← Chapters

အခန်း (၃၄၆)

Vol. 25 Ch. 346

အခန်း (၃၄၆)

Vol. 25 Ch. 346

ရွှစ်ရွှစ်ရွှစ်ရွှစ်~

လက်ညှိုးတစ်ချောင်းတည်းဆီမှ တောက်ပသော အလင်းတန်းများ နေရာတိုင်းသို့ ပျံသန်းသွားပြီး တစ်ခုစီသည် အစီအရင်တစ်ခုလုံး၏ အမျိုးမျိုးသော အားနည်းချက်များကို တိကျစွာ ထိမှန်ကာ အလင်းကန့်လန့်ကာပေါ်တွင် လှိုင်းများ တုန်ခါသွားစေပြီး နက်နဲသော ပဲ့တင်သံတစ်ခုက လှိုက်ထွက်လာလေတော့၏။

“အရှင်ယဲ့ ဘာလုပ်နေတာလဲ?”

ကျင့်ကြံသူများအားလုံး ယဲ့ကျွင်းလင်ကို အံ့ဩစွာ ဝိုင်းကြည့်နေကြသည်။

ယဲ့ကျွင်းလင်လုပ်နေသမျှကို သူတို့အကုန်မမြင်နိုင်သလို နားလည်း မလည်နိုင်သော်ငြား တစ်ဖက်လူမှာ ယဲ့ကျွင်းလင်ဖြစ်သောကြောင့် ဇွတ်တရွတ်ပင် အထင်ကြီးကုန်ကြတော့၏။

“သူက ဒီအစီအရင်ကို ရပ်တန့်စေခဲ့တဲ့သူပဲ!” ဟုန်ချန်ယဲ့ အလွန်အမင်း ထိတ်လန့်သွားပြီး သူ၏နှလုံးသားတွင် မျှော်လင့်ချက်ရောင်ခြည်တစ်မျှင် ပေါ်ထွက်လာသည်။

အစီအရင် အပြင်ဘက်တွင် ယခင်က လှောင်ပြောင်သရော်နေခဲ့ကြသော မရဏချောက်နက်သတ္တဝါ များသည်လည်း ဤဖြစ်ရပ်ကို မြင်လိုက်ရပြီးနောက် ဆက်လက်ရယ်မောနိုင်ခြင်း မရှိတော့ပေ။ သူတို့ တစ်ဦးကိုတစ်ဦး လှည့်ကြည့်နေကြရင်း အနည်းငယ် တုန်လှုပ်လာကြသည်။

ဘုရင်တန့်ယိုက အံ့ဩစွာဖြင့် ရေရွတ်လာ၏။ “အစီအရင်လုပ်ဆောင်မှုက ဘာလို့ ရုတ်တရက် ရပ်သွားတာလဲ? ယဲ့ကျွင်းလင်နဲ့ ဆက်စပ်နေတာလား?”

“လျှောက်တွေးမနေနဲ့။ ဒီကောင်လေး သက်သက်ဟန်လုပ်နေတာ!” ဝမ်ချန်းဝေ မျက်ခုံးနည်းနည်းလှုပ်သွားသော်လည်း အမူအရာပြန်ထိန်းလိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ “နတ်ဘုရားသံတမန် က တည်ဆောက်ထားတဲ့ အစီအရင်ကို သူ ဝင်ရောက်စွက်ဖက်နိုင်မှာတဲ့လား?”

“နတ်ဘုရားသံတမန်၊ ကျွန်တော် ပြောတာ မှန်တယ်မလား?” ဝမ်ချန်းဝေသည် သခင်ကိုအမြီးလှုပ်ပြနေသော ခွေးတစ်ကောင်ကဲ့သို့ သံတမန်ဘက်လှည့်ကာ မျက်နှာချိုသွေးလိုက်သည်။

“ဟင်? သံတမန်…”

နောက်တစ်စက္ကန့်တွင် ဝမ်ချန်းဝေ ထိုနေရာ၌ပင် အေးခဲသွားတော့၏။

သူ တွေ့လိုက်သည်မှာ မင်ယဲ့တစ်ကိုယ်လုံး တုန်ယင်နေခြင်းပင်။ ပဲစေ့အရွယ် ချွေးစေးများ ထိုသူ၏နဖူးမှ စီးကျနေသည်။ နှုတ်ခမ်းများလည်း တဆတ်ဆတ်တုန်ယင်နေပြီး အလွန်အမင်း မယုံကြည်နိုင်သော အမူအရာဖြင့် မျက်လုံးများက ထိတ်လန့်တကြား ပြူးကျယ်လျက်။

