Chapter 28
Vol. 3 Ch. 28
ယီချန်မှာ ထိုအတွေးများအားတွေးရုံသာရှိသေးသော်လည်း သူ၏ညာဖက်မျက်လုံးမှာ မခံနိုင်လောက်အောင်စူးအောင့်လာ၏။ ထို့အပြင် ဤနယ်မြေအားဆုံးရှုံးရတော့မည်ဆိုသည့်ခံစားချက်ကိုရလိုက်ရာ ထိတ်လန့်သွားမိသည်။
“ဘာလဲဟ ငါကဒီနယ်မြေကိုအသုံးပြုဖို့စိတ်ကူးမရှိရင် ဒီနေရာကပျောက်ကွယ်သွားမှာဆိုတဲ့သဘောလား”
ယီချန်မှာထိုသို့တွေးလိုက်သည်နှင့် မျက်စိအောင့်နေသည်မှာသက်သာသွား၏။ ထိုသို့ဖြင့်ယီချန်လည်း အတည်ပြုရန် သုံးလေးခါလောက် မျက်စိအအောင့်ခံကာ စမ်းကြည့်လိုက်သည်။ သို့သော်ယီချန့်အနေနှင့်လည်း ဘာမှမလုပ်ဘဲထိုင်စားနေရန်အစီအစဉ်မရှိချေ။ ခန့်ညားပြီးတာဝန်ယူမှုအပြည့်ရှိသောသူ့လိုအမျိုးသားကောင်းလေးတစ်ဦးအနေဖြင့်စိန်ခေါ်မှုများအားမကြောက်ရွံ့ပေ။
ထိုသို့အတွေးဖြင့်ယီချန်မှာ သူ၏အာရုံအလုံးစုံအား မျိုးစေ့အိတ်များပေါ်ပို့လိုက်သည်။ ကြည့်ရသည်မှာ သူ၏အနာဂတ်အား ဤမျိုးစေ့များပေါ်ပုံအပ်ထားရတော့မည်ထင်၏။ ယီချန်သည်အရင်ဆုံးပန်းသီးအားစိုက်ပျိုးရန်ပြင်လိုက်သည်။ ပန်းသီးဆိုသည်မှာ လက်ရှိကာလတွင်လည်းရှိနေသောသစ်သီးဖြစ်ရာ သူ့အနေဖြင့်စိတ်ချလက်ချ စိုက်ပျိုးရောင်းချနိုင်၏။
သို့သော်မျိုးစေ့ထုတ်အားကိုင်ကာလုပ်ငန်းစရန်ပြင်မှ သူ့တွင်စိုက်ပျိုးရေးကိရိယာတစ်ခုမှရှိမနေသည်ကို သဘောပေါက်ကာ ဒေါသတကြီးအော်ဟစ်လိုက်မိသည်။ ထိုသို့ဖြင့် ယီချန်လည်းဝယ်ယူရမည့်ပစ္စည်းများအား စာရင်းဆွဲကာ အပြင်ဘက်ပြန်ထွက်လာ၏။ လက်ရှိသူ့လက်ထဲတွင် လက်မှတ်များရှိမနေရာ ဤပစ္စည်းများအားမှောင်ခိုဈေးတွင်သာသွားဝယ်ရမည်ဖြစ်၍ ထိုဈေးတည်နေရာအားသိအောင်လုပ်ရပေဦးမည်။
ထိုစဉ်ယီချန့်အတွေးထဲ စားဖိုဆောင်မှအဒေါ်ကြီးကပေါ်လာရာ မျက်နှာပူမိသော်လည်း သူမထံတွင်သာအကူအညီတောင်းကြည့်ရဦးမည်ဖြစ်၏။ လက်ရှိသူ့အခြေအနေအရ ဆေးရုံမှထွက်ခွင့်ရဦးမည်မဟုတ်ပေ။ ထိုအတွေးဖြင့်ယီချန်လည်း နယ်မြေထဲမှငွေအချို့ထုတ်ယူကာ စာရင်းစာရွက်ဖြင့် ကန်တင်းဆီထွက်လာလိုက်သည်။
