← Chapters

Chapter 23

Vol. 3 Ch. 23

Chapter 23

Vol. 3 Ch. 23

ဆေးရုံခန်းတစ်ခုအတွင်းတွင် မျက်လုံးတစ်ဖက်အား ပိတ်စဖြူတို့ဖြင့်စည်းနှောင်ခံထားရသော လူတစ်ယောက်မှာကုတင်ထက် လှဲလျောင်းနေ၏။ ထိုလူမှာ ချောမောခန့်ညားသောသွင်ပြင်ရှိနေပြီး ဒဏ်ရာအရှိန်‌ေကြာင့်ဖြူဖျော့နေသည်ကိုပင် ဆွဲဆောင်အားတို့ကလျော့ကျမသွားခဲ့ပေ။

ထိုလူနာအားစစ်ဆေးနေသောဆရာဝန်အနားရှိ သူနာပြုလေးများမှာ နီရဲနေသောမျက်နှာများဖြင့် သတိလစ်နေသောကိုလူချောကို ရှက်ရွံ့စွာကြည့်နေကြသည်။ ဆရာဝန်မှလူနာအား သေချာစစ်ဆေးပြီးသည်နှင့် လူနာ၏အခြေအနေကိုတစ်ဖက်ရှိလူနာစောင့်အားပြောပြလိုက်၏။

"ဗိုလ်မှူးဟူ တပ်ခွဲမှူးယီရဲ့အပြင်ပိုင်းအခြေအနေရော ကိုယ်တွင်းပိုင်းအခြေအနေရောက ကောင်းပါတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးကထိခိုက်ထားတာဆိုတော့ အမြင်အာရုံနဲ့ပက်သက်ပြီး ဆေးစစ်ချက်ထုတ်ရလိမ့်မယ်။

သူသတိပြန်လည်လာပြီး ဒဏ်ရာကျက်သွားရင်တော့ စစ်ဆေးကြည့်လို့ရပါပြီ။ သူသတိပြန်လည်လာရင်တော့ စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်မဖြစ်ရအောင် သေချာလေးပြောပြပေးလိုက်ပါ"

ထိုလူနာ၏မျက်လုံးတစ်ဖက်တွင် ပြဿနာရှိနိုင်ကြောင်းကြားလိုက်သော် အနားရှိသူနာပြုလေးများမှာ လဲ‌ေလျာင်း‌ေနသူအားဂရုဏာသက်စွာ ကြည့်လိုက်ကြသည်။ ထိုလူချောလေးစိတ်ဓာတ်မကျစေရန် ဆေးရုံတွင်းရှိနေချိန်တွင် သူမတို့ကသေချာဂရုစိုက်ပေးရမည်ဟု ဆုံးဖြတ်ထားလိုက်ကြ၏။

သို့သော်သူမတို့၏ပူပန်မှုနှင့်ခြားနားစွာ လူနာစောင့်သည်တော့ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလာသည်။ သို့သော် အပေါ်ယံတွင်တော့ တည်ငြိမ်စွာပင်ခေါင်းငြိမ့်လိုက်၏။

"ကျေးဇူးပါပဲ ဒေါက်တာ။ ‌ေရှာင်ယီနားလည်သွားတဲ့အထိ သေချာရှင်းပြလိုက်မှာပါ။ ပြီးတော့သူကနဂိုကတည်းက စိတ်ဓာတ်ခိုင်မာတဲ့ကလေးမလို့ မြန်မြန်နလန်ထူလာနိုင်မှာပါလေ"

ဆရာဝန်မှာတစ်ဖက်လူအားလေးစားစွာကြည့်လိုက်သည်။ ဤလူသည် ဗိုလ်မှူးတစ်ယောက်ဖြစ်သော်လည်း လက်အောက်ငယ်သားတစ်ယောက်ကို လေးလေးစားစားဆက်ဆံပေးလေ၏။ ထို့ကြောင့် သူသည်နှုတ်မှထုတ်ကာ ချီးကျူးစကားဆိုလိုက်သည်။

