နဂါးငွေ့တန်းရဲ့ အကွာအဝေး
Vol. 130 Ch. 1936
လင်းရီ ခေါင်းညိတ်ပြီး ဆက်မေးမြန်းသည်။
“ ငါ ထပ်ပြီး သိချင်တာ မင်း မိဘတွေ မင်းအစ်မရဲ့ ပိုက်ဆံကို ယူပြီး မင်းကို အိမ်ဝယ်ပေးတုန်းက အကြွေးစာချုပ် ရေးခဲ့လား …”
“ အကြွေးစာချုပ် … ငါတို့က ဘာကိစ္စ အကြွေးစာချုပ်ရေးရမှာ …"
မိသားစုဝင်သုံးဦးလုံး တစ်ပြိုင်နက်တည်း တုန်လှုပ်သွားခဲ့ကြသည်။
“ ဒါ ငါတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံလိုပဲလေ… ငါတို့က သူ့ကို ဘာကိစ္စ အကြွေးတင်ရမှာ …”
“ ဆိုတော့ … တနည်းပြောရရင် ခင်များတို့က ငွေဆယ်သိန်းကို ယူပြီး ပြန်ပေးမယ့် ရည်ရွယ်ချက် မရှိဘူးဆိုတဲ့ သဘောပေါ့ …”
“ ဘာဆိုင်လို့ ပေးရမှာ … ငါတို့ သူ့ကို မွေးထားတာလည်း နောင်ရေးအတွက် မှီခိုစရာ တစ်ခုခု ရှိအောင်လို့ပဲလေ… မဟုတ်ရင် ဒီလောက်ထိ အကုန်ကျခံပြီး သူ့ကို ဘာလို့ မွေးနေမှာလဲ …”
“ ခင်များ အဲ့လိုပြောမှပဲ ကျုပ် ရှင်းသွားတော့တယ်…”
“ မြင်လား .. ငါ ဘာပြောခဲ့လဲ … ဒီလူငယ်လေးက စဉ်းစားတတ်တဲ့လူပါဆိုနေ …” သက်လတ်ပိုင်း စုံတွဲက ရယ်ရယ်မောမောဖြင့် အားရဝမ်းသာ ပြောလိုက်သည်။
လင်းရီ အမျိုးသမီးငယ်လေး ဘက်သို့ လှည့်ပြီး “ သူတို့ ယူသွားတဲ့ ယွမ်ဆယ်သိန်းမှာ တရားမဝင် နည်းနဲ့ ရှာထားတဲ့ ပိုက်ဆံတွေ မပါဘူးမလား …”
“ ဟင့်အင်း … ကျွန်မက စင်ဟွာတက္ကသိုလ်ကနေ ကွန်ပျူတာသိပ္ပံနဲ့ ဘွဲ့ရထားတာ … ကျွန်မရဲ့ တစ်နှစ် ဝင်ငွေက ယွမ် ငါးသိန်းရှိတယ်… ကျွန်မဘာကျွန်မ အိမ်ဝယ်ဖို့ဆိုပြီး အဲ့ဒီ ငွေတွေကို တစ်ကျပ်ချင်းစီ ခြစ်ကုပ်ပြီး စုထားရတဲ့ ပိုက်ဆံတွေ …”
“ အဲ့လိုဆို ပြဿနာက ဖြေရှင်းရလွယ်ပါတယ်…” လင်းရီ ပြောလိုက်ပြီး “ အရပ်သား ဥပဒေ ပြဌာန်းချက်ထဲမှာ မိဘတွေက သားသမီးရဲ့ ပိုက်ဆံကို သူတို့ သဘောတူညီချက် မပါဘဲ စိတ်တိုင်းကျ ယူသုံးတာ တရားမဝင်ဘူး … ရှောင်ဖန့် ၊ ရှင်းရှင်း … သူတို့ကို အရင်ခေါ်သွားလိုက် … တကယ်လို့ ယွမ် ဆယ်သိန်းကို အချိန် အတိုင်းအတာ တစ်ခုအတွင်း ပြန်မပေးနိုင်ဘူးဆိုရင် သူတို့ကို ခုံရုံးပို့လိုက် …”
“ ဟုတ် … နားလည်ပြီ အစ်ကိုရီ …”
လင်းရီ၏ စကားက မိသားစုဝင် သုံးဦးလုံးကို ကြက်သေသေသွားစေခဲ့သည်။
သူတို့ဘက်က ဤမျှ စကားတွေ အများကြီး ပြောပြီးသည့်တိုင်အောင် တစ်ဖက် ရဲအရာရှိလေးမှာ သူတို့ သုံးယောက်ကို ဖမ်းဆီးနေလိမ့်ဦးမည်လို့ ထင်မှတ်မထားခဲ့ချေ။
“ နင်တို့ ဒါ ဘာလုပ်တာလဲ … ငါတို့သမီး ပိုက်ဆံကို ငါတို့ ယူသုံးတာ ငါတို့ရဲ့ အခွင့်အရေးပဲ … နင်တို့မှာ ဖမ်းပိုင်ခွင့် မရှိဘူး ….”