နေ့လယ်စာစားချိန်နားနီးနေ၍ ကန်တင်းမှာအလုပ်ရှုပ်နေကြ၏။ ယီချန်လည်းမနက်ကထမင်းဘူးဝင်ပေးခဲ့သောနေရာဆီသွားကာ အဒေါ်ကြီးအားရှာလိုက်သည်။ ကြက်သွန်မြိတ်လှီးနေသောအဒေါ်ကြီးအားတွေ့၍ လှမ်းခေါ်လိုက်ရာ ယီချန့်အားခဏစောင့်ခိုင်း၍သူမအလုပ်အားပြီးအောင်သွက်သွက်လုပ်လိုက်၏။ ခဏအကြာတွင် ယီချန်ထံလျှောက်လာပြီး သိချင်စိတ်ဖြင့်မေးလာသည်။
“လူငယ်လေး မင်းအဒေါ့်ကိုဘာပြောစရာရှိလို့လဲ”
ယီချန်မှာဘေးဘီအားကြည့်ကာ လေသံတိုးတိုးဖြင့်မေးလိုက်သည်။ အဒေါ်ကြီး၏နား,နားတော့ ကပ်မပြောရဲပေ။ လက်ရှိကာလအရ အမျိုးသမီးတစ်ဦးနှင့် နီးကပ်လွန်းနေပါက ပြဿနာတက်သွားနိုင်၏။
“အဒေါ် ကျွန်တော်ပစ္စည်းအချို့ဝယ်ချင်တာ။ လက်ထဲမှာ လက်မှတ်ကလည်းရှိမနေသေးတော့ ဟိုနေရာကနေဝယ်ဖို့ပဲရှိတော့တယ်။ ဒါပေမယ့် ကျွန်တော့်လက်ရှိအခြေအနေအရ အပြင်ထွက်ဖို့ မဖြစ်နိုင်တော့ အကူအညီတောင်းစရာလူကလည်း အဒေါ်ပဲရှိတာလေ။ ဒီတော့မျက်နှာပူပေမယ့် အဒေါ်ဆီဒုက္ခပေးဖို့လာရတော့တာပါပဲ”
အဒေါ်ကြီးမှာယီချန်၏နှိမ့်ချေသာစကားကြောင့် မကျေမနပ်ဖြစ်ကာပြောလာ၏။
“လာပြီးဒုက္ခပေးတယ်ဆိုတာ ဘာသဘောလဲ။ လိုတာရှိရင် အဒေါ့်ကိုပြောဖို့ပြောထားတာလေ။ ဘာမှအားနာမနေနဲ့ မင်းဘာတွေလိုတာလဲပြောလိုက် အဒေါ်သွားကြည့်ပေးမယ်”
အဒေါ်ကြီး၏ စိတ်အားထက်သန်မှုကြောင့် ယီချန်လည်း စိတ်သက်သာရာရသွား၏။ ထို့ကြောင့် သူေရးမှတ်ထားသည့်စာရင်းစာရွက်နှင့်ဆယ်ယွမ်အားထုတ်ပေးလိုက်သည်။
“ဒီစာရင်းထဲကပစ္စည်းတွေလိုချင်တာပါ။ လက်ရှိပစ္စည်းဈေးနှုန်းကိုသိမထားတော့ ဆယ်ယွမ်ကလောက်ရဲ့လား မလောက်ရင်ထပ်ထည့်ရအောင်လို့လေ”
အဒေါ်ကြီးမှာ စာရင်းအားကြည့်ပြီး ငါးယွမ်ပြန်ပေးကာ ပြော၏။
“ငါးယွမ်ဆိုလောက်ပြီ။ ဒါပေမယ့်ပစ္စည်းကမနက်ဖြန်မှယူလိုက်နော်။ အဒေါ့်အိမ်အတွက်လိုတာလေးတွေလည်းကြည့်ရင်း တန်းဝယ်ခဲ့လိုက်ချင်လို့ပါ”
ယီချန်မှာအဒေါ်ကြီးမှ ပစ္စည်းများဝယ်ရသည့်အကြောင်းအရင်းကို မေးမလာရာ စိတ်သက်သာရာရသွားသည်။ အချိန်ကန့်သတ်ချက်ကတော့ ကိစ္စမရှိချေ။ သူဆေးရုံကမဆင်းရသေးခင်အတွင်း ရလျှင်အဆင်ပြေပြီဖြစ်၏။
