မင်းက အရေးပါတဲ့ ဖလှယ်ပစ္စည်းမို့
Vol. 130 Ch. 1942
ချိုးယွီလော့၏ စကားကို လင်းရီ လှေအောက်မှနေ၍ အသံပြုရင်း ပြန်လည်တုံ့ပြန်လိုက်၏။
ဆားပါသည့် ပင်လယ်လေညင်းက သူမ၏ ပါးပြင်ထက်သို့ ကျီစယ်လာလေရာ လူမှာ မသိစိတ်အလျောက် ချမ်းစိမ့်စိမ့် ဖြစ်သွားခဲ့ရသည်။
အမျိုးအမည်မသိရသည့် မစ်ရှင်တစ်ခုက စတင်တော့မည် ဖြစ်၏။ သူမတို့ နောက်ဆက်တွဲ ကြုံတွေ့ရမည့် အရာတို့က ဘာဖြစ်မလဲ မည်သူမျှ မသိရှိကြချေ။
သူတို့အဖို့ အရာအားလုံးက အစိမ်းသပ်သပ်ချည်း ဖြစ်နေသည်။
သေခြင်းနှင့် ရှင်ခြင်းကို တဒင်္ဂအတွင်း အရာရာက ဆုံးဖြတ်ပေးသွားနိုင်သည်။
အပျော်စီးသင်္ဘော၏ ဟိန်းဟောက်သံက ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့ပြီး သူတို့အားလုံးကို နားအူသွားစေမတတ်ပင်။
ဖျော့တော့တော့ မြူခိုးထု၏ နောက်ကွယ်မှနေ၍ ဧရာမ အနက်ရောင် အရိပ်ကြီး တစ်ခုပေါ်ထွက်လာသည်။
ည၏ လိုက်ကာကို မွန်းစတားကြီး တစ်ကောင်က စုတ်ဖြဲဝင်ရောက်လာပြီး အမျိုးအမည်မသိရသည့် လေဟာနယ်ဝင်ပေါက်တစ်ခုက ကမ္ဘာကြီးသို့ ပေါ်ထွက်လာသကဲ့သို့ပင်။
ဖြည်းညင်းစွာဖြင့် သင်္ဘောက အလှမ်းသိပ်မဝေးသည့် နေရာတစ်ခုတွင် အလိုအလျောက် ရပ်တန့်သွားခဲ့သည်။
ချိုးယွီလော့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူမကိုယ်သူမ ရေရွတ်လိုက်၏။
“ သေချာလုပ်ထား… လှုပ်ရှားဖို့ အသင့်ပြင် …”
ဒုန်း ဒုန်း ဒုန်း …
အသံကြားတော့ ချိုးယွီလော့သည် စပိဘုတ်၏ အနေအထားကို ချိန်ညှိ၍ အပျော်စီး သင်္ဘောသို့ ချဉ်းကပ်လာခဲ့၏။
တစ်ချိန်တည်းတွင် ဧရာမ စပေါ့လိုက်မီးအလင်းရောင်ကြီး တစ်ခုက ချိုးယွီလော့၏ စပိဘုတ်သို့ ချိန်ရွယ်ထားလျက် ရှိသည်။
ချိုးယွီလော့က ကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး မည်သည့် ပြဿနာမျှ မရှိကြောင်း အတည်ပြုပြီးနောက် ပြောဆိုလိုက်၏။
“ သတင်းအချက် အလက်တွေ ငါ ရနိုင်သလောက် စုစည်းထားမယ်… နင် တောင့်ထားဦး…”
လှေအောက်မှ တဒုန်းဒုန်း အသံကို ထပ်မံ ကြားလိုက်ရပြီး ယင်းက လင်းရီ တုံ့ပြန်သည့် အသံပင်။
အားလုံး အဆင်သင့် ဖြစ်သည်နှင့် ချိုးယွီလော့ အပေါ်သို့ တက်သွားခဲ့၏။
လင်းရီကတော့ လှေအောက်တွင် ပုန်းကွယ်နေလျက်ရှိရင်း ချိုးယွီလော့လည်း သူ့ကို စိုးရိမ်ပူပန်မနေတော့ချေ။
ယခုအချိန်က အချင်းချင်း သိနားလည်မှုဖြင့် အလုပ်လုပ်ရမည့် အချိန်ပင်။
မစ်ရှင်၏ လုပ်ဆောင်ရမည့် သူ့အပိုင်းကို လင်းရီ ပိုင်နိုင်စွာ ဆောင်ရွက်နိုင်မည်ဟုလည်း သူမ ယုံကြည်ထားခဲ့သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ချိုးယွီလော့ ကုန်းပတ်ပေါ်သို့ ရောက်သွားခဲ့သည်။
