မင်းအတွက် စိတ်ကြိုက်အုတ်ဂူတစ်ခု ရွေးထားလေ
Vol. 81-85 Ch. 1260
စစ်သည်တော်များနှင့် ပြည်သူလူထုများ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
ယဲ့ဖန်သည် ကောင်းကင်ယံ၌ ဝင့်ကြွားစွာ ရပ်နေပြီး မြေကြီးပေါ်၌ ဒဏ်ရာဗလပွနှင့် ဆက်တိုက် သွေးအန်သော မင်းဆရာကို ငုံ့ကြည့်နေလေသည်။
“မြတ်စွာဘုရား သူ မင်းဆရာကို ဓားရေးနဲ့ အနိုင်ယူခဲ့တာလား”
လူတိုင်း အလွန်အမင်း ထိတ်လန့်သွားကြသည်။ အချို့လူများသည် မင်းဆရာ၏ အတိတ်ကို သိထားကြသူများ ဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးရာခန့်က သူသည် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားကဲ့သို့ ပြိုင်ဘက်ကင်းသူ ဖြစ်ခဲ့သည်။
သူ၏ ဓားရေးအား မြင့်မားထူးချွန်လွန်းသည်ဟု ဆိုနိုင်ပေသည်။ သို့ရာတွင် ယခုအခါ၌ သူသည် ဓားရေးနှင့်ပင် ရှုံးနိမ့်သွားခဲ့သဖြင့် တစ်လောကလုံး တိတ်ဆိတ်နေပြီး လူတိုင်း ထုံထိုင်းသွားပြီး ဤအဖြစ်မှန်အား မယုံနိုင် ဖြစ်နေကြသည်။
*မင်းဆရာ တကယ် ရှုံးသွားတာပဲ၊ အဲ့ဒါကလည်း မရှုမလှကြီးကို ရှုံးတာ*
မင်းဆရာ၏ ပုံပန်းသွင်ပြင်အရ ထပ်မံ၍ မတိုက်ခိုက်နိုင်တော့ကြောင်း သိသာလှသည်။
“ဒီယဲ့ဘုရင်က တကယ်ကို ဒဏ္ဍာရီတွေကို ဖျက်ဆီးတဲ့သူပဲ”
“ကျုံးကျိုးအင်ပါယာမှာ နံပါတ်တစ် မိသားစုလို့ လူသိများတဲ့ ယဲ့မိသားစု ပျက်စီးသွားခဲ့တယ်”
“အင်ပါယာထဲက အဆိုးဆုံး ဓားပြတွေလို့ ကျော်ကြားတဲ့ ဟေးဖုန်းရွာလည်း ပျက်စီးသွားတယ်”
“အင်ပါယာရဲ့ နံပါတ်တစ် လုပ်ကြံရေးသမား အရိပ်သခင်လည်း အသတ်ခံလိုက်ရတယ်’
“အခုလည်း အင်ပါယာထဲက နံပါတ်တစ် ဓားသမားလို့ ကျော်ကြားတဲ့ မင်းဆရာလည်း ရှုံးသွားပြန်ပြီ”
ဤမြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလှသဖြင့် လူတိုင်း ကြက်သေ သေနေကြသည်။ အတိတ်အခါက ပြိုင်ဘက်ကင်းခဲ့သော ပုဂ္ဂိုလ်က ရှုံးနိမ့်၍ မြေကြီးပေါ် ပြုတ်ကျလာခြင်းက လူတိုင်းကို ထိတ်လန့် တုန်လှုပ် စေခဲ့သည်။
စစ်သည်တော်များ ခေါင်းမွေးထောင်သွားကြသည်။ မင်းဆရာ၏ ခွန်အားကို သူတို့ထက် မည်သူမှ ပိုမသိနိုင်ပါ။ လွန်ခဲ့သော နှစ်ငါးရာခန့်က မင်းဆရာသည် ခရီးအနှံ့သွားလာခဲ့ပြီး မည်သူမှ သူ့ကို မယှဉ်နိုင်ခဲ့ပေ။ ထို့နောက် သူသည် အနားယူရန် ဆုံးဖြတ်ခဲ့ပြီး အင်ပါယာ၏ မင်းဆရာ ဖြစ်လာလေသည်။
