← Chapters

အောင်ပွဲခံဖို့ အခွင့်အလမ်းမရှိခဲ့

Vol. 26 Ch. 375

အောင်ပွဲခံဖို့ အခွင့်အလမ်းမရှိခဲ့

Vol. 26 Ch. 375

ချင်းယန် ကျန်းဝူကျူးရှဲ့ဓားကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် အမတဓားသည် ကောင်းကင်စွမ်းအားများဖြင့် ရုတ်တရက် ပေါက်ကွဲထွက်ကာ တောက်ပသော အလင်းတန်းများအား ထုတ်လွှတ်လိုက်သည်။ ချင်းယန် ဓားကို လှန်လိုက်စဉ် ဓား၏ တောက်ပမှုနှင့်အတူ နေရာပေါင်းစုံမှ တောက်ပသော အလင်းရောင်များ ဆင်းသက်လာသည်။

အနှီ ဓားထက်မြက်မှု အလင်းတို့က ကပြ​နေပြီး ချင်းယန်နန်းတော်ကို ချက်ချင်း ပြည့်လျှံသွားစေသည်။

လင်းလက်တောက်ပသော အလင်းရောင်သည် သက်ရှိကမ္ဘာနဲ့ မရဏကမ္ဘာများကြားတွင် လွတ်လပ်စွာ ပျံ့လွင့်သွားသည်။ မရဏကမ္ဘာရှိ ဟေးကော် ပင်လျှင် ရှည်လျားပြီး သက်တံကဲ့သို့ အလင်းတန်းများ ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်၊ လှပပြီး မယုံနိုင်လောက်အောင် အန္တရာယ်များသည်။

ချန်ရှီ မဆိုင်းမတွ ခန်းမထဲမှ ပြေးထွက်လာသည်။

"ယွိလင်ကျစ်... ငါ့နောက်ကို လိုက်ခဲ့... ဒီတောက်ပနေတဲ့ အလင်းရောင်ကို ရှောင်!"

သူသည် တောက်ပသော အလင်း၏ ကြောက်မက်ဖွယ် စွမ်းအားကို အရင်ကတည်းက အတွေ့အကြုံ ရှိပြီးသားပါ။ မဟာယာနအဆင့်ရှိ ထျန်းကျစ် တစ္ဆေနိုင်ငံတော်၏ ယခင်အုပ်ချုပ်သူ ရှန့်ဖူပင်လျှင် ဤတောက်ပသော အလင်းရောင်အောက်တွင် ဆုံးပါးသွားခဲ့သည်။

အလင်းကို အနည်းငယ် ထိမိသူတိုင်းသည် သူတို့၏အသားနှင့်အသွေး တစ်ဝက်က စုတ်ပြဲသွားပေလိမ့်မည်။ တာအိုထျန်းကျန်း ကဲ့သို့ မသေမျိုး တစ်ပိုင်းတစ်ပိုင်းပင် မလွဲမသွေ သေဆုံးရပေလိမ့်မည်။

ကျန်းဝူကျူးရှဲ့ဓား ကျင်ဟုန်ကို ထိလျှင် သူသေမည်မှာ သေချာသည်။ သို့သော် ချင်းယန် နန်းတော်တွင် ဆက်ရပ်နေပါက အလွန်အန္တရာယ်များလှသည်။ ဓားက အစွမ်းထက်လွန်းပြီး နှင်းဆီရောင်သည် နေရာအနှံ့ ပျံ့နှံ့သွားသည်။ ၎င်းတို့ကို ရည်ရွယ်ခြင်း မဟုတ်သော်လည်း ၎င်းတို့ဘက်ကို ဖြတ်ကျော်လာသည်နှင့် ကပ်ဘေးကြီးတစ်ခု ဖြစ်လိမ့်မည်။

အမတဓား၏ တန်ခိုးသည် မယုံနိုင်လောက်အောင်ပင် အားကောင်းလှပေသည်။ ချန်ရှီမှာ ဒါကို ဘယ်လို တွန်းလှန်ရမှန်း မသိတဲ့အတွက် ဝေးဝေး ပြေးနိုင်လေ ပိုကောင်းလေပင်။ ယွိလင်ကျစ် ထို​အဓိပ္ပာယ်ကို နားမလည်သော်လည်း ဤအရာသည် ဘဝနှင့် သေခြင်းကိစ္စဖြစ်ကြောင်းတော့ သူသိသည်။ ဒါကြောင့် ချန်ရှီနဲ့အတူ အရိပ်တစ်ခုလို နန်းတော်ထဲမှ ပြေးထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် တာအိုကျင့်ကြံသူ ချောင်ယင်သည် နန်းတော်အတွင်းက နှင်းဆီရောင်အလင်းကို လျစ်လျူရှုခဲ့ပြီး ထိုက်ကျန်း ကျောက်စိမ်းကျင့်စဥ်ကို အသက်သွင်းခဲ့သည်။ ကျောက်စိမ်းနှင့်တူသော တောက်ပသည့် အလင်းတန်းတစ်ခု သူ့ခေါင်းနောက်ဘက်တွင် ပေါ်ထွက်လာကာ ရေလှိုင်းသဖွယ် ထွက်လာသည်။ ၎င်းတို့သည် အပြင်ဘက်တွင် စက်ဝိုင်းပုံ ပေါက်နေသော ဝိညာဥ်စွမ်းအင် ကြီးထွားမှု အဝိုင်းများ ဖြစ်သည်။

ဝိညာဥ်စွမ်းအင် စီးကြောင်း အမြစ်များကို သူ့ခေါင်းအနောက်တွင် စိုက်ထားပြီး သူ့စိတ်နှင့် ချိတ်ဆက်ထားသည်။ ဤအရာက သူ၏ အတုအယောင်နယ်မြေကို ကိုယ်စားပြုပါသည်။ ထိုက်ကျန်းတာအိုခန္ဓာ ကျောက်စိမ်းကျင့်စဥ်၏ အဆုံးစွန်သော အပြင်ပန်း ထင်ရှားမှုဖြစ်သည်။

