← Chapters

ဂရုစိုက်ရမယ့် စစ်ဆင်ရေး

Vol. 130 Ch. 1941

ဂရုစိုက်ရမယ့် စစ်ဆင်ရေး

Vol. 130 Ch. 1941

“ နင် စိတ်အေးအေးထားစမ်း…. အခုက ကမှူးကရှူး လုပ်ရမယ့် အချိန် မဟုတ်သေးဘူး …”

ချိုးယွီလော့က နင်ချဲ့ကဲ့သို့ လင်းရီနှင့် အတူ မအိပ်ဖူးသော်လည်းပဲ လင်းရီအပေါ်ရှိ သူမ၏ နားလည်သဘောပေါက်ထားမှုက ထင်မှတ်မထားလောက်အောင်ကိုပင်။

အကယ်၍ ပနားမားတွင်သာ လင်းရီသည် ကျိုးလျန်ကို ကာကွယ်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ပါက ယခုလို အခြေအနေမျိုး ဖြစ်လာခဲ့မှာ မဟုတ်ချေ။

ယခု စစ်ဆင်ရေး အတွက်ကတော့ သူမတို့ဘက်က အတော်လေး အရေးမသာသည့် အနေအထားသို့ ကျရောက်နေစေကာမူ လင်းရီ ကောင်းမွန်စွာ ကိုင်တွယ်နိုင်မည်ဟု သူမ ယုံကြည်နေဆဲပင်။

ထို့ပြင် သူမကို အသက်အန္တရာယ် ကင်းကင်းနှင့် ပြန်ခေါ်လာခဲ့ပေးနိုင်မည်ဟုလည်း ယုံကြည်သည်။

သို့သော် မေးခွန်းထုတ်ရမည်က သူ၏ လက်ရှိ အနေအထားတွင် ကျီချင်းရန်ကို ကယ်တင်ဖို့က သူ၏ တစ်ခုတည်းသော ရည်မှန်းချက်လော ဆိုတာကိုပင်။

ကြည့်ရသည်မှာတော့ ထိုသို့ ဖြစ်ဟန် မရပေ။ ကျီချင်းရန် ဆိုသည့် အမျိုးသမီးက သူ့ရင်ဘက်ထဲတွင် အဓိက အရေးပါသည့် အခန်းကဏ္တတစ်ခု၌ ရှိ၏။ သူ၏ အကျင့်စရိုက်ဖြင့် ဆိုပါက ထိုလူများကို မသတ်ရမချင်း ရပ်တန့်လိမ့်မှာ မဟုတ်ချေ။ အကယ်၍ သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပြုလိုက်မည်ဆိုပါက ဧရာမ အုတ်အောသောင်းနင်း အဖြစ်အပျက်မျိုး ဖြစ်ပျက်သွားနိုင်သည်။

“ မပူနဲ့ … ငါ လုပ်နေတာကို ငါသဘောပေါက်တယ်…”

လင်းရီ သူ့နာရီကို တစ်ချက် ကြည့်လိုက်ပြီး “ အချိန်ကျတော့မယ်… သင်္ဘောက ပင်လယ်မှာ ရွက်လွင့်နေတာ ဆိုတော့ အချိန်တစ်ချို့ ယူရမှာပဲ … အားလုံး အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ငါတို့စကြတာပေါ့ …”

“ ဒါပေမယ့် ငါသိချင်တာက နင် သူတို့နောက်ကို ဘယ်လိုမျိုး လိုက်ခဲ့မှာလဲ ဆိုတာကိုပဲ … သူတို့က တစ်ယောက်တည်းပဲ တွေ့ချင်တယ်လို့ ပြောခဲ့တာနော်…” ချိုးယွီလော့ ပြောလိုက်ပြီး “ နင်အဲ့ကို ရေကူးသွားဖို့ လုပ်နေတာတော့ မဟုတ်ဘူးမလား …”

“ အနည်းနဲ့ အများပေါ့ … ဒါပေမယ့် ဒီတိုင်း ရေကူးသွားမှာတော့ မဟုတ်ဘူး … ဘာပဲ ဖြစ်ဖြစ်ပါ … အဲ့တာ မင်း ကိစ္စမဟုတ်ဘူး … သူ့ရဲ့ အသက်နဲ့ ငါ မကစားဘူး ….”