"ဗိုလ်မှူးဟူယွမ်ချွမ်ကတော့ ကြားရတဲ့ကောလဟလတွေအတိုင်း တစ်ကယ်လေးစားစရာပါပဲ။ တစ်ကယ်လို့ လူနာနဲ့ပက်သက်ပြီး ကျွန်တော့်အကူအညီလိုခဲ့ရင်ရုံးခန်းကို လာရှာလို့ရပါတယ်"

ဟူယွမ်ချွမ်မှာနှိမ့်ချသောအမူအယာဖြင့်သာ ဆရာဝန်အားနှုတ်ဆက်၍ ဆရာဝန်ထွက်သွားသည်နှင့်တစ်ပြိုင်နက် မော်ကြွားသောအမူအယာတို့ကသူ့မျက်နှာထက်တွင် ထင်ဟပ်လာ၏။ သူသည် ကုတင်ထက်လှဲနေသူကို စူးရဲစွာစိုက်ကြည့်နေစဉ် လူနာခန်းတံခါးကပွင့်လာ၍လှမ်းကြည့်လိုက်ရာ အသက်၂၀ ဝန်းကျင်မိန်းကလေးတစ်ဦးဝင်လာပြီး ကုတင်ထက်ရှိလူအားကြည့်ကာ ဟူယွမ်ချွမ်ကိုမေးလိုက်သည်။

"အဖေ ယီချန့်အခြေအနေက ဘယ်လိုတဲ့လဲ။ သူအဆင်ပြေတယ်မလား"

ဟူယွမ်ချွမ်မှာ သမီးဖြစ်သူဟူလီနအားကြည့်၍ ပြောလာ၏။

"နန မင်းယီချန်နဲ့ရှုပ်ဖို့ကြံနေတာတွေ ရပ်လိုက်ရင်ကောင်းမယ်။ အန်းဝေကမင်းအပေါ် ရူးသွပ်နေတယ်ဆိုရင်တောင် သူကအရူးမဟုတ်ဘူး"

ဟူလီနမှာသူမအဖေစကားကြောင့် မသိမသာမျက်မှောင်ကြုတ်လိုက်မိပြီး ပြန်ဖြေလိုက်သည်။

"အဖေ သမီးကအန်းဝေကိုသူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားပေးနိုင်မယ်။ ပြီးတော့ ယီချန်နဲ့ရှုပ်နေတယ်လို့ ဘာကြောင့်ပြောရတာလဲ။ သမီးကယီချန့်ကို အစ်ကိုတစ်ယောက်လိုဆက်ဆံတာလေ"

ဟူယွမ်ချွမ်မှာ သမီးဖြစ်သူစကားကြောင့် မျက်လုံးများမှေးကျဉ်းကာ ပြောလိုက်၏။

"ယီချန်ကငါမွေးထားတဲ့လူမဟုတ်လို့ အစ်ကိုတစ်‌ေယာက်လိုဆက်ဆံတာပါဆိုတဲ့ မင်းရဲ့ဆင်ခြေ‌ကို ထုတ်သုံးမလာနဲ့။ ပြီး‌ေတာ့အခုဆို ယီချန်ကမသန်မစွမ်းတစ်ယောက်ဖြစ်နေပြီ။ မင်းသာပြတ်ပြတ်သားသားမရှိရင် ဖြစ်လာမယ့်အရာတွေကိုရင်ဆိုင်ရမယ့်လူက မင်းပဲ။ ငါကဝင်ပါနေမှာမဟုတ်ဘူး"

ဟူလီနမှာ ထိုစကားကြောင့်ယီချန်၏ပတ်တီးစီးထားသော မျက်လုံးအားကြည့်လိုက်မိသည်။

"သူ့မျက်လုံးကထိခိုက်မိသွားတာလား"

