← Chapters

သိုးစိမ်းနှင့် သင်္ချိုင်းမြက်

Vol. 26 Ch. 368

သိုးစိမ်းနှင့် သင်္ချိုင်းမြက်

Vol. 26 Ch. 368

"အဲ့ဒီရှစ်နှစ်အတွင်းမှာ ဟုတ်လား?"

ချန်ထန်သည် ချန်ရှီ ကွယ်လွန်သည့် ရှစ်နှစ်တာကာလအကြောင်းကို သူမ ပြောနေမှန်းသိတာကြောင့် အံ့သြသွားခဲ့သည်။

ချန်ရှီသည် ဤခေတ်သမိုင်းကြောင်း အပေါ် မှတ်ဉာဏ် မရှိသော်လည်း ဝူးချင်းယွီသည် သူ့သားကို လွမ်းဆွတ်နေသောကြောင့် သတိမေ့သွားကာ သူမဝိညာဉ်သည် သူမသားကိုရှာဖွေရန် မြေအောက်ကမ္ဘာသို့ ထွက်ခွာသွားခဲ့သည်။

သူမသည် ပျော့ညံ့သော အမျိုးသမီးတစ်ဦး ဖြစ်ပြီး မရဏကမ္ဘာတွင် မျောပါနေသော ဝိညာဉ်တစ်ကောင်သာ ဖြစ်ကာ တစ္ဆေများ၏ ပါးစပ်ထဲတွင် အချိန်မရွေး သေသွားနိုင်သော်လည်း ချန်ရှီကို အံ့ဖွယ်နည်းဖြင့် တွေ့ရှိခဲ့သည်။

အဲဒီကာလအတွင်း ချန်ရှီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ သူမ သိထားလောက်၏။

"ကျွန့မသူ့ကို ရှာတွေ့တုန်းက နတ်ဆိုးမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ မီးအိုင်ထဲမှာ ရှိနေခဲ့တာ...."

ထိုအချိန်တွင် ဝူးချင်းယွီသည်လည်း မရဏကမ္ဘာတွင် သူ့ကိုယ်သူ နာမည်ပေးခဲ့ပြီး သရဲနှင့် နတ်ဘုရားများစွာသည် သူ့သားကို ရှာဖွေနေသည့် ဤကဲ့သို့သော အရူးအမူးမိန်းမတစ်ယောက် ရှိနေကြောင်း သိလိုက်​ကြသည်။

ဘုံသဘောအရ ဆွေမျိုးသားချင်းတို့၏ ဝိညာဉ်များကို မရဏနိုင်ငံ၌ တွေ့သင့်ပြီး သရဲတစ္ဆေများကို မရဏနိုင်ငံမှ စီမံခန့်ခွဲ​ပေးသင့်သည်။ သို့သော် ဝူးချင်းယွီသည် စိတ်ရှုပ်ထွေးနေပြီး ဒါကို မသိသောကြောင့် သူမသည် မရဏကမ္ဘာ၏ စီရင်ပိုင်ခွင့်အောက်တွင် မရှိသော မြေအောက်ကမ္ဘာထဲသို့ ဝင်ရောက်သွားခဲ့သည်။

ချန်ရှီ ဘယ်သွားမှန်း သူမ မသိခဲ့သလို သားအမိနှစ်ယောက်ရဲ့ နှလုံးသားကို ချည်နှောင်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားတစ်ခု အမြဲရှိနေသလိုမျိုးသာ ရူးသွပ်စွာနဲ့ ရှေ့ကို ဆက်လျှောက်သွားခဲ့၏။

သူမသည် မရဏကမ္ဘာတွင် လှည့်လည်ကာ တစ်နှစ်ကျော် အသက်ရှင်ခဲ့သည်။ သူမသည် တစ္ဆေများ၊ နတ်များ၊ နတ်ဆိုးများလက်၌ မသေခဲ့ပါ။ ဒါဟာလည်း အံ့ဖွယ်တစ်ခုပင်။

မရဏကမ္ဘာသို့ ၀င်ရောက်ခြင်း ဒုတိယနှစ်တွင် မှော်မီးအိုင်ထဲသို့ မတော်တဆ ဝင်ရောက်သွားမိခဲ့သည်။ မှော်မီးကြောင့် မီးလောင်သေဆုံးခါနီးတွင် နေ့ရောညပါ တွေးနေခဲ့သော သားဖြစ်သူကို တွေ့လိုက်ရသည်။

"တစ်ဆယ်လေးက နတ်ဆိုးနတ်ဘုရားရဲ့ ပုခုံးပေါ်မှာ ရပ်နေတာ... နတ်ဆိုးနတ်ဘုရားက ကြီးကျယ်ခမ်းနားပြီး တုနှိုင်းမရတဲ့ သတ္တဝါပဲ... သူ့မှာ သရဲတစ္ဆေလို အသားရှိပေမယ့် နက်နဲပြီး တုနှိုင်းမရတဲ့ နတ်ဆိုးဝိညာဉ်လည်း ရှိတယ်"

ဝူးချင်းယွီက စိတ်ရှုပ်သွားသော အကြည့်နဲ့ ပြောလေ၏။

"အရမ်းထူးဆန်းတယ်... သူက နတ်ဆိုးလယး တစ္ဆေလား လူလား မပြောနိုင်​တော့ဘူး... သားဘေးမှာ သူလို ထူးဆန်းတဲ့ လူတွေအများကြီး စုရုံးပြီး လျှို့ဝှက်လူ့အဖွဲ့အစည်းကို ဖွဲ့နေတာ... မင်းသားတစ်ဆယ်လေးလို့လည်း ခေါ်နေကြတယ်... အင်အားကြီးတယ်။ တစ်ဆယ်လေး နဲ့ စကားပြောတဲ့အခါ အရမ်းထူးဆန်းတဲ့ ဘာသာစကားကို သုံးနေကြသေးတယ်"

သူမ ခဏလောက် စဉ်းစားပြီး သူမ ကြားတာကို ပြော​ပြဖို့ ကြိုးစားပေမယ့် သူမ လျှာကို အချည်ခံထားရသလို လုံးဝ မပြောနိုင်ခဲ့ပါဘူး။ ဝူးချင်းယွီ၏ အခြေတည်ဝိညာဉ်သည် သူမခန္ဓာကိုယ်မှ ထွက်လာ​တော့သည်။

"အန်း ပါ ရစ် လား အာ့ ဟဲ ပေါ် ထို ရု မော် အာ့ ဟဲ စန်း မော် ရဲ ဆ တာ စန်း ဟဲ..."

