← Chapters

Chapter 22

Vol. 3 Ch. 22

Chapter 22

Vol. 3 Ch. 22

ကျားလိမှာ ရှောင်ဟွေ့၏ကလေးဆန်ဆန်စကားကြောင့် ရယ်လိုက်ကာဆက်ပြောသည်။

"မင်းအနေနဲ့ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေအစွမ်းကုန်ကြိုးစားကြည့်ပြီးမှ အဖြေထုတ်စမ်းပါ။ ပြီးတော့သူကရော မိန်းကလေးတွေပဲကြိုက်တာပါလို့ယူဆမနေနဲ့လေ။ အနည်းဆုံးတော့ကြိုးစားအားထုတ်မှုလေးတစ်ခုခုနဲ့စမ်းသပ်ပြီးမှ တရားသေတွက်ပေါ့။

ဒီအတိုင်းထိုင်ပြီးငိုင်နေလို့ကတော့ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ရှောင်ဟွေ့ မင်းရဲ့ဘဝကိုမင်းပဲပိုင်တာပါ။ ဒီလိုစဉ်းစားကြည့်လေ မင်းဘဝကိုမင်းကအထည်တစ်ခုချုပ်သလို ချုပ်နေတယ်လို့တွေးကြည့်။ ချုပ်တာမှားသွားခဲ့ရင် ပြန်ဖြည်ပစ်လိုက်။ ပေါက်ပြဲသွားခဲ့ရင်လည်း ပိုပြီးလှပတဲ့အထည်တစ်ထည်ဖြစ်လာအောင် လှလှပပလေးဖာထေးပစ်။

မှားသွားမှာကိုကြောက်စရာမလိုဘူး။ အမှားမလုပ်မိမှာကိုပဲစိုးရိမ်ရမှာ ရှောင်ဟွေ့ရဲ့။ ဘဝရဲ့ အတွေ့အကြုံ၊ရင့်ကျက်မှု၊ဆင်ခြင်တုံတရား အဲ့တာတွေကအမှားတွေလုပ်ရင်းကသင်ယူရတာပဲ။ အမှားတွေကနေ သင်ယူနိုင်ပြီဆိုမှ အရွယ်ရောက်လာမှာ အစ်မပြောတာနားလည်လား"

ရှောင်ဟွေ့မှာအေးအေးဆေးဆေးနေတတ်သော်လည်း ဉာဏ်ကောင်းသူဖြစ်၍ ကျားလိစကားအား နားလည်လေသည်။ ယခုသူ့ခံစားချက်မှာ ကြက်စွပ်ပြုတ်များပြည့်အင့်နေအောင်သောက်လိုက်ရ၍ အလွန်အမင်းတက်ကြွနေတော့၏။

"ဒါဆိုကျားလိကျဲ ကျွန်တော်သူ့ကိုဖွင့်ပြောလိုက်ရမလား"

ကျားလိမှာရှောင်ဟွေ့အားကြည့်ကာ ကူကယ်ရာမဲ့စွာပြောလိုက်သည်။

"ရှောင်ဟွေ့ရေ အဲ့တာကတော့ မင်းဘာသာစဉ်းစားဆုံးဖြတ်တော့လေ။ တစ်ခါတစ်လေ ဦးနှောက်ထက်နှလုံးသားကိုဦးစားပေးလိုက်တာကလည်း မမှားပါဘူး။ ဒါပေမယ့် မင်းအလောတကြီးတော့ ဆုံးဖြတ်ချက်မချနဲ့နော်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုလုပ်တော့မယ်ဆိုရင်တော့ အကျိုးဆက်ကိုသေချာစဉ်းစားပြီးမှဆက်လုပ်။ တစ်ခေါက်ကိုတစ်လှမ်းသွားတာက အချိန်ကြာမယ်ဆိုပေမယ့် ဆုံးရှုံးမှုအနည်းဆုံးနည်းလမ်းပဲ"

ကျားလိမှာ သူမပြောသည်ကိုလေးလေးနက်နက်နားထောင်နေသော ရှောင်ဟွေ့အားကြည့်ကာ ထပ်သတိပေးလိုက်သည်။