ချိုးယွီလော့ ခေါင်းညိတ်လိုက်သည်။ လင်းရီလည်း လိုက်ပါလာမည် ဖြစ်သဖြင့် သူမ၏ စိုးရိမ်ပူပန်မှုမှာလည်း တစ်ဝက်ခန့်မျှ လျော့ကျသွားခဲ့လေသည်။

မကြာမီ လင်းရီတောင်းဆိုသည့် အရာများအားလုံးကို မိုဟုန်ရှန်း စုစည်းပြီးသွားခဲ့၏။

“ ဒါပဲလား .. တခြား ခြေရာခံ ပစ္စည်းတွေနဲ့ နားထောင်တဲ့ဟာတွေရော မယူတော့ဘူးလား …”

“ တစ်ဖက်ရဲ့ အစီအစဉ်က လုံးဝ ထောင့်စေ့တယ်.. အဲ့ဒါတွေ ကျုပ်ယူသွားရင်တောင် သူတို့ဘက်က တစ်နည်းနည်းနဲ့ ကိရိယာတွေကို ပိတ်ဆို့ထားမှာပဲ … တကယ်လို့ ယူသွားရင် အသုံးမဝင်တဲ့အပြင် မလိုလားအပ်တဲ့ အန္တရာယ်တွေပါ ဖြစ်ပေါ်လာနိုင်တယ်.. မယူတာပဲ ကောင်းပါတယ်…”

မိုဟုန်ရှန်း စက္ကန့်အနည်းငယ်မျှ တိတ်ကျသွားခဲ့၏။

“ ဗစ်တိုးရီးယား ပေါ်မှာ ခရီးသွားဧည့်သည်တွေက အများကြီးပါမှာ … လိုရမယ်ရ ဆက်သွယ်ရေးကိရိယာအဟောင်းတော့ ဆောင်သွားပေါ့ .. တစ်ခုခုဆို ငါတို့ဆီ ဆက်သွယ်လိုက် … ငါတို့ဘက်က ၂၄ နာရီ အချိန်ပြည့် ရှိနေမယ်… မင်း ကိုယ်တိုင် အန္တရာယ်ကင်းဖို့ကလည်း အရေးကြီးတယ်…”

“ ကျေးဇူးပါ အစ်ကိုရှန်း …”

“ အချင်းချင်းတွေကိုပဲ .. မလိုပါဘူး …” မိုဟုန်ရှန်း ပြောလိုက်ပြီး “ ငါ လှေလည်း အသင့် ပြင်ခိုင်းထားတယ်… အခု သွားကြတာပေါ့ …."

“ သွားစို့ …”

သုံးယောက်သား မြို့စောင့်တပ် ဧရိယာထဲမှ ထွက်ခွာလာခဲ့ကြသည်။ မိုဟုန်ရှန်းက ကားမောင်းပြီး မိနစ် လေးဆယ် ကြာပြီးနောက် လှေဆိပ်သို့ ရောက်ရှိလာသည်။

နှစ်ယောက်သား ရိုးရှင်းသည့် ပြင်ဆင်မှု တချို့ ပြုလုပ်ကာ အသင့် သယ်ဆောင်လာသည့် ကိရိယာများအား speed boat ပေါ်သို့ တင်လိုက်ကြ၏။ မိုဟုန်ရှန်းမှ ညွှန်ကြားချက် တချို့ပေးကာ သူတို့နှစ်ဦး ထွက်ခွာသွားသည့် ပုံရိပ်ကို အနောက်တွင် ကျန်နေရစ်ရင်း စောင့်ကြည့်နေခဲ့လေသည်။

ကလင် ကလင် ကလင် …

နှစ်ယောက်သား ထွက်ခွာလာခဲ့ပြီးနောက် မကြာမီ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ ယင်းက ကောင်းကျုံးယွမ်ထံကပင်။

“ လင်းကော … ငါတို့ အခုထိ ဥက္ကဌကျီကို ရှာလို့ မတွေ့သေးဘူး … တစ်ခုခုများ ဖြစ်နေပြီလား မသိဘူးနော်…”

“ မပူနဲ့ … မင်းတို့ လုပ်စရာရှိတာကိုလုပ် …”

ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်၏။

ကျီချင်းရန်၏ အခြေအနေနှင့် စပ်လျဉ်း၍ကတော့ လင်းရီ ဖုန်းထဲ များများစားစား မပြောပြခဲ့ချေ။ အဓိကကတော့ ထိုကောင်များကို မစိုးရိမ်စေချင်၍ပင်။

လင်းရီ ဖုန်းချလိုက်သည်ကိုမြင်တော့ ချိုးယွီလော့‌ မေးမြန်းလာသည်။

“ ခဏနေကျရင် နင့်ရဲ့ အစီအစဉ်တွေက ဘာတွေလဲ …”

“ မင်းရဲ့ မစ်ရှင်က သင်္ဘောပေါ်မှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး သဲလွန်စတွေကို ရနိုင်သမျှ ရှာဖွေဖို့ပဲ .. ကျန်တာ ဘာမှ စိတ်ပူစရာ မလိုဘူး …”

ချိုးယွီလော့ မျက်မှောင်ကြုတ်သွားခဲ့သည်။ “ နင်က သူတို့ကို တစ်ယောက်တည်း ကိုင်တွယ်ဖို့ လုပ်နေတာလား …”

“ တစ်ဖက်လူက ဘယ်သူလဲဆိုတာ ငါ အခုထိ မသိသေးဘူး … ဒီတော့ သူတို့ကို ကိုင်တွယ်လို့ မရသေးဘူး ..” လင်းရီ၏ နက်မှောင်သည့် အမူအရာဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် အခြေအနေကို လိုက်ပြီး မီးစင်ကြည့်ကလို့တော့ ရတယ်….”

“ ငါတို့မှာ ရှိတဲ့ သတင်းအချက်အလက်တွေ အတိုင်းဆိုရင် ဒီလူတွေကို အနိုင်ယူဖို့က လွယ်မယ်လို့တော့ မထင်ဘူးနော်…” ချိုးယွီလော့ ပြောပြီးနောက် ခေတ္တရပ်တန့်လိုက်သည်။

“ စုန့်ကျင်းမင် သူတို့ကို သိချင် သိနေမှာ ပြောလို့မရဘူး …”

လင်းရီ ချက်ချင်း ခွန်းတုံ့ပြန်မလာခဲ့ချေ။ ထိုအစား အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

သူ့စိတ်ထဲတွင်တော့ သူနှင့် စုန့်ကျင်းမင်တို့ ကာတာတွင် လုပ်ခဲ့သည့် စစ်ဆင်ရေးအား ပြန်လည်မြင်ယောင်နေသည်။

ဖောဆက်စ်၏ သဲလွန်စကို ရှာဖွေသည့် ညကလွဲ၍ သူတို့နှစ်ဦးမှာ အမြဲတမ်း အတူ ရှိနေခဲ့သည်။ ထို့နောက် သူတို့အတူ ဖောဆက်စ်ကို စာရင်းရှင်းကြ၏။

ထိုအတောအတွင်း ထူးထူးခြားခြား မည်သည့်အရာကိစ္စမျှလည်း ဖြစ်ပေါ်မလာချေ။

သူတို့နှစ်ဦး ရှာဖွေတွေ့ရှိသည့် သတင်းအချက်အလက်တို့ကလည်း သာမန်မျှသာ ဖြစ်ပြီး တစ်ဖက်သူနှင့် စပ်လျဉ်း၍ မည်သည့် သဲလွန်စမျှ ရှိမနေခဲ့ချေ။

စုန့်ကျင်းမင် တစ်ခုခု သိထားသည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

လင်းရီ အကြောင်းအရာ တော်တော်များများကို တွေးတောနေမိခဲ့၏။ သို့တိုင် သူ အချက် တစ်ချက်တော့ လွတ်သွားခဲ့ဆဲပင်။

ယင်းက စုန့်ကျင်းမင်၏ သေတ္တာအတွင်းရှိ ရေမြုပ်အမာကို ဖျက်စီးပစ်လိုက်သည့် လုပ်ရပ်ပင်။ ဦးစွာအနေဖြင့် ထိုလုပ်ရပ်က သေးငယ်လွန်းလှပြီး သတိပြုမိရန် အင်မတန် ခက်လဲလှသည်။

