံနိုင်ရည်ရှိနိုင်မှာလဲ?
မသေမျိုးအရှင်သခင်တစ်ပါးနှင့် နှိုင်းယှဉ်လျှင် စစ်မှန်သော မသေမျိုးအရှင်သည် ပုရွက်ဆိတ်တစ်ကောင်ထက်မပို။
ဒီကောင်လေး သေချာပေါက် သေရမှာပါပဲ!
အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်တစ်တပ်လုံး ဆောက်တည်ရာမရဖြစ်နေချိန်တွင် ယဲ့ကျွင်းလင်သည် သူတို့ကို ဖုံးအုပ်ထားသော အလင်းကန့်လန့်ကာကြီးကို အသေးစိတ်ကြည့်ရှုစစ်ဆေးရင်း သူ၏မျက်နှာတွင် စက်ဆုပ်ရွံရှာမှုများ အပြည့်ရှိနေသည်။
“အမှားအယွင်းတွေ အပြည့်ပဲ၊ အမှိုက်ကိုမှ သုံးစားလို့တောင်မရတဲ့အမှိုက်!”
ယဲ့ကျွင်းလင် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်သည်။
သူ မရဏချောက်နက်ထဲသို့ မရောက်မီကပင် စနစ်က သူ့အား ဆုလာဘ်ချီးမြှင့်ထားခဲ့ပြီးဖြစ်၏။
၎င်းသည် ကောင်းကင်အစီအရင် ဆရာသခင်တစ်ပါး၏ ထိပ်တန်းစွမ်းရည်များ ဖြစ်ပေသည်။ !
ဆုလာဘ်ကို လက်ခံရရှိပြီးနောက် ယဲ့ကျွင်းလင်၏ အသိစိတ်ထဲတွင် ကောင်းကင်အစီအရင် ဆရာသခင်တစ်ပါးနှင့် သက်ဆိုင်သော အစီအရင်ဆိုင်ရာ အသိပညာများ လျှံကျမတတ် လှိမ့်ဝင်လာပြီး ၎င်းတို့အားလုံးသည် အရည်အသွေးမြင့်စွာ ပြည့်စုံကုံလုံနေခဲ့သည်။
သူ၏ ကောင်းကင်အဆင့် အစီအရင်ကို ကိုင်တွယ်ဖြေရှင်းပုံသည်ပင် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ် လေ့ကျင့်ခဲ့သကဲ့သို့ ကျွမ်းကျင်သွက်လက်နေမည်ဖြစ်ပြီး ပြီးပြည့်စုံမှုတို့၏ ထိပ်ဆုံးတွင် တည်ရှိနေသော အရည်အချင်းမျိုးပါပေ။ မျက်စိမှိတ်ဖြေရှင်းလျှင်ပင် သူ့လက်များက ကြွက်သားမှတ်ဉာဏ်တစ်ခု စွဲမြဲထင်ကျန်နေသကဲ့သို့ အလိုအလျောက် လုပ်ဆောင်ပေးကြပေလိမ့်မည်။
အတိုချုပ်အားဖြင့် ယဲ့ကျွင်းလင်သည် ကောင်းကင်အစီအရင် ဆရာသခင် နဝမအဆင့်၏ ထိပ်တန်းအဆင့်ကို ပိုင်ဆိုင်ပြီးဖြစ်၏။
သူ၏ စိတ်စွမ်းအင်က မသေမျိုးအရှင်ဘုရင်တစ်ပါးနှင့် နှိုင်းယှဉ်နိုင်သော အဆင့်တစ်ရာအထိ ပါရှိပြီးသားဖြစ်သောကြောင့် ထိုပါရမီနှင့် ပေါင်းစပ်လိုက်သောအခါ နဝမအဆင့် ကောင်းကင်အစီအရင်ကို တည်ဆောက်ရန်အတွက် လိုအပ်သောအခြေအနေများအားလုံး အပြည့်အဝ ပံ့ပိုးပြီးသား ဖြစ်နေခဲ့လေပြီ။
ထို့ကြောင့် မင်ယဲ့က မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်ကို အသက်သွင်းလိုက်ချိန်ကတည်းက ယဲ့ကျွင်းလင်၏ မျက်လုံးထဲတွင် ထိုအစီအရင်သည် မည်သည့်လျှို့ဝှက်ချက်မှ မရှိတော့ဘဲ ချို့ယွင်းချက်များအားလုံးက ဘူးပေါ်သလို ပေါ်လွင်နေခဲ့လေသည်။
ဘယ်လိုပြောရမလဲ? အတော်လေး စိတ်ပျက်စရာ ကောင်းတယ်!