သက်လတ်ပိုင်း အမျိုးသမီးကြီးမှာ ကြမ်းပြင်တွင် လဲလျောင်းလူးလှိမ့်ကာ အော်ဟစ်နေလျက် ရှိတော့သည်။
“ ငါ့မိန်းမကို လွှတ်လိုက်စမ်း … မင်းတို့ကောင်တွေ သူ့နားက ပိုက်ဆံတိတ်တိတ်လေး ရထားလို့ သူ့ဘက်ကလိုက်ပြီး ပြောပေးနေတာ ဟုတ်တယ်မလား … မင်းတို့ရဲတွေ ဥပဒေဆိုတာ ဘာလဲ နားလည်လား …” သက်လတ်ပိုင်း လူကြီးက လင်းရီတို့ကို လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောလိုက်သည်။
“ ဒါပေါ့ … ဥပဒေကို ကျုပ်သိတာပေါ့ … ဒါပေမယ့် အဲ့တာတွေ ခင်များကို ရှင်းပြပေးဖို့ ကျုပ်မှာ အချိန်မရှိဘူး …” လင်းရီ လိုရင်းတိုရှင်းမျှ ပြောလိုက်ပြီး “ ကျုပ်အခု ပြောပြနိုင်တာ ခင်များတို့ရဲ့ အခု လုပ်ရပ်က ဥပဒေကို ဆန့်ကျင်နေတယ်… ကန့်ကွက်ချင်တယ်ဆို တရားရုံးကိုသွား … ကျုပ်တို့အလုပ်က ခင်များတို့ကို တရားရုံး ပို့ပေးဖို့ပဲ …”
လင်းရီ အတည်ပေါက်ကြီး ပြောနေသည်ကို မြင်တော့ မိသားစုဝင် သုံးဦးလုံး အံ့အားသင့်သွားခဲ့ကြလေသည်။
ရဲအရာရှိများက သူတို့နှင့် ကျိုးကြောင်းညီညွှတ်ပြနေမှာ မဟုတ်ကြောင်းကို သူတို့ နားလည်သည်။
“ ကျေးဇူးမသိတတ်တဲ့ သမီးမိုက် .. နင့်လည်ပင်း တက်နင်းလိုက်ရင် ငါကျွေးထားတဲ့ ထမင်းတွေပဲ ပြန်အန်ထွက်လာမှာ … ဒါကို နင်က နင့်မိဘတွေကို ရဲတိုင်ပြီး အချုပ်ထဲ ပို့တယ်ပေါ့လေ… အခုကစပြီး နင်နဲ့ ငါတို့ကြားမှာ မိဘနဲ့ သားသမီး ဆက်ဆံရေး ပြတ်ပြီ …”
“ အပိုပြောနေတာတွေ တော်လိုက်တော့ ..” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ရှင်တို့လို စိတ်ဓာတ်မျိုးနဲ့ ရှင့်သမီးကတောင် ရှင်တို့နားက ခွာဖို့ကို စောင့်တောင် မစောင့်နိုင်လောက်တော့ဘူး … သူ့ကို ဆွဲထားနေလို့လည်း အလကားပဲ …”
“ ရှင်းရှင်း .. လေကုန်ခံမနေနဲ့ … သူတို့ကို ခေါ်သာသွားလိုက် …”
ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့မှာ မိသားစုဝင် လေးယောက်လုံးကို ခေါ်ဆောင်သွားခဲ့ကြသည်။
ကျန်းတဲ့မင် အားပါးတရ ရယ်မော၍ “ မင်းက တစ်ခုခုတော့ တစ်ခုခုပဲကွ ဟမ် .. ကောင်လေး … ရာဇဝတ် နှိမ်နင်းရေး အဖွဲ့ထဲမှာနေပြီး အချိန်ဖြုန်းနေတာ မဟုတ်ဘူးပဲ … အမှုကို ခပ်တည်တည်နဲ့ ဖြေရှင်းပေးလိုက်တယ်…”
“ ဒီလိုလူစားမျိုးတွေကိုကျတော့ သွားပြီး ယဉ်ကျေးပြနေလို့ မရဘူး … ကိုယ်က သူတို့ထက်ကို ပိုပြီး ဆိုးပြရတယ်…”