"အန်တီယီတို့ကိုတော့ မသိစေနဲ့ဦး။ ဖွင့်ပြောရမယ့် အခြေအနေရောက်မှသာ သေချာပြင်ဆင်ပြီးပြောပြလိုက်။ အစ်မလည်း အန်တီယီတို့ ဒီလိုပက်သက်မှုမျိုးကို နားလည်ပေးနိုင်အောင် ဖြည်းဖြည်းချင်းနားသွင်းထားလိုက်မယ်"

ရှောင်ဟွေ့မှာ ကျားလိ၏အဘက်ဘက်မှကူညီအားပေးနေမှုကြောင့် ကျေးဇူးတင်သွားရပြီး နှမျောတသဖြစ်နေဟန်ဖြင့်ပြောလာသည်။

"ကျားလိကျဲသာ ကျွန်တော်တို့ အစ်မအရင်းဖြစ်ရင်သိပ်ကောင်းမှာပဲ။ အဲ့လိုဆို ကျွန်တော်တို့တွေ အတူတူကြီးပြင်းလာကြမှာ"

ကျားလိမှာရှောင်ဟွေ့နဖူးအားတောက်ရင်း ‌

"ဘာလဲ မင်းတို့ရဲ့အစ်မအရင်းမဟုတ်တော့ လေးစားမှုမပေးနိုင်ဘူးဆိုတဲ့စကားလား။ အန်တီယီဆီသာ သွားတိုင်လိုက်ရင်မင်းတော့ အရိုက်ခံရတော့မှာပဲ"

ရှောင်ဟွေ့မှာ လက်တစ်ခါခါဖြင့်ငြင်းဆန်လာသည်။

"ကျွန်တော်က အဲ့လိုအဓိပ္ပာယ်နဲ့ပြောတာမဟုတ်ပါဘူး။ ဒီအတိုင်း ကျွန်တော်ဘယ်လိုရှင်းပြရမလဲ"

ကျားလိမှာရှောင်ဟွေ့၏ ပျာပျာသလဲဖြစ်နေမှုကြောင့်ရယ်လိုက်သည်။

"သိပါတယ်။ အစ်မကမင်းကို စနေတာလေ။ ဘာပဲဖြစ်ဖြစ် အခုအစ်မကဒီမှာရှိနေပြီပဲကို"

"အင်း ဟုတ်တယ်။ အား!!!ဟုတ်သားပဲ ကျားလိကျဲသာ ကျွန်တော်တို့ အစ်ကိုကြီးကို လက်ထက်လိုက်ရင်လည်း ကျွန်တော်တို့အစ်မဖြစ်လာမှာပဲ။ ကျားလိကျဲ ကျွန်တော်တို့ အစ်ကိုကြီးကို စဉ်းစားပေးပါလား။ သူကကျွန်တော်တို့ထက် အရပ်ပိုရှည်ပြီး ပိုချောတာနော်။

ပြီးတော့ ကာကွယ်စောင့်ရှောက်‌ေပးတတ်သေးတယ်။ ဒါမဆိုးဘူးနော်...ကျားလိကျဲ အစ်ကိုကြီးကဆောင်းဦးပွဲမတိုင်ခင်ပြန်လာမှာဆိုတော့ တွေ့ပြီးအကဲဖြတ်ကြည့်ပါလား"

ကျားလိမှာ ထိုစကားကြောင့်ရှက်ရွံ့သွားရကာ ရှောင်ဟွေ့အားဆူလိုက်၏။

"ဒီကလေးကတော့ လူကြီးကိုဘာတွေလျှောက်စနေမှန်းမသိဘူး။ သွားသွား အိပ်ချေတော့"

ရှောင်ဟွေ့မှာ ကျားလိရှက်ရွံ့သွားသည်ကိုမြင်၍ရယ်မောကာ သူ့အခန်းဆီပြန်ရန်မသွားခင် နောက်ပြောင်သွားသေးသည်။