"အဲ့ဒါကအရေးမကြီးဘူး။ သူ့ကိုဘယ်လိုဆုံးဖြတ်ရမယ်ဆိုတဲ့အချက်ကိုကိုင်ထားတာ အန်းဝေပဲ။ လာမယ့်တပ်မှူးရွေးချယ်တဲ့နေရာမှာ အန်းဝေကဦးစားပေးတစ်ယောက်ဖြစ်လာမှာ။ မင်းသာယီချန့်ကို မပြတ်မသားအပြုအမူတွေ ဆက်လုပ်ဖို့ကြံနေမယ်ဆို အန်းဝေကလည်းလွှတ်ထားမှာမဟုတ်ဘူး။

သူ့အခြေအနေနဲ့ဆို ထိပ်ဆုံးရောက်ဖို့ကတစ်ခဏပဲ။ မင်းသာလက်ထဲရှိတဲ့အခွင့်အရေး ကောင်းကောင်းမဆုပ်ကိုင်ထားနိုင်ရင် အခြားလူကလာလုမှတွန့်ဆုတ်မနေနဲ့။ နန အဖေကသမီးအပေါ်အန်းဝေလောက်စိတ်ရှည်ရှည်ထားမှာမဟုတ်ဘူးနော်။ ရှေ့ဆက်ပြီးဘာလုပ်မယ်ဆိုတာ သေချာစဉ်းစားပေါ့"

ဟူယွမ်ချွမ်မှာ ဟူလီနအားလူနာခန်းထဲထားခဲ့ကာ ပြန်ထွက်သွား၏။ ဟူလီနမှာ လက်သီးတင်းတင်းဆုပ်ကာ နာခံတတ်‌ေသာအကြည့်မှ အထင်တသေးအမူအယာပြောင်းသွားကာ သူမဖခင်ထွက်သွားသည့်ဘက်ကို ကြည့်ရင်းပြောလိုက်သည်။

"အဖေ့ရဲ့အနာဂတ်ရာထူးက အန်းဝေအပေါ်မူတည်နေတယ်လို့သာပြောလိုက်ပြီးနေတာကို ဘာလို့လှည့်ပတ်‌ေပြာ‌ေနရတာလဲ"

ထို့နောက်ကုတင်ပေါ်လှဲနေသောယီချန်ဆီလျှောက်သွားကာ ပတ်တီးစပေါ်လက်တင်၍ တီးတိုးရေရွတ်လာ၏။

"သနားစရာပဲ...."

ဟူလီနမှာယီချန်အား စိုက်ကြည့်လိုက်ပြီး မည်သည်တို့ကိုတွေးနေမှန်းမသိရသော်လည်း ခဏအကြာတွင်လူနာခန်းထဲမှထွက်သွားလိုက်သည်။ သူမထွက်သွားသည်နှင့် သတိလစ်နေသောယီချန်၏မျက်လုံးများမှာ ပွင့်လာခဲ့၏။

ယီချန်မှာမျက်လုံးများအားဖွင့်လိုက်သည်နှင့် မျက်နှာကျက်အဖြူကြီးအား တွေ့လိုက်ရကာအံ့ဩမင်သက်သွားရသည်။ ‌ေမြပြင်မှအမြင့်ပေသောင်းကျော်တွင် ပျံသန်းနေသည့်လေယာဉ်ကြီးပျက်ကျသွားသည်ကိုပင် သူကကောင်းကောင်းကြီးအသက်ရှင်နေသေးသည်။ ယီချန်မှာသူ့တွင်လျှို့ဝှက်သွေးမျိုးဆက်များရှိနေသလားဟုတောင်ထင်မိသွား၏။

အန္တရာယ်ကြုံချိန်တွင်သွေးမျိုးဆက်ကနိုးထလာပြီးသူ့အားကယ်လိုက်ပုံကိုပင် စိတ်ကူးကြည့်နေသေးသည်။ ယခုသူသည်အသက်ရှင်နေသေးရာ သူ့အားအင်တာဗျူးချင်ကြမည့် သတင်းဌာနများမှာလည်း ဒုနှင့်ဒေးရှိနေလောက်မည်။ ထို့ပြင်သူ၏ချောမောခံ့ညားသောရုပ်အဆင်းကြောင့် အင်တာဗျူးထုတ်လွှင့်ပြီးချိန်တွင် ကြုံတွေ့လာနိုင်သည့် မိန်းကလေးဖန်အုပ်စုကြီးအားတွေးမိကာ ယီချန်သည် စိတ်ပျက်အားလျော့စွာသက်ပြင်းချလိုက်မိ၏။ သူသည်‌နာမည်ကြီးတစ်ယောက်ဖြစ်မလာချင်ပေမယ့် သူ၏အနေအထားနှင့်ရုပ်ရည်ကခွင့်မပြုခဲ့ချေ။