မင်ယဲ့ မသိသည်မှာ ဤဆဋ္ဌမအဆင့် ကောင်းကင်အစီအရင်သည် အချိန်ကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းကြောင့် ပြဿနာအချို့ ဖြစ်ပေါ်နေပြီး အပြင်ပန်း ခိုင်မာသော်လည်း အတွင်းပိုင်းတွင် အားနည်းချက်များ၊ ယိုယွင်းမှုများက ဖာထေးမလောက်နိုင်အောင် အပြည့်ပါရှိနေခြင်းပင်။
ဆဋ္ဌမအဆင့် ကောင်းကင်အစီအရင်ဟု ခေါ်ဆိုခြင်းသည် မြှောက်ပင့်လွန်းရာရောက်ပြီး တကယ်တမ်းတွင် ၎င်းသည် တတိယအဆင့် ကောင်းကင်အစီအရင် အဆင့်သို့ ကျဆင်းသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော်လည်း ၎င်းသည် ကျန်ရှိသေးသောစွမ်းအင်ဖြင့် မသေမျိုးအရှင် အများစုကို အလွယ်တကူ ထောင်ချောက်ဆင် သတ်ဖြတ်နိုင်သေးသည်ပင်။
သို့သော် ကောင်းကင်အစီအရင် ဆရာသခင် နဝမအဆင့်ဖြစ်သော ယဲ့ကျွင်းလင်၏ မျက်လုံးထဲတွင် ဤ တတိယအဆင့် ကောင်းကင်အစီအရင်သည် အတော်လေးအကြမ်းထည်ဆန်ကာ ဖွဲ့စည်းပုံညံ့ဖျင်းလှသည်။ လစ်ဟနေသော အမှားအယွင်းများနှင့် အားနည်းချက်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်နိုင်ခဲ့သည်အထိ။
ထို့ကြောင့် မျက်နှာအနေအထားက ထိုမျှစက်ဆုပ်ရွံရှာဟန်ပေါက်နေခြင်းပင်။
“ကြောက်စရာကောင်းလိုက်တာ၊ ရှုရှု သေတော့မှာလား?” အစီအရင်အတွင်း ပျံ့နှံ့နေသော ကြောက်မက်ဖွယ်ချီအဟုန်ကို ခံစားမိသောအခါ ပုရှောင်ရှီး ကြောက်လန့်တကြား တုန်ယင်သွားသည်။
ရုတ်တရက် သူမသည် မနီးမဝေးတွင် အကျွမ်းတဝင်ရှိသော ပုံသဏ္ဌာန်တစ်ခုကို တွေ့လိုက်ရ၏။ ထိုအရာလေးမှာ တွင်းတစ်တွင်းတူးပြီး အထဲသို့ ခုန်ဆင်းသွားကာ ခေါင်းလေးပေါ်လောက်ရုံသာဖော်ပြီး မြေကြီးထဲတွင် သူ့ကိုယ်သူ အပြီးတိုင်မြှုပ်နှံထားလေသည်။
ပန်းကန်လုံးပုံ ဆံပင်အုပ်လေးဖြင့် ထိုကောင်လေးသည် မျက်လုံးများကို တင်းတင်းစေ့မှိတ်ထားပြီး တစ်ခုခုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေပုံရ၏။
“စတုတ္ထဆရာတူမောင်လေး၊ ဘာလုပ်နေတာလဲ?” ပုရှောင်ရှီးသည် တစ်ဖက်လူ၏အပြုအမူကို အံ့ဩစွာဖြင့် မျက်လုံးပြူးသွားသည်။
မဟာမှိုဘုရင် အသံကြားသောကြောင့် မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် ကူကယ်ရာမဲ့နေဟန်မျက်နှာလေးဖြင့် ပြန်ဖြေလာ၏။ “ဆရာတူအစ်မ၊ မမြင်ဘူးလား? ကျွန်တော်သေဖို့စောင့်နေတာလေ"
ပုရှောင်ရှီး ထိတ်လန့်သွားသည်။
သေရမည်ကိုတော့ သူမလည်း နားလည်သော်ငြား အဘယ့်ကြောင့် ဒီလိုပုံစံဖြင့် သေချင်ရလေသနည်း?
ဒီနည်းနဲ့ သေတာ ပိုမြန်လို့လား?