သူ့ပုံတူ ရုပ်တုများ ထုလုပ်လျင် လူအများ၏ လေးစားကြည်ညိုခြင်း ခံရလောက်သည်။ ရပ်ဝေးနိုင်ငံများမှ ဘုရင်များသည်လည်း ကျုံးကျိုးအင်ပါယာသို့ မကျူးကျော်ဝံ့ပေ။ ယခု ထိုသို့သောသူက ရှုံးနိမ့်သွားသဖြင့် မယုံနိုင်စရာ ကောင်းလှသည်။
“ယဲ့ဖန် မင်းက ငါ့ကို သတ်ချင်တာလား၊ ဒါဆိုလည်း မင်း သတ်နိုင်မလား ကြည့်ရသေးတာပေါ့”
မင်းဆရာက မကျေမချမ်း မျက်နှာထားနှင့် အင်္ကျီကို ဆွဲဖြဲလိုက်သည်။ ထိုအခါ သူ့ကိုယ်ပေါ်မှ ထူးဆန်းသော ဆေးမင်ကြောင်များ ပေါ်လာသည်။
ထိုဆေးပင်ကြောင်များသည် ရှေးနှစ်ပေါင်းများစွာက တည်ရှိခဲ့သော မှော်စာလုံးများ ဖြစ်ပြီး အလွန် ထူးဆန်းသော နောက်ခံရှိပြီး ထင်မထားလောက်သော နတ်စွမ်းအင်များ ပါရှိလေသည်။
“ယဲ့ဖန် ဒါကို တန်ပြန်ကျိန်စာ စည်းတံဆိပ်လို့ ခေါ်တယ်၊ မင်း ငါ့ကို ထိခိုက်အောင် လုပ်ရင် မင်းကို ရှစ်ဆယ် ရာခိုင်နှုန်း တန်ပြန် သက်ရောက်လိမ့်မယ်၊ အခု ငါ ဒါကို လုံးဝ အသက်သွင်းထားပြီးပြီ၊ မင်း ငါ့ကို သတ်ရင် မင်းလည်း ဒဏ်ရာ အပြင်းအထန် ရမှာပဲ”
ဤကျိန်စာက သူ၏ အသက်စွမ်းအင် တစ်ဝက်ကျော်မျှကို စုပ်ယူမည်ဖြစ်သော်လည်း ထိုအကြောင်းကို သူ ဂရုမစိုက်နိုင်တော့ပါ။
ယဲ့ဖန်က သူ့ကို သတ်ရဲလျင် ယဲ့ဖန်လည်း သေရပေမည်။ ဤမျိုးမစစ်ကောင်က သူ့ကို သတ်ရဲလိမ့်မည်ဟု မယုံကြည်ပါ။
“ဂျွတ်”
ယဲ့ဖန် တက်နင်းလာသဖြင့် မင်းဆရာ၏ ခြေထောက်တစ်ဖက် ကျိုးကြေသွားသည်။
“မင်း …”
မင်းဆရာ ခေါင်းနပမ်း ကြီးသွားပြီး ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်မိသည်။ ထိတ်လန့်လွန်းသဖြင့် သူ နာကျင်မှုကိုပင် မေ့လျော့သွားသည်။
ဤလူက အဘယ်ကြောင့် တိုက်ခိုက်ရဲသလဲ ဆိုသည်ကို သူ မစဉ်းစားနိုင်ပါ။
*သူ တကယ် သေရမှာကို မကြောက်ဘူးလား*
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ ခြေထောက်မှ သွေးများ ပန်းထွက်လာ၏။ သို့သော် သူသည် သတိမထားမိဟန်ဖြင့် မင်းဆရာ၏ နောက်ခြေထောက်တစ်ဖက်ကို ထပ်နင်းလိုက်သည်။
“ဂျွတ်”
“အား … ယဲ့ဖန် မင်း ရူးနေလား မင်းလည်း သေရမှာနော်’
မင်းဆရာ ဒေါသတကြီး အော်ဟစ်လေသည်။
*ဒီကောင် သောက်ကျိုးနည်း ဘာတွေတွေးနေတာလဲ*
ရုတ်တရက် သူ မကောင်းသော ခံစားချက်တစ်ခု ရလာသည်။
*မဟုတ်မှလွဲရော သူ …*
သူ၏ ခန့်မှန်းချက်က တကယ် ဖြစ်လာသလိုပင် ယဲ့ဖန်က သူ၏ ရင်ဘတ်ကို တက်နင်းလာ၏။
