← Chapters

မျိုးဆက်တွေ ဖြတ်ပြီး

Vol. 26 Ch. 381

မျိုးဆက်တွေ ဖြတ်ပြီး

Vol. 26 Ch. 381

မထွက်ခွာမီတွင် ချန်ရှီသည် တာအိုထျန်းကျန်း ပေးခဲ့သော ယင်ယန်သန့်စင်နည်းကို တာအိုချောင်ယင်နဲ့ ဘိုးဘေးချုံယန်တို့ကို လက်ဆင့်ကမ်း ပေးနေခဲ့သည်။

"ဒီသန့်စင်နည်းက အမတကျင့်စဥ် မဟုတ်သလို အမတအလောင်း မွေးမြူနည်းလည်း မဟုတ်ဘူး... ဒါက ရေမီးသန့်စင်နည်းလိုမျိုး ဆရာကြီးကျင်ဟုန်နဲ့တူတဲ့ အဖြစ်ဆိုးတွေကိုတော့ ရှောင်ရှားနိုင်စေတယ်..."

ဘိုးဘေးချုံယန်သည် ယင်ယန်သန့်စင်နည်း၏ လျှို့ဝှက်ချက်များကို သေသေချာချာ လေ့လာခဲ့ပြီး ၎င်းကို အကြိမ်ကြိမ် စဉ်းစား​နေခဲ့သည်။

"ယင်ယန်သန့်စင်နည်းကိုသာ လေ့ကျင့်ထားရင် ဆရာတူအစ်ကို ကျင်ဟုန်လည်း မကောင်းတဲ့ အသွင်ပြောင်းတာကို လုံးဝ ရှောင်လွှဲနိုင်တယ်! အမတဖြစ်မယ်လို့ ပြောဖို့ ခက်ပေမယ့် စိတ်ကို ထိန်းသိမ်းနိုင်ပြီး ကမ္ဘာကြီးကို အန္တရာယ် မဖြစ်အောင် ရှောင်ရှားနိုင်တယ်"

သူမရဲ့ နှလုံးခုန်သံက ပြင်းထန်လာသည်။

ယင်ယန်သန့်စင်နည်းကို လေ့ကျင့်ခြင်းက ခန္ဓာကိုယ်ထဲက မကောင်းသော စွမ်းအင်များကို ဖယ်ရှားနိုင်ပြီး တစ်ဦးကို လုံးဝ မကူးစက်အောင် ကာကွယ်ပေးနိုင်သည်။ သို့ဆိုလျှင် သူမသည်လည်း ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်ကို လေ့ကျင့်နိုင်မည် မဟုတ်ပါလား။

မထွက်ခင်မှာ ယန်ရှန့်ကျစ်က ထိုက်ဟွာချင်းနန်းတော်ကို ထိုကျင့်စဥ်ရဲ့ ပုံကြမ်းနဲ့ တာအိုကျင်ဟုန်ရဲ့အလောင်းကို နယ်ချဲ့တရားရုံးကို လုံခြုံအောင် ထိန်းသိမ်းဖို့ အမိန့်ပေးခဲ့ပေမဲ့ နန်းတော်ကတော့ မိတ္တူကို သဘာဝအတိုင်း သိမ်းဆည်းထားခဲ့ပါ၏။

အကယ်၍ သူမသည် ဤကျင့်စဥ်ကို ကျင့်ပါက သူမသည် မသေနိုင်တော့သည့်တိုင် အနည်းဆုံးတော့ သူမသည် အသက်ရှည်နိုင်ဦးမည် ဖြစ်သည်။ တာအိုချောင်ယင်မှာ တစ်စုံတစ်ခုကို ခံစားသိရှိသွားပုံရပြီး တိတ်တဆိတ် သတိထားကာ သူမကို ရဲရဲကြီး စိုက်ကြည့်နေ၏။

ဘိုးဘေးချုံယန်က တိတ်ဆိတ်စွာ နေတတ်တဲ့လူ မဟုတ်ပေ။ ထိုအချိန်တွင် သူမနှင့် ချန်ယင်တူးဟာ ဘိုးဘေးအုတ်ဂူကို အတူတကွ တူးဖော်ခဲ့သည်။ သူမတို့သည် အဓိကတရားခံများ ဖြစ်ပြီး ချင်းယန်က ၎င်းတို့၏ ကြံရာပါတစ်ဦးဖြစ်သည်။

ချုံယန်သည် သူမဂိုဏ်းကို ကောင်းမွန်စေချင်သော ခံစားချက်ကိုသာ မထိန်းသိမ်းခဲ့ပါက သူမကိုလည်း ချန်ယင်တူးက ဖမ်းဆီးခေါ်ဆောင်သွားပေလိမ့်မည်။ ဘိုးဘေးချုံယန်သည် တာအိုနှင့် အမတကို အရာကို လိုက်ရှာရန် မည်သူ့ကိုမဆို လုံး၀ လုပ်ဆောင်ပေးမည့်သူ ဖြစ်သည်။

"သူမသာ သွေးဆောင်မှုကို မခုခံနိုင်ရင် အနာဂတ်မှာ ဆရာကြီးကျင်ဟုန်လို ဖြစ်လာမှာကိုပဲ ငါကြောက်တယ်!" သူ့ဘာသာသူ တွေးနေမိသည်။

ထိုစဥ် ချန်ရှီက ပြုံးပြီး ပြောလာ၏။

"လူကြီးမင်း...ကျနော် ယွိလင်ကျစ်ကို ရက်အနည်းငယ် ငှားပါရစေ..."

