← Chapters

လောကသခင်နှင့် ထိပ်တိုက်ရင်ဆိုင်

Vol. 25 Ch. 349

လောကသခင်နှင့် ထိပ်တိုက်ရင်ဆိုင်

Vol. 25 Ch. 349

မာနကြီးလိုက်တာ။ အရမ်းကို မာနကြီးနေတာပဲ။

ဒါပေမယ့် အခုတော့ သူ့မှာ မာနကြီးပိုင်ခွင့်ရှိနေပြီလေ။

သူတို့လက်ရှိ တည်ရှိနေတာ ကမ္ဘာငယ်လေးတစ်ခုလုံး၏ ကောင်းချီးပေးခြင်းကို ခံထားရသောကြောင့် လက်ရှိမရဏချောက်နက်တွင် သူ့တည်ရှိမှုက ဘုရားသခင်နှင့်မခြား။

မည်သည့်သက်ရှိမျိုးနွယ်မဆို၊ ကျင့်ကြံဆင့် ဘယ်လောက်ရောက်နေပါစေ စွမ်းအားဘယ်လောက်ကြီးနေပါစေ။ နှိမ်နင်းခံရပေမည်။

လုံးဝ ပြိုင်ဘက်ကင်းပါပဲ။

မင်ယဲ့သည် အစောကလို စိတ်ပျက်အားငယ်နေပုံမရတော့ဘဲ သေချာပေါက် အောင်ပွဲခံနိုင်မည့် စွမ်းအင်တစ်ခုကို ထုတ်လွှတ်နေပြီး အရာအားလုံးကို နှိမ်နင်းဖို့ရာ အသင့်ပြင်ထားဟန်ရှိလေသည်။

လက်ရှိ ဒီနေရာက သူအလုံးစုံအားသာနိုင်သည့် အိမ်ကွင်းပင်။

မသေမျိုးအရှင်သခင်ဆိုတာ အသာထားဦး။ မသေမျိုးအရှင်ဘုရင် အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးတောင်မှ မရဏချောက်နက်ကို ကျူးကျော်ဖို့ သတ္တိရှိရင် သူ့လက်ထဲမှာ နှိမ်နင်းခံရလိမ့်မယ်။

ဒါက ကမ္ဘာ့ဆန္ဒကနေ ဖြစ်ပေါ်လာတဲ့ အင်အားအဟုန်ပဲ။

ကမ္ဘာက မည်မျှပင်သေးငယ်နေစေကာမူ ကိုယ်ပိုင်အသိစိတ်ဖြင့် အပ်နှင်းလာသောအာဏာစက်က အမြဲတမ်းထူးခြားတတ်သည်။

ထို့အပြင် ခွင်းလင်နယ်မြေသည် လက်ရှိ ပြန်လည်တိုးတက်နာလန်ထူသည့်အဆင့်တွင် ရှိနေသော်လည်း ကောင်းကင်ဘုံ တာအိုဥပဒေတွေဟာ ဉာဏ်အလင်းအဆင့် မသေမျိုးအရှင်များကိုသာ လွတ်လပ်စွာသွားလာခွင့်ပေးထားသေးပြီး ထိုထက်အဆင့်ပိုမြင့်သူ အရှင်များအဖို့ အသွားအလာကန့်သတ်ရေးက ပိုမိုတင်းကျပ်တတ်၏။

ထို့ကြောင့် သူမရဏချောက်နက်ထဲမှာ ရှိနေသရွေ့ ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုပေ။

ဘုရင်တန့်ယိုက ပထမတော့ မှင်တက်သွားပေသည့် ချက်ချင်းသ‌ဘောပေါက်ကာ ဝမ်းသာအားရဂုဏ်ပြုလာသည်။၊ “နတ်ဘုရားသံတမန်၊ မရဏချောက်နက်ရဲ့ အရှင်သခင် ဖြစ်လာတာ ဂုဏ်ပြုပါတယ်! အရှင်ဟာ မရဏချောက်နက်ရဲ့ ကောင်းကင်ဘုံတာအိုသခင်ပါပဲ!”