သူမသည် ဤစာကြောင်းကို အ​ခြေတည်ဝိညာဥ်နဲ့ ပြောလို့ ပြီးသွားခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် အခြေတည်ဝိညာဥ်၏ ခြေဖဝါးအောက်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သည့် စွမ်းအားတစ်ခု ရှိနေသကဲ့သို့ သူမခန္ဓာကိုယ်ထဲသို့ ပြန်ဆွဲသွင်းသွားလေသည်။ လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သည့် စွမ်းအားတစ်ခုသည် အခြားအချိန်နှင့် နေရာမှ အပြေးအလွှား ဝင်ရောက်လာကာ သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသည်။

ဝူးချင်းယွီ နောက်ကွယ်မှာ အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်းက မျက်နှာကို မမြင်ရဘဲ လေထုထဲမှာပဲ ရပ်နေပုံရ​လေသည်။ ချန်ထန်လည်း အံ့သြသွားသည်။ သူ မျှော်ကြည့်သော်လည်း အရိပ်တစ်ခုလုံးကို မမြင်နိုင်ပေ။

ပေတစ်ထောင်ရှည်သော နတ်ဝိညာဉ်သည် ကျင့်ကြံသူတစ်ယောက်၏ နတ်ဝိညာဉ် ကန့်သတ်ချက် ဖြစ်သည်။ မဟာယာနနယ်ပယ်သို့ မွေးမြူပြီးနောက် နတ်ဝိညာဉ်သည် ပေတစ်ထောင် ရှည်လျားလာမည်။ ပေါင်းစည်းပြီးနောက် ရုပ်ခန္ဓာသည် ပေတစ်ထောင် ရှည်လျားပြီး ကောင်းကင်နှင့်မြေကြီး၏ ဥပဒေနှင့် တူညီသည်။

ထို့ကြောင့် နတ်ဘုရား၊ နတ်ဆိုး သို့မဟုတ် သရဲတစ္ဆေဖြစ်စေ ​ပေတစ်ထောင်သည် ၎င်းတို့ ခန္ဓာကိုယ်၏ ကန့်သတ်ချက်ဖြစ်ပြီး ယင်းအရေအတွက်ထက် မကျော်လွန်နိုင်ပေ။ ဤကိန်းဂဏန်းထက် ကျော်လွန်သော အရာက ကောင်းကင်ပြင်နတ်ဘုရား တစ်ဦးတည်းသာ ဖြစ်ကြောင်း ချန်ထန် သိသည်။

ဝူးချင်းယွီ ဤထူးဆန်းပြီး ခက်ခဲသောဘာသာစကားကို ရွတ်ဆိုပြီးနောက် သူမ၏နောက်ကွယ်တွင် ပေါ်လာသော အရိပ်သည် ဤကိန်းဂဏန်းထက် ကျော်လွန်သွားခဲ့ပါပြီ။ ချန်ထန် အံ့သြသွားသည်။ ဤထူးခြားသော စွမ်းအားကို သူ လုံးဝ နားမလည်နိုင်ခဲ့ပါ။

ထိုအခိုက် ဝူးချင်းယွီ နောက်ကွယ်က ကြောက်စရာကောင်းတဲ့ အရိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

"ကျွန်မ အများကြီး မလေ့လာခဲ့ဘူး ဒီစာကြောင်းလေးပဲ ဒါပေမယ့် တစ်ဆယ်လေးက ဒီဘာသာစကားကို ကျွမ်းကျင်ပုံရတယ်... သူတို့နဲ့လည်း မကြာခဏ စကားပြောဖြစ်ပုံပဲ... သူတို့က တစ်ဆယ်လေး အပေါ်မှာ အရမ်းတော်ပြီး ကျွန်မသားအမိကို ပြုစုစောင့်ရှောက်ပေမယ့် သားအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ အမြဲတမ်း ခံစားရတယ်... နောက်တော့ ငရဲဘုရင်က ထောင်ချောက်ဆင် ဖမ်းဖို့ တစ်ဆယ်လေးကို ဖြားယောင်းသွားတယ်..."

"ငရဲဘုရင်က မင်းကိုဘာလို့ ဖမ်းထားတာလဲ... ငရဲဘုရင်က မရဏကမ္ဘာမှာ တရားမျှတမှုနဲ့ မြေအောက်ကမ္ဘာရဲ့ လည်ပတ်မှုကို ထိန်းသိမ်းဖို့ တာဝန်ရှိတယ်... အကြောင်းပြချက်မရှိဘဲ မင်းကို ဘယ်လိုလုပ် ဖမ်းနိုင်မှာလဲ"

ဝူးချင်းယွီလည်း အနည်းငယ် အပြစ်ရှိသလို ခံစားရပြီး မျက်လုံးကို မှိတ်ထားလိုက်သည်။

"ဘာဖြစ်နေလဲ မသိဘူး ကျွန်မတို့ သားအမိနှစ်ယောက်က ဥပဒေကို ချိုးဖောက်ခဲ့တာတော့ မဟုတ်ဘူး..."