ညဉ့်နက် အချိန်အခါ ဖြစ်ပြီး ကုန်းပတ်ပေါ်တွင် မည်သူ့ကိုမျှ သူမ မြင်တွေ့ရခြင်း မရှိချေ။ လူတိုင်းက ကလပ် တစ်ခုခုတွင် ရှိမနေပါက တစ်နေရာရာတွင် တစ်ခုခု ပြုနေကြလောက်၏။
ကုန်းပတ်ပေါ်ကို ရောက်တော့ သူမအား အဆင်သင့် စောင့်ကြိုနေသည့် လူခြောက်ယောက်ကို မြင်တွေ့လိုက်ရပြီး အကုန်လုံး၏ ခွန်အားအဆင့်က တော်တော်လေးကို မြင့်မားနေသည်။
“ မိန်းကလေးချိုး ..”
ပြောလိုက်သူက အနက်ရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင် အတိုနှင့်ဖြစ်၏။
အာရှသား မျက်နှာပေါက် ရှိသော်လည်းပဲ ဟွာရှန့် လူမျိုးတော့ ဟုတ်မနေချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူ့၏ ဟွာရှလေသံက ပုံမှန်ဟုတ်မနေသောကြောင့်ပင်။ ဖြူဖျော့သည့် အသားအရေကို ထောက်ရှုကြည့်မည်ဆိုပါက တောင်ကိုးရီးယားနိုင်ငံသား ဖြစ်ဟန်ပင်။
“ ငါပဲ …”
“ မိန်းကလေးချိုး .. ငါတို့ မင်းရဲ့ ဖုန်းကို စစ်ဆေးကြည့်ဖို့ လိုလိမ့်မယ်.. ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ …”
“ ဖုန်းကို စစ်ဆေးမယ် ဟုတ်လား …”
“ ဟုတ်တယ်….”
ချိုးယွီလော့ ဘာမျှ မဆိုချေ။ ဤသို့သော တောင်းဆိုမှုက သူမ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း၌သာ ရှိသည်။
ထင်မှတ်မထားစွာဖြင့် အနက်ရောင်ဝတ်စုံနှင့်လူက သူမ၏ ဖုန်းကို ပါဝါပိတ်ချပစ်ကာ လျှပ်စစ် ကိရိယာတစ်ခုဖြင့် စကန်ဖတ်ကြည့်လိုက်၏။
ထို့နောက် အကြည်ရောင် ဖိုင်အိတ်တစ်ခုဖြင့် ပတ်ကာ သူမကို ပြန်ပေးလာသည်။
“ ဒါပဲလား …”
“ ငါတို့က ဧည့်သည်ကို ညီတူမျှတူပဲ စစ်ဆေးတယ်… သိမ်းဆည်းတာမျိုး မလုပ်ဘူး …”
“ ကောင်းပြီလေ…”
ချိုးယွီလော့ ဘာမျှ ပြန်ပြောမနေဘဲ ခေါင်းညိတ်ကာ ဖုန်းကို သူမ အိတ်ထောင်ထဲသို့ ပြန်ထည့်လိုက်၏။
အနက်ရောင်ဝတ်စုံနှင့် လူက သူမကို ကြွရန် လက်ဟန်ပြလာခဲ့သည်။ ထို့နောက် လူခြောက်ယောက် ဝန်းရံလျက် သင်္ဘော အခန်းငယ်တစ်ခုသို့ ရောက်ရှိလာသည်။
ဤသည်ကို မြင်တော့ ချိုးယွီလော့မှာ ချောမွေ့လွန်းသည့် ဖြစ်စဉ်ကြောင့် အံ့အားသင့်သွားရသည် အထိပင်။
အနက်ရောင်ဝတ်စုံနှင့် လူများက သူမ၏ ဖုန်းကို စစ်ဆေးသည်မှအပ အခြားမည်သည့်အရာကိုမျှ စစ်ဆေးခြင်း မပြုခဲ့ပေ။
ဤသည်က အတော်လေး သံသယ ဝင်ဖို့ ကောင်းလှ၏။ လင်းရီ ခန့်မှန်းသည်က မှန်သည်။ သူတို့သင်္ဘောတွင် ရေဒါတစ်ခု ရှိထားပြီး သူမ၏ တည်နေရာကို အစောကတည်းက ကြိုတင် သိရှိထားပြီး ဖြစ်သည်။
ဟူး …
ကြည့်ရသည်မှာတော့ သူမရှေ့ရှိ ဤလူများက ရွှေနက်ကော်ပိုရေးရှင်းက လူများထက် ကိုင်တွယ်ရခက်ခဲမည့်ဟန်ပင်။
……..