"ဟုတ်ကဲ့ပါ ဒါနဲ့အတွေးမမှားနဲ့နော် ကျားလိကျဲ။ ကျွန်တော့်အစ်ကိုမလို့ ပြောတာမဟုတ်ပေမယ့် အစ်ကိုကြီးကတစ်ကယ့်အိမ်ထောင်ဘက်ကောင်းတစ်ယောက်နော်"

ကျားလိမှာ ရှောင်ဟွေ့ထွက်သွားသည်နှင့် အိမ်ထဲပြန်ဝင်ကာ အိပ်ရာဝင်ရန်ပြင်တော့သည်။ သို့သော်ရှောင်ဟွေ့၏ စကားများအား ပြန်ကြားယောင်ပြီး အိပ်မပျော်နိုင်တော့ပေ။ ယခင်ကသူမမှာလည်း အခြားမိန်းကလေးများလို အချစ်ကိုခံစားကြည့်ချင်ပါသော်ငြား သူမ၏မအားလပ်သောအချိန်စာရင်းများကြောင့် ထိုအတွက်အချိန်မပေးနိုင်ခဲ့ပေ။

သို့သော်ယခုတွင်တော့ သူမမှာချစ်ကြိုက်ကြည့်ရန် ကြိုးစားကြည့်ချင်သည်။ သူမအာရုံအား အပြည့်အဝဆွဲဆောင်နိုင်သူအား ကြုံခဲ့ရပါက သူမလည်းလက်လွတ်ခံမည်မဟုတ်ပေ။ ယီချန်အဖို့တော့ သူမမှာသူ့အတွက်အမြင်ကောင်းများရှိနေပြီး ယီမိသားစုအပေါ်လည်းသံယောဇဉ်ရှိနေ၍ သူသာသူမအားဖမ်းစားနိုင်လျှင် သူမလည်း‌သူ့ကျော့ကွင်းထဲဆင်းသက်ရန်ကြောက်ရွံ့မနေပါပေ။

မနက်ရောက်သော် ကျားလိမှအိမ်မကြီးဘက်ထွက်လာစဉ် စက်ဘီးအားအဝတ်စုတ်ဖြင့် ကြိုးစားပမ်းစားသုတ်နေသော ရှောင်စန်းအားတွေ့လိုက်ရသည်။ ကျားလိအားတွေ့သည်နှင့် ရှောင်စန်းမှာပြုံးတုံ့တုံ့ဖြင့်နှုတ်ဆက်လာ၏။

"ကျားလိကျဲ ကောင်းသောမနက်ခင်းပါ။ ဒီနေ့တော့ အမေကမနက်စာလုပ်နေတယ်။ ကျွန်တော်လည်း ခဏနေခေါင်းကိုင်အဖေဆီသွားတော့မှာ။ ဒါနဲ့ကျားလိကျဲ လောင်အာ့ကလည်း စက်ချုပ်သင်တော့မလို့တဲ့။ မြို့ထဲမှာသူ့အတွက်ဆရာတောင်ရှာပြီးပြီတဲ့လေ။ အမေကသူ့ကိုတစ်ယောက်တည်း စီစဉ်လိုက်လို့ ဆူပူနေတာ မနက်စာလုပ်ဖို့သွားတဲ့အထိပဲ။

ပြီးတော့ သူကမြို့ထဲကနေအပြန်ကျ ကျွန်တော်နဲ့လိုက်ရမှာဆိုတော့ တစ်နေကုန်အတွက် အစားအစာပြင်‌ေပးရမှာလေ။ ခုကျကတိုက်ကရိုက်ကြီးဖြစ်သွားတော့ အမေသူ့ကိုဘာထည့်ပေးမလဲမသိဘူး"

ကျားလိလည်း ခေါင်းငြိမ့်ပြလိုက်ကာ သူမအခန်းဆီပြန်လှည့်ရင် ပေါင်မုန့်နှင့် ကိတ်မုန့်အချို့အား သယ်လာခဲ့လိုက်သည်။ အိမ်မကြီးထဲဝင်လာသော် ခယ့်ရှင်းနှင့် ရှောင်စစ်တို့ကစားနေကြသည်ကို တွေ့လိုက်ရပြီး ရှောင်ဟွေ့မှာ သူတို့အားစောင့်ကြည့်နေ၏။ ကျားလိမှမုန့်များဖြင့်ဝင်လာသည်ကို တွေ့သော် ရှောင်စစ်တို့မှာ ဝမ်းသာအားရနှုတ်ဆက်လာသည်။