“ အိမ်း … လက်ရှိ လူ့အသိုင်းအဝိုင်းကြီးကလည်း ခေတ်တွေသာ တိုးတက်သွားတယ်… အတွေးအခေါ်တွေက ဘာမှလည်း သိပ်ပြီး မပြောင်းလဲသွားဘူး … ဒီလို ဖြစ်ရပ်မျိုးတွေက နှစ်တိုင်းနီးပါးပဲ … တချို့ အဘွားကြီးတွေ ပိုဆိုးတယ်.. သူတို့ ချွေးမ မွေးလာတာ သားလေး မဟုတ်လို့ နှိပ်စက်ပြီး သူတို့သားနဲ့ ကွာခိုင်းမယ်တဲ့ကွာ … ဟင်း ….”
“ ဖြည်းဖြည်းပေါ့ … ဒီလို အရာမျိုးတွေဆိုတာ အလျင်လိုပြီး ပြောင်းလဲပစ်လို့မှ မရတာ …”
ကလင် ကလင် ကလင် …
သူတို့ စကားပြောနေစဉ်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ ဝမ်ရင်း ဖြစ်နေသည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။
ဝမ်ရင်း၏ နာမည်ကို မြင်တော့ လင်းရီ အသက်ပြင်းပြင်း ရှူသွင်း၍ ရုံးခန်းထဲက ဖုန်းပြောရန် ကော်ရစ်ဒါထောင့်သို့ ထွက်လာသည်။
“ ရီလေးလား …”
“ အင်း .... ကျွန်တော် မသေဘူးဆိုတဲ့ သတင်းကြားတော့ အစ်မရင်း အံ့ဩသွားသေးလား …”
“ နင် မကောင်းတဲ့ကောင်စုတ်လေး … နင့် မစ်ရှင် ရှိတယ်ဆိုတာ အစ်မနားလည်တယ်… ဒါပေမယ့် အစ်မကိုတော့ ကြိုပြောထားလေ …” ဝမ်ရင်း ဖုန်းထဲမှ သူ့ကို လှမ်းဆူနေသည်။
“ ငါသာ နင့်မိဘတွေဆီ သွားမလည်ဖြစ်ရင် နင် ရှိနေသေးတာ သိသေးဦးမှာတောင် မဟုတ်ဘူး …”
သူမက ဆူငေါက်နေသော်လည်းပဲ လင်းရီသည် ဝမ်ရင်း၏ နှာရှုံ့နေသည့် အသံကို ကောင်းစွာ ကြားနေနိုင်ဆဲပင်။
“ အစ်မရင်းက ကျွန်တော့် မိဘတွေနဲ့ သွားတွေ့တယ် ဟုတ်လား …”
“ အစ်မ ရန်ချိန်ကို အလုပ်ခရီး ရောက်နေတာလေ… နင့်မိဘတွေနဲ့ တွေ့ရင်း ဂေဟာကို ပစ္စည်းတချို့ ယူလာပေးရင်း ဝင်တွေ့လိုက်တာ အဲ့ခါမှ နင့်အကြောင်း ကြားရတော့တာပဲ …”
“ သူတို့လည်း ဒီ မနက်ခင်းတင်မှ သိရတာပါ … မငိုနဲ့တော့ … အခု အားလုံး အဆင်ပြေသွားပြီ …”
“ ငါ ပြန်လာတာကို စောင့်နေစမ်း ကောင်စုတ်လေး … ငါ နင့်ကို ကောင်းကောင်းကြီး သင်ခန်းစာ ပေးပစ်ဦးမယ်…”
“ ကော်းပါပြီဗျ .. အစ်မရင်း လာတာကို ကျွန်တော် စောင့်နေပါ့မယ်…” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
ဝမ်ရင်းနှင့် ခေတ္တ ဖုန်းပြောပြီးနောက် လင်းရီ နောက်ဆုံး၌ သူမအား စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်နိုင်သည်။
တစ်ချိန်တည်းတွင် လင်းရီ၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံ မြည်လာခဲ့ပြီး မစ်ရှင် အခြေအနေပြ ဇယားက (၆/၁၀) သို့ ပြောင်းလဲ ရောက်ရှိသွားခဲ့လေသည်။ ကြည့်ရသည်မှာ စောနအမှုက ဖြေရှင်းပြီးသွားသည့်ဟန်ပင်။