နှိုင်းယှဉ်ကြည့်ရင်တော့ တကယ်ကို ဒေါသထွက်စရာပဲ။

သူဟာ မရဏချောက်နက်ကို နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး မျိုးနွယ်ရာပေါင်းများစွာကို မြင့်မြတ်သော အဆင့်အတန်းတစ်ခုမှ အုပ်ချုပ်ခဲ့သော်ငြား မရဏချောက်နက်၏ နယ်မြေဆန္ဒက သူ့ကို အသိအမှတ်မပြုခဲ့ပေ။ ယခု မရဏမျိုးနွယ်သွေးရင်း အစွမ်းထက်ကျင့်ကြံသူတစ်ဦးရောက်လာသော် ချက်ချင်း အသိအမှတ်ပြု အာဏာအပ်နှင်းခဲ့လေသည်။

တကယ်ပဲ၊ မရဏချောက်နက်ဟာ မရဏမျိုးနွယ်ကို အမြဲတမ်း နှစ်သက်ခဲ့တာပဲ။

တခြားမျိုးနွယ်တွေကတော့ မရဏမျိုးနွယ်အတွက် ကြားကထိုးကျွေးခံရတဲ့ မြေစာပင်ထက်မပိုဘူး။

ဘုရင်တန့်ယို ရင်ထဲမကောင်းသော်ငြား မျက်နှာချိုပြရုံမှလွဲ ဘာမှမတတ်နိုင်ပေ။ ဒီလိုအရေးကြီးတဲ့ အချိန်မှာ မင်ယဲ့ ပိုပြီး အားကောင်းလာလေလေ၊ သူ ရှင်သန်နိုင်ခြေ ပိုများလေလေပဲ။

တစ်ဖွဲ့တည်းဖြစ်လာမှတော့ သေအတူရှင်မကွာပေါ့ကွာ။

“လေးစားပါတယ်ခင်ဗျာ လေးစားမိပါတယ်! ဒါဆို ခုနက ဖြစ်ခဲ့တာတွေ အားလုံးက နတ်ဘုရားသံတမန် ရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းပဲပေါ့၊ ဒါတွေ အားလုံးက မရဏချောက်နက်ရဲ့ ဆန္ဒအလျောက် အသိအမှတ်ပြုခြင်းကို ရရှိဖို့အတွက်ပဲ။ နတ်ဘုရားသံတမန်ဟာ တကယ်ပဲ ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ကံပါလာတာပါ။ သေချာပေါက် မရဏမျိုးနွယ်ရဲ့ အနာဂတ်ဟာ အရှင့်ပေါ်မှာပဲ မူတည်နေပါပြီ!”

ဝမ်ချန်းဝေလည်း ချက်ဆိုနားခွက်ကမီးတောက် ဆိုသလို ချက်ချင်းအရိုအသေပြုကာ တသီတတန်းကြီး ချီးမွန်းခန်းဖွင့်လိုက်သည်။

သူ၏ မြင့်မားပါးနပ်သော ဉာဏ်ရည်ဖြင့် မင်ယဲ့၏ ယခင်က ပျော့ညံ့ပြီး စိတ်ပျက်အားငယ်နေသော အမူအရာကို အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ပေးခဲ့လိုက်သောကြောင့် မင်ယဲ့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးနိုင်လိုက်ရုံသာမက အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်ရှိပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းတွက်ဆနိုင်စွမ်းရှိသော ထက်မြက်ပါးနပ်သည့် ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ပုံဖော်ပေးနိုင်ခဲ့လေသည်။

တောက်ပနေလိုက်တဲ့ ကိုယ်ရောင်ကိုယ်ဝါ။

ထိုစကားရှည်ကြီးကို ကြားလိုက်ရသော်..