ကျားလိလည်း သူတို့အားမုန့်အချို့ပေးကာ ထမင်းစားပြီးမှစားရန်သတိပေးလိုက်ပြီး ကျန်သည်တို့ကို ရှောင်ဟွေ့အားပေးလိုက်၏။

"ရော့ ဒါတွေယူသွားလိုက်။ မင်းဒီနေ့ကစပြီး မြို့ထဲသွားစက်ချုပ်သင်တော့မှာဆို"

ရှောင်ဟွေ့မှာ မုန့်များအားလက်ခံလိုက်ကာ ပြန်ဖြေလာသည်။

"ဟုတ်ပါတယ်။ ကျားလိကျဲပြောသလို ဖားကိုပြုတ်တော့မယ်လေ။ ကျေးဇူးပဲနော် ကျားလိကျဲ။ ကျွန်တော် ရှေ့လျှောက်ဘာတွေလုပ်ရမယ်ဆိုတာကို တစ်ညလုံးစဉ်းစားခဲ့ပြီးပြီ"

ကျားလိလည်း အနားတွင်က‌ေလးများရှိ‌ေန‌ေသာ‌ေကြာင့် ခေါင်းသာငြိမ့်၍ စကားများများထပ်မပြောတော့ပေ။

"ကောင်းတာပေါ့။ မင်းအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်"

ရှောင်ဟွေ့မှာ ဝမ်းသာအားရခေါင်းငြိမ့်ပြလာ၏။ ကျားလိမှာ ဆော့နေကြသောကလေးနှစ်ယောက်ဘက်လှည့်ကာ မေးလိုက်သည်။

"ရှောင်စစ်နဲ့ရှောင်ရှင်းက ဒီနေ့ဘာမှလုပ်စရာမရှိဘူးလား"

ရှောင်စစ်တို့မှာဆော့နေသည်အား ရပ်ကာကျားလိဘေးဝင်ထိုင်၍ပြောလာ၏။

"ကျွန်တော်တို့ကျောင်းက ဆောင်းဦးရိတ်သိမ်းချိန်အတွက်ပါ ‌ပိတ်ပေးတော့ ဒီတစ်လလုံးနားရက်ရတယ်လေ။ ‌အဲ့တော့ ကျွန်တော်တို့တွေအားလပ်ရက်မှာ အဝကစားကြမှာ"

"အဒေါ်ယီရဲ့အလုပ်မှာလည်း သွားကူကြဦးမှာပါ"

"ဟုတ်တယ် ဟုတ်တယ်"

ကျားလိမှာသူတို့လေးတွေ၏အဖြေကြောင့် သူမအတွေးကိုပြောပြလိုက်သည်။

"ဒါဆို ရှောင်စစ်နဲ့ရှောင်ရှင်းတို့ အင်္ဂလိပ်စာသင်ချင်ကြလား။ အစ်မလည်းနားရက်ရထားတာဆိုတော့ မင်းတို့ကိုသင်ပေးနိုင်တယ်"

ကလေးနှစ်ယောက်မှာ သင်ယူလေ့လာရန်တက်ကြွကြသူလေးများဖြစ်ကြရာ ဝမ်းသာအားရအတည်ပြုလာ၏။

"တစ်ကယ်လား ကျားလိကျဲ။ ကျွန်တော်တို့ ကိုအင်္ဂလိပ်စာတစ်ကယ်သင်ပေးမှာလား"

"ပျော်စရာကြီး ညီမကအင်္ဂလိပ်စာမှာနည်းနည်းအားနည်းတယ်။ ကျားလိကျဲသာ သင်ပေးရင် အတန်းထဲညီမနောက်ကောက်မကျတော့ဘူး"