ဒုတိယကတော့ စုန့်ကျင်းမင်၏ လုပ်ဆောင်မှုက အင်မတန် သေသပ်လွန်းနေခဲ့ကာ လင်းရီကို မည်သည့် သံသယမျှ မဖြစ်ပွားစေခဲ့ခြင်းပင်။

“ သူက ဒီတိုင်း မာဆတ် ခရေဇီတစ်ယောက်ပါပဲကွာ .. ငါ့အဖေနဲ့ ကမ္ဘာအနှံ့ လျှောက်သွားနေတာတောင် အနှိပ်ခံဖို့လောက်ပဲ ခေါင်းထဲ စိတ်ဝင်စားနေတာ ဒါတွေ သူသိလောက်မှာ မဟုတ်ပါဘူး …” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ဒီခုကိစ္စက ကျုံးဝေ့တပ်ဖွဲ့နဲ့ ဆိုင်တဲ့ ကိစ္စပဲ … ထစ်ခနဲရှိ သူ့ကိုချည်း မှီခိုနေလို့ ဘယ်ဖြစ်မှာ … အဲ့တာ အကြီးအကဲလုကို စော်ကားရာ ကျတာပေါ့ ….”

ချိုးယွီလော့ ဘာကိုမျှ မဆိုချေ။ သို့သော် စိတ်ထဲတွင်တော့ တစ်စုံတစ်ရာကိုတော့ စဉ်းစားချင့်ချိန်နေလျက်ရှိ၏။

ည၏ လေညင်းက ညင်သာပြီး ကမ်းခြေရှိ တောက်ပသည့် မီးအလင်းရောင်တို့နှင့်လည်း တစထက်တစ ဝေးကွာလာနေလျက် ရှိကာ မိုးကုပ်စက်ဝိုင်းအတွင်းသို့ ဖြည်းဖြည်းချင်း တိုးဝင်ပျောက်ကွယ်လာနေသည်။

တိုက်ခတ်လာနေသည့် ပင်လယ်လေတို့က ကျောချမ်းစရာ ကောင်းလှ၏။ သို့တိုင် သူတို့မှာ အမြန်နှုန်းအပြည့်ဖြင့် ခရီးနှင်နေခဲ့ဆဲပင်။

လင်းရီ၏ အစီအစဉ်အတိုင်းဆိုပါက အချိန်းအချက် ပြုထားသည့် နေရာသို့ နာရီဝက် စောရောက်မှသာ သူလိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်ချိန် ရပေလိမ့်မည်။

နာရီဝက်ခန့် ကြာပြီးနောက် သတ်မှတ်ထားသည့် တည်နေရာသို့ သူတို့ ချဉ်းကပ်လာသည်။

“ အချိန်က ကွက်တိပဲ … နောက် နာရီဝက်နေရင် ဗစ်တိုးရီးယား ရောက်လာတော့မှာ …” ချိုးယွီလော့ ပြောဆိုလိုက်၏။

လင်းရီ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ ရေငုပ်ဝတ်စုံနှင့် နံရံတက်သည့် လျှပ်စစ်သံလိုက်ကိရိယာကို ဝတ်ဆင်လိုက်သည်။

အားလုံး အဆင်သင့် ဖြစ်ပြီဆိုတာနှင့် ချိုးယွီလော့ထံ တစ်ချက် ကြည့်လိုက်၏။

“ ငါ အရင်ဆင်းနှင့်ပြီနော် …”

“ နင် တစ်ချိန်လုံး ရေငုပ်နေမလို့ပေါ့ …” ချိုးယွီလော့ အံ့အားတကြီး လေသံဖြင့် မေးမြန်းလာခဲ့လေသည်။

“ အဲ့တစ်နည်း ရှိတာပဲလေ…” လင်းရီ ခွန်းတုံ့ပြန်လိုက်ပြီး “ ငါပြောခဲ့တာကို သတိရ .. ကိုယ့်ရဲ့ ဘေးကင်းလုံခြုံရေးက အရေးကြီးဆုံးပဲ … မင်း တစ်ခုခု ဖြစ်သွားခဲ့ရင် ငါ့ကိုယ်ငါ အပြစ်တင်လို့ ဆုံးမှာ မဟုတ်ဘူး …”