“ကိစ္စမရှိပါဘူး။ သွားဝယ်တဲ့အချိန်အဒေါ်အနေနဲ့ အန္တရာယ်ကင်းရင်ရပါပြီ။ ကျွန်တော့်ကြောင့် အဒေါ်တစ်ခုခုဖြစ်ရင် မကောင်းဘူးလေ”
အဒေါ်ကြီးမှာ ချောမောခန့်ညားေသာလူငယ်ေလး၏ စိုးရိမ်စကားကြောင့် ကျေနပ်သွားကာရယ်ရင်းရှင်းပြလာ၏။
“တစ်ခုခုဖြစ်မှာတော့ပူစရာမလိုပါဘူး။ အဒေါ်တို့စီရင်စုရဲ့မှောင်ခိုဈေးပိုင်ရှင်က အကောင်ကြီးကြီးထဲကလေ။ အဲ့တော့ အေးအေးဆေးဆေးရောင်းလို့ဝယ်လို့ရတယ်။ ဒါပေမယ့် တရားဝင်တော့မဟုတ်ဘူးပေါ့”
ယီချန်မှာထိုစကားကြောင့်အံ့ဩသွားရကာ ပြန်မေးလိုက်သည်။
“အဲ့တော့ အဒေါ်ပြောချင်တာ တရားဝင်သာမဟုတ်တာ ခိုးကြောင်ခိုးဝှက်နဲ့ပြေးရင်းလွှားရင်းရောင်းစရာ ဝယ်စရာမလိုဘူးဆိုတဲ့သဘောပေါ့။ သိပ်ကောင်းတာပဲ”
“အဟုတ်ပဲ။ သူတို့ရှိလို့သာ အဒေါ်တို့စီရင်စုလည်းစားရေးသောက်ရေးအဆင်ပြေနေတာပေါ့”
ယီချန်လည်းထိုနေရာမှာ ရွေးချယ်မှုကောင်းတစ်ခုဟု ထင်လိုက်၍တည်နေရာအားမေးလိုက်ရာ အဒေါ်ကြီးကညွှန်းပေးလိုက်သည်။ ယီချန်လည်းအဒေါ်ကြီးအား ကျေးဇူးတင်စကားပြောကာ သူ၏အခန်းဆီပြန်ထွက်လာ၏။
“အဒေါ်ဒီပစ္စည်းတွေရရင် မင်းရဲ့လူနာခန်းဆီလာပို့လိုက်မယ်နော်”
“ကျေးဇူးပါ အဒေါ်”
စိတ်အေးလက်အေးဖြစ်သွားသော ယီချန်နှင့်ကွဲပြားသည့် ဟူယွမ်ချွမ်တို့ဘက်တွင်တော့ တိတ်ဆိတ်နေလေသည်။ ဟူယွမ်ချွမ်နှင့်အန်းဝေမှာမျက်မှောင်များကြုတ်၍အလိုမကျစွာထိုင်နေကြ၏။
“အဲ့တော့ဆရာပြောပုံအရဆို ယီချန်ကအတိတ်မေ့သွားတဲ့အပြင် ဘယ်အချိန်မှသတိပြန်ရလာမယ်ဆိုတာကလည်း မသေချာတဲ့ကိစ္စတစ်ခုပေါ့လေ။ ပြီးတော့ယီချန်ကစစ်တပ်ကနေတောင်ပင်စင်ယူပြီးအိမ်ပြန်ချင်နေသေးတယ်ပေါ့။ ဒီကိစ္စကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဟူယွမ်ချွမ်မှာလည်း ဒေါသတကြီးခေါင်းငြိမ့်ထောက်ခံလိုက်သည်။ သူသည်လည်း ကိစ္စများမှာဤအခြေအနေထိရောက်လာမယ်မှန်းထင်မထားခဲ့ပေ။ ထို့ပြင်သူပင်လျှင် ထိုသကောင့်သား၏ဆဲဆိုမှုကို ခံခဲ့ရသေး၏။ ဟူယွမ်ချွမ်သည်ယီချန့်အပေါ်မူလက သနားစိတ်ဖြင့်ဖေးမကူညီခဲ့ဖူးသည်။ သို့သော် ထိုလူမှာ အချိန်တိုအတွင်းသူ၏အရည်အချင်းများအားထုတ်ဖော်ပြသလာပြီး အထက်ရှိလူများအမြင်တွင် ပုံရိပ်ကောင်းတစ်ခုအနေဖြင့် အထင်ကြီးသွားစေ၏။
