အမှား တစ်ခု
Vol. 130 Ch. 1939
“ ပျောက်သွားတယ် ဟုတ်လား …”
လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့၏။ မိုဟုန်ရှန်း၏ စကားက သူ့ကို ပြဿနာ၏ လေးနက်ပြင်းထန်မှုအား သတိပြုမိလာစေသည်။
သူ ကျုံးဝေ့တပ်ဖွဲ့ထဲ ရောက်စဉ်ကတည်းက မိုဟုန်ရှန်းမှာ သူမ၏ လုံခြုံရေးအတွက် လူတစ်ချို့ စီစဉ်ပေးထားခဲ့ပြီး ယခု သူ့ဘက်က ဆက်သွယ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်သွားခဲ့ကြောင်း ပြောပြနေလေရာ ယခု ပြဿနာ၏ အတိုင်းအတာက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားပြီ ဖြစ်၏။
“ ခင်များ အခုဘယ်မှာလဲ … ကျုပ် လာခဲ့မယ်…”
“ ချောင်ရန် အုပ်စုရဲ့ မြေအောက် ကားပါကင်မှာ …”
“ ကောင်းပြီ .. ခဏနေ ကျုပ် အဲ့ကို ရောက်မယ်…”
ဖုန်းချပြီးနောက် လင်းရီ အပြင်သို့ ချက်ချင်း ထွက်လာ၍ မိုဒီဖိုင်း ပြုလုပ်ထားသည့် Type – R ဖြင့် ကျိုးဟိုင်၏ လမ်းများတစ်လျှောက် တရကြမ်း မောင်းနှင်လာခဲ့တော့သည်။
မီးပွိုင့်နီများကပင် သူ့ကို ရပ်တန့်သွားစေဖို့ မလုံလောက်ခဲ့ချေ။
မိနစ် ၂၀ အတွင်းမှာပဲ လင်းရီသည် ချောင်ရန်အုပ်စု၏ ကားပါကင်သို့ ရောက်လာခဲ့၏။
ထိုနေရာသို့ ရောက်သည့် အချိန်၌ မိုဟုန်ရှန်းနှင့် ကောင်းချုံတို့နှစ်ဦးလုံး ရှိနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။
သို့သော် သာမန် ဝတ်စုံ ဝတ်ထားပြီး ကြမ်းပြင်တွင် ထိုင်နေသည့် လူတစ်ယောက်လည်း ရှိ၏။ ထိုလူ့ကိုတော့ လင်းရီလည်း မရင်းနှီးချေ။
“ အစ်ကိုရှန်း ….”
လင်းရီ ကားရပ်တန့်၍ သူတို့နှစ်ယောက်ရှေ့သို့ ရောက်လာခဲ့သည်။
“ မင်းရောက်လာပြီပဲ ..”
မိုဟုန်ရှန်း ကြိုဆိုလိုက်ပြီး “ လွန်ခဲ့တဲ့ နှစ်နာရီလောက်တုန်းက ဥက္ကဌကျီ ဒီအဆောက်အဦးထဲက ထွက်လာပြီး ကားထဲဝင်တော့မယ့်အချိန် ပြန်ပေးဆွဲခံလိုက်ရတယ်… ငါတို့လူတွေ သွားပြီး တားတယ်ဆိုပေမယ့် အကုန်လုံး သတိလစ်တဲ့အထိ အမှောက်သိပ်ခံလိုက်ရတာပဲ … သူတို့ထဲက တစ်ယောက်ကိုတော့ အခု ဆေးရုံပို့ထားလိုက်ပြီ ..”