“အရူး၊ သောက်ရူးကောင်”
မင်းဆရာ လုံးဝ ကြက်သေ သေသွားသည်။
*ဒီကောင် တကယ် အတူသေဖို့ စဉ်းစားထားတာပဲ*
ယဲ့ဖန်က ခံစားချက်ကင်းမဲ့စွာဖြင့် မင်းဆရာ၏ ရင်ဘတ်ပေါ် ခြေထောက် တင်လိုက်သည်။ မင်းဆရာ ပါးစပ် အဟောင်းသား ဖြစ်သွားပြီး မျက်လုံးတွင် ကြောက်စိတ်များ စွန်းထင်းလာသည်။
*နတ်ဆိုး၊ ဒီကောင်က တကယ့် နတ်ဆိုးပဲ*
ကြောက်စိတ်အား မခံစားရတော့သည်မှာ သူ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ ယခု တစ်ဖန်ပြန်၍ ကြောက်လန့် နေရလေပြီ။
“ဂျွတ်”
အက်ကွဲသံနှင့်အတူ မင်းဆရာ၏ ရင်ညွန့်ရိုး ကျွံဝင်သွားပြီး နံရိုးများ ကျိုးကာ သွေးအန်လေသည်။ ယဲ့ဖန်၏ ခြေထောက်က သူ့အား သေလုမျောပါး ဖြစ်သွားစေသည်။
မင်းဆရာ၏ ရင်ဘတ်က သွေးများဖြင့် ရဲနေပြီး အရိုးများက အပြင်ဘက်သို့ ထိုးထွက်နေသည်ကိုပင် လူတိုင်း မသိမသာ မြင်နေရသဖြင့် တုန်လှုပ်ဖွယ် ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်သည်လည်း တစ်ကိုယ်လုံး တုန်ယင်လာပြီး သူ၏ရင်ဘတ် ကျွံဝင်ကာ သွေး များကြောင့် အင်္ကျီ စိုရွှဲလာပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာ၏။
သို့သော် ယဲ့ဖန်က တစ်ဖက်မှ မညည်းသလို မျက်မှောင်ပင် မကြုတ်ပေ။ ဒဏ်ရာရသွားသည့်လူက သူ မဟုတ် သလိုပင်။
*အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း၊ ဒီလူ ရူးလိုက်တာ*
ပတ်ဝန်းကျင်မှ လူများအားလုံး အံ့အားသင့်သွားကြသည်။ ဤသို့သော လူမျိုးကို သူတို့ ယခုမှ မြင်ဖူးကြသည်။ ရက်စက်၍ သွေးအေးပုံက ကြောက်စရာ ကောင်းလွန်းလှသည်။
ထိုစဉ် မင်းဆရာကိုယ်ပေါ်ရှိ ဆက်သွယ်ရေး ကိရိယာ ပွင့်လာပြီး ဩဇာအပြည့်အဝပါသော အသံတစ်သံ ထွက်ပေါ် လာသည်။
“အဲ့မျိုးမစစ် နှစ်ကောင် သေပြီလား”
“ကျုပ်တို့ မသေသေးဘူး၊ ဒါပေမဲ့ မကြာခင် သူ သေတော့မှာ”
ယဲ့ဖန်က ဆက်သွယ်ရေး ကိရိယာကို ကောက်ယူ၍ အထဲမှ ပိုင်ကျန့်ချင်းကို စိုက်ကြည့်လေသည်။
“ဘာ … မင်း …”
ပိုင်ကျန့်ချင်း ကြက်သေ သေသွားသည်။ မင်းဆရာ ကိုယ်တိုင် ဦးဆောင်သွားသော်လည်း ယဲ့ဖန်ကို မသတ်နိုင်ဘဲ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပါ။
“ခင်ဗျားရဲ့ ပုလ္လင်ပေါ်က နောက်ဆုံးနေ့ရက်တွေကို ပျော်ပျော်ကြီး ခံစားလိုက်ပါဦး၊ အင်ပါယာရဲ့ တော်ဝင်မိသားစု အစားထိုး ခံရဖို့ သိပ်မကြာတော့ပါဘူး၊ ဘာလို့လဲဆိုတော့ ဧကရာဇ်က သေရတော့မှာ မို့လို့လေ”