ချန်ထန် သူမကို စိုက်ကြည့်လိုက်သည်။

ဝူးချင်းယွီ : "တစ်ဆယ်လေး ထွက်လာပြီ!"

"မင်း ကိုယ့်ဆီကနေ တစ်ခုခု ဖုံးကွယ်နေတာလား!"

ချန်ရှီ ရောက်လာသဖြင့် ဝူးချင်းယွီလည်း သူ့ကိုတွေ့ဖို့ အမြန်ပြုံးပြလိုက်သည်။

"တစ်ဆယ်လေး သင်ယူပြီးပြီလား... မင်းအဖေက မိုက်မဲနေတာလေ... မင်းကို သင်ပေးခိုင်းလိုက်တာ ဒါပေမယ့် ကျောက်စိမ်းကို ပွတ်စရာမလိုဘဲ အသုံးဝင်တဲ့ ကိရိယာတစ်ခုအဖြစ် မဖန်တီးနိုင်ဘူးလို့ အခိုင်အမာ ပြောနေတယ်.. အဲဒါကြောင့် လောင်တုနဲ့ တခြားသူတွေကို ပွတ်တိုက်ခိုင်းနေတာ..."

"မေမေ... သား တတ်သွားပြီ..."

ချန်ရှီက ပြုံးပြီး :"ဒါပေမယ့် ကြယ်မြေပုံက ပြောင်းလဲနေတုန်းပဲ... သင်ယူရုံနဲ့ အသုံးမ၀င်ဘူး သဘောနဲ့ ကောက်ချက်ချဖို့ သင်ယူရမှာ။ အဖေ ကျနော့်ကို မသင်ပေးတာမှန်ပါတယ်... သူနဲ့ ကျနော်က အိုးတစ်လုံးထဲမှာ ဆီးမသွားနိုင်ဘူးလေ...."

"ဘယ်လိုပြော​နေတာလဲ?"

ဝူးချင်းယွီက ရယ်ပြီး သူ့ကို ရိုက်လေသည်။ ချန်ထန်က ထိုသားအမိကိုကြည့်ကာ သားအမိနှစ်ယောက်လုံး သူ့ထံမှ တစ်စုံတစ်ခုကို ဖုံးကွယ်ထားကြောင်း ခံစားလိုက်ရသည်။ သူကသာ ချန်မိသားစုဟောင်း၏ အပြင်လူတစ်ယောက်လို ခံစားခဲ့ရ​လေသည်။

ခဏကြာတော့ ချန်ရှီ ပြန်​ရောက်လာ၏။

"အဖေ... ကျွန်တော် ဟေးကော်နဲ့ အပြင်ခဏ သွားလိုက်ဦးမယ်"

ချန်ထန်: "ငါက ငါတို့မိသားစုမှာ နောက်ဆုံးမှ သိရတဲ့သူမလား..."

ချန်ရှီ အံ့သြသွားပြီး ချန်ထန်ကို မော့ကြည့်လိုက်သည်။ သူ့အဖေ ဘာမှားနေမှန်း သူမသိ။ သူ့စကားထဲတွင် နာကျည်းမှုအချို့ ရှိနေသယောင်တော့ ခံစားရပါသည်။

"ငါက ဟေးကော်လောက် အသုံးမဝင်ဘူး... ငါတို့မိသားစုမှာ အရေးမပါတဲ့သူ ဖြစ်နိုင်တယ်"

"အဲဒါ မဟုတ်ပါဘူး အဖေ..."

"မင်းအမေက ငါ့ဆီက တစ်ခုခုကို ဖုံးကွယ်ထားတယ်... မင်းကလည်း ဟေးကော်နဲ့ အပြင်ထွက်ပေမယ့် ငါ့ကို မ​ခေါ်ဘူး"

ချန်ရှီ ခဏလောက် စဉ်းစား​နေပြီးမှ ပြောလိုက်သည်။

"ကျွန်တော် ထိုက်ဟွာချင်း နန်းတော်ကို သွားချင်တယ် အဖေ လိုက်ချင်ရင် ..."

"ငါ မသွားဘူး"

ချန်ထန်က ခေါင်းခါပြီး။

"ငါက ထိုက်ဟွာချင်းနန်းတော်က ရှုံယန်ရဲ့သား မဟုတ်တော့ ငါ့အတွက် သိပ်အဆင်မပြေဘူး"

"ဒါဆို နောက်တစ်ခါ ကျနော် တပေါက်ကော်ဘုံကျောင်းကို သွားရင် ခေါ်မယ်လေ... ဘုန်းကြီးဝူချန်နဲ့ ကျနော် ခင်တယ်"

"ငါ တပေါက်ကော်ဘုံကျောင်းကို မသွားဘူး... ပေါ်ဟိုင်တာအိုနယ်မြေနဲ့ ရေလရှန့်ကျင့်လည်း မသွားနိုင်ဘူး.... ထိုက်ရှန့်ဟောက်ယွမ်နန်းတော်နဲ့ ကောင်းကင်ဆရာ စံအိမ်ကိုလည်း မသွားနိုင်ဘူး မင်းအဘိုးက အဲဒီနေရာတွေမှာ အပြစ်တွေ ကျူးလွန်ခဲ့တာ"

ချန်ရှီ ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

"ဘယ်နေရာတွေ သွားလို့ရလဲ"

ချန်ထန်လည်း ခဏလောက် စဉ်းစားလိုက်သည်။

"မိသားစုဆယ့်သုံးစုထဲက ၇ခု ၈ခုလောက်က သွားလို့မရဘူး ဒါပေမယ့် မင်းသွားလို့ရတဲ့ နေရာတော့ ရှိတယ်.... မင်းက မြေးပဲလေ... မျိုးဆက်ကတော့ နီးတယ်"