ယီချန်မှာအင်တာဗျူး‌ချိန်တွင် မေးလာနိုင်သည်တို့အားစဉ်းစားနေစဉ် သူ၏ဦးခေါင်းမှရုတ်ချည်းခံစားလိုက်ရ‌ေသာ ပြင်းထန်လှသောနာကျင်မှုလှိုင်းကြောင့် အန်ထွက်တော့မလိုဖြစ်သွားရသည်။ ထို့ကြောင့်အရင်ဆုံးဆရာဝန်ခေါ်ရန်လုပ်လိုက်စဉ် စူးတက်သွားသောညာဖက်မျက်လုံးကြောင့် သတိလစ်သွားတော့သည်။

ယီချန်သတိပြန်ရလာချိန်တွင် ညအချိန်သို့ပင်ရောက်နေလေပြီဖြစ်၏။ သူ၏ခေါင်းထဲစီးဝင်နေသော စိမ်းသက်သက်အကြောင်းအရာများကို ချေဖျက်ရင်း ယီချန်မှာဆဲဆိုလိုက်မိသည်။

"ငိုး...ငါ့မှာတော့ အင်တာဗျူးဖြေဖို့တောင်စဉ်းစားနေတာကို တစ်ကယ်တမ်းကျငါကသေသွားပြီးပြီပေါ့လေ။ ပြီးတော့ ငါ့ရဲ့ဘိုးဘေးတွေခေတ်ကိုတောင်ရောက်လာသေးတယ်"

ယီချန်မှာမကျေမနပ်ရေရွတ်နေသော်လည်း အသက်ရှင်နေသေးသည့်အတွက် ဝမ်းသာနေတော့၏။ မူလကိုယ်အတွက်တော့ စိတ်မကောင်းဖြစ်မိပေမယ့် သူလည်းပဲဘာမှမဆိုင်ဘဲဆွဲသွင်းခံလိုက်ရခြင်းပါပင်။ ယီချန်မှာ သူ့မှတ်ဉာဏ်ထဲရှိမူလကိုယ်အကြောင်းကို ပြန်စဉ်းစားလိုက်သည်။

ဤကိုယ်မှာအသက်၁၅နှစ်အရွယ်၌ဖခင်ဖြစ်သူအား ဆုံးရှုံးလိုက်ရကာ ထိုအချိန်မှစ၍မိသားစု၏ဝန်ကိုထမ်းရန် အကျိုးခံစားခွင့်များများရှိသော စစ်တပ်ထဲဝင်ခဲ့၏။ သူ့၌မုဆိုးမမိခင်အပြင် ညီငယ်လေးသုံးဦးပင်ရှိသေးသည်။ လက်ရှိယီချန်မှာ မိဘမဲ့တစ်ဦးဖြစ်သော်လည်း များပြားလှသောအမွေပစ္စည်းများအပြင် ထက်ရှလှသောစီးပွားရေးအမြင်ကြောင့် ပူပင်ကြောင့်ကြမဲ့စွာကြီးပြင်းခဲ့ရသူဖြစ်၏။

ထို့ကြောင့်ယီချန်မှာ မူလကိုယ်၏အခက်အခဲများကိုသိရှိနိုင်သော်လည်း နားမလည်နိုင်ချေ။ ထို့ပြင်မိသားစုနှင့်မည်ကဲ့သို့ ပြောဆိုဆက်ဆံရမည်ကိုလည်းမသိပေ။ သို့သော်မူလကိုယ်မှာ တစ်သီးတစ်သန့်နေတတ်သူဖြစ်၍ ယီချန်သည်သူ၏ပင်ကိုယ်အကျင့်အတိုင်းနေ၍လည်းဖြစ်လေရာ သက်ပြင်းချလိုက်မိသည်။ သူသည် အစားထိုးခံတစ်ယောက်အနေဖြင့် မရှင်သန်ချင်ပေ။