မင်ယဲ့ မှင်တက်သွားသည်။ ထို့နောက် ဝမ်ချန်းဝေကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးထဲတွင် နှစ်သက်သွားဟန် အမူအရာတစ်ခု ပေါ်လာကာ ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ထောက်ခံ၏။ “တကယ်ပဲ၊ အဲဒီလို စီစဥ်ထားခဲ့တာလေ"

မင်ယဲ့၏စိတ်ထဲတွင် ဝမ်ချန်းဝေကို အရှေ့ပိုင်းစီရင်စု၏ နောင်လာမည့် ဒုတိယခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ထားပြီးလေပြီ။

ဝမ်ချန်းဝေ ပျော်ရွှင်ကျေနပ်စွာဖြင့် ရင်ဘတ်ကို မာန်ပါပါကော့ပစ်လိုက်သည်။

တွေ့လား။ ဉာဏ်ကောင်းတဲ့သူတွေဆိုတာ အမြဲမျက်နှာကောင်းရတယ်။

ဘုရင်တန့်ယို အံ့သြသွားသည်။ ဒီ လူသားမျိုးနွယ်က အရမ်းကို ကောက်ကျစ်တာပဲ။

ဒီစစ်ဆင်ရေးပြီးလျှင် “စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်” စာအုပ်တစ်အုပ် ဝယ်ပြီး သေချာလေ့လာရမည်ဟု သူတိတ်တိတ်လေး ဆုံးဖြတ်လိုက်၏။

တစ်ချိန်တည်းမှာပင်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျင့်ကြံသူတပ်ကြီး၏ ဦးရေပြားများ ကျဥ်တက်သွားခဲ့သည်။

အနိမ့်အမြင့် ခံစားချက်များက အလွန်တရာ အစွန်းရောက်လွန်းနေခဲ့၏။

ယခင်က သူတို့ရရှိခဲ့သော အားသာချက်တွေ အားလုံး ပျောက်ကွယ်သွားပြန်လေပြီ။ ဒီ မရဏချောက်နက်က အတော်လေးကို ကောက်ကွေ့နက်နဲလှသောကြောင့် သူတို့တွင် ပြန်လှည့်ပြေးရန်လည်း လမ်းမရှိ။

မင်ယဲ့၏ မထီမဲ့မြင်အကြည့်က မဟာမိတ်တပ်ကြီးထံ တစ်ချက်ဝေ့ဝဲသွားပြီး ရှေ့သို့ တစ်လှမ်းတိုးလာဆိုသည်။

“မင်းတို့ ပုရွက်ဆိတ်တွေ၊ ဘာလို့ ဒူးမထောက်တာလဲ?!”

ငြင်းဆန်လို့မရနိုင်သော အခွင့်အာဏာစက်က ကောင်းကင်ဘုံ၏ဖိအားလို လှိမ့်ဝင်လာပြီး မရဏချောက်နက်တစ်ခုလုံး တုန်ခါသွားခဲ့သည်။

“အား၊ အား”

ရွှယ်ဝူဟန်ဟာ အင်မတန် အားပြင်းလှသော ဖိနှိပ်မှုကို ခံစားလိုက်ရပြီး ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့ရသည်။ သူဟာ ဓားကိုမြေပြင်တွင်ထောက်လျက် ဒူးတစ်ဝက်ထောက်ရင်း အံတင်းတင်းကြိတ် တောင့်ခံထားကာ မျက်လုံးများမှာ နီရဲအက်ကွဲလျက်။

သားရဲတစ်ကောင်နှင့်ထိပ်တိုက်ဆုံရသော ယုန်သူငယ်ကဲ့သို့ ခုခံနိုင်စွမ်း လုံးဝမရှိခဲ့။

မရေမတွက်နိုင်သော ကျင့်ကြံသူအပေါင်းလည်း တောင့်မခံနိုင်စွာ ဒူးထောက်ကျသွားကြရသည်။

“ချီးတဲ့မှ၊ ဒါ ဘယ်လိုကံဆိုးမှုမျိုးလဲ!” လီဝူကျယ်ဟာ ဓားကို မြေကြီးထဲစိုက်ချလျက် ဒူးတစ်ဖက်ထောက်ကာ ကြွက်သားများတဆတ်ဆတ်တုန်ယင်နေပြီး ချွေးအေးများလည်း တပေါက်ပေါက်စီးကျနေခဲ့သည်။