ပိုင်ကျန့်ချင်း သေကိုသေရပေမည်။
“မင်းတစ်ယောက်တည်းနဲ့လား၊ မင်းမှာ အစွမ်းအစ တစ်ချို့နဲ့ မာနရှိတာကို ငါ လက်ခံတယ်၊ ဒါပေမဲ့ အင်ပါယာရဲ့ တော်ဝင်မျိုးနွယ်က မင်း ထင်သလောက် လွယ်ကူမနေဘူး၊ ငါ့ကို သတ်မယ် ဟုတ်လား၊ ဟားဟား … ငါ စောင့်နေတယ်”
ပိုင်ကျန့်ချင်းက ဟာသတစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ ရယ်မောလေ၏။ အင်ပါယာသည် နှစ်တစ်သိန်းနီးပါး တည်ရှိခဲ့ပြီး လူတစ်ယောက်မက အင်ပါယာ၏ အရှင်သခင်ကို လုပ်ကြံရန် ကြိုးစားဖူးခဲ့သည်။ ထိုသူများအားလုံး သေပွဲဝင် ရသည်ပင်။
“ခင်ဗျား စောင့်နေသင့်တာပေါ့”
ယဲ့ဖန်က မင်းဆရာ၏ လည်မျိုကိုနင်း၍ ဖြည်းဖြည်းချင်း အားထည့်လိုက်သည်။ အရိုးကျိုးသံများ ဆက်တိုက် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံး ဒဏ်ရာများနှင့် သွေးများ ဖုံးလွှမ်းသွားသည်။
ထိုသို့ဖြစ်နေသော်ငြားလည်း သူသည် ပိုင်ကျန့်ချင်းအား သွေးအလိမ်းလိမ်းနှင့် သတ်ဖြတ်ချင်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
“အဲ့အချိန်ရောက်လာရင် ခင်ဗျား သူ့ထက် အဆတစ်ရာမက ပိုဆိုးတဲ့နည်းနဲ့ သေစေရမယ်လို့ ကျုပ် ကတိပေးတယ်”
တစ်ဖက်တွင်မူ လည်ပင်းမှ သွေးများ ပန်းထွက်နေသော်လည်း တစ်ချက်မှ မျက်နှာမပျက်သည့် ယဲ့ဖန်ကို ကြည့်ပြီး အေးစက်သွားလေသည်။
*အရူး*
*ဒီကောင် လုံးဝ ရူးနေပြီ*
ယဲ့ဖန် ခြေထောက် ပြန်ဖယ်လိုက်ချိန်တွင် မင်းဆရာသည် သေဆုံးနေပြီး မျက်လုံးများက သွေးကဲ့သို့ နီရဲနေ၏။ သေဆုံးခါနီး အချိန်မှာတောင်မှ သူ ဒေါသထွက်နေသဖြင့် အေးအေးလူလူ မသေဆုံးသွားရပေ။
လူတိုင်း ဆူညံပွက်လောရိုက်သွားလေသည်။
*အမြင့်ဆုံးနေရာမှာ ရှိခဲ့တဲ့လူက အခု ခွေးလို နင်းသတ်ခံလိုက်ရပြီလား*
“ငါ အခု သွားမယ်၊ ဘယ်သူ ငါ့ကို တားရဲသလဲ”
ယဲ့ဖန် ဘေးပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သူ့အကြည့် ရောက်သွားသည့် နေရာတိုင်းမှ စစ်သည်တော် များသည် ခေါင်းကိုငုံ့သွားပြီး ပြန်မကြည့်ရဲကြချေ။ ဤနတ်ဆိုးအား မည်သူ ရန်စရဲမည်နည်း။
ယဲ့ဖန် အထင်သေးစွာ ပြုံးလိုက်ပြီး လှည့်ထွက်သွားသည်။ အားလုံး၏ မျက်စိရှေ့မှ သူ၏ပုံရိပ် ပျောက်ကွယ် သွားလေသည်။
….