ကျင့်စဥ်စာအုပ်ဆယ်အုပ် အနက် ဤကျင့်စဥ်သည် လေးနက်၍ အလွယ်တကူ နားမလည်နိုင်ဘဲ ဆရာကြီး၏မျိုးရိုးမှသာလျှင် ကျင့်နိုင်သည်။ တာအိုချောင်ယင်သည် ဆယ်နှစ်အတွင်း ထူးခြားသော တိုးတက်မှုများဖြင့် ကျင့်ကြံခဲ့ပြီး အတုအယောင်ပြန်ခြင်း ဘုံနှင့် ကြီးမြတ်ပြီးပြည့်စုံမှုဆီသို့ ဆယ်နှစ်အတွင်း အောင်မြင်မှုများရရှိခဲ့သည်။ နောက်ပိုင်းတွင် သူသည် ၎င်းကို ယွိလင်ကျစ်ထံ အမွေပေးခဲ့ပြီး သူ့ကို နောက်ထပ် ဆရာကြီးဖြစ်လာစေရန် ရည်ရွယ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ခုနစ်ပေ သို့မဟုတ် ရှစ်ပေခန့်ရှည်သော ကျောက်စိမ်းရူယိကြီးသည် သူ့လက်ထဲတွင် ပေါ်လာပြီး ၎င်း၏ ခေါင်းနောက်ဘက်ရှိ မဟာနယ်မြေနှင့် ပေါင်းစပ်သွားသည်။

ကျောက်စိမ်းရူယိ ဟုခေါ်သော ဤရတနာသည် ထိုက်ဟွာချင်း နန်းတော်၏ ရတနာဖြစ်သည်။ ကျန်းဝူကျူးရှဲ့ဓားလို အမတလက်နက် မဟုတ်သော်လည်း ၎င်းအား ပညာရှိသုံးပါးမှ သန့်စင်ထားပြီး သခင်အဆက်ဆက်၏ နည်းစနစ်များနှင့် အနီးကပ်ဆုံး ပေါင်းစပ်ထားသည်။

တာအိုချောင်ယင်သည် ထိုက်ကျန်းရူယိကို ဆင့်ခေါ်ပြီး သူ၏ကိုယ်ပိုင် အတုအယောင်နယ်မြေ နှင့် ချက်ချင်း ပေါင်းစပ်လိုက်သောကြောင့် ရတနာ၏ စွမ်းအားများက တဟုန်ထိုး တက်လာသည်။ ထိုက်ကျန်းရူယိ အသက်ဝင်လာသောအခါ ချင်းယန်နန်းတော်သည် ပြင်းထန်သော အင်အားကြောင့် ဖုန်မှုန့်များအဖြစ်သို့ ကျဆင်းသွားခဲ့သည်။

ချင်းယန်နန်းတော် တစ်လျှောက်တွင် တိမ်မည်းများ စုစည်းနေပါ၏။ ဤအခိုက်တွင် ရုတ်တရက် မိုင်တစ်ရာခန့်ရှိသော ဧရိယာကို လွှမ်းခြုံထားသော တိမ်တိုက်ကြီးတစ်ခု နစ်မြုပ်သွားသည်။ ဤအရာသည် ဤရတနာ၏ တန်ခိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

တာအိုချောင်ယင်ဟာ ကျင်ဟုန်၏တပည့် ဖြစ်သည်။ သူသည် ဆရာဟောင်း၏ စွမ်းအားကို ကောင်းစွာ သိသောကြောင့် မဆိုင်းမတွ တိုက်ခိုက်ခဲ့သည်။

ချန်ရှီနဲ့ ယွိလင်ကျစ်တို့သည် ချင်းယန်နန်းတော် တံခါးဝဆီသို့ ထွက်ပြေးသွားကြသည်။ ထွက်ခွာရန် ခြေတစ်လှမ်းသာ ဝေးသော အခိုက်တွင် တာအိုချောင်ယင်၏ ထိုက်ကျန်းရူယိသည် ကျင်ဟုန်၏ ဦးခေါင်းဆီသို့ ရောက်ရှိသွားပြီး ၎င်း၏ အမြင့်ဆုံး အင်အားကို ထုတ်တော့မည်။ နှင်းဆီရောင် အလင်းတန်းများဖြင့် ဝန်းရံထားသော ကျန်းဝူကျူးရှဲ့ဓား ကိုင်ဆောင်ထားသော ချင်းယန်ကလည်း ကျင်ဟုန်ရှေ့သို့ ရောက်လာသည်။

လွင့်ပျံနေသော အလင်းတန်းများ ရပ်တန့်သွားသည်။

ချန်ရှီ လန့်ဖျပ်သွားပြီး သူ့ရှေ့ လင်းထိန်နေသော အလင်းတန်းများထဲသို့ တိုးဝင်လုနီးပါး သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။ တစ်ခုခုလွဲနေပြီဆိုတာ သိလိုက်တာမို့ ချင်းယန်နဲ့ တာအိုချောင်ယင်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

တာအိုချောင်ယင်ဆီမှာ ကြီးလာသော ထိုက်ကျန်းရူယိသည် ကျင်ဟုန်၏ခေါင်းထက်ကို ဘယ်တော့မှ ပြုတ်ကျသွားခြင်း မရှိပေ။ အဲဒီအစား သက်လတ်ပိုင်း တာအိုကျင့်ကြံသူက တုန်လှုပ်သွားပြီး သူ့အသံက ပွက်ပွက်ဆူလာလေ၏။

"ငါမြင်တယ်! အသွင်ပြောင်းပြီး အထက်ပျံသန်းနေတာကို ငါမြင်တယ်....ဆရာကြီးက ငါ့ကို မလိမ်ဘူး.... မဟုတ်ဘူး..."