မိုဟုန်ရှန်းသည် အောက်တွင် ထိုင်နေသည့် လူအား ကြည့်၍ “ ဟောက်ဇီ နိုးလာတော့ ငါတို့ဆီ ဖုန်းဆက်လာတာပဲ …”
“ ဟိုဘက်က ဘယ်နှစ်ယောက်လဲ …”
“ စုစုပေါင်း နှစ်ယောက် … ဒါပေမယ့် တိုက်ခိုက်သွားတဲ့လူက တစ်ယောက်တည်းပဲ … ပြီးတော့ စကေးလည်း အတော်ကောင်းတယ်… လုံလုံနဲ့ ကျုပ်တောင် သတိလစ်အောင် ဆော်ခံလိုက်ရတယ်…”
လင်းရီ မျက်မှောင်ကြုတ်သွားခဲ့၏။ ဤကိစ္စက ပြန်ပေးဆွဲရုံမျှလောက် မရိုးရှင်းဟု သူ ခံစားနေရသည်။
“ အစ်ကိုရှန်း … ခင်များတို့ ဒီမှာ ခဏ နေခဲ့ဦး … ကျုပ် လုံခြုံရေး ဌာနကိုသွားပြီး ကင်မရာမြင်ကွင်း တစ်ချက်ကြည့်လိုက်ဦးမယ်…”
“ မလိုတော့ဘူး … ငါတို့ သွားကြည့်ခဲ့ပြီးပြီ …” မိုဟုန်ရှန်း ပြောလိုက်ပြီး “ တစ်ဖက်အဖွဲ့က တော်တော်လေး ပရော်ဖက်ရှင်နယ်ဆန်တယ်… ကင်မရာ ကွယ်တဲ့ နေရာကနေ တိုက်ခိုက်ပြီး လျင်လျင်မြန်မြန် လှုပ်ရှားသွားခဲ့ကြတာ ဘာအသံမှတောင် မထွက်လိုက်ဘူး … “
ထိုသို့ ပြောပြီးနောက် မိုဟုန်ရှန်းသည် သူ့နောက်ရှိ ဖော့ဒ်ဆွာဂန်သို့ လက်ညှိုးထိုးပြလိုက်၏။ “ သူတို့နှစ်ယောက်ကို အမှောက်သိပ်ပြီးတော့ အဲ့ကားထဲ ထည့်ထားခဲ့ကြတာပဲ … အခင်းဖြစ်တဲ့ အချိန်က အလုပ်ဆင်းချိန်ဆိုတော့ ဖြတ်သွားဖြတ်လာ ဘယ်သူမှလဲ မရှိကြဘူး … သူတို့နှစ်ယောက်သာ ဒီအချိန်ထိ သတိပြန်မရလာဘူးဆိုရင် ငါတို့လည်း အခုချိန်ထိ သိရဦးမှာ မဟုတ်ဘူး …”
လင်းရီ မသိစိတ်အလျောက် ခေါင်းညိတ်ပြရင်း သူ့ကိုယ်သူ ရေရွတ်လိုက်၏။
“ သူတို့ကိုတောင် အသာလေး အမှောက်သိပ်နိုင်ဖို့ဆို လယ်ဗယ်အဆင့်က မနိမ့်လောက်ဘူး …”
“ အဲ့တာထက်ကို ပိုတာပေါ့ …” မိုဟုန်ရှန်း ပြောလိုက်ပြီး “ တစ်ဖက်အဖွဲ့ လုပ်သွားခဲ့တာတွေက အကုန်သိုသိုသိပ်သိပ်နဲ့ ငါတို့တွေ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေ လုပ်သလိုမျိုးပဲ .. သူတို့ရဲ့ နည်းဗျူဟာပိုင်းပဲ ဖြစ်ဖြစ် ဒါမှမဟုတ် တိုက်ပွဲစွမ်းရည်မှာပဲ ဖြစ်ဖြစ် အတော်လေး မြင့်တဲ့ အနေအထားတစ်ခုကို ရောက်နေပြီ …”
“ တပ်ဖွဲ့က လတ်တလော ဘာမစ်ရှင်မှ မရှိဘူးလား .. ဒါမှမဟုတ် တခြားလူတွေ ကျန်နေသေးတာလား ..”
