← Chapters

သုတေသန အကူအညီ

Vol. 130 Ch. 1937

သုတေသန အကူအညီ

Vol. 130 Ch. 1937

တိတ်ဆိတ်သည့် ပတ်ဝန်းကျင်တွင် ပါးရိုက်သံက ရုတ်ချည်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်းထွက်ပေါ်လာသည်။

ကျီချင်းရန်၏ မျက်နှာထက်တွင် မျက်ရည်တို့ တသွင်စွင် စီးဆင်းနေလျက်ရှိပြီး တစ်ဖက်သို့လှည့်ကာ ဒေါသတကြီးနှင့် ထွက်ခွာသွားခဲ့၏။

သို့သော် သူမ ကားတံခါး ဆွဲဖွင့်သည့် အချိန်မှာပဲ လင်းရီ၏ အသံက အနောက်မှ ရုတ်ချည်းထွက်ပေါ်လာသည်။

“ ကားကို ဂရုစိုက်ပြီး မောင်းဦး …”

ကျီချင်းရန်၏ ခန္ဓာကိုယ် ဆတ်ခနဲ တုန်ယင်သွားပြီး ကားတံခါးဖွင့်ကာ အထဲသို့ ဝင်သွားခဲ့သည်။ ထို့နောက် အင်ဂျင်ဟိန်းသံက မြည်ဟည်းလာသည်။

မာစီးတီး ကားအဖြူရောင်မှာ အင်မတန် လျင်မြန်သည့် အမြန်နှုန်းဖြင့် လင်းရီ၏ မျက်စိအောက်မှ မျက်တောင်တစ်ခတ်စာအတွင်း ထွက်ခွာပျောက်ကွယ်သွားခဲ့သည်။

လင်းရီ သူ့မျက်နှာကို ထိရင်း ဖျော့တော့စွာ ပြုံးလိုက်၏။

“ မဆိုးပါဘူး ….”

“ လင်းကြီး …”

ထိုအချိန်တွင် လင်းရီ နောက်ကျောမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး သူ လှည့်ကြည့်လိုက်တော့ ဆယ်မီတာခန့် အကွာတွင် ထိုးရပ်ထားသည့် တိုရိုတာ အယ်ဖာ့ဒ်ထံမှ ဖြစ်သည်ကို မြင်တွေ့လိုက်ရ၏။ လှမ်းအော်လိုက်သူတို့က ချင်းဟန်နှင့် ကျန်သူများပင်။

“ မင်းတို့ ဒီကို ဘာလာလုပ်ကြတာ …”

“ ငါတို့ ဥက္ကဌကျီနောက် လိုက်လာကြတာလေ… သူ ဒီမှာ မင်းကို စောင့်နေတာ တစ်နေ့ခင်းလုံးပဲ …”

“ ချီးပဲ ဘော့စ် … ငါ နင့်ကို သေအောင် ပါးဖြတ်ရိုက်မိတော့မယ်….”

ဟော်ယွမ်ယွမ် ဒေါသတကြီး နှာမှုတ်၍ လက်သီးဆုပ်ပြီး လင်းရီထံသို့ ပြေးလာကာ သူမ၏ ဒေါသအား ဖော်ထုတ်ရန် ဟန်ပြင်လိုက်သည်။

မည်သို့ပင် ဖြစ်စေ သူမက အမြဲတမ်း ကျီချင်းရန်၏ ဘက်တော်သားဖြစ်၏။

“ တော်ပြီ ယွမ်ယွမ် …”

ကောင်းကျုံးယွမ် လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး ဟော်ယွမ်ယွမ်ကို နောက်သို့ ပြန်ဆွဲထားလိုက်သည်။

“ နင်တို့ ဒီမှာ နေခဲ့ကြ … ငါ အစ်မကျီကို သွားရှာလိုက်ဦးမယ်…”

ဟော်ယွမ်ယွမ် လမ်းဘေး၌ ရပ်ပြီး တက္ကစီ တစ်စင်းငှားကာ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

“ ငါတို့လည်း သွားကြစို့ … ဒီမှာပဲ ရပ်မနေနဲ့ … တစ်နေရာသွားပြီး သောက်ကြမယ်…” လျန်ကျင်းမင် ပြောလိုက်သည်။

လေးယောက်သား ကားထဲသို့ဝင်၍ အနီးနားရှိ လမ်းဘေးဆိုင်တစ်ဆိုင်သို့ ဦးတည်လိုက်သည်။ ထို့နောက် အကင်ချောင်းတချို့နဲ့ ဘီယာ အနည်းငယ်မှာကာ စားသောက်လိုက်ကြလေသည်။