သုံးရက်ကြာပြီးနောက် ယဲ့ဖန်သည် ပိုင်ရွှယ်ကိုခေါ်၍ ထောင်ဟွာမြို့သို့ သွားကြလေသည်။ သို့သော် နတ်ဆိုးနဂါး ဖုရှန်နှင့် သတ်ဖြတ်ခြင်း နတ်ဆိုးသခင်တို့ကို သူတို့နှင့်အတူ မခေါ်သွားပေ။ သူတို့အား ကျုံးလီအာနှင့် ကျုံးဝမ်ကို ကာကွယ်ရန် ပြန်လွှတ်လိုက်သည်။ ပိုင်ကျန့်ချင်း ဘောင်ကျော်၍ ရန်ရှာလာမည်ကို ယဲ့ဖန် စိုးရိမ်သောကြောင့် ဖြစ်လေသည်။
ထန်မင်လီနှင့် အခြားသူများမှာမူ သူတို့၏ ဩဇာလွှမ်းမိုးမှုက ကြီးမားပြီး မြို့ကြီးတစ်ခု၏ အုပ်ချုပ်သူများ ဖြစ်သောကြောင့် ပိုင်ကျန့်ချင်း သူတို့အပေါ် လွန်လွန်ကျူးကျူး ရန်မလုပ်လောက်ပေ။
ပိုင်ရွှယ်သည် အသစ် တည်ဆောက်ထားသော အုတ်ဂူရှေ့၌ ရပ်နေ၏။ သူမကိုယ်တိုင် မြှုပ်နှံပေးခဲ့သော မိခင် ဖြစ်သူ၏ အုတ်ဂူ အဖွင့်ခံလိုက်ရသဖြင့် ယခု ထောင်ဟွာမြို့၏ အကြီးဆုံး သင်္ချိုင်းမြေ၌ ပြန်ရွှေ့၍ မြှုပ်နှံ ထားခဲ့သည်။
လက်ရှိတွင် သူမသည် အရှေ့မှ အုတ်ဂူကို စိုက်ကြည့်၍ အထင်သေးစွာ ပြောလာသည်။
“သမီး အမေ့လူနဲ့ တွေ့ခဲ့တယ်၊ အမေ့မျက်လုံးတွေက တော်တော် အမြင်မရှိတာပဲလို့ ပြောရမှာပဲ”
ယဲ့ဖန်သည် သူမတို့၏ သားအမိ စကားပြောသည်ကို နားထောင်လိုစိတ် မရှိသည့်အတွက် ပုန်းရှောင်နေခဲ့သည်။
“အခု အဲ့လူကို သမီးလက်နဲ့ သတ်ပစ်မယ်လို့ အမေ့ကို ပြောပြတာ၊ အမေ့ရဲ့ အကြီးမားဆုံးဆန္ဒက သူနဲ့ တစ်သက်လုံး နေဖို့ မဟုတ်လား၊ သူနဲ့ တစ်သက်လုံး နေဖို့ မဖြစ်နိုင်ပင်မယ့် သူနဲ့ အုတ်ဂူတစ်ခုတည်းမှာ အတူမြှုပ် ပေးဖို့တော့ ဖြစ်နိုင်ပါတယ်”
ပိုင်ရွှယ် ရယ်လိုက်မိသည်။ သင်္ချိုင်းကုန်း၌ ရယ်နေသူဟူ၍ သူမ တစ်ယောက်တည်းသာ ရှိလောက်သည်။ ထိုစဉ် လူတစ်စုက သူမထံ ရောက်လာသည်။ ဝတ်စုံပြည့် ဝတ်ထားသည့် လူဝကြီးက ပိုင်ရွှယ်ကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ဒါ မင်းမိသားစု အုတ်ဂူလား၊ မင်းလူကြီးတွေရော ဘယ်မှာလဲ”
ပိုင်ရွှယ်က သူ့ကို ခပ်မာမာ ပြန်ကြည့်လိုက်လေသည်။
“ဘာကိစ္စရှိလို့လဲ”
