← Chapters

အခန်း (၃၅၀)

Vol. 25 Ch. 350

အခန်း (၃၅၀)

Vol. 25 Ch. 350

“မဖြစ်နိုင်ဘူး! မင်း ငါ့ရဲ့အင်အားကို ခုခံလို့မရနိုင်ဘူး!”

“ဒီကမ္ဘာမှာ ငါက ကောင်းကင်ဘုံနတ်ဘုရားပဲ!”

မင်ယဲ့ ဒေါသတကြီး အော်ဟစ်လိုက်သည်။

အုန်း—!!!

ကောင်းကင်နှင့်မြေကြီးတစ်ပြင်လုံး ကြမ်းတမ်းစွာ တုန်ခါသွားပြီး မင်ယဲ့၏ စိတ်အခြေအနေအား ဖော်ပြနေသကဲ့သို့ပင်။ နယ်မြေသခင်၏ဒေါသက မရဏချောက်နက်၏ ဒေါသ၊ ဤကမ္ဘာ၏ ဒေါသကို ကိုယ်စားပြုသည်။

“အခုကတည်းက ဒေါသထွက်နေပြီလား? မင်းရဲ့ မရဏမျိုးနွယ်က တော်တော်လေး ဆွရလွယ်တာပဲ"

ယဲ့ကျွင်းလင် ခေါင်းခါလိုက်ပြီး ထေ့ငေါ့သံအပြည့်ပါသော စကားတစ်ခွန်းကို ပစ်သွင်းလိုက်သည်။

ရက်ရက်စက်စက် လှောင်ပြောင်ခံလိုက်ရသော မင်ယဲ့မှာ ဓားထက်ထက်ဖြင့် ရင်ကိုဖောက်ထွင်းခံရသလို ခံစားရပြီး ဂုဏ်သိက္ခာမှာ မြေပြင်သို့တိုင် ချနင်းခံလိုက်ရသလိုပင်။ သူလက်တစ်ဖက်ကိုဆန့်ထုတ်ကာ ဒေါသတကြီး ရိုက်နှက်လိုက်သည်။

“သေစမ်း!!!”

ခရမ်းရင့်ရောင် ဧရာမ လက်ဖဝါးကြီးတစ်ဖက် ပုံပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုတစ်ခုကို ထုတ်လွှတ်လိုက်ရာ သက်ရှိမျိုးနွယ်အားလုံးကို သိပ်သည်းစွာ လွှမ်းမိုးသွားပြီး ယဲ့ကျွင်းလင်ဆီသို့ ချေဖျက်နှိမ်နင်းမည့် အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့၏။

မသေမျိုးအရှင်ဘုရင် အဆင့်ရှိ ပုဂ္ဂိုလ်တစ်ဦးပင် ဤရိုက်ချက်နှင့်ကြုံလျှင် မြေပြင်ပေါ် မလှုပ်နိုင်လောက်အောင် ပိပြားသွားရပေလိမ့်မည်။

ဒါက မင်ယဲ့ရဲ့ ခွန်အားက အရမ်းကြီးမားလို့ မဟုတ်ဘဲ၊ သူက လက်ရှိ သူတို့တိုက်ခိုက်ရာကမ္ဘာရဲ့ သခင်ဖြစ်နေလို့ပဲ။

ထိုတိုက်ကွက်က နီးကပ်လာချိန်တွင် ယဲ့ကျွင်းလင်၏ စွမ်းအင်က မလျော့ကျဘဲ ပိုတိုးမြင့်လာသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး တစ်ချက်ထိုးချလိုက်သည်။ ထွက်ပေါ်လာသော လက်သီးရာက ကြီးမားအားကောင်းပြီး ရှေးဆန်‌သောအငွေ့အသက်များ ပါဝင်ကာ လေဟာနယ်ကိုပင် အမှုန့်ချေပစ်တော့မတတ်။

ဘုန်း!

လက်သီးနှင့် လက်ဖဝါးတို့ ပြင်းထန်စွာ ထိတိုက်မိချိန်တွင် စွမ်းအင်ရိုက်ခတ်မှုများ ပျံ့ထွက်လာခဲ့သည်။

မင်ယဲ့၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏ ခရမ်းရင့်ရောင် လက်ဖဝါးကြီး လက်သီးတစ်ချက်တည်းဖြင့် ကြေမွပျက်စီးကာ ကောင်းကင်အနှံ့သို့ ခရမ်းရောင် ကြယ်ရောင်ခြည်များအဖြစ် လွင့်စင်ပျံတက်သွားရင်း မိုးဖွဲဖွဲကဲ့သို့ ပြန်လည်ကျဆင်းလာသည်အား တအံ့တသြ‌ ငေးကြည့်နေမိသည်။

ဒါက ဘာဟာသကြီးလဲ?