မင်ယဲ့သည် အမှန်တကယ် ထိတ်လန့်တုန်လှုပ်နေပြီး အသက်ရှူသံများပင် ဟောဟဲလိုက်ပြင်းပြနေသည်ပင်။ ပြင်ပကမ္ဘာမှ မျိုးနွယ်ဝင်တစ်ဦးအနေဖြင့် သူသည် စကြဝဠာတစ်လွှား အနှံ့အပြားခြေဆန့်ဖူးကာ ဗဟုသုတ အလွန်ကြွယ်ဝသူဖြစ်၏။ အစီအရင် ရုတ်တရက် ရပ်တန့်သွားခြင်းနှင့် ယဲ့ကျွင်းလင်၏ လက်ဟန်အနေအထားများကိုကြည့်ရင်း သူ့စိတ်ထဲတွင် ထင်မြင်ချက်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ဒီကောင်က အစီအရင်ကို ဖျက်ဆီးနေတာလား!!!

မှန်သည်။ မင်ယဲ့ တွေးမိသလောက်တော့ ထိုယဲ့ကျွင်းလင်သည် မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်ကို ဖျက်ဆီးနေခြင်းပင်။

ရန်သူကိုသတ်ရန် ဖမ်းဆီးရန် အသုံးပြုသောအစီအရင်ကို ရန်သူကပြန်လည်ဖျက်ဆီးခြင်းမှာ တွေ့ရခဲသောဖြစ်ရပ်တော့မဟုတ်။

သို့သော် အစီအရင်တစ်ခုကို ချေဖျက်ရန်ဆိုသည်မှာ အစီအရင် ကျွမ်းကျင်မှုအဆင့် အလွန်ထက်မြက်မြင့်မားနေရန် လိုအပ်သည်။ အနည်းငယ်မျှ မှားယွင်းပါက ပြင်းထန်သော တန်ပြန်သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ပြီး အစီအရင်တည်ဆောက်သူထက် စိတ်စွမ်းအင်အဆင့်မြင့်နေဖို့လည်း လိုအပ်သေး၏။

ချောက်ကမ်းပါးပေါ်မှာ ကြိုးတန်းလမ်းလျှောက်နေသလိုပဲ။ ခြေလှမ်းတစ်လှမ်း မှားတာနဲ့ အပိုင်းပိုင်း ကွဲထွက်သွားလိမ့်မယ်။

တစ်ဖက်လူက ၎င်းကို ချောမွေ့သေသပ်စွာ ဖျက်ဆီးနိုင်ခြင်းသည် မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်ကို အလုံးစုံလွှမ်းမိုးနိုင်သော အစီအရင် ကျွမ်းကျင်မှုအဆင့်နှင့် စိတ်စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ထားသည်ဟု သ‌ဘောရ၏။

ထို့အပြင် ကောင်းကင်အဆင့်အစီအရင်ကို ဖျက်ဆီးသူသည် ကောင်းကင်အစီအရင် ဆရာသခင်တစ်ဦး ဖြစ်သည်ပင်။

မင်ယဲ့ ထိုအတွေးကို အဓိပ္ပာယ်မရှိဟု မှတ်ချက်ချမိ၏။

ဘာဟာသလဲ?!

ကောင်းကင်အစီအရင် ဆရာသခင်တဲ့လား?!

ဒီ ခွင်းလွင်နယ်မြေမှာ ကောင်းကင်အစီအရင် ဆရာသခင် ရှိနိုင်ပါ့မလား?

ကောင်းကင်အစီအရင် ဆရာသခင်တစ်ပါးအတွက် အနိမ့်ဆုံးစိတ်စွမ်းအင်အဆင့်က အဆင့်၅၁လေ။

ဉာဏ်အလင်းအဆင့် မသေမျိုးအရှင်တွေထဲမှ ထိပ်တန်းအဆင့်လို့သတ်မှတ်ရနိုင်တဲ့ စွမ်းအားရှင်တွေသာ စိတ်စွမ်းအင်အဲ့လောက်များပြားနိုင်တာ။ ဒါပေမယ့် ဒီ ယဲ့ကျွင်းလင်ဟာ ရိုးရိုး စစ်မှန်သော မသေမျိုးအရှင် တစ်ပါး မဟုတ်ဘူးလား? ကောင်းကင်အစီအရင် ဆရာသခင်တစ်ပါးအတွက် လိုအပ်တဲ့ စိတ်စွမ်းအင်ကို သူ ဘယ်လို ရနိုင်မှာလဲ?