သူစစ်တပ်ထဲဝင်ပြီးနှစ်နှစ်မပြည့်ခင်မှာပင် သာမန်စစ်သားဘဝမှ တရိပ်ရိပ်ရာထူးတိုးလာခဲ့သည်။ ထိုအချက်မှာ ဟူယွမ်ချွမ်အားမနာလိုမရှုစိမ့်ဖြစ်စေသည်။ သူသည်လည်းဆင်းရဲသောနောက်ခံမှလာသူဖြစ်ပေမယ့် စစ်ထဲဝင်ပြီး ဆယ်စုနှစ်နှစ်ခုစာလောက်ထိ အခွင့်အရေးမရခဲ့ချေ။ သို့သော်သူ့တုန်းကထက်ပင်ငယ်ရွယ်သောအသက်ဖြင့် စစ်ထဲဝင်လာသည့်ယီချန်မှာ သူ့ကိုကျော်လွန်သွားခဲ့သည်။ ထို့အကြောင်းများကြောင့်လည်း သူသည်အန်းဝေအားကူညီပေးနေမိခြင်းပင်။ သို့သော်လက်ရှိဖြစ်ပျက်သွားေသာ အခြေအနေမှာတော့ သူတို့အစီအစဉ်ထဲပါမနေပေ။
“အဟုတ်ပဲ ရှောင်ဝေ တစ်ကယ်လို့သူသာပင်စင်ယူချင်ကြောင်းတင်ပြခဲ့ရင် ဂုဏ်ထူးဆောင်ခဲ့တဲ့ သူ့အောင်ပွဲရလဒ်တွေကြောင့် အထက်ကသူ့ဆန္ဒကိုလိုက်လျောပေးကြမှာပဲ။ အဲ့လိုဆို ငါတို့လည်းသူ့ကိုပင်စင်ပေးမှဖြစ်တော့မှာ။ ပြီးတော့ သူ့ကိုစစ်တပ်ထဲမယ် အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိဘဲ ဆက်ခေါ်ထားလို့မရဘူးလေ။ ဒါ့အပြင် သူကအာရုံကြောထိခဲ့ပြီး တစ်ခါတစ်ခါစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုဖြစ်လာနိုင်တယ်ဆိုပြီး ဆေးစစ်ချက်ထုတ်ေပးခဲ့တော့ အထက်ကပိုပြီးသူ့ဆန္ဒကို လက်ခံကြမှာ။ ဘာပဲဖြစ်ဖြစ် သူ့ကြောင့်စစ်တပ်ထဲကကိစ္စတွေကို အမှားမခံနိုင်ကြဘူးလေ”
အန်းဝေမှာ ဟူယွမ်ချွမ်၏ကျိုးကြောင်းဆီလျော်သောစကားကြောင့် လက်သီးတင်းတင်းဆုပ်မိလိုက်၏။ သူ့ဆရာပြောသည်မှာမှန်ကန်လေသည်။ သို့သော် သူလိုချင်သောရလဒ်ထွက်လာခါနီးမှ ထိုအခွင့်အရေးအားရိုက်ပုတ်ထုတ်မခံနိုင်ပေ။ ဤအချိန်အားလက်လျှော့လိုက်ပါလျှင် သူသည်ယီချန်အားနှိမ့်ချရန်အခွင့်အရေးရှိလာမည်မဟုတ်တော့ဟု ခံစားနေရ၏။ ထို့ကြောင့် သူသည်ဟူယွမ်ချွမ်အားကြည့်ကာ လေးလေးနက်နက်ပြောလိုက်သည်။