“ လတ်တလော မစ်ရှင်အနေနဲ့ကတော့ အနက်ရောင်မြွေအဖွဲ့ကိုပဲ တိုက်ခိုက်ရသေးတယ်… ဒါပေမယ့် သူတို့ရဲ့ အဆင့်က ဒီလိုမျိုး လုပ်နိုင်တဲ့အထိ မဟုတ်ဘူး .. ဒီလိုမျိုးလည်း လာလုပ်ရဲမှာ မဟုတ်ဘူး …”
ပြောရင်းဖြင့် လင်းရီ တစ်ဖက်သို့လှည့်ကာ ဟောက်ဇီ အမည်ရသည့် လူအား ကြည့်လိုက်၏။
“ ညီကို … တစ်ဖက်လူက ဘယ်လိုပုံစံမျိုးလဲ မင်း မြင်လိုက်သေးလား … အာရှသားလား ဒါမှမဟုတ် နိုင်ငံခြားသားလား …”
“ ကျုပ်တို့နှစ်ယောက်ကို တိုက်ခိုက်သွားတဲ့လူက နိုင်ငံခြားသား တစ်ယောက်ပဲ … ဘယ်နိုင်ငံသားလဲတော့ ကျုပ်လည်း အတိအကျကြီး မပြောပြတတ်ဘူး …”
“ မင်း မသိဘူးပေါ့ … သူတို့ ဒီကို ကားမောင်းပြီး လာခဲ့တာဆိုတော့ လိုင်စင် နံပါတ်ပြားကို မမြင်လိုက်မိဘူးလား …”
တစ်ဖက်သူမှာ တောင်းပန်တိုလျှိုးစွာ ခေါင်းယမ်းပြလာခဲ့၏။
“ အဲ့လူတွေက ရုတ်တရက်ချည်း ပေါ်လာပြီး ကျုပ်တို့ကို အမှောက်သိပ်သွားခဲ့တာ သူတို့ မောင်းတဲ့ ကားက ဘာအမျိုးအစားလဲဆိုတာတောင် ကျုပ် မမြင်လိုက်မိဘူး .. ယုတ္တိကျကျ ပြောရရင် သူတို့ဆီမှာ ကြံရာပါ တစ်ယောက်ယောက်တော့ ရှိရမယ်… ဒါပေမယ့် ဘာသဲလွန်စမှ ချန်မထားခဲ့ကြဘူး …”
“ ဟောက်ဇီနဲ့ တခြားကောင်နှစ်ယောက်လုံးက မြို့စောင့်တပ်ဖွဲ့ရဲ့ အထူးစစ်သားတွေချည်းပဲ … သူတို့ကို ဒီလောက် မြန်မြန်ကြီး အမှောက်သိပ်လိုက်နိုင်တယ်ဆိုတော့ တစ်ဖက်သူက မင်းလို လူစားမျိုးပဲ ဖြစ်ရမယ်…”
ဟောက်ဇီက သာမန်လူတစ်ဦးသာ ဖြစ်သည့်အတွက် မိုဟုန်ရှန်းမှာ စကားကို တိုက်ရိုက်မပြောခဲ့ချေ။
သို့သော် လင်းရီကတော့ သူ ပြောလိုသည့် အချက်ကို သေချာလေး ဆုပ်ကိုင်မိ၏။
တစ်ဖက်လူက သူကဲ့သို့ တန်းထျန်ထဲက အတွင်းအားကို တစ်နည်းနည်းဖြင့် ကျွမ်းကျင်ထားသူ ဖြစ်ရပေမည်။
“ ပြဿနာက နောက်မှာ ဘာသဲလွန်စမှ မကျန်ရစ်ခဲ့တာပဲ .. ငါတို့တွေ ဥက္ကဌကျီကို ရှာချင်ရင်တောင် ဘယ်က စရှာလို့ ရှာရမှန်း မသိဘူး …” ကောင်းချုံ ပြောလိုက်သည်။
“ အလျင်လိုဖို့ မလိုပါဘူး .. သဲလွန်စတချို့တော့ ကျိန်းသေပေါက် ရှိမှာပါ …” လင်းရီ ပြောလိုက်ပြီး “ သူတို့ ဘယ်လိုပဲ လွတ်အောင် ထွက်ပြေးသွား ထွက်ပြေးသွား … မြေအောက်ကားပါကင်မှာ ထွက်ပေါက်က တစ်ခုတည်း ရှိတယ်… အဲ့မှာ ကင်မရာတွေ ရှိတယ်… အဲ့ကနေတဆင့် သဲလွန်စတချို့ ရှာတွေ့နိုင်လောက်တယ်….”