ငါက ငါက ပြိုင်ဘက်ကင်းမဟုတ်ဘူးလား?

“ဒါပဲလား?”

ယဲ့ကျွင်းလင် ပျင်းရိပျင်းတွဲဖြင့် မေးလိုက်သည်။

“မင်း အရမ်း ကျေနပ်မနေနဲ့။ ဒါက သွေးပူလေ့ကျင့်ခန်းသာသာပဲ!”

“အခု၊ ဒါကမှ ငါ့ရဲ့ စစ်မှန်တဲ့ ခွန်အား!”

မင်ယဲ့ ဒေါသအထွက်လွန်ပြီး စိတ်လွတ်သွားလုနီးပါး ဖြစ်ကာ ရှေ့သို့ တိုးဝင်သွားသည်။ သူ့နောက်ဘက်တွင် အမျိုးမျိုးသော ဆန်းကြယ်သည့် အရောင်အဝါများ ထွက်ပေါ်လာကာ လောကသခင်တစ်ပါး၏ စွမ်းအင်ကား မယုံနိုင်လောက်အောင် ခမ်းနားကြီးကျယ်နေခဲ့၏။

ရွှစ်၊ ရွှစ်၊ ရွှစ်~

လက်သီးနှင့် လက်ဖဝါးများက မုန်တိုင်းတိုက်ခတ်နေသလို တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး ကမ္ဘာ့ဆန္ဒ ၏ အထူးကောင်းချီးများဖြင့် ပါဝင်ဖြည့်သွင်းထားသည်။ မသေမျိုးအရှင်ဧကရာဇ်တစ်ပါးတောင် ဘယ်လိုခုခံရမလဲ အကျပ်ရိုက်သွားနိုင်သည့် ညှပ်ပူးညှပ်ပိတ် တိုက်ကွက်များပင်။

ဘုန်း!

ထိုးစစ်က အနားသို့ရောက်လာချိန်၌ ယဲ့ကျွင်းလင်၏အင်အားက တစ်ဖန်တိုးမြင့်သွားပြန်လေသည်။

သူ့နောက်တွင် ကောင်းကင်ဧကရာဇ်ရုပ်တုကြီး ထွက်ပေါ်လာသည်။ ထို့နောက် တိုက်ခိုက်ရေးသူတော်စင်လက်သီးကို ထုတ်ဖော်လိုက်သည်နှင့် တောက်ပပြီး ရှေးကျသော မသေမျိုးအဆင့်ရောင်ဝါပတ်ပတ်လည်က သူ့အနောက်မှ နေလုံးကြီးကဲ့သို့ ထွန်းလင်းထွက်ပေါ်လာခဲ့၏။

ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း!

ယဲ့ကျွင်းလင်က လက်သီးကို အရှိန်မြန်မြန်ဖြင့် လွှဲယမ်းပြီး ရူးသွပ်စွာ ထိုးနှက်လိုက်ရာ ကောင်းကင်ကိုပင် ထိုးခွင်းဖောက်ဝင်သွားတော့မတတ် ပြိုင်ဘက်ကင်းအင်အားတစ်ရပ်အား ထုတ်လွှတ်ပေးလာသည်။

နှစ်ဖက်စလုံး၏ ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတွင် ပွဲကြည့်ပရိတ်သတ်များ၏ နှလုံးသားတို့ ထိန်းမရအောင် တုန်လှုပ်နေခဲ့ရလေသည်။

“အကြီးအကဲယဲ့၊ သူ… သူက ဒီကမ္ဘာရဲ့ ဆန္ဒနဲ့ တိုက်ခိုက်နေတာလား?” ရွှယ်ဝူဟန် ကျဥ်ထုံနေသောဦးရေပြားဖြင့် ဂရုတစိုက် ရေရွတ်လိုက်မိသည်။

သူ ဘယ်လိုများ လုပ်နိုင်တာလဲ?