တစ်ချိန်တည်းတွင် အပျော်စီး သင်္ဘောကြီး၏ အပေါ်ထပ် ဇိမ်ခံ အခန်းထဲ၌ လူဆယ်ယောက်ကျော်မှာ ပြန့်ကျဲလျက် တည်ရှိနေသည်။
ထိုစဉ် ကျီချင်းရန်မှာ ဧည့်ခန်းထဲရှိ ဆိုဖာတစ်ခုပေါ်တွင် ထိုင်နေခဲ့၏။
အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ကျီချင်းရန်မှာ မည်သည့်ချုပ်နှောင်ထားခြင်းကိုမျှ မခံထားရသလို မည်သူကမျှလည်း သူမ၏ လှုပ်ရှားမှုများအား ကန့်သတ်ထားခြင်း မရှိပေ။
အကြောင်းမသိပါက သင်္ဘောပေါ်ရှိ သာမန် ဧည့်သည်တစ်ယောက်ဟူ၍ပင် အထင်မှားသွားနိုင်သည်။
အခြားတစ်ဖက်တွင်တော့ အသက်ငါးဆယ်အရွယ်ရှိမည့် သက်လတ်ပိုင်း လူကြီးတစ်ဦးမှာ လက်တင် ကုလားထိုင် တစ်ခုတွင် ထိုင်နေခဲ့၏။ သူက သာမန် သက်တောင့်သက်သာ ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး စကားတစ်ခွန်း တစ်ပါဒမျှ ပြောဆိုခြင်း မရှိပေ။
သို့သော် အနှီလူက သူ့မျက်နှာကိုတော့ ဖော်ပြထားခြင်း မရှိဘဲ မျက်နှာဖုံးတစ်ခုက သူ၏ မျက်နှာအများစုကို ဖုံးကွယ်ထားခဲ့လေသည်။
ထိုလူ၏ နာမည်က ချိန်ချန်းရုံ ဖြစ်ပြီး ဟုန်မန်ဂိုဏ်း ဥက္ကဌကြီး ဖန်တောက်ဇူ၏ လက်ထောက်ပင်။
သို့သော် ယခု စစ်ဆင်ရေးကိုတော့ ချိန်ချန်းရုံက ဦးဆောင်ခြင်း မဟုတ်ဘဲ ဖန်တောက်ဇူ၏ သားဖြစ်သူ ဖန်ရှီဟုန်ပင်။
ချိန်ချန်းရုံ၏ ပေါင်တွင်တော့ လက်တော့ တစ်လုံးကို တင်ထား၏။
၎င်းစခရင်ပေါ်တွင် ပတ်ပတ်လည်အား ထောက်ရှုနေသည့် ရေဒါမြင်ကွင်းတစ်ခုက ဖြစ်ပေါ်နေလျက် ရှိသည်။
ကလင် ကလင် ကလင်....