နာကျင်မှု ပိုနည်းလေမလား?
ပုရှောင်ရှီး၏ စိတ်ရှုပ်သွားဟန်အမူအရာကြောင့် မှိုဘုရင်က စိတ်ရှည်လက်ရှည် ရှင်းပြလာသည်။ “ကျွန်တော့်ရဲ့ တကယ့်ပုံစံအစစ်က မှိုပါ။ မြေကြီးထဲမှာ စိုက်ပျိုးခံရဖူးတယ်။ ဒါကြောင့် မြေကြီးထဲမှာ ဖုံးအုပ်ခံရတဲ့ ခံစားမှုကို အရမ်းနှစ်သက်တယ်။ အခု သေခြင်းတရားက နီးကပ်လာပြီဆိုတော့ သူ့ရဲ့ ရောက်ရှိလာမှုကို ကြိုဆိုဖို့ ကျွန်တော့်ရဲ့ အသက်သာဆုံး ကိုယ်ဟန်အနေအထားကို မပြင်ဆင်သင့်ဘူးလား?”
ဤကျိုးကြောင်းဆီလျော်ပြီး ရှင်းလင်းပြတ်သားသော အဖြေကို ကြားသောအခါ ပုရှောင်ရှီးသည် နားလည်သွားသလိုရှိသော်ငြား သေချာစဥ်းစားကြည့်ပြန်တော့ နားမလည်နိုင်သေးပေ။ သူမသည် ဦးခေါင်းကို စောင်းပြီး အရောင်တဖျတ်ဖျတ်လက်နေသော မျက်လုံးကြီးများဖြင့် ထပ်မေးလာသည်။ “အသက်သာဆုံး ကိုယ်ဟန်အနေအထား?”
သူမ၏ အသက်သာဆုံး ကိုယ်ဟန်အနေအထားက ဘာလဲ?
ဆရာတူမောင်လေး၏ အကြံပြုချက်က အတော်လေး ကျိုးကြောင်းဆီလျော်သည်ဟု ပုရှောင်ရှီး ခံစားရသည်။
သူမ၏ မူလပုံစံမှာ မွေးဖြူကြွက်မလေးဖြစ်ပြီး သူမ အကြိုက်ဆုံးမှာ အရသာရှိသော အစားအစာများ စားသုံးခြင်း ဖြစ်၏။ ကိုက်ညီသော သေဆုံးမှု ကိုယ်ဟန်အနေအထားကို ရွေးချယ်ရာတွင် အစားအစာနှင့် ဆက်စပ်မှု ရှိရမည်ကတော့ သေချာသည်။
“ရှုရှု ဘာလုပ်ရမလဲဆိုတာ သိပြီ!”
ပုရှောင်ရှီးသည် စိတ်လှုပ်ရှားစွာ မီးဖိုခန်းဆီသို့ ပြေးသွားသည်။ သူမ အစောက ပြုလုပ်ထားခဲ့သော သရေမုန့်များနှင့် နို့လက်ဖက်ရည်များကို ထုတ်ယူပြီးနောက် အရူးအမူး စားသောက်တော့လေသည်။
ပါးနှစ်ဖက်လုံး ဖောင်းကားနေပြီး ပါးစပ်တစ်ခုလုံး အစားအစာများ ပြည့်နေသည်။
“ဆရာတူအစ်မ၊ ဒီလိုအချိန်မျိုးမှာတောင် စားဖို့သောက်ဖို့ စိတ်ပါသေးတာလား?” မဟာမှိုဘုရင်က ရေရွတ်လိုက်သည်။
“ရှုရှု များများစားရမယ်၊ ဒါမှ အားအပြည့်နဲ့ ခရီးဆက်နိုင်မယ်လေ~”
ပုရှောင်ရှီးသည် သေခါနီးလူတစ်ဦး၏ ပြင်းပြသောစိတ်ဓာတ်ဖြင့် ပါးစပ်ကိုအားရပါးရဖွင့်ကာ အရာအားလုံးကို ဝါးမျိုလိုက်သည်။ ဖြစ်နိုင်သမျှ အပျော်ရွှင်ဆုံးနည်းဖြင့် သေခြင်းကို ကြိုဆိုလိုသည်။
“အာ” မဟာမှိုဘုရင် ပြောစရာစကား မရှိတော့သဖြင့် သူ၏ မျက်လုံးများကို ပြန်မှေးမှိတ်ပြီး သေခြင်းတရား ရောက်ရှိလာရန် စောင့်ဆိုင်းနေလိုက်၏။
ရွှစ်~!
မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်အတွင်းရှိ ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်သည် အစီအရင် အတွင်းရှိ ကျင့်ကြံသူ အားလုံးကို ဖောက်ခွဲချေမှုန်းဖျက်ဆီးပစ်ရန် အချိန်နီးကပ်လာချိန်တွင် မည်သည့်အကြောင်းကြောင့်မှန်းမသိ ရုတ်တရက် ရပ်တန့်သွားပြီး စွမ်းအင်စီးဆင်းသံတဖျစ်ဖျစ်လည်း ရပ်တန့်သွားခဲ့သည်။
“ဘာဖြစ်နေတာလဲ?!” အစောကမှ ယုံကြည်မှုအပြည့်ရှိခဲ့သော မင်ယဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်သောအခါ သိသိသာသာမျက်နှာပျက်သွားပြီး နှလုံးသားတွင် မကောင်းသော နိမိတ်တစ်ခု ပေါ်ပေါက်လာသည်။
“ဟင်?”
ကျင့်ကြံသူများအားလုံး အံ့ဩတုန်လှုပ်သွားကြ၏။ သူတို့၏ ဝမ်းနည်းကြေကွဲဖွယ် ငိုယိုညည်းညူသံများ ရုတ်တရက် ရပ်တန့်သွားပြီး ဆန်းကြယ်စွာဝင်ရောက်လာသော အဖြစ်အပျက်ကြောင့် အလွန်အံ့ဩသွားကြသည်။
ရွှယ်ဝူဟန် တစ်ခုခုကို ခံစားမိလိုက်ပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်သည်။
"မဟုတ်မှလွဲရော"
သူလှည့်ကြည့်လိုက်သည့်ဘက်တွင် ငွေရောင်ဆံပင်ရှိသော ထိုလူသည် လက်တစ်ဖက်ကို နောက်သို့ပစ်ထားပြီး လက်ညှိုးတစ်ချောင်းကို မြှောက်ထားကာ ထိုလက်ညွှန်းဖြင့် အစီအရင်၏ ဘယ်ဘက်အပေါ်ထောင့်သို့ ထိုးညွှန်ထားလေသည်။။ မသေမျိုးအရှင်တစ်ပါး၏ ရောင်ဝါအလင်းသည် သူ၏လက်ချောင်းထိပ်တွင် ဝဲလှည့်နေပြီး တစ်ကိုယ်လုံးမှ သေမျိုးလောကနှင့် မသက်ဆိုင်သော ကောင်းကင်ဘုံ၏အငွေ့အသက်ကို ထုတ်လွှတ်နေကာ ကိုယ်ဟန်အနေအထားသည် နတ်မင်းတစ်ပါးက လွတ်မြောက်ရာလမ်းကြောင်းကို ညွှန်ပြနေသည့်အတိုင်းပင်။
“ကောင်းတယ် ကောင်းတယ်။ အခုရပ်သွားပြီ”
ယဲ့ကျွင်းလင် ကျေနပ်စွာ ရေရွတ်လိုက်သည်။ အသိစိတ်ထဲရှိ ကောင်းကင်အစီအရင် ဆရာသခင် နဝမအဆင့် အသိပညာများအရ ဤအစီအရင်ကို တန်ပြန်ဖျက်ဆီးနိုင်သော နည်းလမ်းရာပေါင်းများစွာ ရှိနေသည်ပင်။
ပထမဆုံးဖြေရှင်းနည်းအနေဖြင့် အားနည်းချက်တစ်ခုကို ရှာတွေ့သည်နှင့် အစီအရင်၏ လည်ပတ်မှုကို ရပ်တန့်ရန် လက်ညှိုးထိုးလိုက်ဖို့သာ လိုအပ်လေသည်။
“မပြီးသေးဘူး၊ ဒီ အစီအရင်ကို ငါ ဘယ်လိုဖျက်ဆီးဦးမလဲ ကြည့်ထားလိုက်!”
ယဲ့ကျွင်းလင်သည် အစီအရင်၏ အမှားအယွင်းအားလုံးကို ထင်ရှားစွာ မြင်နိုင်၏။ ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်း နားလည်သွားသောအခါ မသေမျိုးအရှင်စွမ်းအင်ကို သူ၏လက်ချောင်းထိပ်သို့ လှည့်ပတ်စေလိုက်ပြီး တစ်ကိုယ်တော်အစွမ်းပြပွဲကို စတင်လေတော့သည်။