“မင်းအိမ်က လူကြီးကို လာခိုင်းလိုက်၊ မင်းတို့အုတ်ဂူကို ရွှေ့ရမယ်”
ရှုကျစ်ကောသည် ဤသင်္ချိုင်းမြေ၏ ညွှန်ကြားရေးမှူး ဖြစ်ပြီး မည်သူ့အုတ်ဂူအား မည်သည့်နေရာသို့ ရွှေ့မည် ဟူသည့် ကိစ္စအပါအဝင် ကိစ္စကြီးငယ်များအား တာဝန်ယူ ဆောင်ရွက်ရသည်။
သူ့အနောက်၌ လူချမ်းသာ တစ်ယောက် ရပ်နေပြီး ယခင်က ဆရာသခင်တစ်ယောက်ကို ခေါ်လာခဲ့ဖူးသည်။ ထိုဆရာသခင်က ပိုင်ရွှယ်မိခင်၏ အုတ်ဂူရှိနေရာသည် ဖုန်းရွှေ ရတနာသိုက်ဟု ပြောသဖြင့် ထိုလူချမ်းသာက နှစ်သန်းပေး၍ အုတ်ဂူမြေနေရာကို ဝယ်ယူခဲ့သည်။
အုတ်ဂူပြုလုပ်ရာ၌ နှစ်သိန်းသာ ကုန်ကျသဖြင့် ရောင်းလိုက်လျင် ရှုကျစ်ကောက အမြတ်တစ်သန်းကျော် ပိုရသေးသည်။ ယခင်က ပိုင်ရွှယ်ကို သူ အကြိမ်ပေါင်းများစွာ ဆက်သွယ်ခဲ့သော်လည်း တစ်ခါမှ ဆက်သွယ် မရခဲ့ပေ။ သူ လူများခေါ်၍ အုတ်ဂူကို တူးမည့်အချိန်၌ ပိုင်ရွှယ် ရောက်လာလိမ့်မည်ဟု ထင်မထားမိပေ။
“အုတ်ဂူကို ရွှေ့မယ် ဟုတ်လား၊ ဘာလို့ ရွှေ့ရမှာလဲ”
ပိုင်ရွှယ်၏ အသံက ရုတ်တရက် အေးစက်လာသည်။ သူမမိခင်အား မြှုပ်နှံထားသည်မှာ တစ်နှစ်ပင် မပြည့်သေး သော်လည်း ထပ်ရွှေ့ရမည်တဲ့လား။
*အုတ်ဂူကို ထပ်ရွှေ့ရမှာလား*
*ငါ့အမေကို ထပ်ပြီး ခံစားခိုင်းဦးမလို့ပေါ့လေ*
“ရွှေ့ဆိုရွှေ့လိုက်ပေါ့၊ ဘာလို့ အရေးမပါတာတွေ မေးနေတာလဲ”
ရှုကျစ်ကော စိတ်မရှည်တော့ပေ။ ဤနေရာ၌ ကလေးမလေး တစ်ယောက်သာ ရှိနေသည်ကို တွေ့ရသဖြင့် သူမ မေးမြန်းနေသည်ကို ဖြေဆိုရန် စိတ်မပါတော့ချေ။
“လူကြီးတွေကို မြန်မြန်ခေါ်ပြီး အုတ်ဂူ ရွှေ့ခိုင်းလိုက်၊ သုံးရက်အတွင်း ရွှေ့ပစ်၊ သွား … အချိန်ဆွဲမနေနဲ့၊ စိတ်မပူနဲ့ မင်းကို ပိုက်ဆံ ပေးမှာပါ”
“နင့်ရဲ့ နံစော်နေတဲ့ ပိုက်ဆံကို ငါ မလိုသလို အုတ်ဂူကိုလည်း မရွှေ့ဘူး၊ အုတ်ဂူနေရာကို ဆယ်နှစ် အတိုင်းအတာနဲ့ ဝယ်ထားတာ၊ ဘာလို့ လာရွှေ့ခိုင်းနေတာလဲ”