“ အဲ့ကိုလည်း သွားဖို့ မလိုတော့ဘူး … ငါသွားစစ်ကြည့်ခဲ့ပြီးပြီ …” မိုဟုန်ရှန်း ပြောလိုက်ပြီး “ အဲ့တုန်းက မြေအောက်ကားပါကင်ရဲ့ စောင့်ကြည့်ရေး ကင်မရာတွေ ဟက်ခံထားရတယ်… ကြားထဲမှာ တစ်မိနစ်လောက်က ပုံမှန်တွေ မဟုတ်ကြဘူး … ငါတို့ ဘာအသုံးဝင်တာမှ မမြင်မိဘူး …”
ဤသည်ကို ကြားတော့ လင်းရီ ရုတ်တရက်ဆိုသလို ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းသွားခဲ့၏။
ဤသည်က အချိန်ကာလရှည်စွာ နည်းဗျူဟာရေးဆွဲထားသည့် ပြန်ပေးဆွဲမှု တစ်ခု ဖြစ်သည်မှာ အသိသာကြီးပင်။ ဖြစ်ရပ်ကြီးတစ်ခုလုံး၌ အမှားဟူ၍ တစ်ခုတစ်လေမျှပင် ရှိမနေချေ။
လင်းရီပင် အကယ်၍ သူကိုယ်တိုင် ယခုလို ပြုလုပ်ရမည်ဆိုပါက ထိုမျှ ပြည့်စုံနေပါမည်ဟု ကိုယ့်ကိုယ်ကို အာမ မခံဝံ့ချေ။
“ အခုချိန်မှတော့ ကျုပ်တို့တွေ စိတ်လောနေလို့လည်း အလကားပဲ … အဲ့ဒီ ပြန်ပေးဆွဲတဲ့လူတွေ ဘက်က ဖုန်းခေါ်လာတာကို စောင့်ရုံ ရှိတော့တာပဲ …” လင်းရီ မည်းမှောင်နေသည့် အမူအရာဖြင့် ပြောလိုက်၏။
တစ်ဖက်သူက အဘယ်ကြောင့် ကျီချင်းရန်ကို ပြန်ပေးဆွဲသွားခဲ့လဲဆိုတာ အကြောင်းပြချက် တစ်ခုခုတော့ ရှိရမည်။ ထိုသို့ ဆိုပါက ၎င်းတို့၏ စစ်မှန်သည့် ရည်ရွယ်ချက်တို့ မပေါ်ပေါက်လာခင် အချိန်အထိ သူမ၏ အသက် ဘေးကင်းလုံခြုံရေးကို အာမခံထား၍ ရသည်။
သို့သော် ဤသည်က နောက်ဆုံးသော ခိုကိုးရာပင်။ အခြား မည်သည့်သဲလွန်စမျှ မရှိပါက လင်းရီပင် ကူကယ်ရာမဲ့ရ၏။
ကလင် ကလင် ကလင် …
မြေအောက်ကားပါကင်တွင် လင်းရီ၏ ဖုန်းသံမြည်ဟည်းလာသည်။ ယင်းက ချိုးယွီလော့ထံက ဖြစ်၏။
“ နင် အခု ဘယ်မှာလဲ … ဥက္ကဌကျီ တစ်ခုခု ဖြစ်နေပြီ …”
“ ဟင် …”
ချိုးယွီလော့၏ ဖုန်းခေါ်ဆိုမှုက လင်းရီကို စိုးရိမ်ကြောင့်ကြသွားစေခဲ့၏။
“ မင်းက ဘယ်လိုလုပ်သိတာ …”
“ နင်လည်း သိနေတယ်….” ချိုးယွီလော့၏ လေသံထဲတွင် အံ့အားသင့်မှုက ပြည့်လျှမ်းနေခဲ့သည်။
“ ငါအခု ချောင်ရန် အုပ်စုရဲ့ မြေအောက် ကားပါကင်မှာ … အခင်းက ဒီနေရာမှာ ဖြစ်သွားခဲ့တာပဲ …”
ဖုန်းတစ်ဖက်ခြမ်းတွင် ချိုးယွီလော့မှာ စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ ငါက မြို့စောင့်တပ်ဧရိယာမှာ … လာခဲ့လိုက် … ဒီကိစ္စက နည်းနည်း ရှုပ်ထွေးတယ်… တွေ့ပြီးမှ ပြောကြတာပေါ့ …”
“ ကောင်းပြီ …”
ဖုန်းချပြီးနောက် လင်းရီ မိုဟုန်ရှန်းကို ကြည့်လိုက်သည်။
“ အစ်ကိုရှန်း … အရင်ဆုံး မြို့စောင့်တပ်ဆီ ပြန်ကြစို့ …”
“ အိုကေ ..”