"ဟုတ်ပါပြီ။ ဒါဆိုအစ်မမင်းတို့အတွက် အချိန်ဇယားဆွဲထားလိုက်မယ်နော်"

"ဟုတ်ကဲ့ပါ"

"ရေးးး"

အမေယီမှာဟင်းခွက်များသယ်လာစဉ် ကလေးများ၏အော်ဟစ်သံကြောင့် ဆူလိုက်ရာ ရှောင်စစ်တို့ကရှင်းပြလိုက်၏။

"ရှောင်ကျား မင်းမှာအားလပ်ရက်ကရှားပါဘိနဲ့ အေးဆေးမနားဘဲ အလုပ်ရှုပ်ခံနေသေးတယ်"

"ရပါတယ် အန်တီယီရဲ့။ ကျွန်မလည်းတစ်နေကုန်ဘာမှမလုပ်ဘဲ နေ,နေရရင် အဆင်မပြေလို့ပါ။ သူတို့နဲ့နည်းနည်းပါးပါးအချိန်ဖြုန်းလိုက်တော့ ပျင်းစရာမကောင်းတော့ဘူးပေါ့"

အမေယီမှာကျားလိ၏စကားကြောင့် ထပ်မပြောတော့ဘဲ ကလေးများကိုသာသေချာသင်ယူရန်သတိပေးလိုက်သည်။ မနက်စာစားရန်လာသော ရှောင်စန်းမှာတော့ စာသင်စရာမလိုတော့၍ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချနေတော့၏။

ရှောင်စန်းမှာ သူ၏ခေါင်းကိုင်အဖေအိမ်တွင်ပင် နေ့လည်စာစားမည်ဖြစ်‌ေသာ‌ေကြာင့် အမေယီမှာ ရှောင်‌ေဟွ့အတွက်သာ စွပ်ပြုတ်ရည်ဘူးအပြင် မန်ထိုများအားနေ့လယ်စာအဖြစ်ထည့်ပေးလိုက်သည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်အား အစစအရာရာသတိထားရန် ပြောနေတော့၏။ ရှောင်စန်းမှာမနေနိုင်တော့ဘဲ အတွန့်တက်လိုက်သည်။

"အမေရယ် ကျွန်တော်တို့က ကလေးတွေမဟုတ်တော့ပါဘူး။ နားလည်နေပါပြီ။ ပြီးတော့မြို့ထဲသွားရတာလည်း သွားနေကျခရီးပဲကို ဘာလို့အရမ်းသတိပေးနေရတာလဲ"

အမေယီမှာရှောင်စန်း၏နားရွက်အားလိမ်ကာ ဆူတော့၏။

"ဟဲ့ ငါကနင်တို့ကို စိတ်ပူလို့ပြောနေရတာလေ။ လောင်အာ့က‌ေတာ့ထားပါ အဓိက,ကနင့်ကိုပြောနေတာ။ ဟိုရောက်ရင် ဆရာ့စကား‌ေသချာနားထောင်နော်။ ပြဿနာရှာတဲ့အသံကြားမိတာနဲ့ သေအောင်ရိုက်ပစ်မယ်"

"အမေ အမေ စကားနဲ့ပဲပြောလေ။ လက်ပါမလာနဲ့နော်။ ကျွန်တော်ကပြဿနာရှာတတ်တဲ့လူမဟုတ်ပါဘူး အာ့...အာ့..အား!!!သခင်မကြီးယီရေ လွှတ်ပေးပါတော့လို့"

အမေယီမှာရှောင်စန်းနားရွက်ကိုလွှတ်ပေးလိုက်ကာ ဆူပူလိုက်ပြန်သည်။ ညီအစ်ကိုနှစ်ယောက်မှာ စကားစကိုမနည်းဖြတ်၍မြို့ထဲသို့စောစောထွက်လာလိုက်၏။ အလုပ်သွားချိန်မှသာထွက်လျှင် ရွာသားများ၏မေးခွန်းများကြောင့် မြို့ထဲရောက်တော့မည်မဟုတ်ချေ။

All Chapters