"ချန်ကျွမ့်ယွမ်... ကျေးဇူးပြုပြီး အသက်ရှင်လျက် ပြန်ပေးပါ.. ယွိလင်ကျစ်.. ချန်ကျွမ့်ယွမ် နောက်ကို လိုက်သွား... ဒုက္ခမပေးနဲ့"

ယွိလင်ကျစ်: "ဆရာကြီး စိတ်မပူပါနဲ့"

ချန်ရှီ အနီရောင်သေတ္တာလေးကို ယူပြီး ဘိုးဘေးချုံယန်ကို ပေးလိုက်သည်။

"အဖွားချုံယန်... ကျနော့်အဖိုးကို စောစောစီးစီး သွား​တွေ့ချင်တယ် ဆိုရင် ကျေးဇူးပြုပြီး ဒီသေတ္တာထဲက ဟာတွေကို လွှင့်ပစ်လိုက်ပါ... သူ့ကို သက်ရှိကမ္ဘာမှာ ထပ်တွေ့ချင်တယ်ဆိုရင်တော့ ဒါကို ယူသွားနိုင်ပါတယ်"

ဘိုးဘေးချုံယန်လည်း အနီရောင်သေတ္တာကို ယူ၍ ပဟေဋ္ဌိဆန်စွာ ဖွင့်ကြည့်လိုက်တော့ လက်ချောင်းအရွယ်သာရှိတဲ့ အနီရောင်တောက်တောက် အသီးအနှံတွေက လန်းဆန်းတဲ့ရနံ့တွေ ထုတ်ပေးနေတာကို တွေ့လိုက်ရလေသည်။

ချန်ရှီသည် ယွိလင်ကျစ်ကို ခေါ်ကာ ဟေးကော်နဲ့ သစ်သားလှည်းကို ခေါ်ယူကာ ကောင်းကင်ဘုံတရားရုံး အမိန့်ကို ဖွင့်ကာ သေးငယ်သော ကမ္ဘာလေးထဲသို့ ဝင်ရောက်ခဲ့သည်။ ချင်းယန်သည် ချင်းယန်နန်းတော်တွင် ကျန်ရစ်ခဲ့ပြီး သူနှင့်အတူ မထွက်သွားခဲ့ချေ။ ကောင်းကင်နန်းတော်ဆီသို့ မုခ်ပေါက် ပျောက်ကွယ်သွားပြီးနောက် တာအိုချောင်ယင်က နောက်ပြန် လှည့်ကြည့်ကာ မျက်နှာတည်တည်နှင့်။

"​ဆရာတူဦးလေး ချုံယန်... ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်ကို မလေ့ကျင့်ရဘူး! ယင်ယန်သန့်စင်နည်းနဲ့တောင် ဆိုးဆိုးရွားရွား မဖြစ်ပါဘူးလို့ အာမခံဖို့ ခက်တယ်..."

မပြီးဆုံးမီတွင် ဘိုးဘေးချုံယန်က ခေါင်းခါယမ်းကာ သူမ အမူအရာမှာ အံ့သြမှု၊ ဝမ်းမြောက်မှုနှင့် ဝမ်းနည်းမှုတို့ ရောနှောနေသည်။

"ငါ ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်ကို လေ့ကျင့်ဖို့ မလိုတော့ဘူး"

သူမ၏ သက်တမ်း တိုးလာခြင်းကြောင့် စိတ်နှလုံး ရွှင်လန်း လာသည်။ အခုလေးတင်ပဲ အနီရောင်သေတ္တာထဲမှာ ဂျင်ဆင်းအသီးကို စားသုံးခဲ့ပြီး သူ့သက်တမ်းထက် နှစ်သုံးရာကျော် ပိုရှည်သွားပါပြီ။

ယခင်က သူမသည် အသက်တစ်ရာထဲသို့ ချဉ်းကပ်လာကာ သူမ၏ သက်တမ်း ကုန်ဆုံးသွားတော့မည်။ ငယ်ရွယ်နုပျိုနေသေးသော်လည်း နေ့ရက်များကို ရေတွက်နေရပြီဖြစ်သည်။ သို့သော် အသီးကို စားပြီးနောက် သူမသက်တမ်းသည် ရုတ်တရက် သုံးဆတိုးလာကြောင်း ခံစားလိုက်ရသည်။

ဝမ်းနည်းကြေကွဲမှုနှင့် ပတ်သက်၍ မရှိ။ သူမသည် အခြားအမျိုးသမီးများရှေ့တွင် မရဏကမ္ဘာသို့ ဆင်းသက်ကာ ချန်ယင်တူးနှင့် ပြန်လည် ပေါင်းစည်းလိုသောကြောင့်သာ ဖြစ်သည်။

ခွဲခွာရတဲ့ ခံစားချက်က သူမ နှလုံးသားထဲမှာ ရစ်ဝဲလာပြီး စိတ်အနှောင့်အယှက် ဖြစ်သွားစေသည်။