ချန်ရှီလည်း ၎င်းကိုစဉ်းစားပြီးနောက် ထိုက်ဟွာချင်း နန်းတော်သို့သွားလျှင် သူ၏လုံခြုံရေးကို အာမခံနိုင်မည် မဟုတ်ဘူးဟု ခံစားမိသောကြောင့် ဦးလေးချင်းယန်ကို ခေါ်သွားရတော့မယ့်ပုံပဲ။

ချန်ရှီ ချင်းယန်ကိုတွေ့ပြီး ဒီအကြောင်းကို ပြောပြလိုက်တော့ ချင်းယန်က ဒီလိုကြားရတာ အရမ်းပျော်ပြီး မြန်မြန်ထွက်သွားဖို့ တိုက်တွန်းတော့သည်။ ချန်ရှီ ခရီးအတွက် ပစ္စည်းတွေ ပြင်ဆင်နေစဥ် ချင်းယန်က ပြုံးပြီး ပြောလာသည်။

"ငါ့အတွက် ပြင်ဆင်စရာ မလိုပါဘူး ငါက မြက်ပဲစားတယ်!"

ချန်ရှီသည် အစားအစာနှင့် နေ့စဉ်ဘဝအတွက် ပစ္စည်းများကို သစ်သားတွန်းလှည်းထဲတွင် ထည့်လိုက်သည်။ ချန်ထန်နဲ့ ဝူးချင်းယွီကိုပြောပြီး နောက်ပြန်လှည့်ကြည့်ရာ ချင်းယန်သည် သူ့ကိုယ်သူ သစ်သားလှည်းရှေ့တွင် ချည်နှောင်ကာ ဇက်ကြိုးတပ်ထားသည်အား တွေ့လိုက်ရ​လေသည်။

ချန်ရှီ အံ့အားသင့်သွားပြီး အပြေး သွားကာ။

"ဦးလေးချင်းယန် လှည်းဆွဲစရာမလိုပါဘူး.... မြန်မြန်ဖယ်... လှည်းက သူ့ဘာသာသူ ပြေးလိမ့်မယ်!"

ချင်းယန်က ခေါင်းခါပြီး :"ငါ လှည်းဆွဲရတာ ကြိုက်တယ်... မင်းနဲ့ ဟေးကော် ထိုင်လိုက်!"

ဟေးကော် လှည်းပေါ် ခုန်တက်ပြီး ချန်ရှီလည်း လှည်းပေါ် တက်သွားတော့သည်။

"ဦးလေးချင်းယန် ကမ္ဘာငယ်လေးထဲကနေ သွားကြရအောင်..."

ချင်းယန်က သူ့ကို တွန်းတံသေးသေးလေး ပေးလာရာ ချန်ရှီ ဆွံ့အသွားလေတော့သည်။

"ဟူး--"

ချင်းယန်သည် လှည်းကို ကောင်းကင်ပေါ်သို့ ဆွဲတင်လိုက်သည်နှင့် လေပြင်းများက သူ့ဆီသို့ ပြေးဝင်လာခဲ့သည်။ သစ်သားလှည်းကလည်း ရုတ်တရက် ပြိုကျသွားလေ၏။ ချန်ရှီနဲ့ ဟေးကော်ခမျာ လှည်းဘောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်ရသည်။

သစ်သားလှည်းခမျာ သူ့မှာ ကိုင်စရာမရှိဘူးလို့ ခံစားမိတဲ့အတွက် သူ တိတ်တဆိတ် လက်တစ်ဖက်ကို ဆန့်လျက် ထီးကို လှမ်းကိုင်လိုက်ပါသည်။ ဟွာကိုက်ထီးက တဟုန်းဟုန်း ပွင့်လာပြီး သစ်သားလှည်းကို အကာအကွယ်ပေးသည့် တောက်ပသော အလင်းရောင်များ ထွန်းတောက်လာခဲ့သည်။ အပြင်မှ လေပြင်းတွေကို ပိတ်ဆို့ပြီးမှ ချန်ရှီနဲ့ ဟေးကော် သက်ပြင်းတစ်ချက်စီ ချလိုက်ပါ၏။

"ငါ့ကိုရိုက်..... ပွတ်တိုက်ပေး!"

ချင်းယန်က နောက်ပြန်လှည့်ပြီး အော်လိုက်သည်။ ချန်ရှီ၏မျက်နှာ ဖြူဖျော့သွားကာ ကြာပွတ်ကိုကိုင်ထားရင်း အနည်းငယ် တုန်လှုပ်သွားကာ ၎င်းကို မလုပ်ဝံ့ပေ။

ချင်းယန် နောက်ပြန်လှည့်လာသည်။

ချန်ရှီလည်း ကြာပွတ်ကို ကောက်ကိုင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိသလို လျှပ်တပြက်နဲ့ ကြာပွတ်ကို သူ့တင်ပါးပေါ် တင်​ပေးလိုက်ပါတော့သည်။ ချင်းယန်က ဟောက်ပြီး သူ့ပုံစံအစစ်အမှန်ကို ထုတ်ဖော်ပြသပြီး တောင်ကြီးကဲ့သို့ ကြီးထွားလာသည်။ ထို့နောက် ကြီးမားသော မိုးခြိမ်းသံနှင့် မီးကို လှမ်းနင်းကာ လေထဲသို့ ထိုးဖောက်ရင်း သူ့မျက်လုံးထဲသို့ ရွှေရောင်အလင်းတန်းများကို ပစ်လွှတ်လိုက်လေသည်။

သစ်သားတွန်းလှည်းကို မိုးခြိမ်းသံနှင့် လျှပ်စီးလက်ခြင်းတို့ဖြင့် ဝန်းရံထားပြီး မိုးကြိုးနှင့် လေထုကြား ပြင်းထန်သော ပွတ်တိုက်မှုကြောင့် ထွက်လာသော မိုးခြိမ်းသံ ဖြစ်သည်။ သစ်သားလှည်းသည် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကြား ထိုက်ဟွာတောင်ဆီသို့ မောင်းနှင်သွားခဲ့သည်။ မြက်ခင်းပြင်များ ဖုံးလွှမ်းနေသည့်တိုင် ချန်ရှီနဲ့ ဟေးကော်တို့သည် လှိမ့်နေသော မိုးခြိမ်းသံကို ကြားနေရဆဲ။