ဓားကို ဆုပ်ကိုင်ရင်း ချင်းယန်၏ ခြေသည်းများလည်း တုန်လှုပ်သွားသည်။

သူလည်း မြင်နေရပြီ။

တက်ကြွခြင်းကို မြင်သည်၊ မသေနိုင်သော ဘုံကို မြင်သည်၊ အသွင်ပြောင်းခြင်းနှင့် အထက်ပျံသန်းခြင်း၏ နက်နဲသောအရာကို မြင်သည်။

သူ မကူညီနိုင်ဘဲ ရွှင်မြူးရယ်မောလိုက်သည်။

"တစ်ဆယ်လေး... ငါရပြီ နက်နဲတဲ့ အသွင်ပြောင်းခြင်းနဲ့ မသေနိုင်တဲ့ အနုပညာ.... အထက်ပျံသန်း ပညာကို ငါသဘောပေါက်သွားပြီ ဝိုး-ဝိုး... ဒါက အံ့သြစရာကြီးကွ!"

"ခရက်!"

သိုးသားရေပေါက်ကွဲသံသည် သူ့လည်ပင်းနောက်ဘက်ဆီမှ ထွက်ပေါ်လာသည်။ သူ့အရေခွံကို ဖွာဖို့ ရုန်းထွက်ဖို့ ကြိုးစားလေတော့၏။

"ငါ ချန်ယင်တူးနောက်ကို လိုက်နေတာ ကြာပြီ... ပျောက်နေတဲ့ နည်းစနစ်တွေကို ရှာဖွေရင်း၊ ပျောက်ဆုံးသွားတဲ့ လေးနက်တဲ့ ပညာတွေကို ရှာဖွေရင်း ကမ္ဘာဟောင်းရဲ့ သမိုင်းကို ပြီးမြောက်အောင် လုပ်ခဲ့တယ်... ဒါပေမယ့် ဘယ်တော့မှ အမတမဖြစ်လာခဲ့ဘူး ဒီနေ့တော့ အမတဖြစ်ပြီ!"

ချန်ရှီ: "ဦးလေးချင်းယန် မဟုတ်ဘူး... အဲဒါက မကောင်းမှုကနေ ဖန်တီးထားတဲ့ လှည့်စားမှုတစ်ခုပဲ"

ချင်းယန်၏ မျက်လုံးများထဲတွင် မျက်ရည်များ စီးကျလာသည်။

"တစ်ဆယ်လေး... ငါမစောင့်နိုင်တော့ဘူး! မျိုးဆက်တစ်ခုပြီးတစ်ခု သေသွားတာ ငါမကြည့်ချင်ဘူး... မင်းအဘိုးကို လွှတ်ပြီးရင် မင်းကို ထပ်မလွှတ်ချင်ဘူး... ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်က အမတလမ်းစဥ်ပဲ"

ချန်ရှီ စကားပြောခါနီးတွင် ယွိလင်ကျစ်ကပါ ရုတ်တရက် ဝင်ပြောလာသည်။

"ဘုရင်အစစ်ချန်... ဒါက ထင်ယောင်ထင်မှား မဟုတ်ပါဘူး"

ချန်ရှီ ထိတ်လန့်သွားပြီး သူ့ဘေးက ယွိလင်ကျစ်ကို အမြန်ကြည့်လိုက်သည်။ တာအိုဝါဒီလေး၏ မျက်လုံးများသည် အသွင်ပြောင်းခြင်း၏ လက္ခဏာတစ်ခုဖြစ်သည့် မီးခိုးရောင်သန်းလာနေတာ သူ မြင်လိုက်ရသည်။

လည်ပင်းက ပိုပိုပြီး ယားယံလာပြီး သူ့အရေပြားက တဖြည်းဖြည်း ကွဲအက်သွားပေမယ့် သူက ပြုံးနေ၏။

"ဒါက တကယ့် မသေနိုင်တဲ့ နည်းလမ်းပဲ... ဒါက ကောင်းကင်ဘုံကို တက်တာနဲ့ မတူပေမယ့်လည်း တက်နေတယ်... ဂိုဏ်းရဲ့ အကြီးအကဲကျင်ဟုန်က ငါတို့ကို မသေနိုင်တဲ့ ကမ္ဘာကို တက်ခိုင်းတော့မယ်...!"

"ခရက်!"

သူ့လည်ပင်းနောက်ကျောက အရေပြားက လုံးဝကွဲအက်သွားတယ်။

နောက်ဆုံးတွင်တော့ ယင်ယန် သန့်စင်ခြင်းကို သူ မသင်ယူခဲ့ရပေ။ ချန်ရှီရဲ့ ယင်ယန်သန့်စင်မှုကို အားကိုးသဖြင့် သူသည် ကျင်ဟုန်၏ နယ်မြေကို ဤမျှ အကွာအဝေးအတွင်း မခုခံနိုင်ပေ။

ချန်ရှီလည်း လည်ပင်းက ယားယံသလို ခံစားလိုက်ရပြီး လက်ကို လှမ်းကိုင်လိုက်သည်။ သို့သော် သူ့လည်ပင်းနောက်ဘက်ကို ထိလိုက်သောအခါတွင် ပြားချပ်နေပြီး ကွဲအက်ထားသည့် လက္ခဏာ မတွေ့ရပေ။

ကျင်ဟုန်က ပြုံးပြီး ပြောလိုက်သည်။

"လူတိုင်းတက်နိုင်ပေမယ့် မင်း မတက်နိုင်ဘူး.. အခု ငါက တစ်ဂိုဏ်းလုံးကို တက်ခိုင်းမယ်၊ ဘယ်လိုသက်သေမှ မပေါ်နိုင်ဘူး မင်းက ချန်ယင်တူးရဲ့မြေး... မင်းအဖိုးက ငါ့ကို စော်ကားခဲ့တယ် အဲဒါကြောင့် မင်းကို ချန်ထားခဲ့ပေးမယ် ထိုက်ဟွာချင်း နန်းတော်ရဲ့ တပည့်အားလုံးကို သက်သေပြလိုက်ရအောင်၊ ဒီနေ့ မင်းကိုတော့ ငါ့စကားလုံးတွေကို ဖြန့်ပေးစေချင်တယ်!"