ပိုင်ရွှယ် အသံမာမာဖြင့် ပြောလိုက်ပြီး သူမဒေါသက ချက်ချင်း ထွက်ပေါ်လာသည်။ သူမမိခင်၏ အားနည်းသော အကျင့်စရိုက်ကို သူမ မုန်းသော်လည်း သူမမိခင်ကို မုန်းသည်ဟု မဆိုလိုပါ။ သူမ မုန်းခဲ့သည်ဆိုလျင်လည်း မိခင်ဖြစ်သူ အသေစောသည့်အတွက်သာ ဖြစ်ပေလောက်သည်။
*ငါ့အမေက မသေခင်ကတည်း တစ်နေ့မှ ကောင်းကောင်း မနေခဲ့ရသလို သေပြီးသွားလည်း ထပ်ခံစားရ ဦးမှာလား*
သူမ ထိုသို့ အဖြစ်မခံနိုင်ပါ။ သူမ မသေမချင်း ထိုသို့ မဖြစ်မခံနိုင်ပေ။
“ဟားဟား … ဒါဆိုလည်း ငါ မင်းကို မကူညီနိုင်တော့ဘူး”
ရှုကျစ်ကောက မာရေကြောရေဖြင့် ရယ်မောကာ လက်သုံးချောင်း ထောင်ပြလေသည်။
“သုံးရက်၊ သုံးရက်အတွင်း အုတ်ဂူရွှေ့ဖို့ လူမရှာနိုင်ဘူးဆိုရင် ငါ လူလွှတ်ပြီး မင်းမိဘဆွေမျိုးရဲ့ အုတ်ဂူကို တူးရလိမ့်မယ်၊ အဲ့အခါကျမှ ကြည့်ရဆိုးတယ်လို့ လာအပြစ်မတင်နဲ့”
သူ့အား မည်သည့်အရာမှ မတားဆီးနိုင်ပါ။ သူ သန်းချီရမည့် ကိစ္စဖြစ်သဖြင့် မည်သူ လာတားတား သူ ဂရုမစိုက်ပေ။ ဤသင်္ချိုင်းမြေ၌ သူသည် လုပ်ပိုင်ခွင့်ရှိသူ ဖြစ်သည်။ သင်္ချိုင်းမြေကို ပိုင်ဆိုင်သူကလည်း သူ့ယောက်ဖ ဖြစ်သည်။
“သုံးရက်တောင် မလိုဘူး၊ ဒီနေ့နဲ့တင် ပြီးတယ်”
ထိုစဉ် ပိုင်ရွှယ်၏ အနောက်မှ အေးစက်စက် အသံတစ်သံနှင့်အတူ ယဲ့ဖန် ပေါ်လာသည်။ ရှုကျစ်ကောက ယဲ့ဖန်၏ အဝတ်အစားကို တစ်ချက်ကြည့်ပြီး အထင်သေးသလို ပြုံးလိုက်သည်။
*ဆင်းရဲသားကိုး၊ ငါက ဘာကိုကြောက်ရမှာလဲ*
“မင်းက သူ့မိသားစုဝင် ဟုတ်တယ်မလား၊ လက်ရှိအခြေအနေကို မင်း သတိထားမိမှာပါ၊ သုံးရက်အတွင်း ရွှေ့ရမယ်ဆိုတာကို မှတ်ထားပါ၊ မဟုတ်လို့ကတော့ ငါ့ကို ရိုင်းတယ်လို့ လာမပြောနဲ့”
ရှုကျစ်ကောက ကြမ်းကြုတ်စွာ ခြိမ်းခြောက်လေသည်။
“သုံးရက် မလိုဘူး၊ ဒီနေ့နဲ့တင် ပြီးတယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က ဘေးပတ်လည်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“မင်းက တစ်ခြားလူတွေရဲ့ အုတ်ဂူကို ဒီလောက် ကြိုက်မှတော့ … ဒီနေ့ ဒီနေရာမှာ မင်းအတွက် အုတ်ဂူကို စိတ်ကြိုက် ရွေးပါလား”
စာစဉ် ၈၄ ဤတွင် ပြီးပါပြီ။