တာအိုချောင်ယင်လည်း အံ့ဩသွားသည်။ သူသည် ဘိုးဘေးချုံယန်၏ ရည်မှန်းချက်နှင့် စွဲလမ်းမှုကို ရှင်းရှင်းလင်းလင်း သိလိုက်သောကြောင့် ရုတ်တရက် ပြောစရာစကား ပျောက်ရှသွားသည်။

ဘိုးဘေးချုံယန်သည် တောင်ထိပ်ပေါ်တွင် ရပ်ကာ အဝေးကို ငေးကြည့်နေ၏။ သူမ စပ်စုချင်စိတ်တွေ ပေါ်လာကာ။

"တစ်ဆယ်လေး... ဒီအဂ္ဂိရတ်ဆေးကို ဘယ်ကများ ရခဲ့တာလဲ... ခဏနေဦး ငါ ချန်ယင်တူးနဲ့ သက်ရှိကမ္ဘာမှာ ပြန်တွေ့နိုင်မယ်လို့ ပြောခဲ့တယ်မလား.... အဲဒါ ဘာကို ဆိုလိုတာလဲ"

သူမ လေထဲသို့ ပျံတက်သွားပြီး ကောင်းကင်မှ မိုးကြိုးတစ်စင်း ပျက်ကျသွားသည်။ အက်ကွဲသံနှင့်အတူ ဘိုးဘေးချုံယန်သည် လျှပ်စီးကြောင်းထဲ၌ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ခပ်ဝေးဝေးက အသံက ပဲ့တင်ထပ်နေသည်-

"ချောင်ယင်... ငါခဏ ထွက်သွားမယ်။ တောင်တံခါးကို စောင့်ရှောက်ထား!"

တာအိုချောင်ယင်က ဆောလျင်စွာ မေးသည်။

"ဆရာတူဦးလေး ဘယ်သွားမလို့လဲ"

"ငါ တစ်ဆယ်လေးကို လိုက်ရှာမလို့!"

…

တာအိုချောင်ယင်မှာ ဘာလုပ်ရမည်ကို မသိတော့ဘဲ အံသြစွာ အံကြိတ်ကာ ထိုနေရာတွင် ရပ်နေခဲ့သည်။

"အဲဒီတုန်းက ချန်ယင်တူး တောင်ပေါ်မှာ နှစ်အကြာကြီး နေခဲ့ရပေမယ့် ဆရာဦးလေးကို ဖမ်းဆီးခေါ်ဆောင်သွားလို့ မရဘူး သူ့မြေးက ရက်ပိုင်းအတွင်းမှာပဲ သူမကို ပြန်ပေးဆွဲသွားပြီ... ဒါပေမယ့် သူက ကျေးဇူးရှင်ပဲ... ဘိုးဘေးချင်းယန် ဒီမှာ ရှိနေသေးတယ်..."

ရက်အနည်းငယ် ကြာပြီးနောက် ချင်းယန်သည်လည်း ချင်းယန်နန်းတော်မှ ပျောက်ကွယ်သွားခဲ့သည်။ တာအိုချောင်ယင်သည် မြေပြင်ပေါ်တွင် ဘိုးဘေးချင်းယန်၏ ကောက်ကျစ်သော လက်ရေးကိုသာ မြင်လိုက်ရပြီး နန်းတော်ရှေ့တွင် ထိုင်ချလိုက်၏။

"ထိုက်ဟွာချင်း နန်းတော်က ပျော်စရာမကောင်းပါဘူး... တစ်နေကုန် နတ်ဘုရားလိုဟန်ဆောင်ထားတဲ့ ယဇ်ပလ္လင်ပေါ်မှာ ထိုင်နေရတာ.. ငါပျော်နေမှရမယ်... မင်းတစ်ခုခုလိုရင် ချန်ရှီတောင်ပေါ်မှာ လာရှာ... စိတ်မပူနဲ့!"

တာအိုချောင်ယင်လည်း စာများကို တိတ်တဆိတ် သုတ်လိုက်ပြီး သူ့ဘေးနားရှိ တာအိုဝါဒီအား လှည့်ပြောလိုက်၏။

"အခုကစပြီး ဘိုးဘေးချင်းယန်က တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောပြလိုက်!"

ကမ္ဘာငယ်လေးထဲ၌။

ယွိလင်ကျစ်သည် ဤထူးဆန်းပြီး အတုအယောင် ကမ္ဘာကို ဖြတ်သန်းလာစဉ် အင်မတန် အံ့ဩသွားခဲ့သည်။ တောင်နီခန်းမက အဆောင်ဆွဲဆရာအဖွဲ့ဝင်သည် နေ၊ လနှင့် ကြယ်များကို သန့်စင်ပြီး ဂလက်ဆီ ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်နေကြတာ တွေ့လိုက်ရသည်။ ကောင်းကင်မှာ ကြယ်တွေနဲ့ ပြည့်နေပြီး နဂိုမူလနဲ့ လုံးဝ မတူပါဘူး။ ကြယ်များ၏ အသွင်အပြင်သည်လည်း သိသိသာသာ ပြောင်းလဲသွားသည်။