သူက ခေါင်းကိုမော့ပြီး ပြုံးလိုက်ပြန်သည်။

"ဆရာတူညီမ ချုံယန်... မင်းအဲဒီမှာ ပုန်းနေမှန်း ငါသိတယ်... ဆင်းလာပြီး ငါတို့နဲ့ ပေါင်းလိုက်၊ မင်းမရှိရင် ဒီက မတက်နိုင်ဘူး မသေနိုင်တဲ့ကမ္ဘာကို အတူတူတက်ကြရအောင်!"

တိမ်မည်းတွေက ကောင်းကင်မှာ စုရုံးလာပြီး ပိုပိုလေးလာသည်။ ကျင်ဟုန်က ဂရုမစိုက်ဘဲ။

"ချုံယန်... အသုံးမဝင်ဘူး မင်းငါ့ကို တားလို့မရဘူး"

ထိုစဥ် ချန်ရှီက ရုတ်တရက် သက်ပြင်းချကာ လေးလေးနက်နက် ပြောလိုက်သည်။

"အကြီးအကဲကျင်ဟုန် ရိုးရိုးသားသား ပြောရရင် ကျနော်က လက်ရှိ ထိပ်တန်း ပညာရှင်ပါ... ရှေးပညာရှိတွေရဲ့ ဂန္တဝင်တွေကို ကျ​နော်သိတယ် တိမ်တွေ တက်လာပြီးရင် အတိဒုက္ခ လာတတ်တာကို ဖတ်ဖူးပေမယ့် တစ်ခါမှ မမြင်ဖူးဘူး.... ဒါကို ဒီနေ့ သက်သေပြနိုင်ရင် ကျ​နော်ဘဝနဲ့ တန်ပါပြီ"

ကျင်ဟုန်ရဲ့ မျက်လုံးများက သူ့ကို စိုက်ကြည့်လာကာ ပြုံးလိုက်သည်။

"မင်းအဖိုးထက် မင်းမျက်လုံးကို ငါ ပိုသဘောကျတယ်"

ချန်ရှီကလည်း ပြုံးလိုက်သည်။

"အကြီးအကဲက အဖိုးကို ရှုံးပေမယ့် အရည်အချင်းရှိနေတုန်းပါပဲ..."

စကားပြောနေစဉ် ချင်းယန်သည် သူ့ခန္ဓာကိုယ်တစ်ဝက်ကို ကွေးပြီး သိုးသားရေပေါ်မှ မတ်တပ်ထရပ်ကာ သူ့လက်ထဲတွင်ရှိသော ကျန်းဝူကျူးရှဲ့ဓားကလည်း တီးတိုးသံနှင့်အတူ မြေပြင်ပေါ်သို့ ​ပြုတ်ကျသွားသည်။

သူ့မှာ သွေးတွေနဲ့ ဖုံးလွှမ်းနေပြီး အရေပြားလည်း မရှိတော့ပေ။

ကျင်ဟုန်: "ဘိုးဘေးချင်းယန် နောက်ထပ် အကြိမ်နည်းနည်းလောက် ထပ်ပြောင်းလဲလိုက်မယ်ဆိုရင် မသေနိုင်တဲ့ ခန္ဓာကိုယ်ပဲ ကျန်တော့မှာပါ !"

မိုးကြိုးနှင့် လျှပ်စီးတို့သည် ပတ်ပတ်လည်တွင် လျှပ်တစ်ပြက် တောက်ပလာပြီး မိုးကြိုးတိမ်များက ပိုမိုထူထပ်လာသဖြင့် လပင် ပိတ်ဆို့ခံလိုက်ရသည်။ ရံဖန်ရံခါတွင် မိုးကြိုးက ပြုတ်ကျကာ အက်ကွဲသဖြင့် တောင်ပေါ်ရှိ သစ်ပင်များကို ထိမှန်ကာ သစ်ပင်များအား ကွဲသွားစေသည်။

ဤတိမ်မည်းများနှင့် မိုးခြိမ်းသံများဟာ သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ပုံ မပေါ်ချေ။

ထိုအချိန်တွင် ကျင်ဟုန်သည် လက်ဖဝါးအရွယ်သို့ ပြောင်းလဲသွားသော တာအိုဝါဒီငယ်တစ်ဦးကို မြင်လိုက်ရသည်။ ၎င်းက တစ်ဖန် ပြောင်းလဲသွားချင်သော်လည်း ယခုတစ်ကြိမ်တွင် အရေပြားအိတ်က အက်ကွဲသွားသော်လည်း ဘာမှမကျန်တော့ပေ။

"လူလေး.... မင်းမှာ မသေနိုင်တဲ့ ကံကြမ္မာ မရှိဘူး"

ထိုစဥ် ချန်ရှီက အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ကိုင်ကာ အရေခွံဆက်ခွာဖို့ ကြိုးစားနေတဲ့ ချင်းယန်ကို ရိုက်နှိပ်လိုက်လေသည်။

"ချင်းယန်.... ဒီနေ့ မင်းကို ထိုက်ဟွာတောင်ရဲ့ အရှင်သခင်အဖြစ် အမိန့်ပေးတယ်... ထိုက်ဟွာတောင်နဲ့ တောင်ထွတ်တိုင်းကို အမိန့်ပေးတယ်... တန်ခိုးအာဏာရှိတဲ့ နတ်စွမ်းအားကို စုစည်းစေ!"