“ တော်ပြီ ဟေ့ကောင်တွေ … သောက်ပဲသောက်မနေကြနဲ့ … စကားပြောကြစို့ …” ချင်းဟန် လင်းရီကို ကြည့်ပြီး “ မင်းနဲ့ ဥက္ကဌကျီကြားက ဆက်ဆံရေးကို မင်း ဘယ်လို ကိုင်တွယ်ဖို့ စဉ်းစားထားလဲ …”

ဟော်ယွမ်ယွမ်က ကျီချင်းရန်၏ ဘက်တော်သား ဆိုပါက ချင်းဟန်နှင့် ကျန်နှစ်ယောက်မှာ လင်းရီ၏ ဘက်တော်သားများပင်။

“ ဘာတွေ ရေးကြီးခွင်ကျယ် လုပ်နေတာ … အခုကရော မကောင်းလို့လား …”

“ ကောင်းတယ် ဟုတ်လား …” လျန်ကျင်းမင် မယုံကြည်နိုင် ဖြစ်သွားခဲ့ပြီး “ လင်းကော မင်း အဲ့လောက်ကြီးထိလည်း အကောင်းမမြင်နဲ့လေ… ဟိုက မင်းကို မြင်မြင်ချင်း ပါးရိုက်သွားတာနော်… ဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူးကွ …”

“ မင်း နားမလည်ပါဘူး … ဒါလည်း စိတ်ဖြေခြင်း တစ်မျိုးပဲ … ကြောက်စရာ အကောင်းဆုံးက ဒေါသထွက်ပြတာ မဟုတ်ဘူး … ဘာမှ မလုပ်ဘဲ တိတ်တိတ်လေးနေပြီး တမြုံ့မြုံ့နဲ့ ခံစားနေမှပဲ … ငါ ပြောတာမင်းသဘောပေါက်ပါတယ်ဟုတ် …”

“ မပေါက်ဘူး … ကြည့်ရတာ မင်းရဲ့ ဒဿနတွေကို နားလည်ရလောက်တဲ့အထိ ငါက မကောင်းတဲ့ကောင် မဟုတ်သေးလို့ထင်တယ်…. “လျန်ကျင်းမင် ပြောလိုက်ပြီး “ အဲ့တာကြောင့်မို့လည်း ဒီနှစ်တွေ တစ်လျှောက်လုံးမှာ သာမန်ညောင်ညမိန်းမတွေနဲ့ပဲ ငါ့မှာ ဆုံနေရတယ်….”

ချင်းဟန် “ မကောင်းတဲ့ကောင်နဲ့ ဈေးပေါတဲ့ ဘီယာက လုံးဝပါဖက် ကွက်တိပဲ …”

ကောင်းကျုံးယွမ် “ မကောင်းတဲ့ကောင် အိမ်ကို တံခါးလာခေါက်တာနဲ့ အိမ်ထောင်ရေး အဆင်ပြေပြီပဲ …”

“ ကဲပါ … ပေါက်ကရပြောနေတာတွေ တော်လိုက်တော့ … သောက်စရာ ရှိတာ သောက်ကြမယ်…” လင်းရီ သူ့ခွက်ကို မြှောက်၍ ပြောလိုက်သည်။

“ မပြောလို့ မရဘူးဟ … ဒီပြဿနာက ခုထိ မပြီးသေးဘူး … မဆီမဆိုင် ငါတို့ပါ ဆွဲထည့်ခံရတာမျိုး မဖြစ်ချင်ဘူး …” ကော်းကျုံးယွမ် ပြောလိုက်သည်။

“ အဲ့ဒါဆို မင်း အရင် ဟော်ယွမ်ယွမ်ကို ထိန်းထား … သူ ကျီချင်းရန်ကို ငါ့ရဲ့ မကောင်းကြောင်းတွေ ဘေးကနေထိုင်ပြီး တဖွဖွ ပြောနေရင် ငါတို့နှစ်ယောက်လည်း သည့်ထက်ပိုကောင်းလာမှာ မဟုတ်တော့ဘူး …”

