← Chapters

အခန်း (၃၄၈)

Vol. 25 Ch. 348

အခန်း (၃၄၈)

Vol. 25 Ch. 348

“ချီးတဲ့မှ၊ မင်းတို့ကို ငါနဲ့အတူ ဆွဲခေါ်သွားမယ်!” မိမိ၏ဘဝအဆုံးသတ်သို့‌ ရောက်ရှိတော့မည်ဖြစ်ကြောင်း သိလိုက်သောထိုလူသည် နီရဲနေသောမျက်လုံးများဖြင့် ကြွေးကြော်ရင်း ယဲ့ကျွင်းလင်ထံသို့ ဦးတည်ပြေးဝင်သွားတော့လေ၏။

ယဲ့ကျွင်းလင်ဆီသို့ ဦးတည်တိုက်ခိုက်လာစဉ် ထိုသူ၏ကိုယ်ခန္ဓာတစ်ခုလုံးမှ တောက်ပသော မသေမျိုးအရှင် အလင်းတန်းများ ထွက်ပေါ်လာပြီး အရေပြားများပင် အက်ကွဲနေသည်ကို မြင်လိုက်ရကာ တစ်ကိုယ်လုံးရှိစွမ်းအင်များကို ပုံအောပေါက်ကွဲစေ‌တော့မလိုပင်။

“မကောင်းတော့ဘူး၊ သူက သူ့ရဲ့ မသေမျိုးမူလရင်းမြစ်ကို သူကိုယ်တိုင် ဖျက်ဆီးပစ်တော့မှာ!” ရွှယ်ဝူဟန် အလွန်အမင်း ထိတ်လန့်သွားသည်။

မသေမျိုးအရှင်တိုင်းတွင် မသေမျိုးမူလရင်းမြစ် ဟူသောအရာတစ်ခု ရှိသည်။ ထိုရင်းမြစ်ကို ဖျက်ဆီးရန် ရွေးချယ်လိုက်ပါက ထိုစွမ်းအားသည် စိတ်ကူး၍မရနိုင်အောင် ကြောက်မက်ဖွယ်ပွင့်ထွက်လာပေမည်။

အရေးအကြီးဆုံးအချက်မှာ ထိုသို့ဖျက်ဆီးပြီးနောက် ပြန်လည်ရှင်သန်ရန် အခွင့်အလမ်းတစ်ခုမှ မရှိတော့ခြင်းပင်။ မဖြစ်မနေ အခြေအနေတစ်ခုသို့ မရောက်မချင်း မည်သည့် မသေမျိုးအရှင်မှ ဤလမ်းကို ရွေးချယ်မည်မဟုတ်ပေ။

ဤမရဏမျိုးနွယ် အမျိုးသားသည် အစွန်းရောက်စိတ်ဓာတ် ပြင်းပြနေခြင်းပင်!

“ငါ သေရင် မင်းတို့လည်း ငါနဲ့အတူ သေရမယ်!”

ကျန်သည့် မသေမျိုးအရှင် လေးဦးကလည်း ယဲ့ကျွင်းလင်၏အင်အားအတိုင်းအဆကို သိရှိသွားသောကြောင့် မိမိတို့၏အသက်ကို ‌ပေါ့ပေါ့တန်တန်ပင်စတေးကာ သူတို့၏ မသေမျိုးမူလရင်းမြစ်များအား ဖျက်ဆီးဖောက်ခွဲဖို့ ပြင်ဆင်လာကြတော့၏။

ရွှစ်!

မရဏမျိုးနွယ် မသေမျိုးအရှင် ငါးဦးတို့သည် ရုတ်တရက် တောက်ပသော အလင်းတန်းများဖြင့် ဖြာထွက်လာကြပြီး ယဲ့ကျွင်းလင်ဆီသို့ မတွေဝေဘဲ ခုန်ဝင်လိုက်ကြသည်။ အဝေးမှ ကြည့်လျှင် သူတို့သည် ပြင်းထန်စွာ တောက်လောင်နေသော နေလုံးကြီးငါးလုံးနှင့်တူပြီး ဖျက်ဆီးခြင်းစွမ်းအင်များကို ထုတ်လွှတ်ကာ လူအများကို အင်အားမဲ့သည့်ခံစားချက်အား ပေးစွမ်းနိုင်၏။

သူတို့၏ စိတ်ကူးသည် ရိုးရှင်းပါသည်။ မရဏမျိုးနွယ်၏ အကြီးမားဆုံး ခြိမ်းခြောက်မှုကို တတ်နိုင်သမျှ ဖယ်ရှားပစ်ရန်ပင်။ အဘယ်ကြောင့်ဆိုသော် ခွင်းလွင်နယ်မြေ တွင် ကောင်းကင်အစီအရင်ဆရာသခင် တစ်ဦး ပေါ်ထွန်းလာခြင်းသည်ကား မျိုးနွယ်စုများစွာ၏ အနာဂတ်တိုက်ပွဲအခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်လောက်သည်အထိ သက်ရောက်မှုကြီးမားသောကြောင့်။

သူ့ကို သတ်နိုင်ခြင်းသည် အသက်စွန့်ဖို့ထိုက်တန်သော အကျိုးအမြတ်ပင်!

