← Chapters

အရေးနိမ့်နေတဲ့ ညှိနှိုင်းမှု

Vol. 130 Ch. 1943

အရေးနိမ့်နေတဲ့ ညှိနှိုင်းမှု

Vol. 130 Ch. 1943

“ ဟွာရှကို ဆန့်ကျင်လို့ နင်တို့ အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး …”

“ ငါတို့လည်း ဒီလိုမျိုး မလုပ်ချင်ပါဘူး … တကယ်လို့ ငါတို့မှာ ရွေးချယ်စရာသာ ရှိရင် ဘယ်သူကရော ဟွာရှကို ဆန့်ကျင်ချင်မှာ …”

“ ဒါပေမယ့် မင်းရဲ့ ကောင်လေးက ပါဝါ အတော်လေး ကြီးတယ်လို့တော့ ပြောရမယ်… တကယ်လို့ တခြားတစ်ယောက်သာဆိုရင် အသက်သေရင် သေသွားပါလေ့စေ .. ကျုံးဝေ့တပ်ဖွဲ့က ဒီလောက်ထိ အလုပ်ရှုပ်ခံနေမှာ မဟုတ်လောက်ဘူး … ဆိုပေမယ့် မင်းဘက်ကလည်း ပူးပေါင်းပေးဖို့ မျှော်လင့်တယ်… မဟုတ်ရင် မင်းအတွက် ကောင်းမှာ မဟုတ်ဘူး …”

ထိုသို့ ပြောပြီးသည့်နောက် ချိန်ချန်းရုံသည် သူ၏ အင်္ကျီ အဝတ်အစားကို သပ်ရပ်အောင် ပြုလုပ်၍ ဟဲရစ်နှင့် အတူ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။

တစ်ချိန်တည်းတွင် ချိုးယွီလော့နှင့် အနက်ရောင် ဘော်ဒီဂတ်များမှာ အပျော်စီးသင်္ဘော၏ ၁၄ လွှာသို့ ရောက်ရှိလာသည်။

ထိုအခိုက်အတန့်တွင် ချိုးယွီလော့မှာ ပြောင်မြောက်သည့် သတင်းစုဆောင်းစွမ်းရည်ကို ကျင်လည်စွာ ပြသနေလျက် ရှိသည်။

သူမ မျက်စိရှေ့တွင် မြင်တွေ့ရသမျှ အသေးစိတ်တိုင်းကို သေချာစုစည်း၍ ပြန်လည်သုံးသပ်ကာ သတင်းအချက်အလက်များအဖြစ် အသွင်ကူးပြောင်းနေသည်။

၁၄ လွှာတွင် အခန်းက စုစုပေါင်း ၆၄ ခန်း ရှိ၏။

သို့သော် အခန်း ၁၄၀၆ နှင့် ၁၄၀၈ တို့သာလျှင် တံခါးအောက်မှ မီးအလင်းရောင်တို့ ထွက်ပေါ်နေသည်။

ချိုးယွီလော့ သူမဘာသူမ စဉ်းစားလိုက်၏။ ကျီချင်းရန်က ၎င်းတို့၏ ဓားစာခံ ဖြစ်နေသဖြင့် သူမ မည်သို့ ဆက်ဆံခံနေရမလဲဆိုတာကို မြင်ယောင်ကြည့်နိုင်သည်။

ညအချိန်တွင် အိပ်စက် အနားယူနိုင်သော်လည်း သူမအနားတွင် စောင့်ကြပ်နေသည့် လုံခြုံရေး အစောင့်များကတော့ ကျိန်းသေပေါက် ရှိလိမ့်မည်။ ထိုသို့ ဆိုပါက ဤအခန်းနှစ်ခန်းထဲ တစ်ခန်းက ကျီချင်းရန်အပိုင် ဖြစ်နေနိုင်သည်။

ထို့ပြင် အပြင်တွင် အစောင့်အကြပ်များ ချန်ထားရစ်သည့် အခြားသော အခန်း ခြောက်ခန်းကိုလည်း ချိုးယွီလော့ မြင်တွေ့နေရသည်။

အခန်း ၁၄၀၆ နှင့် ၁၄၀၈ အခန်း အသီးသီးရှေ့တွင် လူနှစ်ဦးစီ စောင့်ကြပ်နေပြီး ကျန် ၁၄၀၇,၁၄၀၉,၁၄၁၀ နှင့် ၁၄၁၁ တို့၏ ရှေ့တွင်တော့ လူတစ်ဦးစီသာ ရှိနေသည်။