“ လင်းကော .. မင်း ငါ့ကို အထင်လွဲနေပြီ ထင်တယ်နော်….” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ ငါလည်း ဒီတစ်ချိန်လုံး မင်းရဲ့ ကောင်းကြောင်းတွေချည်း ပြောပေးတာပဲ .. ဒါပေမယ့် အဲ့လိုပြောတိုင်း ယွမ်ယွမ်က ငါ့ကို ရိုက်တယ်…”

“ မင်းတော့ ဂိန်တာပဲ …”

“ ဘာပဲဖြစ်ဖြစ်ပါ .. မင်းတို့ ငါ့အကြောင်း စိတ်ပူနေစရာ မလိုဘူး … ငါ ဘာလုပ်နေလဲ ငါ သိတယ်…’

“ အတွင်းရေးမှူးလျန်နဲ့ ကိစ္စကရော … မင်း နှစ်ယောက်လုံးကို ရင်ခွင်ထဲထည့်ထားဖို့ စိတ်ကူးနေတာတော့ မဟုတ်ဘူးမလား …”

“ မဟုတ်တော့ရော … တကယ်လို့ ငါသာ တစ်ယောက်ကို လက်လွှတ်ချင်ရင် ဒီလောက်ထိ ဇယားတွေ အရှုပ်ခံနေပါ့မလားကွ .. အစကတည်းက ဖြေရှင်းပြီးနေရော‌ပေါ့ …”

“ မင်းတို့ကောင်တွေက တကယ့်ကို အရှုပ်ထုပ်တွေပဲ …” ချင်းဟန် မှတ်ချက် ပြုလိုက်ပြီး “ ဒါပေမယ့်ကွာ …. မင်းကိုတော့ စောက်ရမ်း မနာလို ဖြစ်မိတယ် သိလား … လေးလည်းလေးစားတယ်…”

“ ငါလည်း မနာလိုဘူး …” လျန်ကျင်းမင် ထပ်ပေါင်းပြောလိုက်၏။

“ ဟားဟား ငါကတော့ အဲ့လို မဖြစ်ဘူး …”

“ မင်းကမှ တကယ့်စောက်ရူး …. ဒီလောက်ထိ ကြိုက်သလောက် သောင်းကြမ်းလို့ ကောင်းတဲ့ အချိန်မှာမှ အတည်တကျ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နေတယ်တဲ့ … မင်းက ငါတို့ ဒုတိယမျိုးဆက် သခင်လေးတွေရဲ့ မျက်နှာကို အိုးမည်းသုတ်နေတာပဲ …”

“ ချီးတဲ့မှ … ငါက မင်းတို့ပိုပြီး ဣန္ဒြေသိက္ခာရှိတာကွ …”

“ မင်းသာ ဣန္ဒြေသိက္ခာရှိနေရင် ငါ သူတော်စင် ဖြစ်နေလောက်ပြီ …” လျန်ကျင်းမင် ပြန်ပက်လိုက်၏။

“ နှစ်ကောင်လုံး တူတူပဲ … အချင်းချင်းတွေ ဖဲ့မနေကြနဲ့ … သောက်စရာရှိတာသောက်ကြ …”

လေးယောက်ကြားရှိ လေထုက ဖြည်းဖြည်းချင်း သက်တောင့်သက်သာ ဖြစ်လာခဲ့သည်။ သို့သော် စကားဝိုင်းကတော့ လင်းရီ၏ ကိစ္စရပ်များအပေါ်တွင်သာ မူတည်နေခဲ့၏။

“ မင်း အခု ငါတို့အကူအညီ လိုအပ်တာ ရှိလား …” ချင်းဟန် မေးလိုက်သည်။

“ ကောင်းကြီးသာ ဟော်ယွမ်ယွမ်ကို ငါ့ကောင်းကြောင်းလေး‌တွေ ကျီချင်းရန်ဆီ ပြောပေးအောင် လုပ်ပေးနိုင်ရင်ကိုပဲ အတော်လေး အဆင်ပြေပြီ …”

“ ငါ အကောင်းဆုံး ကြိုးစားပေးမယ်…”

“ ချီးကို အကောင်းဆုံးကြိုးစား … အဲ့လို ဖြစ်အောင် မင်း လုပ်ရမှာကွ …” ချင်းဟန် ပြောလိုက်ပြီး “ ဒါ ကိစ္စကြီးပဲ … မင်းရဲ့ ယောက်ျားဆန်မှုကို ပြသဖို့ လိုတယ်….”

“ အာ … ပြဿနာက … ငါ တကယ်ကြီး သူ့ကို မနိုင်လို့ ….”