သူသည် ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သော်လည်း မကြာသေးမီက တောင်များဆီသို့ ပြန်သွားခဲ့ပြီး တပည့်တစ်ဦးစီ၏ လက်ကို ချိုးခြင်းကြောင့် အကျဉ်းချခံခဲ့ရသည်။ သူ့အတွက် သေးငယ်သော ကမ္ဘာထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်း ဖြစ်သဖြင့် သဘာဝအတိုင်း တုန်လှုပ်သွားခဲ့သည်။

သို့သော် ဝန်ကြီးဌာနခြောက်ခုကို တွေ့လိုက်ရသောအခါတွင် သူ၏ အံ့ဩခြင်းမှာ နားမလည်နိုင်အောင် ဖြစ်လာခဲ့ရသည်။ ဝန်ကြီးဌာန ခြောက်ခုတွင် ထုံးတမ်းစဉ်လာ ဝန်ကြီးဌာနထဲတွင် များပြားလှသော ကျင့်စဥ်အသိုက်တစ်ခု ပါရှိသည်၊ ၎င်းမှာ သူ့အား ပြောမပြတတ်လောက်အောင် အံ့အားသင့်စေခဲ့သည်။

ဝန်ကြီးဌာန ခြောက်ခုကို စနစ်တကျ စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။ အခွန်ဝန်ကြီးဌာနသည် အနောက်နွားရှင်းကျိုး ပြည်နယ်ငါးဆယ်ရှိ တောင်နီခန်းမ ရုံးခွဲများကို မတူညီသော တာဝန်ရှိသူဌာန အဖြစ် ပိုင်းခြားထားသည်။ ဥပမာအားဖြင့် ရှင်းရှန်ပြည်နယ်သည် ရှင်းရှန်တာဝန်ရှိသူ ဖြစ်ပြီး လူတို့၏ အသက်မွေးဝမ်းကျောင်းမှု၊ ငွေကြေး၊ ရွှေငွေ၊ သိုလှောင်မှုနှင့် ပတ်သက်သည့် ကိစ္စရပ်များအတွက် တာဝန်ရှိပြီး အဆောင်ဆွဲ မှော်ဆရာက စီမံခန့်ခွဲပါသည်။

စစ်ဝန်ကြီးဌာနသည် တောင်နီခန်းမ အသီးသီးမှ မှော်ဆရာများနှင့် ဖွဲ့စည်းထားပြီး အဆောင်ဆွဲခြင်း၊ အဆောင်လက်ဖွဲ့နှင့် မီးလက်နက်များကို အဓိက အာရုံစိုက်သည့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားသည်။

အလုပ်ဝန်ကြီးဌာနသည် လက်နက်များနှင့် သေနတ်များကို အဓိကထုတ်လုပ်ပြီး ဒေသတွင်း တောင်နီခန်းမများအတွက် ခန်းမများကို ဆောက်လုပ်ပေးပါသည်။ ထို့အပြင် အရည်အချင်းများကို ရွေးချယ်အကဲဖြတ်ရန် အစိုးရရုံးသည် ယာယီအားဖြင့် ဝန်ကြီးဌာန လက်အောက်တွင် ရှိနေသည်။

ကမ္ဘာငယ်လေးသည် လက်တွေ့အားဖြင့် အသေးစား အင်ပါယာတရားရုံး တစ်ခုသဖွယ် ဖြစ်သည်။

"ဆရာဦးလေးကတော့ တကယ်ကို တော်လှန်နေတာပဲ!" ယွိလင်ကျစ် တစ်ယောက်တည်း တွေးနေမိသည်။

သူသည် အမြန် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီး ဝတ်ပြုရေးရာဝန်ကြီးဌာနတွင် ပါဝင်ရန် ချန်ရှီဆီသို့ လျှောက်ထားခဲ့သည်။ သူ့လက်ချောင်းတွေ ချိုးတတ်တဲ့ စိတ်အားထက်သန်မှုကို သတိရသွားသဖြင့် ချန်ရှီက ဆိုလာသည်။

"တရားရေးဝန်ကြီးဌာနက မင်းအတွက် ပိုအဆင်ပြေမယ်လို့ မထင်ဘူးလား?"

ယွိလင်ကျစ်က ပလုတ်တုတ်လို ခေါင်းယမ်းပြီး။

"ငါ စာမေးပွဲ မဖြေရသေးပေမယ့် ကျင့်ဝတ်တွေ သိပါတယ်.... ဝတ်ပြုရေး ဝန်ကြီးဌာနကိုပဲ သွားမယ်"

ချန်ရှီလည်း သူ့ကို လုပ်ခွင့်ပေးတာကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။

"ဝတ်ပြုရေး ဝန်ကြီးဌာနမှာ လီထျန်းချင်နဲ့ အဘွားရှား ရှိတယ် နောင်မှာ စစ်ပွဲဖြစ်ရင် ဝတ်ပြု​ရေးဌာနကိုပဲ လွှတ်လိုက်တာက ပိုကောင်းပါတယ်... သူတို့က စစ်ရေးဌာနထက် ပိုထိရောက်နိုင်တယ်"

ယွိလင်ကျစ်သည့ ဝတ်ပြုရေး ဝန်ကြီးဌာန စာကြည့်တိုက်သို့ ဝင်သွားကာ ကိုယ်ခံပညာ အမျိုးမျိုးကို စွဲစွဲမြဲမြဲ ဖတ်ရှုရင်း ထမင်းစားရန် သို့မဟုတ် အိပ်ရန်ပင် မေ့သွားခဲ့သည်။ လီထျန်းချင်လည်း ရောက်လာသဖြင့် စာကြည့်တိုက်ထဲမှာ တွေ့လေသည်။