ထိုကဲ့သို့သော အရပ်သား ပြဿနာတို့က တရားရုံး၏ အဆုံးအဖြတ်ကို ဖြတ်သန်းရန် မလိုအပ်ဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီသည်နှင့် ပြဿနာမှာ အလိုအလျောက် ဖြေရှင်းပြီးသား ဖြစ်သည်။
လက်ရှိ ကိစ္စများအား တွေးတောရင်း လင်းရီ၏ မသိစိတ်က အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်မိသည်။
ကျီချင်းရန်၏ ကားက အပြင်ဘက်၌ ရှိနေဆဲဖြစ်ပြီး အခြား မည်သည့်အရာမျှ ပြောင်းလဲမသွားခဲ့ချေ။
လင်းရီ ရုံးခန်းထဲသို့ တစ်ဖန် ပြန်ရောက်လာသည်။ သို့သော် အမှုများ ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ချက်တော့ သူ့တွင် ရှိမနေချေ။
ထိုအစား ကန်သင်းသို့ သွားပြီး နေ့လည်စာ သွားစားလိုက်၏။
အချိန်က ရေအလျင်နှယ် စီးဆင်းသွားခဲ့ပြီး မျက်တောင်တစ်ခတ်စာ အတွင်းမှာပဲ ကောင်းကင်ယံမှာ ဖြည်းဖြည်းချင်း မှောင်ရီပျိုးလာခဲ့သည်။
“ အလုပ်ဆင်းချိန် ရောက်ပြီလေ… မင်း ဘာလို့ မပြန်သေးတာ …”
ကားသော့ကို လက်ထဲကိုင်ထားပြီး ရုံးဆင်းရန် ဟန်ပြင်နေသည့် လီရှန်းဟွေ့က မေးလာခဲ့၏။
“ ကျုပ် တခြား လုပ်စရာလေးတွေ ရှိသေးလို့.. ခင်များ အရင်ပြန်နှင့် ….”
“ သဘောပဲ.. ငါတော့ ပြန်နှင့်ပြီ …”
နှုတ်ဆက်ပြီးနောက် လီရှန်းဟွေ့ ရုံးခန်းထဲက ထွက်သွားခဲ့ပြီး ကျန်သူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
မာစီးတီး ကားအဖြူရောင်ကလည်း လမ်းတစ်ဖက်ခြမ်းတွင် တိတ်ဆိတ်စွာ ပါကင်ထိုးရပ်နေလျက် ရှိပြီး သူသည်လည်း ထွက်ခွာတော့မည့် ရည်ရွယ်ချက်မျိုးကို မမြင်တွေ့ရပေ။
လင်းရီ ထိုင်ခုံနောက်သို့ မှီလိုက်ကာ မျက်လုံးမှိတ်ပြီး တစ်စုံတစ်ရာကို အတွေးနက်နေသည်။
သူ မျက်လုံး ပြန်ဖွင့်လိုက်သည့်အချိန်၌ ညကိုးနာရီပင် ထိုးခါနီးပြီ ဖြစ်၏။
တာဝန်ကျ လုပ်ဖော်ကိုင်ဖက်များမှလွဲ၍ ရုံးခွဲတစ်ခုလုံးမှာ အလွန်အမင်း တိတ်ဆိတ် ငြိမ်သက်နေခဲ့သည်။
သူ့ကိုယ်ပိုင် နှလုံးခုန်သံသူ ပြန်ကြားနေရသည်ဟုပင် လင်းရီခံစားနေရသည်။
ထုံးစံအတိုင်း ကျီချင်းရန်၏ မာစီးတီးကားကတော့ အောက်၌ ပါကင်ထိုးထားနေဆဲပင်။
ကျီချင်းရန်၏ စိတ်ဇွဲသန်မှုကို လင်းရီ အထင်သေးခဲ့မိဟန်ပင်။
သူ အစက တွေးထားခဲ့သည်မှာ ဟော်ယွမ်ယွမ် ရောက်လာပြီး သူမကို ဖျောင်းဖျပေးလိမ့်မည် ဟူ၍ပင်။ သို့သော် မည်သူကမျှ သူမကို ဖျောင်းဖျနိုင်စွမ်း မရှိသည့် တစ်ချက်ကိုတော့ သူ မေ့လျော့နေခဲ့မိ၏။
ဟူး ….