ထိုက်ဟွာတောင်သည် အလွန်ဝေးကွာပြီး မိုင်ထောင်သောင်းချီ၍ ပြေးရသည်။ ချင်းယန်သည် အလွန်အားကောင်းသောကြောင့် ထိုက်ဟွာတောင်သို့ ပြေးရန် နေ့တစ်ဝက်သာ အချိန်ယူခဲ့ရသည်။ လောက၌ နေထိုင်ကြသော နတ်ဆိုးများပင်ဖြစ်စေ လမ်းတစ်လျှောက်တွင် မိုးခြိမ်းသံကို လူတိုင်း ကြားရသော်လည်း မျှော်ကြည့်သောအခါ မိုးခြိမ်းသံနှင့် မီး ကျန်နေသည့်အမြီးကိုသာ မြင်နိုင်ကာ သူတို့ကိ မမြင်နိုင်ပေ။

ကံကောင်းပါက လေထဲတွင် မိုးခြိမ်းသံနှင့် မီးတောက်များကို မြင်တွေ့ရပြီး ကောင်းကင်ပေါ်တွင် စိမ်းလန်းသော သိုးစိမ်းကြီးတစ်ကောင် ပြေးလွှားနေတာပါ မြင်ရလောက်သည်။

ထိုက်ဟွာတောင်သည် အနောက်နွားရှင်းကျိုး၏ ကုန်းတွင်းပိုင်း၌ တည်ရှိသည်။ အရင်တုန်းကတော့ အဲဒီနေရာဟာ နတ်ဆိုးစွမ်းအင် အ​ပြင်းဆုံးနေရာဖြစ်ပြီး နတ်ဆိုးများစွာ ခိုအောင်းနေခဲ့သည်။ ထိုက်ဟွာချင်း နန်းတော်၏ ဘိုးဘေး ဆယ့်ရှစ်ဦးသည် နတ်ဆိုးများကို တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ထဲမှ ဆယ့်ငါးဦးမှာ သေဆုံးခဲ့သည်။ သုံးယောက်ပဲ ကျန်တော့ပြီး နောက်ဆုံးမှာတော့ သူတို့ဟာ အဲဒီတောင်ပေါ်မှာ ခြေချနိုင်ခဲ့၏။

နောက်ပိုင်းမှာ စစ်မှန်တဲ့ဘုရင်က အဲဒီတောင်ကို ရှင်းကျိုး ထိုက်ဟွာတောင်လို့ အမည်ပေးခဲ့သည်။ ထိုအချိန်မှစ၍ ထိုက်ဟွာချင်း နန်းတော်က တာအို ဓလေ့ကို ထူထောင်ခဲ့သည်။

သို့သော်လည်း စိမ်းလန်းသောသိုးများသည် ကစားရန် ထွက်လာခဲသည်။ ထိုက်ဟွာတောင်ကို ရောက်တဲ့အခါ ရပ်သွား၏။ ၎င်းက တောင်ပေါ်သို့မတက်ဘဲ သစ်သားလှည်းကို ဆွဲကာ တောင်ကြီးတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ခဏကြာတော့ သစ်သားလှည်းက သင်္ချိုင်းတစ်ခုရှေ့မှာ ရပ်သွား၏။ ချန်ရှီနဲ့ ဟေးကော်လည်း အနားယူရန် ရပ်တန့်လိုက်သည်။ ချန်ရှီ၏ ခြေထောက်များ အနည်းငယ် အားနည်းသွားပြီး ဟေးကော်လည်း တုန်ရီနေသည်။ ချင်းယန်သည် သင်္ချိုင်းတွင်းသို့ ခုန်ဆင်းကာ အုတ်ဂူပေါ်ရှိ မြက်များကို စားရန် ခေါင်းငုံ့ကာ မကြာမီ အုတ်ဂူပေါ်ရှိ မြက်များကို စား​သောက်​နေခဲ့သည်။

"သင်္ချိုင်းပေါ်က မြက်ပင်တွေက နူးညံ့ပြီး သန်မာတယ်... အမြစ်တွေကလည်း အာဟာရတွေ အများကြီးကို စုပ်ယူထားတာ!"

ချင်းယန်က ဟေးကော်ကို လှမ်းကြည့်ရင်း။

"စားချင်လား? အရမ်းမွှေးတာနော်"

ဟေးကော်လည်း သံသယဝင်သွားပြီး မြည်းစမ်းကြည့်တော့ မျက်လုံးတွေ တောက်ပလာတော့သည်။ သူ့စိတ်ထဲ ကြွပ်ရွပြီး အရသာရှိတယ်လို့ ခံစားနေရ၏။ ချန်ရှီကတော့ အမွှေးတိုင်ကို ထုတ်ကာ မြက်စားသော အုတ်ဂူပေါ်တွင် နံ့သာပေါင်းကို မီးရှို့ပြီး သင်္ချိုင်းပိုင်ရှင် စိတ်မဆိုးစေရန် ပူဇော်နေရသည်။

ချင်းယန်နဲ့ ဟေးကော်တို့သည် သင်္ချိုင်း တစ်ဒါဇင်ကျော်က မြက်တွေကို စားခဲ့ပြီးမှ နောက်ဆုံးတွင် ဗိုက်ပြည့်သွားခဲ့သည်။ ချင်းယန်မျက်လုံးများ ကျဉ်းမြောင်းလာကာ ခြေထောက်များကို ဆန့်ရင်း အုတ်ဂူပေါ် မှီချလိုက်သည်။ ခေါင်းနောက်တွင် ရှေ့ခွာကို ချထားကာ ဖြည်းညှင်းစွာ ဝါးရင်း ဆို၏။