ချန်ရှီသည် အနောက်ဘုရင်၏ ကျောက်စိမ်းတံဆိပ်တုံးကို ကျယ်လောင်သော အသံဖြင့် အသက်သွင်းလိုက်ရာ ရုတ်တရက် သူ တံဆိပ်ခတ်ခဲ့သော ထိုက်ဟွာတောင်ထိပ်မှ နတ်များနှင့် နတ်ဘုရား ၂၈ ပါးတို့သည် ၎င်းတို့၏ ထူးကဲသော စွမ်းအားများအား ပေါက်ကွဲထွက်ကာ ချင်းယန်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာ​စေလေသည်။

ဤတောင်နတ်ဘုရားများသည် ထိုက်ဟွာတောင်တွင် အမျိုးမျိုးသော ဝိညာဉ်များနှင့် အသွင်အပြင်များကို ထိန်းချုပ်ထားသူတွေပင်။ တန်ခိုးကြီးသော နတ်တန်ခိုးသည် လှိမ့်ဝင်သွားသဖြင့် ချင်းယန်၏ ခန္ဓာကိုယ်အား အလွန်တောက်ပသော နတ်အလင်းများဖြင့် ဖုံးလွှမ်းသွားစေသည်။

ကျင်ဟုန် ခေါင်းကို လှည့်ကြည့်လိုက်ပြီး တုန်လှုပ်ခြောက်ခြားလာကာ ဒေါသလည်း ထွက်လာသည်။

"ချန်ရှီ... မင်းငါ့ရဲ့ကောင်းကွက်တွေကို ဖျက်ဆီးနေတာပဲ!!!"

ချန်ရှီ လှုပ်ရှားလိုက်သည်နှင့် ကျန်းဝူကျူးရှဲ့ဓားသည် မြေပြင်ပေါ်မှ ခုန်ပျံတက်လာပြီး ကျင်ဟုန်ဆီသို့ ဓားဖြင့်ထိုးလိုက်သည်။ ဓားအလင်းက မြန်ဆန်သော်လည်း ကျင့်​ကြံမှုကွာခြားချက်မှာ အလွန်ကြီးမားသဖြင့် ဓားသည် လေထဲတွင် ရပ်တန့်သွားကာ ရှေ့မတိုးနိုင်​တော့ပေ။

ကျင်ဟုန် ဓားကို ခုခံလိုက်သည်နှင့်အမျှ ချင်းယန်၏ ကျင့်ကြံမှုအဆင့်သည်လည်း မြင့်တက်လာကာ သူ၏သြဇာကို ဖြတ်ကျော်သွားသည်။ သူ့စိတ်သည် ပုံမှန်အတိုင်း ပြန်လည် ရောက်ရှိသွားခဲ့ကာ သူ့ခန္ဓာကိုယ်ကို နှိမ့်ချပြီး သိုးသားရေထဲသို့ ပြန်ဝင်သွား၏။ ထို့နောက် ရှေ့သို့ လှမ်းတက်ကာ ဓားကို ကိုင်ရန် သူ့လက်ကို မြှောက်လိုက်သည်။

သူသည် ဓားတစ်ချောင်းဖြင့် အလင်းတန်းများစွာကို ကခုန်​စေကာ ကျင်ဟုန်ဆီသို့ လှိမ့်ဝင်သွား၏။ ရုတ်တရက် မရေမတွက်နိုင်သော မိုးခြိမ်းသံများက လေထဲ၌ လိမ့်ဝင်လာကာ လျှပ်စီးကြောင်းများက ကျင်ဟုန်ကို ပစ်ခတ်လာသည်။

ဘိုးဘေးချုံယန်၏ ကြီးကျယ်ခမ်းနားသော ကိုယ်ခန္ဓာဖြင့် မိုးကြိုးပြင်ထဲတွင် ရပ်နေပြီး ပေတစ်ထောင်မြင့်သော နတ်ဘုရားမအဖြစ်သို့ ပြောင်းလဲကာ သူမလက်ထဲတွင် မိုးကြိုးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

"အဆင့်တက်ချင်ရင် အရင်ဆုံး အတိဒုက္ခကို ဖြတ်ကျော်ရမှာပေါ့... ဆရာတူအစ်ကို ကျင်ဟုန်... ရှင် အတိဒုက္ခကို ကျော်ဖြတ်ပြီးပြီလား?"

ချန်ရှီရဲ့ မျက်လုံးများ တောက်ပသွားသည်-

"အဖွားချုံယန်က မိုးကြိုးနတ်ဘုရားမန္တန်ကို လေ့ကျင့်ထားတာပဲ... သူမ ဒီလောက် ပြင်းထန်နေတာ မဆန်းပါဘူး..."

ကျင်ဟုန် လျင်မြန်စွာ ဆုတ်ခွာသွားပြီး ရုတ်တရက် လျင်မြန်သော ​တောင်ပံခတ်သံများ ထွက်ပေါ်လာသည်။ ပုစဉ်းရင်ကွဲတောင်ပံများသည် သူ့အနောက်မှ ဖောက်ထွက်လာ၏။ ဘယ်ညာ ခုန်တက်ရင်း အလင်းတန်းများနှင့် မိုးခြိမ်းသံများကို ရှောင်ရှားကာ ဤပြင်းထန်သော တိုက်ခိုက်မှုထဲမှ ဖြတ်ပြေးသွားခဲ့သည်။ ချင်းယန်က ဟောက်ပြီး ခွန်အားအပြည့်နဲ့ ရှေ့ကို ပြေးသွားချိန် ဒေါသတကြီး ပြေးနေတဲ့ သိုးထီးလို သူ့အသားတွေကလည်း ဖောင်းကားလာသည်။