ထိုအချိန်မှာပဲ စားပွဲပေါ်ရှိ ဖုန်းက အသံမြည်လာခဲ့၏။
ဖုန်းနံပါတ်ကို ကြည့်ရင်း … ချိန်ချန်းရုံ သူ့ဘေးရှိ ငယ်သားကို တစ်ချက်ကြည့်လိုက်သည်။ ငယ်သားကလည်း အလိုက်တသိနှင့် ဖုန်းကိုင်ကာ စပီကာ ဖွင့်ပေးလိုက်သည်။
“ ပစ်မှတ် လှေပေါ် တက်လာပြီ …”
“ ငါ မှန်းကြည့်မယ် ... သူက တစ်ယောက်တည်းမလား …”
ချိန်ချန်းရုံသည် ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ထားပြီး စခရင်ထံမှ မျက်စိမခွာဘဲ ပြောလိုက်၏။
“ ဟုတ်တယ်… အမျိုးသမီး တစ်ယောက်ပဲ …. သူ့ကြည့်ရတာ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ ခေါင်းဆောင် ချိုးယွီလော့ပဲ ဖြစ်ရမယ်….”
“ ကောင်းပြီ … ငါနားလည်ပြီ …”
ချိန်ချန်းရုံ ဖုန်းပြောပြီးသည်နှင့် ငယ်သားက ဘေးသို့ ဖုန်းပြန်ချထားလိုက်သည်။
ချိုးယွီလော့ ….
ဤနာမည်ကိုကြားတော့ ကျီချင်းရန်၏ နှလုံးခုန်သံတို့ မြန်ဆန်သွားခဲ့သည်။
သူမက ရန်ကျင်းသို့ ရောက်သွားခဲ့စဉ်က ဤနာမည်ကို သူမ ကြားဖူးခဲ့လေသည်။
အနှီ အမျိုးသမီးက လင်းရီ၏ လုပ်ဖော်ကိုင်ဖက် ဖြစ်၏။
လင်းရီနည်းတူ ထူးခြားသည့် အထောက်အထားတစ်ခုကို ပို်ငဆိုင်ထားလေသည်။
သို့ပေမယ့် အနှီ ကိစ္စက သူမနှင့် မည်သို့ ပတ်သက်ဆက်နွယ်လာခဲ့သနည်း။
ရုတ်ချည်းဆိုသလို ကျီချင်းရန် တစ်စုံတစ်ရာအား ပြန်လည်ကြားယောင်မိသွားခဲ့သည်။
တမြန်မနေ့ညက ချင်းဟန် လင်းရီထံသို့ ဖုန်းခေါ်ခဲ့၏။ ထိုစဉ်တွင် လင်းရီ၌ မစ်ရှင် တစ်ခု ရှိနေခဲ့ပြီး သူ၏ အထောက်အထားကို အချိန်တစ်ခုကြာသည်ထိတိုင်အောင် ဖော်ထုတ်၍ မရသေးကြောင်း ပြောပြလာခဲ့သည်။ မဟုတ်ပါက သူတို့အားလုံး ပတ်သက်ဆက်နွယ်မိသွားနိုင်သည်။
ယခုလို ကိစ္စများ ဖြစ်ပျက်လာခဲ့သည်က သူမ လင်းရီနှင့် တွေ့ဆုံခဲ့၍လော။
ယင်းက တွေးကြည့်ရုံမျှနှင့်ပင် ကြောက်ဖို့ အင်မတန် ကောင်းလွန်းလှသည်။
ကျီချင်းရန်၏ ကိုယ်မှာ တုန်ယင်သွားခဲ့၏။ သူမ၏ အတ္တကြီးမှုက ကိစ္စများစွာကို ဖျက်စီးမိသလို ဖြစ်သွားခဲ့လေသည်။
“ ကျုံးဝေ့တပ်ဖွဲ့က အတော်တော့ အားကိုးရသားပဲ … ဒီလို လူစားမျိုးတွေနဲ့ အပေးအယူ လုပ်ရတာ အတော်လေး လွယ်တယ်…”