ချန်ရှီ :"အဲဒီ တာအိုဘုန်းကြီးလေးကို စောင့်ကြည့်ထား... သူ့ကို အစာငတ်ပြီး မသေစေနဲ့ ငါတို့ တောင်နီခန်းမရဲ့ သင်တန်းပို့ချသူတွေထဲမှာ ထူးထူးခြားခြား မရှိဘူး ဒီတာအိုကျင့်ကြံသူက သူပဲရှိတာ.... ဒါပေမယ့် သူ့ကို တိရစ္ဆာန်လို မဆက်ဆံနဲ့ လူလိုလည်း မဆက်ဆံနဲ့"

လီထျန်းချင် သဘောတူလိုက်သည်။

"ထိုက်ဟွာချင်း နန်းတော်ရဲ့ တာအို တပည့်က ဘယ်လောက် သန်မာလဲ သိချင်လိုက်တာ..."

ချန်ရှီ ပြုံးလိုက်သည်။

"မင်းကြိုးစားလို့ ရတယ်... သူဘယ်လောက်အထိ တိုးတက်နေပြီလဲ ငါလည်း မသိဘူး"

ညွှန်ကြားချက်ကို ပေးပြီးနောက် သေးငယ်သော ကမ္ဘာငယ်ထဲမှ ထွက်ခွာကာ ဟွမ်ဖောရွာသို့ ပြန်သွားခဲ့သည်။

ယခုအခါ တောင်နီခန်းမ၏ ဌာနခွဲများသည် ပြည်နယ်ငါးဆယ်ကို လွှမ်းခြုံထားပြီး ကမ္ဘာငယ်လေးမှတဆင့် ခရီးသွားလာရတာ အလွန်အဆင်ပြေ​နေသည်။

"ဒီသေးငယ်တဲ့ ကမ္ဘာရဲ့ စွမ်းအား ကန့်သတ်ချက်တွေကို ငါ မသိသေးဘူး"

ကောင်းကင်ဘုံတရားရုံး အမိန့်ပြားအရောင်က သူ့နောက်ကွယ်မှ တဖြည်းဖြည်း မှိန်ဖျော့သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်ကို ကြည့်ရင်း ချန်ရှီ စဉ်းစားနေခဲ့သည်။ ထိုစဥ် ဘိုးဘေးချုံယန်ရဲ့ အသံက အပြင်ဘက်မှ ထွက်ပေါ်လာသည်-

"တစ်ဆယ်လေး မင်း အခုမှ ပြန်လာတာလား... ငါ မင်းကို စောင့်နေတာ နှစ်ပေါင်းများစွာတောင် ကြာ​နေပြီ!"

ချန်ရှီသည် လုံးဝ အံ့အားသင့်သွားပြီး အပြင်သို့ အမြန်ထွက်သွားလိုက်သည်။ ဘိုးဘေးချုံယန်ဟာ ဟွမ်ဖောရွာသို့ ရောက်ရှိနေပြီး မိခင်ဖြစ်သူ၊ ချန်ထန်တို့နှင့် စကားပြောနေသည်ကို သူတွေ့လိုက်ရသည်။

ချန်ရှီ: "အဖွားချုံယန် ဘယ်လိုလုပ် ရောက်လာတာလဲ"

ချုံယန်သည် ချန်ထန်နဲ့ ဝူးချင်းယွီကို နောက်မှာ ထားခဲ့ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။

"ဒီမှာ အပြင်လူတွေ ရှိတယ်... စကားပြောဖို့ နေရာ ရှာရအောင်!"

လင်မယားနှစ်ယောက် သူတို့ ထွက်သွားတာကို လှမ်းကြည့်​နေခဲ့သည်။ ဝူးချင်းယွီ အနည်းငယ် မျက်မှောင်ကြုတ်ပြီး။

"အားထန်... ဘိုးဘေးချုံယန်က ရှင့်ကို သိပ်ကြိုက်ပုံမပေါ်ဘူး..."

ချန်ထန်က သက်ပြင်းချလိုက်ပြီး။

"ဒါက မျိုးဆက်ဖြတ်ထားတဲ့ ဆက်ဆံရေး..."

ဝူးချင်းယွီက ခေါင်းခါလိုက်ပြီး။

"သူမက ရှင့်ကို ရန်သူလို ကြည့်နေတာ... ရှင့်ကို ပြိုင်ဘက်ရဲ့သားလို့ပဲ ခေါ်တယ် ဒါပေမယ့် တစ်ဆယ်လေးကို ကြည့်လိုက်တော့ သူမက သူ့မြေးတစ်ယောက်လို ဖြစ်နေရော"

ချန်ထန်က ရှုံ့မဲ့ကာ ဘာမှ မပြော။ သူ့ကိုယ်သူ "ဒါ... သူမနဲ့တူတဲ့ အမျိုးသမီးတွေက ဒါဇင်နဲ့ချီရှိတယ်" ဟုသာ တွေးလိုက်သည်။

ချုံယန်က ချန်ရှီကို ဆိတ်ငြိမ်တဲ့နေရာ တစ်ခုဆီသို့ ဆွဲထုတ်သွားခဲ့သည်။

"မင်းပြောခဲ့တဲ့ သက်ရှိကမ္ဘာမှာ ပြန်ဆုံချင်ရင် အနီရောင်သေတ္တာထဲက ဟာတွေကို ယူထားသင့်တယ်လို့ စောစောက ပြောခဲ့တာက ဘာကိုဆိုလိုတာလဲ"

ချန်ရှီ: "အဘိုးသေပြီ ဒါပေမယ့် လုံး၀ သေသွားတာ မဟုတ်ဘူး... ကယ်လို့ ရသေးတယ်..."

ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုတို့ ရောပြွမ်းနေသော ချုံယန်က ပြုံးပြီး။

"ဟိုတုန်းက ငါ့ဆရာသခင်ကို ပြုစုရလို့ လိုက်မသွားရဲခဲ့ဘူး... ဒါပေမယ့် အခု သူနဲ့လိုက်လို့ ရပြီ တခြားသူတွေရော သိသွား​ပြီလား"

ချန်ရှီ ခေါင်းယမ်းလိုက်သည်။ ချုံယန်က ဝမ်းသာအားရဖြင့် အပြန်ပြန်အလှန်လှန် ရယ်မောရင်း။

"မသိတာ ကောင်းတယ်... ချန်ယင်တူး နဲ့ ပြန်ပေါင်းစည်းနိုင်မယ်လို့ ထင်​နေကြပေမယ့် ငါကသာ သူနဲ့အတူ တစ်သက်လုံး ဖြတ်သန်းရမယ့်သူဆိုတာကို သူတို့နည်းနည်းမှ မသိခဲ့ကြဘူး... ဟာဟားဟား....အ​ကောင်ငယ်လေးတွေက ငါ့ကို အနိုင်ယူလို့ မရပါဘူး! တစ်ဆယ်လေး အခုကစပြီး ငါ့ကို အဘွားချုံးယန်လို့ မခေါ်နဲ့ အခုကစပြီး ငါက မင်းရဲ့ အဘွားအရင်းပဲ!"

ချန်ထန်သည် အဝေးက ရယ်သံကိုကြားတော့ ထုတ်ဖော်မပြဘဲ တွေးလိုက်သည်။

"မျိုးဆက်တွေ နီးနေပြီဆိုတာ အမှန်ပဲ"

နောက်တစ်နေ့တွင် ဟွမ်ဖောရွာတွင် အိမ်အသစ်တစ်ခု ပေါ်လာသည်။ အိမ်တစ်ခုထက် နန်းတော်နှင့်တူကာ မယုံနိုင်လောက်အောင် ခမ်းနားသည်။

ရွာသူရွာသားများသည် ရှေးကတည်းက ဒါတွေကို ကျင့်သားရလာခဲ့ပါ​ပြီ။ ချန်ရှီ ရှီးကျင်းကနေ ပြန်လာပြီးကတည်းက ရွာတွင် တံငါသည်အဖေနှင့်သမီး၊ တောင်နီခန်းမက မှော်ဆရာ၊ ချစ်စဖွယ်ကလေးမလေး၊ ကျုံးခွေ၊ တျယ်ချစ်၊ ခြိမ်းခြောက်နေသော ထူးဆန်းသော ကျောက်တုံးအိမ်ကြီး၊ ရံဖန်ရံခါ လျှို့ဝှက်ဆန်းကြယ်သော ကျောက်အိမ်ကြီးတစ်ခုလည်း ရောက်လာသေးသည်။

ဟွမ်ဖောရွာ၏ အရိပ်များထဲတွင် ဧရာမခွေးနက်ကြီး တစ်ကောင်ကိုလည်း မြင်တွေ့နိုင်သည်။ ဒါကြောင့် နန်းတော်တစ်ခု၏ တည်ရှိမှုက လုံးဝ ပုံမှန်ပဲ ဖြစ်သည်။

ဝူးချင်းယွီသည် စိုးရိမ်မှုတစ်ခုဖြင့် တောင်စောင်းဘက် လှမ်းကြည့်လိုက်သည်။ ချန်ရှီသည် ထိုက်ဟွာတောင်မှပြန်လာပြီးကတည်းက သူစိတ်ပူပန်နေသကဲ့သို့ တိတ်တိတ်ဆိတ်ဆိတ် ​ဖြစ်နေခဲ့သည်။

ဒီရက်တွေမှာတော့ သူဟာ မိုးမခပင်အို​အောက်မှာ ထိုင်ရင်း အချိန်အများစုကို တွေးတောရင်း အချိန်ကုန်နေကာ စားဖို့လည်း မေ့လျော့နေခဲ့တယ်။ တခါတရံမှာ ညသန်းခေါင်ကျော်တဲ့အထိ သစ်ပင်အောက်မှာ ညအိပ်မပျော်ဘူး။

"ရှင့်သားကို စိတ်ပူလာပြီ.. သွားမေးကြည့်ပါဦး"

"ချစ်မိနေတာ ဖြစ်မယ်... သူလည်း အရွယ်ရောက်လာပြီလေ...အဲဒီအရွယ် ယောက်ျားလေးတိုင်း အချစ်ရှိကြတယ်"

ဝူးချင်းယွီက အပြုံးတစ်ဝက်နဲ့ :"ကျွန်မခင်ပွန်း... ရှင်ရော သားအရွယ်တုန်းက ဘယ်မိန်းကလေးကို စဉ်းစားနေတာလဲ"

"ကိုယ် ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး... အဲဒီတုန်းက လေ့လာပြီး လေ့ကျင့်ချင်တာပဲ ရှိတယ်... ချန်ဝူနဲ့ ပြိုင်ချင်ခဲ့တာ.."