“ဆရာ ယီချန်ပင်စင်ယူမယ့်ကိစ္စကို တားနိုင်သမျှတားပေးပါ။ ဘာပဲဖြစ်ဖြစ်သူစစ်တပ်ထဲဆက်ရှိနေမှဖြစ်မယ်။ တစ်ကယ်လို့ လက်ဆောင်ပဏ္ဍာနဲ့ပက်သက်ပြီး အခက်အခဲဖြစ်နေရင် ကျွန်တော်တာဝန်ယူပါ့မယ်”
အန်းဝေဆိုသောသူသည် နောက်ခံကောင်းသောမိသားစုမှလာသည်ဖြစ်သော်ငြား ဤစစ်တပ်ထဲဝင်စကပင် ထိုဆင်းရဲသားကောင်ယီချန်၏အရိပ်ထဲကျရောက်သွားရကာ ယီချန့်၏အရည်အချင်းနှင့် နှိုင်းယှဉ်ပြစရာလူအဖြစ်သာရှိနေခဲ့ရ၏။ ယီချန်မှာ အရည်အချင်းလည်းထူးချွန်သလို ရုပ်ရည်ရူပကာကလည်းထိပ်တန်းအဆင့်ဖြစ်ပြီး အရပ်အမောင်းမှာလည်း ဤခေတ်၏စံအရရှားပါးသောအရပ်အမြင့်ထဲပါနေရာ ခြွင်းချက်ဖြစ်သည့် မိသားစုအသိုင်းအဝိုင်းနောက်ခံမှာ လျစ်လျူရှုခံလိုက်ရတော့သည်။
သူ၏အကြောသေနေသလို မျက်နှာထားတင်းတင်းမှာပင် စစ်တပ်ထဲရှိအမျိုးသမီးငယ်များကြားေသွးဆူစေနိုင်စွမ်းရှိနေ၏။ စစ်တပ်ဝင်းထဲရှိ အိမ်ထောင်သည်အမျိုးသမီးကြီးများကပင် ယီချန့်အပေါ်အမြင်ကောင်းရှိနေသေးသည်။ သို့သော်ထိုထဲမှ သူမနာလိုအဖြစ်ရဆုံးမှာ သူ၏လရိပ်ဖြူလေးဟူလီနကပါ ထိုဆင်းရဲသားကောင်အပေါ် သဘောကျသောစိတ်ရှိနေခြင်းပင်။ သူမပါးစပ်ကသာ အစ်ကိုတစ်ယောက်လိုသဘောထားပါသည်ပြောနေသော်လည်း ယီချန်၏ရုပ်ရည်အပေါ်နစ်မြောသွားတတ်သည့်သူမအကြည့်များကို သူမြင်နေရပါသည်။
ရုပ်ရည်ချောမောသည်မှတစ်ပါး ယီချန်မှာအသုံးမဝင်သောသူဖြစ်သည်ကို သူမနားလည်စေရန် သူသည်လာမည့်တပ်မှူးရွေးချယ်ပွဲ၌ အာရုံအပြည့်စိုက်ကာ ဟူယွမ်ချွမ်၏အကူအညီ၊သူ့မိဘများ၏ထောက်ပံ့မှုဖြင့်ကျော်ဖြတ်ရန်စီစဉ်ထားခဲ့၏။ သူ့ရည်ရွယ်ချက်အတိုင်းလည်းဖြစ်လာပါသည်။ တရားဝင်ကြေညာချက်မထုတ်လာသေးသော်လည်း ထိုနေရာမှာသူ့လက်ထဲရောက်နေပြီဖြစ်၏။ ကြေညာချက်သာထွက်လာပါက သူသည်ယီချန့်အား သူ(ယီချန်)ဘယ်လောက်ပဲထူးချွန်ထက်မြက်ကာ လူတစ်ကာ၏အမြင်အားဆွဲဆောင်နိုင်စေကာမူ အန်းဝေဆိုသည့်သူ့အား ဘယ်တော့မှမကျော်လွန်နိုင်ဟု သိစေမည်ဖြစ်သည်။