လုံခြုံရေးအရ အခန်း ၁၄၀၆ နှင့် ၁၄၀၈ ကို အတော်လေး ဦးစားပေးထားသည်။

“ မိန်းကလေးချိုး .. မင်း မြန်မြန် လျှောက်ပေးနိုင်မလား …” အနက်ရောင်ဝတ်စုံနှင့် လူက ပြောဆိုလိုက်၏။

“ မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီနေရာရောက်လာခဲ့ရင်တောင် စိုးရိမ်တုန်လှုပ်နေတယ်ဆိုတာ မဖြစ်သင့်ဘူးနော …”

ထိုလူ၏ တစ်မျိုးတစ်ဖုံ ကျီစယ်သံ စွက်နေခဲ့၏။

သူ့မျက်လုံးထဲတွင် ချိုးယွီလော့၏ အမူအရာနှင့် လှုပ်ရှားမှုတို့က ကြောက်ရွံ့မှုကြောင့် ဖြစ်ပေါ်လာသည့် အပြုအမူများပင်။

သို့သော်လည်းပဲ ချိုးယွီလော့က ဤနေရာရှိ အသေးစိတ် အချက်အလက်တိုင်းကို ရယူပြီး ဖြစ်ကြောင်းကိုတော့ သူ တစ်သက်လုံး စဉ်းစားမိမှာ မဟုတ်ချေ။

ဤသည်က စစ်မှန်သည့် တိုက်ပွဲ၀င် ယူနစ်တပ်ဖွဲ့နှင့် ကိုယ်ပိုင် အဖွဲ့အစည်း စစ်တပ်တို့ကြားရှိ ကွာခြားနေမှုကြီး တစ်ခု ဖြစ်သည်။

သူတို့၏ တိုက်ပွဲ ခွန်အားနှင့် စပ်လျဉ်း၍ နှစ်ဖက်မှာ ကွာဟမှု သိပ်မရှိနိုင်သော်လည်းပဲ အသေးစိတ် စူးစမ်းနိုင်စွမ်းတွင်တော့ ကိုယ်ပိုင် အဖွဲ့အစည်း စစ်တပ်တို့မှာ စံနှုန်းကို လိုက်မီနိုင်ဖို့ လိုအပ်နေသေး၏။

အထူးသဖြင့် ဤနေရာတွင် ဖြစ်၏။

ကျုံးဝေ့တပ်ဖွဲ့ကဲ့သို့ သာမန် စစ်တပ်တပ်ဖွဲ့နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ဤလူအုပ်စုတွင် မျက်ကန်းယုံကြည်မှု တစ်ခုက အရိုးထဲထိ စွဲနစ်နေသည်။ မောက်မာပြီး ရန်သူကို အထင်သေးခြင်းက ၎င်းတို့၏ အကြီးမားဆုံးသော ချို့ယွင်းချက်ပင်။

“ နင့်မှာ ငါ့ကို အမိန့်ပေးပိုင်ခွင့် မရှိဘူး … ကိုယ့်အဆင့်အတန်းကိုယ်သိ …”

အနက်ဝတ်နှင့်လူက အမှုမထားသည့် အမူအရာဖြင့် ပခုံးတွန့်လိုက်သည်။

“ ကောင်းပြီလေ… မင်းနဲ့ ပြိုင်ငြင်းမနေတော့ဘူး .. ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက ငါတို့ ပိုင်နက်ပဲ …”

အခြေအနေကို လေ့လာဆန်းစစ်ပြီးနောက်တွင် ချိုးယွီလော့သည် သူမလမ်းလျှောက်သည့် အမြန်နှုန်းကို မသိမသာ မြင့်တင်လိုက်သည်။ သို့မှသာ တစ်ဖက်က သံသယ မဝင်နိုင်မှာ ဖြစ်၏။

မကြာမီ အခန်း ၁၄၀၆ ရှေ့သို့ ချိုးယွီလော့ ရောက်ရှိလာသည်။

အခန်း၏ အပြင်အဆင်က ချိန်ချန်းရုံ ယခင် ရှိနေခဲ့သည့် အခန်းနှင့် တစ်ထေရာတည်းပင်။

ချိုးယွီလော့ ဆိုဖာပေါ်သို့ ဝင်ထိုင်လိုက်ပြီး သူမကို ခေါ်ဆောင်လာခဲ့ပေးသည့် လူခြောက်ယောက်ကတော့ အခန်း၏ ထောင့်နေရာတိုင်းတွင် မတ်တပ်ရပ်ပြီး နေရာယူလိုက်ကြသည်။