မူလကိုယ်၏မိသားစုအတွက်တော့ ခေတ်မီတိုးတက်သောခေတ်မှလာသူပီပီ လူလေးဦးအားရှာကျွေးရမည်မှာ မခက်ခဲချေ။ စီးပွားရေးဘုရင်ကြီးသူ့အနေဖြင့် ဘာမှမရှိသောသုညကပြန်စရမည်ဟု ထင်မထားမိခြင်းသာပင်။ ထို့ပြင်မူလကိုယ်က စစ်သားတစ်ယောက်ဖြစ်ရာ ထိုအကြောင်းကိုလည်းသူသေချာပြန်စဉ်းစားကြည့်ရဦးပေမည်။

ယီချန်သည် မူလကိုယ်၏မှတ်ဉာဏ်မှတစ်ဆင့်သူ၏လက်ရှိမိသားစုဝင်များဖြစ်လာမည့် သူများကိုဆန်းစစ်လိုက်သည်။ မိသားစုကိုအလိုလိုက်တဲ့အမေရှိပေသိ လိမ္မာသိတတ်သောညီငယ်များကြောင့် ယီချန်မှာသူ၏မိသားစုနှင့်တွေ့ဆုံရန်လောမိသွား၏။ ဝက်ဝံကလေးများမပါသောကြောင့် ယီချန်မှာစိတ်သက်သာရာရသွားသည်။ သို့သော်ယီချန်မှာ ညီငယ်များ၏နာမည်ကိုပြန်တွေးမိရင်းတောင့်တင်းသွားတော့၏။

*ယီချန်၊ယီဟွေ့၊ယီကျင်း၊ယီဇီ နေပါဦး။ ဒီနာမည်တွေက 'အာဏာရှင်ကြီးက ကျွန်မကိုချစ်မိသွားတယ်' ဆိုတဲ့ ပေါကြောင်ကြောင်နိုဗယ်ထဲကအမြှောက်စာဇာတ်ကောင်တွေရဲ့ နာမည်တွေမဟုတ်ဘူးလား*

ယီချန်မှာမိုးကြိုးပစ်ခံလိုက်ရသလို ခံစားသွားရသည်။ သူ၏ကံဆိုးမှုမှာ လေယာဉ်ပျက်ကျပြီးသေဆုံးခဲ့ရသည်ကိုတောင် မကျေသေး၍ ဆက်လက်ပေးဆပ်ရန် ဤနေရာသို့ပို့လိုက်ပုံရ၏။ အစောက အသက်ရှင်နေသေး၍ ပျော်ရွှင်နေသော စိတ်လေးမှာ သူ၏ပါးအားအချက်ပေါင်းများစွာရိုက်ချလာသည်။

ယီချန်သည်ထိုဝတ္ထုအား သူ၏အဆောင်နေသူငယ်ချင်းမှအပျင်းဖြေဖတ်ရန်ညွှန်းခဲ့၍ ဖတ်ကြည့်ခဲ့ခြင်းပင်။ ထိုဝတ္ထုရေးသူမှာ ဇာတ်လိုက်နှစ်ယောက်အား ကောင်းချီးပေးချင်သည်လား ဆွဲချချင်သည်လားမသိရပေမယ့် ဝတ္ထုထဲတွင် ဇာတ်လိုက်နှစ်ယောက်၏ရုပ်ရည်မှာ အဆိုးဝါးဆုံးဖြစ်သည်။ ထို့ကြောင့်လည်း ထိုစာရေးဆရာမှာ အနည်းငယ်နာမည်တက်သွားသေး၏။ ယီချန်မှာ သူဖတ်ခဲ့သည့်ဇာတ်ကြောင်းအား ပြန်လည်အစဖော်ကြည့်လိုက်သည်။

All Chapters