"တစ်ဆယ်လေး... အစာချေဖို့ အမွှေးတိုင်နည်းနည်းလောက် ပေးပါဦး"

ချန်ရှီလည်း သူ့အတွက် နံ့သာပေါင်းကို မီးရှို့လိုက်သည်။ ချင်းယန်သည် ​မြက်ခူးဝါးရင်း မွှေးရနံ့ကို စုပ်ယူလိုက်ရာ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသလိုမျိုး အလွန် သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။

ဗိုက်ကြီးကြီး ဟေးကော်ကလည်း ချန်ရှီဆီက အမွှေးတိုင် တောင်းလေ၏။

ချန်ရှီလည်း ၎င်းအတွက် အမွှေးတိုင်များ ထွန်းညှိ​ပေးခဲ့သည်။ ရုတ်တရက် စိတ်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရပြီး မဝေးလှတဲ့ တောင်ထိပ်ကို လှမ်းကြည့်လိုက်သည်။ နှင်းဆီရောင် တိမ်တိုက်များနှင့် ဘုဲကျောင်းများ တစ်ခုပြီးတစ်ခု ရပ်တည်နေသည်ကို သူမြင်လိုက်ရကာ ၎င်းက ထိုက်ဟွာချင်း နန်းတော် ဖြစ်ပေမည်။

"ဦးလေးချင်းယန်... တာအိုထျန်းကျန်းကို သိလား"

ချင်းယန်က မျက်လုံးဖွင့်ကြည့်လာပြီး ခဏလောက်စဉ်းစားနေပေမယ့် ခေါင်းပဲ ခါပြလာသည်။

"မသိဘူး... သူက ဘာလုပ်တာလဲ"

"ဆရာကြီး ကျန်းယန်အတွက် အဂ္ဂိရတ်မီးဖိုကို မီးရှို့တဲ့ တာအိုကလေးငယ်တဲ့... ဘုရင်ကျန်းခေတ်က ဖြစ်မယ် သူသွားခဲ့တဲ့လမ်းက ဘုရင်ခေတ် ဟွာရှရှန်ကျိုးက ဆင်းသက်လာတဲ့ ကျင့်ကြံနည်း စနစ်ပဲ နောက်ပိုင်း သူအဆင့်တက်ခါနီးမှာ အသတ်ခံလိုက်ရတယ်... သေလွန်ပြီး ကျန်ခဲ့တဲ့ အကြွင်းအကျန်တွေကို ကျနော် တွေ့ခဲ့တာ...."

သူက ယင်နှင့်ယန်တို့ကို သန့်စင်ရန် တိုက်တွန်းလိုက်ပြီး သူ၏ နတ်ဝိညာဥ်နယ်မြေတွင် တောက်ပသောလနှင့် နေကြီးတစ်ခု ပေါ်လာပြီး သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကာ ယင်နဲ့ယန်တို့ကို ထုတ်လွှတ်လိုက်သည်။ နေနှင့်လ ချဉ်းကပ်လာတိုင်း ယင်နှင့်ယန်တို့ ရောနှောနေသည့်အချိန်ဖြစ်သည်။ နေနှင့်လ ရွေ့လျားသွားသောအခါ ယင်နှင့်ယန်တို့ သန့်စင်သွားကာ ချန်ရှီ၏ ခန္ဓာကိုယ်ရှိ နတ်ဆိုးသဘာဝများအား သန့်စင်သွားသည်။

ချင်းယန် အလွန်အံ့သြသွားသည်။ သူ ထထိုင်ပြီး ထိုသန့်စင်မှုကို ဂရုတစိုက်ကြည့်နေ၏။

"ဒီစွမ်းရည်က အရမ်းအံ့သြစရာကောင်းတယ်... ထိုက်ဟွာချင်း နန်းတော်ရဲ့ ပထမတန်းစား ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ... နတ်ဆိုးသဘာဝတွေကို သန့်စင်အောင် စွမ်းဆောင်နိုင်ပြီး မကောင်းတဲ့ အသွင်ပြောင်းခြင်းကို တားဆီးနိုင်တာပါ... ဘာကြောင့် သူ့ကို သတ်ခဲ့တာလဲ"

ချန်ရှီလည်း ခေါင်းယမ်းလိုက်ပြီး :"သူ့ရဲ့ ယင်ယန်သန့်စင်မှုက ပေါင်းစပ်မှုနယ်မြေကနေ အထက်ပျံသန်း နယ်ပယ်အထိ ဆိုးယုတ်တဲ့အသွင်ပြောင်းမှုကို အခြေခံအားဖြင့် ဖြေရှင်းပေးနိုင်တယ်"

ချင်းယန် မျက်မှောင်ကြုတ်ပြီး သင်္ချိုင်းတွင်းမှ မြက်တစ်ဆုပ်ကို ဆွဲထုတ်ကာ သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ အစာစားရင်း စိတ်ရှုပ်သွားကာ။

"ဘာလို့ သူ့ကို သတ်လိုက်တာလဲ... မကောင်းဆိုးဝါး အသွင်ပြောင်းနည်းကို ဖြေရှင်းနည်းကို ဆက်လေ့လာနေတာက ပိုကောင်းတယ် မဟုတ်ဘူးလား"

"ကျွန်တော်လည်း အဲဒါကို သံသယဝင်နေတာ... သူ့ကို ကျန်းဝူကျူးရှဲ့ဓားနဲ့ သတ်ပစ်လိုက်တယ်... သူ့စိတ်ထဲမှာ စွဲလမ်းမှုတစ်ခု ရှိနေတုန်းပဲ သူက ဓားကို ပြန်လိုချင်ပြီး ထိုက်ဟွာတောင်ကို ပြန်သွားပြီးတော့ တောင်ပေါ်မှာ မြှုပ်နှံစေချင်တာ"