“ ငါတို့တော့ ဇာတ်သိမ်းပြီ …”

သူတို့တွေ ယခုလို မဆုံဖြစ်တာ အတော်ကြာပြီး လင်းရီကလည်း ယခု အသက်ပြန်ရှင်လာသည်။

သူတို့တွေ လမ်းဘေးဆိုင်၌ ရောက်နေသော်လည်းပဲ ညဉ့်နက်ပိုင်းအထိ သောက်စားနေခဲ့ကြကာ နောက်ပိုင်းတွင်မှ နီးစပ်ရာ ဟိုတယ်တစ်ခုသို့ ဝင်၍ ကျောခင်းလိုက်ကြသည်။

နောက်တစ်နေ့ နံနက်ခင်းတွင် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီ ဖုန်းမြည်သံကြောင့် နိုးလာခဲ့၏။

အိပ်စုံမှုန်မွှားဖြင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ ချိုးယွီလော့ထံက ဖြစ်နေသည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။

“ ဘာကိစ္စလဲ … ဘာလို့ မနက်အစောကြီး ဖုန်းဆက်လာတာ …”

“ နင့်ကို ဗီဇ သွေးရည်ကြည် ကိစ္စ အကြောင်း ပြောချင်လို့ … ရန်ကျင်းမှာ လုပ်နေတာတွေက နှေးတယ်.. ငါတို့ နင့်ရဲ့ သုတေသန စင်တာ အကူအညီကို လိုလာနိုင်တယ်…”

ချိုးယွီလော့၏ စကားကို ကြားတော့ လင်းရီ အများအပြား တက်ကြွလန်းဆန်းလာသည်။

“ ဆိုတော့ … ကျုံးဝေ့တပ်ဖွဲ့ အစီအစဉ်က ဘာလဲ …”

“ ငါ ဒီမွန်းလွဲကျ ကျိုးဟိုင်ကို လာပြီး ပစ္စည်းယူလခ့မယ်… အသေးစိတ်ကိုတော့ လူကိုယ်တိုင် တွေ့ပြီး ပြောကြတာပေါ့ …”

“ ရောက်တော့မယ်ဆို ငါ့ကို ဆက်သွယ်လိုက် …”

“ အွန်း … တွေ့မှ သေချာပြောကြတာပေါ့ …”

ဖုန်းချပြီးနောက် လင်းရီ အိပ်ချင်ပြေသွားခဲ့သည်။

သူ ရန်ကျင်းတွင် ရှိတုန်းက ကျုံးဝေ့တပ်ဖွဲ့၏ R&D စင်တာသည် ဤကိစ္စကို ဖြေရှင်းနိုင်စွမ်း ရှိလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ယခုလို ကိစ္စမျိုး ဖြစ်လာလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။

သို့သော်လည်းပဲ ယင်းကြောင့်နှင့်တော့ ကျုံးဝေ့တပ်ဖွဲ့၏ သိပ္ပံသုတေသန အဆင့်အတန်းက နိမ့်ပါးနေသည်ဟု ကောက်ချက်ချ၍တော့ မရချေ။ ဗီဇသွေးရည်ကြည်၏ ရှုပ်ထွေးပွေလီနေမှုက သူတို့ စိတ်ကူးယဉ်ထားသည်ထက် ကျော်လွန်နေသောကြောင့်သာ ဖြစ်လေသည်။

အိပ်ချင်စိတ် ပျောက်သွားတော့ လင်းရီလည်း ရေချိုးခန်းထဲသို့ ဝင်ကာ မျက်နှာသစ် ဆေးကြောလိုက်သည်။ ထို့နောက် လေးယောက် စကားပြောဂရုတွင် စာတချို့ချန်ထားခဲ့ပြီး တက္ကစီစီး၍ အလုပ်သို့ ထွက်လာသည်။

မနက်ခင်း တစ်ပိုင်းလုံး သူ့တွင် ထွေထူးလုပ်စရာ မရှိဘဲ အရပ်သား ဌာနတွင်သာ ရှိနေခဲ့သည်။

အရပ်သား ပြဿနာများ ဖြေရှင်းပေးသည့် ဌာနတွင် ကိုင်တွယ်စရာများက အများအပြား ရှိနေပြီး ဘယ်တော့မှလည်း ပြီးဆုံးမည့်ဟန်မရပေ။