သူတို့အားလုံး ကားထဲသို့ တစ်ယောက်ပြီး တစ်ယောက်ဝင်ကာ မြို့စောင့်တပ် ဧရိယာသို့ ရောက်လာခဲ့ကြ၏။
ထို့နောက် ဧည့်ခန်းထဲ၌ ချိုးယွီလော့နှင့် တွေ့ဆုံသည်။
“ ဘာဖြစ်တာလဲ …” လင်းရီ အလျင်စလို မေး၏။
“ ဥက္ကဌကျီကို ပြန်ပေးဆွဲတဲ့လူက ကျုံးဝေ့တပ်ဖွဲ့ဆီ ဆက်သွယ်လာပြီး စီ - အဆင့် သွေးရည်ကြည်နဲ့ ဖလှယ်ဖို့ ပြောလာတယ်…”
“ စီ - အဆင့် သွေးရည်ကြည် …”
တစ်ဖက်သူ အဘယ်ကြောင့် ဤနေရာသို့ ရောက်လာခဲ့လဲ ဆိုသည့် အကြောင်းအရင်းနှင့် အဘယ်ကြောင့် ထိုမျှ သန်မာနေရလဲဆိုတာကို လင်းရီ ချက်ချင်း သဘောပေါက်သွားခဲ့တော့သည်။
စီ - အဆင့် သွေးရည်ကြည်ကို ဖန်တီးနိုင်သည့် အဖွဲ့အစည်းကြီးတစ်ခု၏ လက်အောက်ငယ်သားက ဤမျှ အရည်အချင်း ရှိနေသည်မှာ သဘာဝပင်။
ယခုလို အသံတိတ် စစ်ဆင်ရေးမျိုးကို သူတို့ကပဲ လုပ်ဆောင်နိုင်မှာ ဖြစ်၏။
ထိုသို့ တွေးကြည့်လိုက်သည့် အချိန်၌ အခြား များပြားသည့် ဖြစ်နိုင်ချေများကိုလည်း ပိုပြီး တွေးတောမိလာသည်။
ဤသို့ ပြန်ပေးဆွဲဖို့ကို သူတို့ စီစဉ်နေခဲ့သည်မှာ အချိန်အတော် ကြာလောက်ပြီးဖြစ်သည်။
သို့သော် သူ့အမေက ကျီချင်းရန်အနားတွင် အချိန်ပြည့် ရှိနေပြီး သူမအနားရှိ သက်တောင်စောင့်များကလည်း အင်မတန် သန်မာသည်။ တချို့ဆို သူ့ထက်ပင် အများကြီး သန်မာကြသေးသည်။ တစ်ဖက်အဖွဲ့ မလှုပ်ရှားဝံ့သည်က သာမန်သာ ဖြစ်၏။
ယခု သူ့အမေလည်း ထွက်ခွာသွားခဲ့ပြီး သူမအနားဝန်းကျင်ရှိ သက်တောင့်စောင့်တို့သည်လည်း တစ်ပါတည်း လိုက်ပါသွားခဲ့ကြသည်။
ပြန်ပေဆွဲရန် လျှို့ဝှက်ပူးပေါင်းကြံစည်မှုသည်လည်း ထိုအချိန်မှာပဲ ပေါ်ထွက်လာခဲ့၏။