ထိုအချိန်တွင် ဓားအလင်းများစွာသည် ဤနေရာသို့ ပျံတက်သွားပြီး မြေပြင်ပေါ်သို့ လဲကျကာ ဓားမီးများ ပျောက်ကွယ်သွားခဲ့သည်။ တာအိုကျင့်ကြံသူ တစ်အုပ်သည် အပြင်ဘက်တွင် အစိမ်းရောင် တာအိုဝတ်ရုံ၊ အတွင်း၌ အဖြူရောင်အ၀တ်များ ဝတ်ဆင်ထားကြသည်။

ဓားအလင်းက သူတို့ပတ်ပတ်လည်တွင် လှည့်ပတ်သွားကာ ရုတ်တရက် သူတို့၏ဦးခေါင်းနောက်သို့ ပျံသန်းနေသော ဓားပျံများအဖြစ်သို့ ပြောင်းလဲသွားသည်။ အနည်းငယ် ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ဓားတွေက ၎င်းတို့၏ ဓားရှည်အိမ်များထဲသို့ ပြန်ကျသွားသည်။

ချန်ရှီ မတ်တပ်ထရပ်ပြီး ပြုံးပြလိုက်သည်။

"မင်းတို့အားလုံးက ထိုက်ဟွာချင်း နန်းတော်က ညီအကိုတွေလား"

တာအိုကျင့်​ကြံသူများက သူ့ကို လျစ်လျူရှုကာ သင်္ချိုင်းဂူများကို လှမ်းကြည့်ကြသည်။ သူတို့၏ မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွားကာ နှင်းခဲများကဲ့သို့ အေးစက်သွားကြသည်။ သူတို့အားလုံး ချန်ရှီ၊ ဟေးကော်နဲ့ ချင်းယန်တို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ပြီး။

"မင်းတို့က ငါတို့ ထိုက်ဟွာချင်း နန်းတော်ရဲ့ ကန့်သတ်နယ်မြေထဲကို ဖောက်ဝင်ပြီး ဘိုးဘေးရဲ့ အုတ်ဂူပေါ်က မြက်ပင်ကို စားလိုက်တာလား... အတင့်ရဲလွန်းတယ်!"

ချန်ရှီလည်း အံ့အားသင့်သွားတော့သည်။

"ဒါက မင်းတို့ဘိုးဘေးရဲ့ သင်္ချိုင်းဂူလား...."

ဤသင်္ချိုင်းများက အလွန်လူဆိတ်ညံနေမှန်း သိသာသည်။ ချမ်းသာတဲ့ မိသားစုတွေရဲ့ သင်္ချိုင်းတွေ မဟုတ်ဘူးဆိုတာ သိသာတာမို့ ဘယ်သူမှ ဂရုမစိုက်မိ။ ချန်ရှီသည် မူလက ၎င်းတို့က လူဆိတ်ညံသော သင်္ချိုင်းအနည်းငယ်မျှသာဟု ထင်ခဲ့သည်။ ထိုက်ဟွာချငိးနန်းတော်၏ ဘိုးဘေးများကို ဤနေရာတွင် သင်္ဂြိုဟ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ဒါကိုသူသိရင် ချင်းယန်ဟာ ဒီသင်္ချိုင်းပေါ်ကမြက်တွေကို မစားစေဘဲနဲ့ သူနောက်ထပ်သင်္ချိုင်း​တွေဆီကို ပြောင်းသွားမှာ သေချာပါ၏။

ချင်းယန်: "ဒါက ထိုက်ဟွာချင်းနန်းတော်က ဘိုးဘေးတွေရဲ့ သင်္ချိုင်းပဲ... ငါက ဘိုးဘေးတွေ တစ်ဒါဇင်ကျော်ကို လွှတ်ပြီး ဒီမှာပဲ သင်္ဂြိုဟ်တာကို ကြည့်ခဲ့တာ... အုတ်ဂူပေါ်က မြက်ခင်းက သူတို့ သင်္ဂြိုဟ်ပြီး ပထမနှစ်မှာ အနူးညံ့ဆုံးပဲ..."

"မင်း ဘယ်လို​တောင် သတ္တိရှိ​နေတာလဲ!"

ထိုက်ဟွာချင်း နန်းတော်မှ တာအိုဝါဒီများလည်း အလွန်ဒေါသထွက်ကာ မျက်နှာများ ပြာသွားကြသည်။ သူတို့သည် ရုတ်တရက် သူတို့၏ ဓားများကို စတေးပြီး ချင်းယန်ကို ဘာမှမပြောဘဲ ဓားပျံများဖြင့် တိုက်ခိုက်ကြလေသည်။ သို့သော် ထိုပျံသန်းနေသော ဓားများက ချင်းယန်ကို လုံးဝ မထိခိုက်ခဲ့ပေ။

ချင်းယန်က ဂရုမစိုက်ပါ။ သူသည် ပျံသန်းနေသော ဓားရှည်တစ်ချောင်းကို ဖမ်းကိုင်လိုက်ပြီး သွားကြားထိုးဖို့ပင် အသုံးပြုခဲ့သည်။

"သူခိုးက အရမ်းအစွမ်းထက်တယ်!"

တာအိုကျင့်ကြံသူများလည်း ထိတ်လန့် တုန်လှုပ်လာခဲ့ကြပြီး ၎င်းတို့၏ဓားများကို ဖယ်ထုတ်ခဲ့ကြသည်။ ဓားအလင်းက သူတို့ပတ်ပတ်လည်ကို လေချွန်သံဖြင့် လွင့်ပျံလာသည်။

"သွား အကူအညီတောင်း!"