ဘိုးဘေးချုံယန်သည် မိုးကြိုးတိမ်ထဲတွင် ရပ်နေပြီး လက်တစ်ဖက်ဖြင့် ရိုက်လိုက်ရာ မရေမတွက်နိုင်သော မိုးခြိမ်းသံများက လျင်မြန်စွာ ရွေ့လျားနေသော ကျင်ဟုန်ဆီသို့ တိုးဝင်သွား​လေသည်။ အခြားလက်ဖြင့် သူသည် တိမ်တိုက်များမှ မရေမတွက်နိုင်သော မိုးခြိမ်းသံများကို လက်ဝါးတစ်ချက်ဖြင့် စေလွှတ်လိုက်ရာ မိုးကြိုးပစ်ချက်က စမ်းချောင်းတစ်ခုထဲသို့ စုရုံးထိုးဆင်းကာ အခြားတစ်နေရာသို့ ရိုက်ချိုးသွားခဲ့သည်။

အတိဒုက္ခကို ထိန်းချုပ်ထားသော နတ်ဘုရားမကဲ့သို့ပင် သူမ ညွှန်ပြသည့် နေရာတိုင်းတွင် လျှပ်စီးကြောင်းများ အဆက်မပြတ် ပြိုလဲကျနေတာ တွေ့ရသည်။

ချင်းယန်ကလည်း ကျန်းဝူကျူးရှဲ့ဓားကို ကိုင်ဆောင်ကာ အနောက်မှ ပြင်းထန်စွာ လိုက်သွားခဲ့သည်။ ဓားအလင်းသည် လေထဲသို့ တဟုန်ထိုးမြန်လာပြီး တစ်ခါတစ်ရံ တက်လာသည်၊ တခါတရံ လဲကျသည်၊ တခါတရံ ဘယ်ဘက်၊ ညာဘက်၊ တစ်ခါတစ်ရံ ရုတ်တရက် လှည့်ကာ ပြေးသွားရင်း ပြင်းထန်သော အလင်းတန်းများအား သယ်ဆောင်လာ​လေသည်။

သို့သော် ကျင်ဟုန်၏အရှိန်သည် မယုံနိုင်လောက်အောင် လျင်မြန်လွန်းသည်။ တောင်တန်းများကြားတွင် တောက်ပစွာ ပတ်ပြေးနေသော်လည်း ချုံယန်နဲ့ ချင်းယန်ဟာ သူ့ကို ဖမ်းမမိနိုင်လောက်အောင် လျင်မြန်သည်။ သူတို့ရဲ့ တိုက်ခိုက်မှုအားလုံးကို ဆရာကြီးကျင်ဟုန်က ရှောင်တိမ်းသွား၏။

"ရွှေပုစဉ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်က အဲ့လောက်တောင် အစွမ်းထက်တာလား"

ချန်ရှီ ထိတ်လန့်တကြားဖြင့် အော်လိုက်သည်။

၎င်း၏အခွံမှ ချွတ်ယူရသော ရွှေပုစဥ်းရင်ကွဲဟာ သူ့အဖိုးမှ စွန့်ပစ်ထားခဲ့သော ကျင့်စဥ်တစ်ခုဖြစ်ပြီး ၎င်းက အတုအယောင် မသေနိုင်မှုကိုသာ မွေးမြူနိုင်သည်ဟု ဆိုထားသည်။ သို့တိုင် ကျင်ဟုန် ပြသသော စွမ်းအားသည် သူမြင်ဖူးသမျှနှင့် မတူဘဲ အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည်။

ရုတ်​တရက်​ ကျင်ဟုန်သည်​ ​လေထဲတွင်​ အလင်းတန်းတစ်​ခုအဖြစ်​ ​ပြောင်းလဲသွားပြီး ​နောက်​တစ်​ချက်​တွင်​တော့ သူဟာ မိုးခြိမ်းသံများထဲသို့ ​​ပြေးဝင်သွားပြီ။

ချင်းယန် သူမကို ကယ်ဆယ်ဖို့ အလျင်စလို ပြေးလာပေမယ့် ဘိုးဘေးချုံယန်သည် ညည်းညူသံကို ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကြီး ကောင်းကင်ကနေ လျင်မြန်စွာ ကျုံ့သွားကာ ညစ်ညမ်းနေပြီဖြစ်တဲ့ ချင်းယန်နန်းတော်ရှေ့ကို ပြင်းပြင်းထန်ထန် ဆောင့်တွန်းခံလိုက်ရလေသည်။

ချန်ရှီ သူမအနားသို့ ပြေးသွားခဲ့သည်။ ဘိုးဘေးကြီး ချုံယန်သည် ထူးဆန်းသော အပြုံးဖြင့် သူ့မျက်နှာပေါ်တွင် အေးခဲသွားပြီး ကာလကြာရှည်စွာ စောင့်မျှော်နေသော တက်ကြွမှုကို မြင်လိုက်ရသလိုမျိုး ပျော်ရွှင်နေ၏။

"တစ်ဆယ်လေး ငါ့ကို ဖျောင်းဖျဖို့ မလိုဘူး "

ဘိုးဘေးချုံယန်က သူ့လက်ကို မြှောက်ပြီး ပြုံးပြလိုက်သည်။

"ငါတက်ပြီးရင် မင်းအဘိုးကို ဒီဒုက္ခတွေကနေ ကယ်တင်နိုင်ပြီ"

"ခရက်"

သူမ၏လည်ပင်း အနောက်ဘက်ရှိ အရေပြားသည် အက်ကွဲသွားပြီး အသွင်ပြောင်းရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။

"ဘုရင်အစစ်ချန်... ငါအရမ်းပျော်တယ်!"