ရွှယ်ဝူဟန် လုံးဝ စဉ်းစားလို့မရခဲ့ပေ။

သူ့တစ်ယောက်တည်း မဟုတ်။ ကျန်လူအများလည်း ယဲ့ကျွင်းလင်တစ်ယောက် မရဏချောက်နက်၏ နယ်မြေဆန္ဒကို လျစ်လျူရှုကာ လောကသခင်အခွင့်အာဏာကို ရယူထားသော ရန်သူတော်ကြီးအား အသာစီးရအောင်တိုက်ခိုက်နိုင်နေသည့်မြင်ကွင်းကို နားမလည်နိုင်စွာ ငေးကြည့်ရုံသာ တတ်နိုင်ခဲ့ကြတော့သည်။

မင်ယဲ့ တိုက်ရင်းနှင့် ပို၍သာထိတ်လန့်လာသည်။ သူက ကမ္ဘာ့ဆန္ဒကို သယ်ဆောင်ထားသော လောကသခင်တစ်ပါးဖြစ်လျက်နှင့် ဘယ်လိုလုပ် ပြိုင်ဘက်ကို မနှိမ်နင်းနိုင်ရတာလဲ?

တကယ်တော့ သူကိုယ်တိုင်က ဒီတိုက်ပွဲမှာ အရေးနိမ့်နေတဲ့အနေအထား ဖြစ်နေခဲ့တာ။

ဒါက ကျိုးကြောင်းဆီလျော်ရဲ့လား?

အဆိုးဆုံးကတော့ မင်ယဲ့မှ စွမ်းအားတစ်စထပ်ထုတ်လိုက်တိုင်း ပြိုင်ဘက်၏စွမ်းအားကလည်း တစ်ဆင့်တက်သွားခြင်းကို ဝိုးတဝါးခံစားမိနေခြင်းပင်။ အစမှအဆုံးအထိ ထိုသူက သူ့ပြောင်းလဲမှုများနှင့်အညီ တပါတည်း လိုက်လံပြောင်းလဲနေခဲ့လေသည်။

သူ ဖိနှိပ်လေလေ၊ ပြိုင်ဘက်၏ တုံ့ပြန်မှုက ပိုမိုပြင်းထန်လေလေပင်။

ဘုန်း!

အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။

မင်ယဲ့ နောက်ပြန်လွင့်ထွက်သွားပြီး တစ်ကိုယ်လုံး မီးခိုးတွေ အူထွက်နေကာ ပါးစပ်ထောင့်မှ သွေးစီးကြောင်းများ လျှံကျနေခဲ့သည်။ ရင်ဘတ်တစ်ခုလုံး သွေးအလူးလူးဖုံးအုပ်ကာ အရေပြားပါ ဆုတ်ပြဲနေသော ဒဏ်ရာဒဏ်ချက်ပရပွကို မြင်တွေ့နိုင်ပေ၏။

သူ ဟန်ချက်ကို အနိုင်နိုင်ထိန်းလိုက်ပြီး ထပ်မံတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေသောလူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ လည်ချောင်းက အကြိမ်အနည်းငယ် ရွေ့လျားသွားပြီး စိတ်မထိန်းနိုင်တော့ဘဲ အံကြိတ်သံဖြင့် စကားတစ်ခွန်းကို ထုတ်ပြောလိုက်သည်။ “နေစမ်းပါဦး၊ ငါပိုင်တဲ့ကမ္ဘာမှာ မင်းခွန်အားက ငါ့ထက် အမြဲတမ်း ပိုကြီးနေတယ်လို့ ငါ ဘာလို့ ခံစားနေရတာလဲ?”

ထိုမေးခွန်းထွက်လာသည်နှင့်...

ကျင့်ကြံသူအားလုံး အသက်ပင်မရှူရဲစွာ နားစွင့်လိုက်မိကြသည်။ အခြေခံအကြောင်းရင်းကို သူတို့လည်း နားထောင်ချင်နေကြသည်ပင်။ ကမ္ဘာဆန္ဒကို လျစ်လျူရှုပြီး တိုက်ပွဲတိုင်းမှာ အင်အားပိုကြီးလာလောက်အောင် အစွမ်းထက်သည့်ပုဂ္ဂိုလ်မျိုး မြင်ဖူးရုံမဆိုထားနှင့်၊ ကြားပင်မကြားဖူးသည်လေ။

ယဲ့ကျွင်းလင်က ပခုံးတွန့်လိုက်ပြီး ငြင်းဆန်လို့မရနိုင်သော အချက်အလက်တစ်ခုကို ပြောနေသောလေသံဖြင့် ပြန်ဖြေလိုက်၏။ “မင်း မသိသေးဘူးလား? ဘာလို့လဲဆိုတော့ ငါက အင်အားကြီးသူထက် အမြဲပိုအင်အားကြီးတဲ့ လူမလို့လေ!”

“ပြီးတော့ ငါကသောက်ရမ်းကို ခန့်ညားတာကိုး”

စာစဉ်ပြီး၏

All Chapters