“အားလုံး စိတ်ညစ်သွားကြပြန်ပြီလား?”

ယဲ့ကျွင်းလင်ကတော့ တည်ငြိမ်အေးဆေးနေသော မျက်နှာထားဖြင့် ခင်ရွှင်ရွှင် ပြုံးရယ်နေမြဲ။

ထိုသူ လက်တစ်ဖက်မြှောက်လိုက်သည်နှင့် ကြေးခေါင်းတလားတစ်ခုသည် လေဟာနယ်မှ ပျံထွက်လာပြီး ရှေးဟောင်းဆန်သော စွမ်းအင်တစ်ခုကို ဖြန့်ကျက်ထုတ်လွှတ်လိုက်၏။

ကောင်းကင်သင်္ချိုင်းခေါင်းတလား!

“ကိုယ့်ကိုယ်ကို ဖျက်ဆီးချင်ရင် အထဲဝင်ပြီး ကြိုက်သလောက် ဖျက်ဆီး!” ယဲ့ကျွင်းလင် လှောင်ပြောင်လိုက်သည်။

ကောင်းကင်သင်္ချိုင်းခေါင်းတလားသည် တဖြည်းဖြည်း ပို၍ကြီးမားလာပြီး အဖုံးဖွင့်လိုက်သောအခါ အတွင်းဘက်တွင် ပိန်းပိတ်အောင် မှောင်မိုက်နေကာ စကြဝဠာထဲမှ အဆုံးမဲ့တွင်းနက်တစ်ခုကဲ့သို့ နက်နဲဆန်းကြယ်မှုနှင့် အန္တရာယ်အငွေ့အသက်များ ကျောချမ်းဖွယ် ပြည့်နှက်လျက်ရှိသည်။

“ဒါက ဘာကြီးလဲ?!”

မရဏမျိုးနွယ် မသေမျိုးအရှင် ငါးဦးသည် ထိတ်လန့်တုန်လှုပ်သွားကြဟန်ရှိပြီး ကမ္ဘာကြီး ရုတ်တရက် မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ သတိပြန်ဝင်လာသောအခါ ခေါင်းတလားအတွင်းသို့ ရောက်နေပြီဖြစ်၏။ စိတ်တည်ငြိမ်မှု မရှိတော့သောအချိန်တွင် သူတို့ ရေရေရာရာတွေးတောမနေတော့ဘဲ မိမိကိုယ်ကို ဖျက်ဆီးပစ်လိုက်ကြတော့သည်။

ဘုတ်!

ကောင်းကင်သင်္ချိုင်းခေါင်းတလား အတွင်းမှ အသံတိုးတိုးလေးတစ်သံ ထွက်ပေါ်လာပြီးနောက် မည်သည့်အရာမှ မဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်သွားခဲ့သည်။

“နောက်ထပ် မသေမျိုးအဆင့်လက်နက် တစ်ခု!” ရွှယ်ဝူဟန်၏ စိတ်ထဲတွင် အလွန်အမင်း တုန်လှုပ်သွားသည်။ သူသည် ကြေးခေါင်းတလားကို စူးစိုက်ကြည့်နေပြီး မနာလိုအားကျစိတ်ဖြင့် မျက်ရည်များပါဝဲလာတော့၏။

မသေမျိုးအရှင်ငါးဦး၏ မူလရင်းမြစ် ဖျက်ဆီးခြင်းကို ထိုသို့ အလွယ်တကူ နှိမ်နင်းလိုက်နိုင်သည်မှာ အကြီးအကဲယဲ့၏ ပြည့်စုံကြွယ်ဝသော နတ်ဘုရားတမျှ စွမ်းရည်များကြောင့်သာပင်!

“ဒါ မဟုတ်ဘူး… ဒါ အမှန်တရားမဟုတ်ဘူး…” သူ့အဖော်ငါးဦး ပိုးဖလံများ မီးထဲခုန်ဆင်းသကဲ့သို့ အသက်ပါသွားကြသည်ကို မြင်သောအခါ မင်ယဲ့၏ယုံကြည်မှုများ တိုက်ရိုက်ပြိုလဲပျက်စီးသွားပြီး အရူးတစ်ယောက်လို ရေရွတ်လိုက်မိသည်။

“အဆင်ပြေပါတယ်၊ နောက်ဘဝကျ သတိထားပေါ့"

ယဲ့ကျွင်းလင် နှစ်သိမ့်လိုက်ပြီး စန်းယွမ်ဓားကို တည့်တည့်ထိုးချလိုက်ရာ ဓားသွားမှ တောက်ပသော အလင်းတန်း တစ်သောင်းခန့် ထွက်ပေါ်လာကာ မင်ယဲ့ကို အပြီးတိုင်ဖျက်ဆီးပစ်ဖို့ အနားရောက်ရှိလာ၏။

ကြီးမားသော သတ်ဖြတ်လိုစိတ်ဖြင့် ဝန်းရံခံလိုက်ရသော မင်ယဲ့သည် ရှင်သန်နိုင်စရာ အခွင့်အရေးမရှိတော့ကြောင်း သိသဖြင့် နောင်တရစွာဖြင့် မျက်လုံးများကို မှေးမှိတ်လိုက်သည်။

ထိုအရေးပါသော အချိန်တွင်။

ခရမ်းရင့်ရောင် အလင်းတန်းတစ်ခု ရုတ်တရက် ဆင်းသက်လာပြီး မင်ယဲ့ရှေ့တွင် နေရာယူကာ ရွှေရောင်ဓားပျံကို ပိတ်ဆို့လိုက်သည်။

ချွင်~!