လင်းရီအသက်ပြင်းပြင်း ရှူသွင်း၍ မတ်တပ်ရပ်လိုက်၏။
အကယ်၍ ဤအတိုင်း ဆက်လုပ်နေမည်ဆိုပါက ကျီချင်းရန် တစ်ညလုံး ထွက်ခွာဦးမှာ မဟုတ်ချေ။
သူ့ အင်္ကျီကို သေချာ သပ်ရပ်အောင် ပြုလုပ်ပြိးသည့်နောက် ရဲ စခန်းထဲကနေ လင်းရီ ဖြည်းညင်းစွာ ထွက်လာခဲ့ပြီး ကျီချင်းရန်၏ မာစီးတီး ကားထံ လျှောက်လှမ်းလာခဲ့၏။
မီတာဒါဇင်အကွာရှိ မာစီးတီးကားသို့ ခရီးစဉ်က လင်းရီအဖို့ မိုင်ရာနှင့်ချီ လမ်းလျှောက်နေရသကဲ့သို့ စိတ်ပင်ပန်းလှသည်။
အဆုံး၌ ကားနှင့် တစ်မီတာအကွာ၌ သူ ရပ်တန့်လိုက်၏။
ချလပ် ..
ကားတံခါး ပွင့်ဟလာခဲ့ကာ အဟသေးသေးလေး ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်၌ အချိန်သည်လည်း ရပ်တန့်သွားဟန်ရပြီး ကားတံခါး အပြည့်အဝ ပွင့်ဖို့ကို လင်းရီ နှစ်အသင်္ချေပေါင်း မည်မျှကြာအောင် စောင့်ဆိုင်းလိုက်ရမှန်း သူ မသိတော့ချေ။
ကျီချင်းရန် ကားပေါ်က ဆင်းလာခဲ့ပြီး သူ့ရှေ့တွင် မတ်တပ်ရပ်နေသည်။
လင်းရီ၏ နှလုံးခုန်သံမှာ ရူးရူးမူးမူး မြန်ဆန်လာခဲ့တော့၏။
ယခင်လများတွင် လင်းရီနှင့် ကျီချင်းရန်တို့ နှစ်ဦးလုံး စိတ်ပင်ပန်းခဲ့ရပြီး ယခု အခိုက်အတန့်တွင်တော့ တစ်ဦးကို တစ်ဦး မျက်နှာချင်းဆိုင်လျက် ရှိနေကာ တစ်ယောက်ကိုယ်တစ်ယောက် စိုက်ကြည့်နေလျက် ရှိကြ၏။
သို့သော် နှစ်ဦးကြား တစ်မီတာမျှသာ ရှိသည့် အကွာအဝေးက သူတို့နှစ်ဦးအတွက်တော့ ဂလက်ဆီကြီးတစ်ခုစာမျှ ကြီးမားကျယ်ပြန့်နေသယောင်ပင်။
သူတို့နှစ်ဦး အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် အချိန်ကြာမြင့်စွာ ငေးမောနေခဲ့ကြသည်။
ကျီချင်းရန်၏ မျက်ဝန်းထဲတွင် မျက်ရည်တို့ ပြည့်နှက်လာလေသည်။
လင်းရီ ရှေ့သို့ တစ်လှမ်းတက်လာခဲ့ပြီး သူမကို မျက်ရည်သုတ်ပေးရန် ဟန်ပြင်လိုက်သော်လည်း ကျီချင်းရန်မှာ လက်ဆန့်တန်းလာခဲ့၏။
ဖြန်း ….
နုနယ်သည့် လက်ဖဝါး တစ်ချက်က သူ့မျက်နှာထက်သို့ ကျဆင်းသွားခဲ့သည်။