“ အင်းပါ …”

သူတို့ အချင်းချင်းက တကျက်ကျက်ဆိုပေမယ့် တစ်ယောက်ကိုယ်တစ်ယောက် နားလည်မှုက စကားလုံးတို့ မလိုအပ်ပေ။

ရေကူးဝတ်စုံကို ဝတ်ဆင်ပြီးနောက် လင်းရီသည် ပင်လယ်ရေအောက်သို့ ငုပ်လျှိုးသွားခဲ့၏။

သူ့ဘက်က သေချာတွက်ချက်ပြီးမှ ယခုလိုအချိန်တွင် ငုပ်လျှိုးသွားခဲ့ခြင်းပင်။

အပျော်စီးသင်္ဘောများ၏ အမြန်နှုန်းက ပုံမှန်အားဖြင့် လျင်မြန်လေ့ မရှိပေ။ အထူးသဖြင့် ဗစ်တိုးရီးယားကဲ့သို့ သင်္ဘောမျိုးပင်။ ၎င်း၏ အမြင့်ဆုံး အမြန်နှုန်းက ရေမိုင် ၂၂ မိုင်ဖြစ်ပြီး တစ်နာရီ ၄၀ ကီလိုမီတာနှင့် ညီမျှ၏။

တစ်နည်းဆိုရသော် ဗစ်တိုးရီးယားက ယခု သူတို့နှင့် အနည်းဆုံး ၂၀ ကီလိုမီတာ အကွာတွင် ရှိနေသည်။

အရပ်သုံး ရေကြောင်းရေဒါ ထောက်လှမ်းနိုင်စွမ်းကို ထည့်သွင်း တွက်ချက်သည်တွင် ၂၀ ကီလိုမီတာ အကွာအဝေးက ၎င်းရောက်နိုင်သည့် အမြင့်ဆုံး အတိုင်းအတာဖြစ်၏။

ယခု အချိန်တွင် ငုပ်လျှိုးသွားခဲ့ခြင်းဖြင့် ရေဒါ ထောက်လှမ်းမှုအား ပြီးပြည့်စုံစွာ ရှောင်ကြဉ်နိုင်သည်။

တစ်ဖက် ပြိုင်ဘက်၌ ထိုမျှ အဆင့်မြင့်သည့် ထောက်လှမ်းရေး ပစ္စည်းတို့ မရှိခဲ့လျှင်ပင် သူ့ဘက်က အကယ်၍ ဆိုသည့် ဖြစ်နိုင်ချေ အလားအလာတို့အတွက်လည်း ထည့်သွင်းစဉ်းစားထားရမည် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ပြန်ပေးဆွဲခံထားရသူက ကျီချင်းရန်ပင်။ မလိုလားအပ်သည့် စွန့်စားမှုတို့အား သူ မပြုလုပ်လိုပေ။

ရေအောက်သို့ ငုပ်လျှိုးပြီးသည်နှင့် လင်းရီ အောက်ဆီဂျင်ဘူးအား ဖွင့်လိုက်သည်။ သင်္ဘောရောက်လာသည့် အချိန်အထိ နေနိုင်ရန် လုံလောက်သည့် ပမာဏ သူ့တွင် အပြည့်ရှိ၏။

ရေအောက်ရှိ အေးခဲသည့် အပူချိန်က လင်းရီ၏ ရေငုပ်ဝတ်စုံအတွင်းသို့ ချင်းနင်း ဝင်ရောက်လာခဲ့ပြီး သူ၏ မွေးညှင်းပေါက်တို့အား ကျုံ့သွားစေသည်။

Beep Beep Beep …

မိနစ် ၂၀ ခန့်ကြာပြီးနောက် မလှမ်းမကမ်း အကွာအဝေမှ ဟွန်းသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး တောက်ပသည့် အလင်းရောင်တို့အား စတင် မြင်တွေ့လာရသည်။

ချိုးယွီလော့ သင်္ဘောကိုယ်ထည်အား ပုတ်ကာ လေးနက်တည်ကြည်စွာဖြင့် စကားပြောကိရိယာသို့ ရေရွတ်လိုက်၏။

“ ပစ်မှတ်တော့ ပေါ်လာပြီ …”

All Chapters