သူမ ဤအခန်းထဲသို့ ရောက်လာပြီးကတည်းက ၎င်းတို့မှာ မည်သည့်စကားကိုမျှ မဆိုတော့ဘဲ တေမိမင်းသားကဲ့သို့ ဟန်ဆောင်နေခဲ့ကြ၏။

Sizzle .. Sizzle … (ဖြောက်ဖြောက်မြည်သံ)

အခန်းထဲရှိ လျှပ်စစ်တံခါးမှ လျှပ်စစ်စီးသံတို့ ထွက်ပေါ်လာခဲ့သည်။ ၎င်းနောက် ချက်ချင်း တံခါး ပွင့်ဟလာခဲ့ပြီး ချိန်ချန်းရုံနှင့် ဟဲရစ်တို့ အထဲဝင်လာခဲ့ကြ၏။

“ အိုးဟိုး … မင်္ဂလာပါ မိန်းကလေးချိုး ..”

ချိုးယွီလော့ လှမ်းကြည့်လိုက်တော့ မျက်နှာဖုံး တပ်ထားသည့် ချိန်ချန်းရုံကို မြင်တွေ့လိုက်ရသည်။ သူ့မျက်လုံး ထောင့်စွန်းနားတွင် မှည့်တစ်လုံးလည်း ရှိနေသည်။ ချိန်ချန်းရုံကို မြင်တော့ ချိုးယွီလော့ ကိုယ့်ကိုယ်ကို သံသယ ၀င်မိသွားခဲ့သည်။

သူမ ကျီချင်းရန်ကို ကိုယ်တိုင်ကိုယ်ကျ ပြန်ခေါ်သွားနိုင်ပါ့မည်လားဆိုတာ ရေရာသေချာခြင်း မရှိနေပေ။ ထို့ကြောင့် စစ်ဆင်ရေး စတင်စဉ်ကတည်းက သူမတွင် ပိုပြီး နက်ရှိုင်းသည့် အစီအစဉ် တစ်ခု ရှိထားခဲ့၏။

ဤခုစစ်ဆင်ရေး၏ ခေါင်းဆောင် မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိပြီးသည်နှင့် သတင်းအချက်အလက်များကို ပြန်လည် ယူဆောင်သွားပြီး ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးကြည့်မည်။

သို့သော် တစ်ဖက်သူက အဆိုအပါ အချင်းအရာကို မျှော်လင့်ထားပြီးသည်နှယ် သူမကို ထိုသို့ ပြုလုပ်နိုင်ရန် အခွင့်အရေး မပေးခဲ့ချေ။

“ ရှင်က ဒီခု စစ်ဆင်ရေးကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့သူလား …” ချိုးယွီလော့ အသံကိုနိမ့်ပြီး မေးမြန်းလိုက်၏။

“ အဲ့ဒါက ဒီခု အလဲအလှယ်လုပ်မယ့် ကိစ္စနဲ့ ဘာမှမဆိုင်သလိုပဲနော်…”

ချိန်ချန်းရုံ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါတို့ လိုချင်တာကို ပေးလာခဲ့လိုက် .. ပြီးရင် မင်းတို့လူကို ပြန်ခေါ်သွားလို့ရပြီ …”

ချိုးယွီလော့၏ အမူမရာမှာ မတုန်မလှုပ်သာ ရှိနေခဲ့၏။ ရန်သူ့သင်္ဘောပေါ်တွင် ရောက်ရှိနေခဲ့သည်ဆိုသော်လည်း သူမ၏ မျက်နှာထက်၌ မည်သည့် ကြောက်ရွံ့မှုကိုမျှ မတွေ့ရဘဲ ရှိကာ ခိုင်မာသည့် သတ္တိက မယိုင်လဲဘဲ ရှိနေသည်ကို မြင်တွေ့နိုင်သည်။ သို့မှလည်း ရန်သူက အထင်မသေးဝံ့မှာ ဖြစ်သည်။

“ ရှင်က နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့လူ မဟုတ်ရင် ကျွန်မတို့ချင်း စကားပြောစရာ ဘာအကြောင်းမှ မရှိဘူး …”

“ မင်းမှာ ငါနဲ့ ညှိနှိုင်းပိုင်ခွင့် ရှိတယ်လို့တော့ မထင်ဘူးနော် မိန်းကလေးချိုး … ဓားစာခံက ငါတို့လက်ထဲမှာ ရှိတယ်ဆိုတာကို သတိရ ….”