ယွိလင်ကျစ်ကလည်း သူ့အရေခွံကို အောင်မြင်စွာ ချွတ်ကာပြီး သွေးများဖြင့် ပြည့်နှက်နေသည့်ကြားမှ ပျော်ရွှင်စွာ အော်လိုက်သည်။ တာအိုချောင်ယင်သည်လည်း သူ့အရေပြားထဲမှ လွတ်မြောက်သွားချေပြီ။ ဤငြိမ်သက်နေသော တာအိုဝါဒီသည်လည်း ယခုတော့ ရူးသွပ်သွားပါပြီ။

"မင်းကိုယ်ကိုကိုယ် လွှတ်တော့... မင်းရဲ့အခွံကို ပစ်ချလိုက်ပြီး တက်လိုက်!"

လေထဲက ချင်းယန်သည် ကျန်းဝူကျူးရှဲ့ဓားကို အရူးအမူး အသက်သွင်းလိုက်သော်လည်း ကျင်ဟုန်ကို အနည်းငယ်မျှပင် မထိနိုင်ပေ။ ဓားရေးကျွမ်းကျင်မှုတွင် သူ့အောင်မြင်မှုက ညံ့လှရာ ကျန်းဝူကျူးရှဲ့ဓားက အစွမ်းထက်သော အမတလက်နက် ဖြစ်သော်လည်း ၎င်း၏ စွမ်းအားကို အပြည့်အဝ မထုတ်ပြနိုင်ပါ။

ချင်းယန် ဒေါသတကြီးနဲ့ ဓားကို ရုတ်တရက် ပစ်ချလိုက်တော့သည်။ အမတဓားသည် အလင်းတန်းများနှင့်အတူ ချိုင့်ထဲသို့ ထိုးဆင်းသွားသည်။ ဓားသွားများနှင့်တူသော သူ့ဦးချိုများကိုသာ နှုတ်ပြီး ခြေထောက်များကို ကွေးလျက် ဝပ်တွားကာ ခေါင်းကို မြှောက်လိုက်သည်။

"ကျင်ဟုန် လာစမ်းပါ... ဘိုးဘေးကို တိုက်ခိုက်ပြီး မင်းမသေနိုင်တဲ့ ခန္ဓာကိုယ်လို့ ခေါ်တဲ့ဟာကို ငါ့ကို ကြည့်ခွင့်ပေး!"

လေထဲတွင် ကခုန်နေသော မီးရောင်များ ရုတ်တရက် ရပ်တန့်သွားသည်။ ကျင်ဟုန်၏နောက်တွင် ပုစဉ်းရင်ကွဲအတောင်များသည် တဖျပ်ဖျပ်ခတ်ကာ အရှိန်ပြင်းပြင်းဖြင့် သူ့ဆီသို့ ပျံသန်းသည်။

"ဘိုးဘေးကလည်း သင်ပေးပါဦး!"

ချင်းယန် ဟောက်ရင်း သူ့ဓားနှစ်ချောင်းက လေထဲမှာ ပြေးလွှားကာ ကျင်ဟုန်ဆီကို ဝေ့ယမ်းလိုက်သည်။

"ဗုန်း!"

တဟုန်းဟုန်း တောက်နေသော မိုးကြိုးတိမ်တိုက်ထဲတွင် လျှပ်စီးများက လက်ပြီး မိုးခြိမ်းသံများက ကျယ်လောင်လာသည်။ ရုပ်ပုံနှစ်ပုံ၊ အကြီးတစ်ခုနှင့် အသေးတစ်ခု တစ်ခါတရံ လင်းထိန်သွားသည်။ ဓားသွားများသည် အလွန်ထူထပ်သော တိမ်တိုက်များကို ခွဲထုတ်လိုက်စဥ် လရောင်က ၎င်းကိုဖြတ်၍ စီးဆင်းသွားသည်။

ထန်း!

မိုးကြိုးပစ်သံနဲ့အတူ တောင်များပေါ်တွင် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။ ချန်ရှီသည် တိုက်ပွဲကို ထိတ်လန့်စွာ မော့ကြည့်နေမိကာ ရုတ်​တရက်​ ​ကောင်းကင်​မှ မိုး​တွေက နီရဲ​နေပြီး ​သွေး​တွေ တဖွဲဖွဲကျလာသည်​။

မိုးကြိုးတိမ်တိုက်အောက်မှာ အရှိန်ပြင်းပြင်းနဲ့ ရွေ့လျားနေပြီး မထင်မှတ်ထားတဲ့ ကိန်းဂဏာန်းတွေသာ လွင့်ပျံလာတာကြောင့် ဘယ်သူက ဒဏ်ရာရသွားတယ် ဆိုတာ သူလည်း မပြောနိုင်ပါ။

သွေးစွန်းနေသော မိုးရေထဲတွင် ရပ်လျက် ချန်ရှီသည် သူ့ပတ်ဝန်းကျင်တွင် အသွင်ပြောင်းနေသော လူများ ရှိ​သေးကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ လျှပ်စီးတစ်ချက် လက်သွားတိုင်း ထိုက်ဟွာတောင်ကို လင်းထိန်သွားစေခဲ့သည်။

တောင်ကြီးသည် လူသားအရေခွံများဖြင့် ပြည့်နှက်နေလေ၏။

"ဟေးကော် ဟေးကော်!"