သို့သော် တာအိုကျင့်ကြံသူများ၏ ပျံသန်းနေသော ဓားတစ်ချောင်းကို ချင်းယန်က ဖမ်းမိသွားခဲ့ရာ ဓားမရှိလျှင် ဓားပျံဖြင့် မပျံသန်းနိုင်တော့တာကြောင့် သူ့ခမျာ ဖြူဖျော့လာတော့သည်။

"အစ်ကိုတို့... ငါကော ငါဒီမှာရှိသေးတယ်"

ချန်ရှီ သူ့ကို နှစ်သိမ့်ပြီး :"အစ်ကို... ငါတို့က လူဆိုးတွေ မဟုတ်ပါဘူး... ငါက ဒီနှစ် ပြည်နယ်ငါးဆယ်မှာ ထိပ်တန်း ပညာရှင် ချန်ရှီပါ... မင်း စိတ်မ၀င်စားရင် မင်းက ငါ့ကို ထိပ်တန်း ပညာရှင်လို့ ခေါ်နိုင်တယ်... ငါ မင်းတို့ရဲ့ နန်းတော်ကို....."

သူစကားမဆုံးခင်မှာ ထိုလူဟာ ပို၍ ကြောက်လန့်နေပုံရလေသည်။ သူသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့်တကြား အော်ဟစ်ကာ တောင်ပေါ်မှ ပြေးဆင်းရင်း အော်ဟစ်သွားသည်။

"ချန်မိသားစု နတ်ဆိုးက ဘိုးဘေးတွေရဲ့ သင်္ချိုင်းတွင်းကို တူးဖို့ တောင်ပေါ် တက်လာပြီ"

တာအိုကျင့်​ကြံသူတွေရဲ့ ခြေလှမ်းတွေက မတည်မငြိမ် ဖြစ်​​နေပြီး ရုတ်တရက် လေလွတ်ရာကို နင်းသွားရာ ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားလေ၏။ ချန်ရှီသည် ချောက်ကမ်းပါးအစွန်းသို့ ကမန်းကတန်း ပြေး၍ ကျော်ကြည့်လိုက်သည်။ ချောက်ကမ်းပါး အောက်ခြေတွင် တာအိုကျင့်ကြံသူတစ်ယောက် လဲလျောင်းနေတာ တွေ့လိုက်ရသည်။

တာအိုဘာသာတွင် လေးနက်သော ကျင့်ကြံမှုမျိုး ရှိပါသည်။ သူသည် လျင်မြန်စွာ မတ်တတ်ထရပ်ကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပြေးထွက်သွားခဲ့သည်။ သူ အဆင်ပြေပုံပါပဲ။

ချန်ရှီ အံ့အားသင့်သွားသည်

"ကျွန်တော်က ပညာရှင်ပါ... လူဆိုးမဟုတ်ဘူးဆိုတာကို သူကျွန်တော့်ကို မြင်တုန်းက ချန်မိသားစုရဲ့ နတ်ဆိုးလို့ ဘာလို့ပြောတာလဲ..."

"အဲဒါကို မင်းအဖိုးလုပ်ခဲ့တာ... မင်းအဘိုးက သူ့ရဲ့တရားဝင်ရာထူးက နှုတ်ထွက်ပြီး ထိုက်ဟွာချင်း နန်းတော်ဆီ ရောက်လာတယ်... သူက နောက်မျိုးဆက်ရဲ့ ကျောင်းအုပ် လုပ်လုနီးပါးပဲ... ချင်းနန်းတော်မှာ စည်းကမ်း တစ်ခုရှိတယ်... မျိုးရိုး ချန်နဲ့ ဆင်းရှန်း ဘယ်သူမဆို နတ်ဆိုးလို့ ခေါ်တယ်..."

ချန်ရှီ တအံ့တသြ ဖြစ်သွားကာ။

"ငါ့အဘိုးက ကျောင်းအုပ်ကြီး လုပ်လုနီးပါး ဖြစ်နေပြီဆို သူ့ကို မလေးစားသင့်ဘူးလား?"

"ငါပြောတာက ကျောင်းအုပ်ကြီး လုပ်လုနီးပါးပဲကွ... ကျောင်းအုပ်ကြီး လုပ်တာနဲ့ လုပ်ခဲ့တာက မတူဘူး"

ချန်ရှီသည် ထိုက်ဟွာချင်း နန်းတော်တွင် လွှမ်းခြုံထားသည့် ဓားအလင်းတန်းကို ရုတ်တရက် လှမ်းမြင်လိုက်သောအခါ လှပသောလေထဲသို့ ကွေ့ပတ်ကာ သူတို့ရှိရာသို့ တည့်တည့်လာနေသည်အား ကြည့်ကာ ထို​ခြားနားချက်ကို တွေးနေမိသည်။

ဓားအလင်းတန်းများသည် မြေပြင်ပေါ်သို့ အသီးသီးကျလာပြီး ဓားမီးများသည် ပျောက်ကွယ်သွားကာ တာအိုအမျိုးသား၊ အမျိုးသမီး၊ လူငယ်တွေ ပေါ်လာသည်။ အဲဒီထဲက တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတဲ့ တစ်ယောက်ပင်။ သူက ရှေ့ကိုလှမ်းပြီး ချန်ရှီ၊ ဟေးကော်နဲ့ ချင်းယန်ကို ညွှန်ပြပြီး။

"ကျောင်းအုပ်ကြီး.... သူတို့က ဘိုးဘေးတွေရဲ့ သင်္ချိုင်းမှာ မြက်စား​နေတဲ့သူတွေပဲ!"

ကျောင်းအုပ်ကြီးက ရှေ့သို့ အမြန်ဦးညွှတ်လိုက်လေသည်။

"တပည့် ချောင်ယင်... ဘိုးဘေးချင်းယန်ကို နန်းတော်ကို ပြန်လာဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်!"

All Chapters