“ ဒါဆိုလည်း သူ့ကို သွားပြီး သတ်လိုက်လေ … ကျွန်မ ပြန်ထွက်သွားတော့မယ်…” ချိုးယွီလော့ မတ်တပ်ရပ်၍ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “ ကျွန်မက ကျုံးဝေ့တပ်ဖွဲ့က … ကျွန်မတို့ ဘယ်လိုစိတ်ဓာတ်မျိုးရှိတယ်ဆိုတာ ရှင်တို့ သိသင့်တယ်… လင်းရီက သေသွားခဲ့ပြီးပြီ … အဲ့ဒီ အမျိုးသမီးကို လာပြီး ကယ်တင်ပေးတယ်ဆိုတာ ဒီတိုင်း မျက်နှာသာ ပေးလိုက်တာပဲ … ကျွန်မတို့ဘက်က လုပ်ပေးသင့်တဲ့ ဝတ္တရားတစ်ခု မဟုတ်ဘူး .. ရှင်တို့ရဲ့ ဦးစားပေးက ဘာလဲဆိုတာကို အရင်ပြန်ဆန်းစစ်ပြီးမှ ကျွန်မနဲ့ စကားပြန်လာပြော …”

ချိန်ချန်းရုံ၏ အမူအရာ နက်မှောင်သွားခဲ့၏။ ချိုးယွီလော့၏ ယခုလို သဘောထားအပြုအမူက ယခုလို ဖြစ်နေလိမ့်မည်လို့ သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။

ခေါင်းဆောင် အဆင့် ပုဂ္ဂိုလ်ကြီးဆိုတော့ ထင်ထားတာထက်ကို ကိုင်တွယ်ရ ပိုခက်နေတာပါလား …

“ မင်း ပြောချင်တာကို ငါ သဘောပေါက်တယ်… ဒါပေမယ့် မင်းရဲ့ စကားပြောလေသံက ငါ့ကို ခြိမ်းခြောက်နေတယ်လို့ ခံစားရစေတယ်…” ချိန်ချန်းရုံ ပြောလိုက်ပြီး “ ဒါက ဗစ်တိုးရီးယား သင်္ဘောဆိုပေမယ့် ငါတို့လူတွေက အပိုင်စီးထားပြီးသား … မင်းတို့ ဓားစာခံရဲ့ ဘေးကင်းလုံခြုံမှုကို ဂရုမစိုက်ဘူးဆိုရင်တောင် ကိုယ့်အသက်ကိုယ်တော့ ဂရုစိုက်သင့်တယ် မဟုတ်လား …”

“ ကျွန်မ အသက်ကိုလား …” ချိုးယွီလော့၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့ပြီး ပြုံးရိပ်တစ်ခုက မျက်နှာထက် ပေါ်ထွက်လာသည်။ “ ကျွန်မသာ သေသွားခဲ့ရင် တပ်ဖွဲ့က ရှင်တို့အကုန်လုံးကို ဒီရဲ့ ရေပိုင်နက်ထဲက မထွက်နိုင်ခင် အကုန် ရှင်းပစ်လိုက်လို့ရတယ်… ကျွန်မကို အထင်သေးလို့ရတယ်.. ဒါပေမယ့် ကျုံးဝေ့တပ်ဖွဲ့ကိုတော့ အထင်လာမသေးနဲ့ ….”

“ ကောင်းပြီလေ… မင်း တောင်းဆိုတာကို ငါ ဖြည့်စည်းပေးလို့ရတယ်…”

ထိုသို့ ပြောပြီးနောက် ချိန်ချန်းရုံ လက်ပြလိုက်သည်။ ဘေးတွင် ရှိနေသည့် ဟဲရစ်က သူ့ဘေးရှိ လက်တော့ကို ကောက်ယူ၍ နံရံရှိ TV နှင့် ချိတ်ဆက်လိုက်၏။

မိနစ် အနည်းငယ်ကြာပြီးနောက် လူတစ်ယောက်၏ နောက်ကျောက TV ဖန်သားပြင်ပေါ်တွင် ပေါ်ထွက်လာသည်။

ချိုးယွီလော့ မျက်မှောင်ကြုတ်လိုက်မိ၏။ တစ်ဖက်သူက အတော်ပိန်ပါးကာ အသက်မကြီးသေးကြောင်း သူမ ရှင်းလင်းစွာ မြင်တွေ့နေရသည်။