ဒါပေမယ့် ဟေးကော်က သူ့ကို အဖြေမပေးခဲ့ပါဘူး။ ခွေးနက်ကြီးဟာ မြေအောက်ကမ္ဘာထဲမှ မထွက်လာခဲ့တာ ကြာမြင့်နေပြီ ဖြစ်သည်။

ချန်ရှီ၏ မျက်လုံးများသည် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များဖြင့် လင်းလက်နေပြီး ယင်ယန်တို့ကို ထိုးဖောက်ဝင်ရောက်လိုက်မှ ဟေးကော်ကို မြင်လိုက်ရသည်။

အကြီးအငယ် ဟော့သော်များသည် မြေအောက်ကမ္ဘာရှိ ထိုက်ဟွာ တောင်ခြေရင်းတွင် ရပ်နေပါ၏။ အဲဒါတွေက ဟေးကော်ရဲ့ အရေခွံတွေ ထပ်ခါထပ်ခါ ကွာကျသွားတာပါပဲ။ ဟေးကော်ပင် ဆရာကြီးကျင်ဟုန်၏ လွှမ်းမိုးမှုကို မလွတ်နိုင်ခဲ့ပေ။

ချန်ရှီလည်း အံကြိတ်ကာ ဓားကျသွားသော ဦးတည်ရာဆီသို့ ပြေးသွားခဲ့သည်။

အမတဓားကို သူရှာရမည်။

သူရှာရမယ်!

ကျင်ဟုန်ကိုသတ်ပြီး လူတိုင်းကို ကယ်တင်ရန် ခွန်အားမရှိသော်လည်း ကျန်းဝူကျူးရှဲ့ဓားကတော့ စွမ်းဆောင်နိုင်မှာပင်။ ချင်းယန်သည် အမတဓားကို ပစ်ချလိုက်သည့် လမ်းကြောင်းကို စဥ်းစားလိုက်သည်။

ချန်ရှီသည် ကျန်းဝူကျူးရှဲ့ဓားဆီကို တည့်တည့်သွား​နေခဲ့သည်။ ဓားဆီ ရောက်ခါနီးတွင် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ချင်းယန်၏ ကြီးကျယ်ခမ်းနားသော ခန္ဓာကိုယ်သည် ကျင်ဟုန်ဦးခေါင်းကို ဖိကာ ကောင်းကင်မှ ပြုတ်ကျသွားသည်။ သူ့ဘယ်ဘက်လက်ရှိ ဦးချိုရှည်သည် ကျင်ဟုန်ရင်ဘတ်ထဲသို့ ထိုးဖောက်သွားပြီး မဝေးလှသော နေရာက ချိုင့်ထဲသို့ ပြုတ်ကျသွားသည်။

ချင်းယန် သူ့ဓားကို ညာလက်ဖြင့် လှည့်လိုက်ပြီး ကျင်ဟုန်၏ ဆံပင်ဖြူခေါင်းကို ဖြတ်ခနဲ ဖြတ်လိုက်သည်။ ထိုသူသည် ကောင်းကင်က ကြားနိုင်လောက်သော အသံဖြင့် ဟောက်လိုက်သည်၊ ဒဏ်ရာများနှင့် သွေးများဖုံးလွှမ်းနေသော သူ့ခန္ဓာကိုယ်၊ သူ့ဒဏ်ရာ၏ ပြင်းထန်မှုမှာ စိတ်ကူးမယဉ်နိုင်ပေ။

ချန်ရှီလည်း အံ့သြပြီး ဝမ်းသာသွားသည်။

နိုင်ပြီ!

ချင်းယန်သည် ကျင်ဟုန်ကို အနီးကပ်တိုက်ပွဲတွင် တိုက်ခိုက်ခဲ့ပြီး အမှန်တကယ် အောင်နိုင်ခဲ့သည်။

"ဦးလေးကတော့ သန်မာတုန်းပဲ!"

သူ ဝမ်းသာသွားသည်။ အကယ်၍ ဦးလေးချင်းယန်သာ မသေဘဲ နတ်ဆိုးမဖြစ်သွားပါက သူသည် ဤတစ်ကြိမ်တွင်ပင် ကျင်ဟုန်ကို မြန်မြန်သတ်နိုင်ပေလိမ့်မည်။

ချင်းယန်သည် ပြုတ်ကျလာခြင်းမှ ရှောင်ရှားရန် သူ့ချိုများကို ကိုင်ကာ ယိမ်းထိုးသွားသည်။ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။

"နွားငယ်လေး... မင်းအဘိုးယန်က မင်း ကြီးပြင်းလာတာကို ကြည့်နေခဲ့တာပါ... မင်းက ဘာလုပ်ပေးနိုင်မှာလဲ"

သူက လေကို ရှုရှိုက်ပြီး စိတ်ကို ဖြေလျှော့လိုက်သည်။ ထိုအချိန်တွင် အသံတစ်ခု ကြားလိုက်ရသည်။ ကျင်ဟုန်၏ ဦးခေါင်းမရှိ​တော့သော ကိုယ်ခန္ဓာ၏ နောက်ကွယ်မှ အမဲစက်များ ပျံထွက်လာပြီး လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ကျင်ဟုန်ခန္ဓာကိုယ်ကို လေထဲတွင် တွယ်ကပ်နေ​စေသည်။

ချန်ရှီနဲ့ ချင်းယန် လန့်သွား​ကြသည်။ အရေပြားကွဲအက်သံက သူတို့ရဲ့ကျောရိုးတွေကိုပါ တုန်လှုပ်သွားစေ၏။

"ကျေးဇူးတင်ပါတယ် ဘိုးဘေး... ဒီတပည့်က နောက်တစ်ကြိမ် ထပ်ပြောင်းလို့ရပြီ"

အလောင်းနောက်မှ ကျင်ဟုန်ရဲ့ အသံက ပဲ့တင်ထပ်သွားသည်။ အသစ်စက်စက် ကျင်ဟုန်၏ ဦးခေါင်းသည် သူ့ရင်ဘတ်မှ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး သူတို့ကို စိုက်ကြည့်နေ၏။

"ငါက စစ်မှန်တဲ့ အမတဖြစ်ဖို့ ခြေတစ်လှမ်း ပိုနီးနေပြီ!"

All Chapters