စစ်မှန်သော မသေမျိုးအရှင်တစ်ပါး၏ ပုံမှန်စိတ်စွမ်းအင်အဆင့်မှာ နှစ်ဆယ်ဝန်းကျင်တွင်သာရှိသင့်ပြီး ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်လျှင်တောင်မှ သုံးဆယ်‌ကျော်လိမ့်မည်မဟုတ်။

ဒါဆို ဒီကောင်က ဘယ်လိုလုပ် ကောင်းကင်အစီအရင် ဆရာသခင် ဖြစ်နိုင်မှာလဲ?

နားမလည်နိုင်ဘူး၊ လုံးဝကို နားမလည်နိုင်ဘူး!

မင်ယဲ့သည် ကောင်းကင်အဆင့် အစီအရင်ဆရာသခင်တစ်ပါး၏ အဆင့်အတန်းဆိုသည်မှာ မည်မျှလေးစားဖွယ်ကောင်းကြောင်း သေချာသိထား၏။

သူတို့ မရဏမျိုးနွယ် အတွင်း၌ပင် တလေးတစားဆက်ဆံရသော တည်ရှိမှုမျိုးဖြစ်သည်။ မသေမျိုးအရှင်သခင်များပင် ထိုဆရာသခင်တို့ကိုဆိုလျှင် လျစ်လျူရှုဖို့မရဲစွာ ပြုံးပြုံးရယ်ရယ် နှုတ်ဆက်ကာ ယဉ်ကျေးစွာ ဆက်ဆံကြရ၏။

အဘယ်ကြောင့်ဆိုသော် ကောင်းကင်အဆင့် အစီအရင်ဆရာသခင်တစ်ပါးကို ပိုင်ဆိုင်ခြင်းမှာ မဟာဗျူဟာတစ်ခုကို ပိုင်ဆိုင်ခြင်းနှင့် မခြားသောကြောင့်ဖြစ်သည်။ သူတို့ တည်ဆောက်သော အစီအရင် များသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ၏ ကံကြမ္မာကို မှောက်လှန်ပြောင်းလဲနိုင်ပြီး မျိုးနွယ်စုများ၏ အောင်မြင်မှု၊ ကျဆုံးမှုတိုင်းကို သက်ရောက်မှုရှိကာ မရေမတွက်နိုင်သော မသေမျိုးအရှင်များကိုလည်း လေထဲတွင် ဖြုတ်ခနဲပျောက်ကွယ်သွားအောင် စွမ်းဆောင်နိုင်ပေ၏။

အခု ခွင်းလွင်နယ်မြေ၏ ဇာတိသားဖြစ်သော ထိုသူသည် ကောင်းကင်အဆင့် အစီအရင်ဆရာသခင်တစ်ပါး ဖြစ်နေသည်ကို မြင်သောအခါ မင်ယဲ့မှာ တစ်ကြိမ်တစ်ခါမှမခံစားဖူးသော အံ့သြထိတ်လန့်မှုကို အကြီးအကျယ်ခံစားနေရလေပြီ။

“ကောင်းကင်အဆင့် အစီအရင်ဆရာသခင်၊ သူက ကောင်းကင်အဆင့် အစီအရင်ဆရာသခင်ပဲ…” မင်ယဲ့ ၏ ဦးရေပြားတစ်ပြင်လုံး ကျဉ်တက်သွားပြီး နှလုံးသားတွင် အကြောက်တရားတို့ စိုးမိုးသွားကာ တစ်ကိုယ်စာကြားရုံမျှ တီးတိုးရေရွတ်လိုက်သည်။

သူ ထွက်ပြေးချင်စိတ်ပေါက်နေပြီ။

“ကောင်းကင်အဆင့် အစီအရင်ဆရာသခင်ဆိုတာ ဘာလဲဟင်?” ဝမ်ချန်းဝေသည် ထိုစကားလုံးကို နားမလည်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခွင်းလွင်နယ်မြေတွင် အစီအရင်ကျွမ်းကျင်သူတစ်ဦးကို ပထမအဆင့်မှ နဝမအဆင့် အထိသာပိုင်းခြားထားပြီး နဝမအဆင့် အစီအရင်ကျွမ်းကျင်သူသည် အမြင့်ဆုံးသာဖြစ်၏။