“အဲ့ဒီလူက အခု ဒီကမ္ဘာရဲ့ ကောင်းကင်ဘုံ တာအိုသခင်တစ်ပါးနဲ့ အဆင့်တူညီနေပြီ။ ဒီနေရာမှာတော့ သူ့ကို အနိုင်ယူနိုင်မှာမဟုတ်ဘူး။ သူက ဒူးထောက်ခိုင်းရင် ငါတို့အားလုံး ဒူးထောက်ရမှာပဲ!” ဟုန်ချန်ယဲ့ က ထိတ်လန့်တုန်လှုပ်စွာဖြင့် အံကြိတ်လျက် ပြောပြလိုက်သည်။

“မဖြစ်နိုင်တာ?! တောင်ထိပ်သခင်ယဲ့က ဘာလို့ ရပ်နေသေးတာလဲ?” ကျောက်လင်အာ၏ မျက်လုံးလှလှလေးများ ပြူးကျယ်သွားပြီး ကောင်းကင်ထက်တွင် မြင့်မားစွာ ရပ်တည်နေသေးသော ပုံပန်းသဏ္ဍာန်ကို သေချာကြည့်လိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ?!” ဟုန်ချန်ယဲ့ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်သော် ယဲ့ကျွင်းလင်၏ တည်ငြိမ်နေသောကိုယ်ခန္ဓာကြောင့် သူ့မျက်လုံးများ ထိတ်လန့်စွာ ကျဥ်းမြောင်းသွားရ၏။

မင်ယဲ့သည် အရှေ့ပိုင်းစီရင်စုမှ ကျင့်ကြံသူများ တစ်ပြိုင်နက်တည်း ဒူးထောက်နေသည်ကို မြင်လိုက်ရသော် အလွန်ကျေနပ်သွားရသည်။ သို့ပေမဲ့ ယဲ့ကျွင်းလင်၏ မတ်တပ်ရပ်နေဆဲ ပုံရိပ်ကြောင့် အောင်ပွဲခံတော့မည့် အမူအရာမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားရလေ၏။

ဘာလို့ သူက ရပ်နေသေးတာလဲ?

သူ့ဆီကို ငါ့စွမ်းအားက မသက်ရောက်တာလား?

ဒါ မဖြစ်နိုင်ဘူး။

မရေမတွက်နိုင်သော အံ့သြတကြီးအကြည့်များအောက်တွင်။

ယဲ့ကျွင်းလင်၏ ကျောပြင်သည် လှံတစ်စင်းလို လုံးဝ ဖြောင့်တန်းနေဆဲဖြစ်၏။ မရဏချောက်နက် ၏ ဆန္ဒအင်အားက သူ့အပေါ် ဖိနှိပ်နေသော်လည်း မည်သည့်အကျိုးသက်ရောက်မှုမှ မရှိခဲ့ပေ။

"အင်အားကြီးမားသူနှင့် ရင်ဆိုင်ရာမှ ပို၍အင်အားကြီးလာခြင်း" ဟူသော စွမ်းရည်အသက်ဝင်လာသောကြောင့်ပင်။

မင်း ငါ့ကို ဘယ်လောက်ပဲ ဖိနှိပ်ပါစေ၊ ငါကတော့ ထိခိုက်မှုမရှိဘဲ ဆက်ရပ်နေဦးမှာပဲ။ အစကနေ အဆုံးအထိ ငါက မင်းထက် အမြဲတမ်း ပိုအားကောင်းနေမှာ။

ယဲ့ကျွင်းလင် တည်ငြိမ်နေသော အခြေခံအကြောင်းရင်းကား သူ၏ရွှေလက်‌ချောင်းပင်။

မသေမျိုးအဆင့် လက်နက်ကတော့ သက်ရောက်မှုကြောင့်အားနည်းသွားမည် ဖြစ်သည့်အတွက် ယဲ့ကျွင်းလင် သူတို့ကို သိမ်းဆည်းထားလိုက်သည်။

ဘာပဲဖြစ်ဖြစ်၊ ဒီကောင်လောက်ကတော့ လက်ဗလာနဲ့ရိုက်ထုတ်တောင် ရပါတယ်။

All Chapters