ကံကောင်းစွာဖြင့် စနစ်က အသေးအဖွဲ့ ကိစ္စလေးများကိုလည်း မစ်ရှင်ပြီးမြှောက်မှု တစ်ခု အဖြစ် ယူဆပေးသဖြင့် ယခုဆို သူ၏ မစ်ရှင် အခြေအနေပြဇယားက (၉/၁၀ ) ဖြစ်လာခဲ့ချေပြီ။ ကျောင်းတွင်း အနိုင်ကျင့်သည့် အမှုသာ ပြီးဆုံးသွားခဲ့ပါက သူ၏ မစ်ရှင်လည်း ပြီးပြည့်စုံသွားလိမ့်မည်။ သို့သော် အမှု ပိတ်နိုင်မည့် အချိန်ကတော့ ယခုထိတိုင် မရှင်းလင်းသေးချေ။

နေ့လည်ခင်းတွင် ချိုးယွီလော့ထံမှ ဖုန်းခေါ်လာခဲ့ပြီး ကျိုးဟိုင်သို့ တစ်နာရီအတွင်း ရောက်လာခဲ့မည်ဖြစ်ကြောင်း အသိပေးလာသည်။

လင်းရီ ခေါင်းညိတ်ပြီး လီရှန်းဟွေ့တို့အား နှုတ်ဆက်လိုက်သည်။ ထို့နောက် ရဲစခန်းမှ ကားမောင်းထွက်လာ၍ ကျိုးဟိုင် လေဆိပ်သို့ ဦးတည်လိုက်၏။

ဆယ်မိနစ်ခန့် ကြာအောင် စောင့်ဆိုင်းပြီးနောက် ချိုးယွီလော့က လေဆိပ်အပြင်ဘက်သို့ ထွက်လာသည်။ သူမ၏ လက်ထဲတွင် ဗီဇသွေးရည်ကြည် ပါဝင်သည် အနက်ရောင် သေတ္တာကို ကိုင်ဆွဲထားသည်။

“ ဘာလို့ တစ်ယောက်တည်းလဲ … နင်ချဲ့ရော မပါလာဘူးလား …”

“ သူလည်း လာမလို့ပဲ …” ချိုးယွီလော့ ဆံပင်ကို နားအနောက်သို့ သပ်၍ ပြောလိုက်ပြီး “ ဒါပေမယ့် ကုမ္ပဏီက ကိစ္စလေးပေါ်လာတာနဲ့ ငါတစ်ယောက်တည်း လာခဲ့လိုက်ရတာပဲ …”

ချိုးယွီလော့ ပြောပြီးနောက် ဘေးဘီဝဲယာကို ကြည့်လိုက်ကာ “ တစ်နေရာသွားပြီး အရင်တစ်ခုခု စားကြတာပေါ့ … တစ်မနက်ခင်းလုံး ပြေးလွှားနေရတာ ဘာမှကို မစားရသေးဘူး …”

လင်းရီ ခေါင်းညိတ်လိုက်ပြီး ချိုးယွီလော့ကို ပင်လယ်စာ ဆိုင်အသေးလေး တစ်ခုထံ ခေါ်ဆောင်လာခဲ့သည်။ လွတ်လပ်စွာ စကားပြောနိုင်ရန်အတွက် သီးသန့်ခန်း တစ်ခု ယူလိုက်လေသည်။

အစားအသောက်များကို အော်ဒါမှာပြီးနောက် လင်းရီ အနက်ရောင် လက်ဆွဲသတ္တာကို ဖွင့်လိုက်ပြီး အထဲတွင် သတ္တုသေတ္တာ တစ်လုံးအား လင်းရီ မြင်တွေ့လိုက်ရသည်။ ၎င်းက နှစ်ဆယ်စင်တီမီတာမျှ ရှည်လျားပြီး နှစ်စင်တီမီတာမျှ ထူသည်။

သတ္တုသေတ္တာကို ဖွင့်လိုက်တော့ အတွင်းတွင် တိတ်ဆိတ်စွာ လဲလျောင်းနေသည့် အဝါရောင် ဗီဇသွေးရည်ကြည်အား လင်းရီ မြင်တွေ့လိုက်ရသည်။

ယင်းကို လက်ထဲတွင် ကိုင်ထားရင်း လင်းရီ သေချာလေး ဂရုတစိုက်ကြည့်ရှုလိုက်၏။

“ တကယ့်ကို ကမ္ဘာကြီးတစ်ခုလုံး အရူးအမူးဖြစ်ဖို့ လုံလောက်တဲ့ အရာလေးပဲ …”

All Chapters