အခု မင်ယဲ့၏ ပါးစပ်မှ ဝေါဟာရအသစ်တစ်ခု ပေါ်လာသည်ကို ကြားသောအခါ ဝမ်ချန်းဝေသည် နားမလည်သော်ငြား အတော်လေးတော့ စိုးရိမ်ပူပန်လာမိသည်။

တစ်ပါးသူတို့၏ အမူအရာများကို ကောင်းစွာ လေ့လာတတ်သူဖြစ်သော ယွီဟွားဂိုဏ်းချုပ်သည် ယခင်က ယုံကြည်မှုအပြည့်ရှိပြီး အောင်ပွဲခံရန် သေချာနေခဲ့သော ဤ နတ်ဘုရားသံတမန်၏ ပထမဆုံးအကြိမ် ထိတ်လန့်မှုကို ကောင်းစွာသတိထားမိလိုက်လေသည်။

ဝမ်ချန်းဝေ စိတ်မတည်ငြိမ်တော့ပါချေ။

ဂျွတ် ဂျွတ် ဂျွတ် ဂျွတ်...

ဤသို့ အရေးကြီးနေသောအချိန်တွင် ဧရာမအစီအရင်ကန့်လန့်ကာကြီးသည် တဂျွတ်ဂျွတ်အသံနှင့်အတူ ထိတ်လန့်ဖွယ်ကောင်းသော အက်ကြောင်းများ ပေါ်ထင်လာသည်။ ၎င်းသည် ပျက်စီးစပြု၍ ဟောင်းနွမ်းနေသော အဆောက်အအုံတစ်လုံးနှင့်တူပြီး ထောက်ကန်ထားသော တိုင်များအားလုံးကို ဖယ်ရှားခံလိုက်ရသကဲ့သို့ ပြိုကျလုနီးနီး ဖြစ်နေလေပြီ။

တောက်ပသော အလင်းတန်းများ နေရာတိုင်းသို့ ပျံသန်းသွားပြီး အစီအရင်၏ အားနည်းချက်အားလုံးကို တိကျစွာ ထိမှန်သည်။

ထို့နောက် မရေမတွက်နိုင်သော အထိတ်တလန့် အကြည့်များအောက်တွင် ယဲ့ကျွင်းလင်သည် သူ၏လက်ဖျောက်တစ်ချက်ကို ပေါ့ပေါ့ပါးပါးတီးလိုက်သည်။ "ပြိုစမ်း!”

နောက်ဆုံးသော လက်ချောင်းအလင်းတန်းတစ်သွယ် ထွက်ပေါ်လာပြီး အစီအရင်၏ ချက်ကောင်းတစ်နေရာသို့ အတိအကျ ထိမှန်လိုက်သောအခါ ချက်ချင်းပင် အက်ကွဲကြောင်းရာများအားလုံး ဖျတ်ခနဲဆက်စပ်သွားပြီး မသေမျိုးအရှင် နှိမ်နင်းအကျဥ်းချ အစီအရင်သည် ရုတ်ချည်းဆိုသလို ဝုန်းခနဲ ပြိုကွဲသွားခဲ့လေသည်။

ဘုန်းဘုန်းဘုန်း!!!

ဖုန်မှုန့်များက ကောင်းကင်သို့တိုင် လုံးတက်သွားပြီး စွမ်းအင်စီးဆင်းမှုများလည်း ပြန့်ကျဲပျက်စီးသွားကြ၏။

လူတိုင်း မှင်တက်စွာ ငေးမောနေကြပြီး ထိတ်လန့်မှုကြောင့် စကားတစ်ခွန်းပင် မထွက်နိုင်ခဲ့ကြပေ။

“အကြီးအကဲယဲ့၊ သူ တကယ်ပဲ…”

ရွှယ်ဝူဟန် တံတွေးတစ်ချက်မျိုချလိုက်ပြီး ခက်ခဲစွာ ထုတ်ပြောလိုက်သည်၊ “လက်‌ဖျောက်တစ်ချက်တီးရုံနဲ့ အစီအရင်ကို ချေဖျက်လိုက်တယ်…”

All Chapters