“ ငါ့အထင်တော့ သူတို့တွေ ဒီကိစ္စရဲ့ လေးနက်မှုကို သတိပြုမိပြီးလောက်ပြီ … ဒီတော့ အလျင်စလို လျှောက်မလုပ်ရဲတာ ပုံမှန်ပါပဲ …” လူမည်း တစ်ဦးက ပြောဆိုလိုက်သည်။
လူမည်း အမျိုးသား၏ နာမည်က ဟဲရစ်ဖြစ်ပြီး ဟုန်မန်ဂိုဏ်း၏ ပျိုးထောင်ပေးခြင်းကို ခံထားရသူ ဖြစ်ကာ စီ - အဆင့် ခွန်အားကို ပိုင်ဆိုင်ထား၏။
ယခု အပျော်စီး သင်္ဘောကြီးပေါ်တွင် ဟဲရစ်ကဲ့သို့ လူလေးယောက် ရှိသည်။၎င်းတို့၏ ခွန်အားက အနည်းငယ် ချို့တဲ့နိုင်သော်လည်းပဲ အကုန်လုံးက စီ - အဆင့်များပင်။
ထိုကဲ့သို့သော တိုက်ပွဲဝင်ခွန်အားမျိုးက ကျုံးဝေ့တပ်ဖွဲ့အတွင်း၌ပင် ထိပ်တန်းဖြစ်နေချေပြီ။
“ သွားစို့ … တစ်ချက် ကြည့်ဖို့ ငါ့နောက်လိုက်ခဲ့ …” ချိန်ချန်းရုံ ပြောလိုက်ပြီး “ ဒီကောင်တွေ ဘာပြဿနာမှ မရှာဘဲ အေးအေးဆေးဆေး ပြီးသွားဖို့ မျှော်လင့်တယ်…”
“ နင်တို့ ဘယ်သူတွေလဲ … ဘာတွေ လုပ်နေကြတာလဲ …”
ချိန်ချန်းရုံနှင့် သူ့လူများ ထွက်ခွာတော့မည့် အချိန်မှာပဲ ကျီချင်းရန် ရုတ်ချည်း အော်ဟစ် မေးမြန်းလာခဲ့သည်။
“ တစ်စုံတစ်ယောက်က ငါတို့ ပစ္စည်းကို ယူသွားခဲ့တယ်… အခု အဲ့တာကို ပြန်ရဖို့ လုပ်နေတာ … မင်းက ဒီတိုင်း ငါတို့ရဲ့ အပေးအယူမှာ ဖလှယ်မယ့် ပစ္စည်းပဲ …”
ချိန်ချန်းရုံသည် လူကြီးလူကောင်း တစ်ယောက်နှယ် စကားကို မနှေးမမြန် အေးဆေး တည်ငြိမ်စွာ ပြော၍ ကျီချင်းရန်၏ အမေးကို ဖြေကြားပေးလိုက်သည်။
“ ဒါပေမယ့် ဘာကြောင့် ငါ့ကိုပြန်ပေးဆွဲတာလဲ … ဒါမှမဟုတ် နင်တို့ ထင်နေတာ ငါ့ရဲ့ အထောက်အထားက နင်တို့ကို အပေးအယူ ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ထင်နေတယ်ပေါ့ ဟုတ်လား …”
“ သေချာတာပေါ့ … မင်းက ငါတို့အတွက် အပြီးပြည့်စုံဆုံး ဖလှယ်ပစ္စည်းပဲ ….” ချိန်ချန်းရုံ ပခုံးတွန့်၍ ပြောလိုက်ပြီး “ မင်းလူက ပနားမားမှာ မစ်ရှင်တစ်ခုလုပ်ရင်း သေသွားခဲ့တယ်… သူ့ရဲ့ မိသားစုဝင်တစ်ဘောက်အနေနဲ့ ကျုံးဝေ့တပ်ဖွဲ့က မင်းကို ပစားပေးထားတာ မထူးဆန်းဘူး … မင်းကို ကယ်တင်ဖို့ဆို သူတို့ဘက်က ကျိန်းသေပေါက် တစ်ယောက်ယောက် စေလွှတ်လာမှာပဲ … အခုကြည့်.... ငါတို့ရဲ့ အစီအစဉ် အောင်မြင်သွားပြီ … သူတို့ တကယ်ပဲ လူလွှတ်လာခဲ့တယ်….”