ဝူးချင်းယွီလည်း ဒီကိစ္စကို ထပ်ဖိမိမှာကြောက်လို့ တစ်ဆယ်လေးက ဘယ်မိန်းကလေးကို စဉ်းစားနေတာလဲလို့ မေးလိုက်တော့သည်။

ချန်ထန် :"လက်ထပ်ဖို့ ပြင်ဆင်သင့်​ပြီ ထင်တယ်... တစ်ဆယ်လေးလည်း နောက်နှစ် ဆယ့်လေးနှစ် ပြည့်တော့မယ်... ကျေးလက်က လူတွေ စောစော လက်ထပ်ကြတယ် သူကြိုက်တဲ့သူရှိရင် ကိုယ်တို့ လက်ထပ်ခွင့်တောင်းလို့ ရတယ်... အရင် စေ့စပ်ထားဖို့ စီစဉ်လိုက်လို့ရတယ် နောက်နှစ်နှစ်မှာ လက်ထပ်ဖို့ စီစဉ်လည်း ရတာပဲ”

ဝူးချင်းယွီ သဘောတူလိုက်သည်။

ချန်ထန်လည်း နိမ့်ပါးသော ကုန်းစောင်းဆီသို့ ချဉ်းကပ်လာခဲ့သည်။

"မင်းအမေက မင်းကို စိတ်ပူနေတယ်... ကောင်မလေးအကြောင်း တွေးနေတာလား"

ချန်ရှီ ရှက်ပြီး ခေါင်းခါလိုက်သည်။

"ဖေဖေ ဘာတွေ လျှောက်တွေးနေတာလဲ ကျနော်က စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုအကြောင်း စဉ်းစားနေတာပါ"

"အဲဒါကို ပြောပြကြည့်လေ... ငါ မင်းကို ကူညီဖြေရှင်းပေးနိုင်မှာပါ"

ချန်ရှီသည် တုံ့ဆိုင်းသွားပြီး ရက်ပေါင်းများစွာ စဉ်းစားနေခဲ့သော ပြဿနာကို ထုပ်ပိုးလိုက်သည်။

"ယင်နဲ့ယန်ရဲ့ အပြန်အလှန် ဆက်ဆံမှုက ပြင်ပကမ္ဘာကို အနှောင့်အယှက် ပေးနိုင်မလားလို့ ကျွန်တော် တွေးနေတာ"

"ပြီးတော့ရော?"

ချန်ရှီ လန့်သွားပြီး :"ဒီရက်ပိုင်းမှာ တာအိုကျင်ဟုန်က ဘာလို့ လူဆိုး ဖြစ်လာတာလဲလို့လည်း စဥ်းစားမိတယ်... သူ့အ​ရေခွံကနေ လွတ်မြောက်တဲ့ အလေ့အကျင့်က ရွှေပုစဥ်းရင်ကွဲ အမတကောင်းကင်လမ်းစဥ်ပဲ... အဲ့လမ်းစဥ်က အလောင်းတွေကို မသေနိုင်တဲ့ အရာဖြစ်လာအောင် အသွင်ပြောင်းတာ... မူလအသားကို သွန်းလောင်းပြီး ရှင်သန်နေတဲ့ လမ်းကြောင်းသစ်အဖြစ် ပြောင်းလဲခြင်းတဲ့... နတ်သန္ဓေသား၊ နတ်ဆင်းသက်နယ်ပယ်နဲ့ နတ်သန့်စင်နယ်ပယ်ကို လေ့ကျင့်ရဲ့သားနဲ့ ဘာလို့ နတ်ဆိုး ဖြစ်သွားတာလဲ?"

ချန်ထန်: "မူလကြယ်မြေပုံကို သူ မသိဘူး"

ချန်ရှီ ခေါင်းခါပြီး :"အဲဒါက သော့ချက် မဖြစ်နိုင်ဘူး... မူလကြယ်မြေပုံကို သိတဲ့ တန်းချန်ကျစ်တောင် အသွင်ပြောင်းပြီး ကျ​နော့်အသိစိတ်ထဲမှာ ပုန်းနေခဲ့တာလေ... အခု အသွင်ပြောင်းမှုက မူလကြယ်ပုံနဲ့ ဘာမှ မသက်ဆိုင်တာ ရှင်းတယ်... မူလကြယ်မြေပုံက ကျင့်ကြံမှုလမ်းကြောင်းကို ပိုမှန်စေပြီး လွယ်လွယ်ကူကူ ဖြစ်အောင် လုပ်ပေးနိုင်တယ်ဆိုတာ ရှင်းတယ်..."