ရွှေရောင်ဓားပျံသည် ကြည်လင်သော ထိခတ်သံတစ်ချက်ဖြင့် အနောက်သို့ တွန်းထုတ်ခံလိုက်ရလေ၏။

“ဟမ်?” ယဲ့ကျွင်းလင် မျက်မှောင်ကြုတ်လိုက်သည်။

မရဏချောက်နက် တစ်ခုလုံး တုန်ခါသွားသည်။

မမြင်နိုင်သော စွမ်းအားတစ်ခုက မင်ယဲ့အပေါ် သက်ရောက်လာပုံရပြီး သူ၏ စွမ်းအင်တစ်ခုလုံး သိသိသာသာ ပြောင်းလဲသွားသည်။ ခရမ်းရင့်ရောင်ဆံပင်များက မြူးကြွစွာ ကခုန်လွင့်ပျံနေပြီး မျက်လုံးဖွင့်လိုက်သော် သူကိုယ်တိုင်ပင် အံ့သြနေဟန်အမူအရာရှိ၏။

“ဒါက မရဏချောက်နက်နယ်မြေက ငါ့ကို ပေးအပ်လိုက်တဲ့ အခွင့်အာဏာပဲ! ငါ တကယ်ပဲ အသိအမှတ်ပြုခြခံလိုက်ရတာလား!”

မရဏမျိုးနွယ် ဘိုးဘေး ဖန်တီးခဲ့ဖူးသော ဤကမ္ဘာငယ်လေးသည် နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ ကိုယ်ပိုင်အသိစိတ်တစ်ခု မွေးဖွားလာလိမ့်မည်ဟု မင်ယဲ့မမျှော်လင့်ခဲ့ဖူးပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ အရှေ့ပိုင်းစီရင်စု မဟာမိတ်တပ်ဖွဲ့၏ မရဏချောက်နက်ကို ကျူးကျော်ခြင်းသည် ၎င်းကို ဒေါသထွက်စေခဲ့ပြီး မရဏမျိုးရင်းဝင်တစ်ဦး၏ အသိစိတ်အား လိုက်လံချိတ်ဆက်ဖို့ ကြိုးစားခဲ့ပုံပင်။

ထို့ကြောင့် အရေးပါသော အချိန်တွင် မရဏချောက်နက်၏ စိတ်ဆန္ဒသည် သူ့ကို တိုက်ရိုက် အခွင့်အာဏာ ပေးအပ်ခဲ့ပြီး ဤ လူသားမျိုးနွယ် အုပ်စုကို နှိမ်နင်းရန် အားဖြည့်ပေးခဲ့သည်။

တစ်နည်းအားဖြင့်ဆိုရသော် ဤနယ်မြေ၏ အမြင့်ဆုံး အခွင့်အာဏာကို ပိုင်ဆိုင်သော မင်ယဲ့သည် မရဏချောက်နက်၏ ကောင်းကင်ဘုံတာအိုသခင်တစ်ပါးနှင့် ညီမျှသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။ မရဏချောက်နက် အတွင်းရှိ မည်သည့် သက်ရှိမျိုးနွယ်မဆို သူ၏ ဖိနှိပ်ခြင်းကို ချွင်းချက်မရှိ လက်ခံရမည်ဖြစ်၏။

“ဟားဟား၊ စိတ်ပျက်အားငယ်စရာ အခြေအနေက ဘယ်လိုတောင် ပြောင်းလဲသွားတာလဲ။ မရဏချောက်နက်ကတောင် ငါ့ဘက်က ရပ်တည်ပေးတယ်။ ငါ ဘယ်လိုလုပ် ရှုံးနိုင်တော့မှာလဲ?”

မင်ယဲ့သည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ လေထဲသို့ ပျံတက်သွားပြီး ကမ္ဘာလောကတစ်ခုလုံး၏ မူလအုပ်စိုးသူတစ်ပါးကဲ့သို့ စွမ်းအင်အဟုန်ကို ထုတ်လွှတ်လိုက်သည်။ သူသည် လူတိုင်းကို အထက်စီးမှ မာနကြီးစွာ ငုံ့ကြည့်ကာ ခိုင်မာတည်တံ့သောလေသံဖြင့် ‌ကြေညာလိုက်၏။

“အားနာပါတယ်။ ဒါပေမဲ့ မင်းတို့ငါ့ကို ဘယ်လိုမှယှဥ်နိုင်တော့မှာမဟုတ်ဘူးကွ”

All Chapters