အသုံးဝင်သည့် သတင်းအချက်အလက် နောက်တစ်ခုက ၎င်း၏ နောက်ကျောနှင့် ဆံပင်ပုံစံတို့ကို ကြည့်ရသလောက် အာရှလူမျိုး တစ်ဦး ဖြစ်သည့်ပုံပင်။

သူ့နံဘေးတွင်တော့ မည်သည့်အရာမျှ ရှိမနေဘဲ အဖြူရောင် နံရံတစ်ခုသာလျှင် ရှိနေခဲ့သည်။

သို့သော် ချိုးယွီလော့ကို အံ့အားသင့်သွားစေခဲ့ဆုံးကတော့ ဗွီဒီယိုထဲရှိလူက သင်္ဘောပေါ်တွင် အမှန်တကယ် ရှိနေရဲ့လား ဆိုတာကိုပင်။ ဤသည်က အတော်လေး အရေးကြီးသည့် သတင်းအချက်အလက် တစ်ခုဖြစ်၏။ အကယ်၍ သူမသာ ကောင်းစွာ မဖမ်းဆုပ်နိုင်ခဲ့ဘူးဆိုပါက နောက်ဆက်တွဲ လှုပ်ရှားမှုများကို များစွာ ခဲယဉ်းသွားစေနိုင်သည်။

“ ဟယ်လို မစ်ချိုး … ဗစ်တိုးရီးယားကနေ ကြိုဆိုပါတယ်..”

ဖန်သားပြင်ထက်ရှိ လူက နှုတ်ခွန်းလာခဲ့၏။ ထိုလူကတော့ ဖန်းတောက်ဇူ၏ သား ၊ ဖန်းရှီဟုန်ပင်။

အံ့အားသင့်ဖို့ကောင်းစွာဖြင့် သူ၏ အင်္ဂလိပ် လေသံက နိုင်ငံခြားတွင် နေထိုင်ခဲ့ဖူးသကဲ့သို့ လန်ဒန် လေသံဖြင့် ဖြစ်နေခဲ့၏။ သို့ပေမယ့်လည်း ဤသည်က ထူးဆန်းသည်လို့တော့ မဆိုသာပေ။ အဘယ်ကြောင့်ဆိုသော် အာရှသား တော်တော်များများက နိုင်ငံခြားတွင် မွေးဖွားကြီးပြင်းလာတတ်ကြသောကြောင့်ပင်။

“ ကျွန်မကို ကြိုဆိုစရာ မလိုဘူး … အချင်းချင်း ရိုးသားပြီး အလုပ်ကိစ္စ ဆွေးနွေးကြတာပေါ့ …” ချိုးယွီလော့က မန်ဒရင်း ဘာသာစကား ပြန်ပြောလိုက်သည်။

“ လေထုကို လေးလံအောင် မလုပ်နဲ့လေ… အဲ့လိုဆို ညှိနှိုင်းရတာ မကောင်းတော့ဘူး …” ဖန်းရှီဟုန် ဖြည်းညင်းစွာ ပြောဆိုလိုက်ပြီး “ နည်းနည်း သက်တောင့်သက်သာလေး ပြောကြတာပေါ့ … အဲ့လို မထင်ဘူးလား ခေါင်းဆောင် ချိုး …”

“ ဒါဆိုလည်း ရှင့်ဘာရှင် အေးဆေးသက်တောင့်သက်သာနေရင်း ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်မယ်… ဘာလို့ဆို ရှင့်ရဲ့ လုပ်ရပ်တွေက ဟွာရှကို စော်ကားနေလို့ပဲ … ရှင် ကိုယ်လုပ်နေတာတွေကိုတော့ ကိုယ်သိတယ်မလား …”

“ ဒါပေါ့ … ငါ နားလည်တာပေါ့ … ဒါပေမယ့် ငါတို့မှာလည်း ရွေးချယ်စရာမှ မရှိတာ … ပစ္စည်းက ငါတို့အတွက် သိပ်အရေးကြီးတဲ့ အရာ ဖြစ်နေတယ်… အဲ့တာကို မင်းတို့က ယူသွားခဲ့တယ်… ဒီတော့ ပြန်ယူရမှာ သဘာဝပဲ မဟုတ်ဘူးလား …” ဖန်းရှီဟုန် ပြောဆိုလိုက်ပြီး “ ဘယ်လိုတန်ကြေးပဲ ပေးဆပ်ရ …. ပေးဆပ်ရပေါ့ ….”

All Chapters