သူသည် ကောင်းကင်ကို မော့ကာ နေနှင့်လကို ငေးကြည့်နေသည်။ လသည် ဖြူဖျော့ဖျော့ တောက်ပနေချိန်တွင် နေရောင်သည်လည်း တောက်ပနေ၏။

ချန်ရှီ: "ဒီကမ္ဘာကြီးကလည်း အသွင်ပြောင်းသွားနိုင်တယ်.... ဒါဆို ဘုရင်ကျန်းရဲ့ နည်းလမ်းသစ်ပဲဖြစ်ဖြစ် တာအိုနဲ့ လိုက်လျောညီထွေရှိသရွေ့တော့ ဒါက ပြောင်းလဲသွားမှာပဲ"

ချန်ထန်က ငြိမ်သက်နေဆဲ။

"ဆက်ပြော...."

ချန်ထန်သည် အနည်းငယ် စိတ်လှုပ်ရှားလာသဖြင့် မတ်တပ်ထရပ်လိုက်၏။

"တာအိုနဲ့ ကမ္ဘာကြီး လိုက်လျောညီထွေဖြစ်တဲ့အခါ အားလုံး ပြဿနာတွေ ကြုံလာရလိမ့်မယ် ခန္ဓာပေါင်းစည်းမှုနယ်ပယ်မှ မဟုတ်ဘူး နတ်အသွင်ပြောင်းနယ်ပယ်က အစောပိုင်းကစပြီး နည်းလမ်းဟောင်းက ဟိုအရင်ကတည်းက စတင်ပြောင်းလဲလာခဲ့တာ.... ပြင်ပကမ္ဘာရဲ့ တာအိုကို အာရုံစူးစိုက်ပြီး စိတ်ကို ဖွံ့ဖြိုးတိုးတက်လာအောင် လုပ်ရမှာ ...ကျနော်သာ သခင်ဖြစ်လာမယ်ဆိုရင် အပြင်လောကက ကောင်းကင်နဲ့ မြေကြီးနဲ့ ကိုက်ညီသွားရင် ဘာဖြစ်မလဲ"

သူ့မျက်လုံးတွေက တောက်ပနေ၏။ သူ ရပ်လိုက်ပြီး ချန်ထန်ရဲ့ မျက်လုံးများကို စိုက်ကြည့်နေသည်။ သူ့အသံက နည်းနည်း မြန်သွားကာ- "ဖေဖေ ဘယ်လိုထင်လဲ... ပြင်ပကမ္ဘာက ကျနော့်လမ်းနဲ့ လိုက်လျောညီထွေ ဖြစ်လာရင် ကျနော်သာ သခင်ဖြစ်သွားရင် ပြင်ပလောကကို လွှမ်းမိုးနိုင်ပါ့မလား"

ချန်ထန် အနည်းငယ် မူးဝေသွားသော်လည်း သူ့အမူအရာက ယခင်အတိုင်း တည်ငြိမ်နေခဲ့သည်။

“ဟုတ်တယ် ဟုတ်တယ် မင်းပြောတာ သိပ်ကောင်းတာပဲ”

ချန်ရှီ စိတ်လှုပ်ရှားစွာ အော်လိုက်ပြီး သူ့လက်သီးတွေကို ဆုပ်ကာ ပြုံးလိုက်သည်။

"အဖေကျနော့်ကို သဘောတူမယ်ဆိုတာ သိသားပဲ... ဟေးကော်ကလည်း ကျနော်ပြောတာ မှန်တယ်တဲ့!"

ချန်ထန် ဟေးကော်ကို ကြည့်လိုက်သည်။ ဟေးကော်ကလည်း သူ့ကို ရှင်းရှင်းလင်းလင်း စိုက်ကြည့်နေပြီး နားမလည်နိုင်အောင် ဖြစ်နေသည်။

"မင်းပြောတာ ငါတို့ နှစ်ယောက်လုံး သဘောတူတယ်... ဒါ မင်းမှန်တယ် ဆက်သွား"

ချန်ရှီလည်း စိတ်လှုပ်ရှားစွာနဲ့ နောက်ပြန် လှည့်ကာ။

"အဲဒါကြောင့် ယင်ယန်သန့်စင်နည်းကို သုံးပြီး ယင်ယန်ရှုထုတ်နည်း ဖြစ်လာအောင် နားလည်ဖို့ တွေးနေတာ... ယင်တစ်ခု​တည်းက အသက်မမွေးနိုင်သလို ယန်တစ်ခုတည်းလည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး... ယင်တစ်ခုတည်း ဒါမှမဟုတ် ယန်တစ်ခုတည်းက ထာဝရ မတည်မြဲနိုင်ဘူး.... ယင်နဲ့ယန်ကသာ အတူတကွ ရှင်သန်နိုင်မှာ... ဖေဖေ.... ဖေဖေ ဘယ်သွားမလို့လဲ..?"

ချန်ထန်က သူ့ကို လျစ်လျူရှုပြီး လျှပ်တပြက်အတွင်း လျှောဆင်းကာ ဝူးချင်းယွီအား ဆွဲခေါ်သွားတော့သည်။

"ဟုတ်တယ် သူက မိန်းက​လေးတွေအကြောင်း တွေးနေတာ.... သူ့ကို စိတ်မပါနဲ့ ရက်အနည်းငယ်အတွင်း ​ပြန်ကောင်းလာလိမ့်မယ်"

All Chapters