သတိထားတာပါ
Vol. 130 Ch. 1944
ဖန်းရှီဟုန်၏ ယတိ ပြတ်သားသည့် ဆုံးဖြတ်ချက်နှင့် ရင်ဆိုင်ရသည်တွင် ချိုးယွီလော့မှာ မတုန်မလှုပ် ရှိနေဆဲပင်။
ကျုံးဝေ့တပ်ဖွဲ့၏ ခေါင်းဆောင် တစ်ဦး ဖြစ်သည်နှင့်အညီ သူမ၏ နှလုံးသားမှာ သံမဏိကဲ့သို့ မာကြောလှ၏။
“ စီ အဆင့် သွေးရည်ကြည်ကို ဖောဆက်စ်ဆီကနေ ကျွန်မတို့ ယူလာခဲ့တာ … အနက်ရောင် မြွေက ကျွန်မတို့နဲ့ ကမ္ဘာမကြေ ရန်သူပဲ .. ဒါက ရှင်တို့နဲ့ ဘာမှ မဆိုင်ဘူးလို့ ထင်တယ်…” ချိုးယွီလော့ လှောင်ပြောင်ထေ့ငေါ့သံ ပြုလိုက်၏။
“ အဲ့ဒါကိုတောင် ရှင်က သူတို့ကိုယ်စား ကိုင်တွယ်ပေးနေတယ်ဆိုတော့ ရှင်တို့ရဲ့ after sale ဝန်ဆောင်မှုက သိပ်ကောင်းလွန်းမနေဘူးလား …”
“ နောက်ကျနေပြီဆိုတော့ အချင်းချင်း အရေးပါတာတွေ ပြောပြီး အချိန်ဖြုန်းနေဖို့ မလိုဘူး … အလုပ်ကိစ္စပဲ တန်းသွားကြတာပေါ့ …”
ရိုးရှင်းသည့် အပြန်အလှန် စကားပြောမှုမှတဆင့် ချိုးယွီလော့က စကားခွန်းအနည်းငယ်ဖြင့် အလွယ်တကူ လွှမ်းမိုး၍ ရသည့်လူ မဟုတ်ကြောင်းကို သတိပြုမိသွားခဲ့သည်။
ထိုသို့ဖြစ်နေမှတော့ သူသည်လည်း အလုပ်ကိစ္စကို တိုက်ရိုက်စကားပြောဖို့သာ ရှိတော့၏။
“ ကောင်းပြီ မိန်းကလေးချိုး … မင်းဘက်က အပေးအယူကို လုပ်ဖို့ ဆန္ဒရှိရင် အခု စလို့ရပြီ …” ဖန်းရှီဟုန် ပြောလိုက်ပြီး “ တကယ်လို့ ဆန္ဒမရှိဘူးဆိုလည်း အခုချက်ချင်း သင်္ဘောပေါ်က ဆင်းသွားလို့ရတယ်… ငါတို့မင်းကို ဘာအန္တရာယ်မှ မပေးဘူးလို့ ကတိပေးတယ်.. ကျေးဇူးပြုပြီး ရွေးချယ်ပေးပါ မိန်းကလေးချိုး …”
ချိုးယွီလေ့ အသံတိတ်သွားခဲ့၏။ တစ်ဖက်သူက စစ်တုရင် ဆက်ရွေ့ရန် ရည်ရွယ်ချက် မရှိတော့ပဲ ထိုအစား နောက်ခြေလှမ်းကို စတင်ရန် ပြောဆိုလာလေသည်။ ထို့အပြင် ကျုံးဝေ့တပ်ဖွဲ့နှင့် ရန်သူမဖြစ်လိုသည့် ၎င်းတို့၏ သဘောထား ရည်ရွယ်ချက်ကိုလည်း ရှင်းလင်းစွာ မြင်တွေ့နေရသည်။ သူတို့က စီ အဆင့် သွေးရည်ကြည်ကိုသာ ပြန်လည်ရယူလိုခြင်း ဖြစ်၏။
“ ကျွန်မ ဓားစာခံကို တွေ့ချင်တယ်…”
“ ရတာပေါ့ …”
လက်တော့ကို ထိန်းချုပ်နေသည့် ဟဲရစ်က ကျီချင်းရန် အခန်းထဲရှိ မြင်ကွင်းကို TV ဖန်သားပြင်ထက်သို့ ရွေ့ပြောင်းပေးလိုက်သည်။
သူမနည်းတူ ဆိုဖာပေါ်တွင် ထိုင်နေပြီး မည်သည့်ချုပ်နှောင်ထားခြင်းကိုမျှ မခံထားရသည်ကို ချိုးယွီလော့ မြင်တွေ့လိုက်ရလေသည်။
“ မိန်းကလေးချိုး … ငါတို့ မင်းတောင်းဆိုတဲ့အတိုင်း လုပ်ပေးပြီးပြီနော်… ကျေးဇူးပြုပြီး ဆုံးဖြတ်ချက် မြန်မြန်လေး ချပေးပါ …” ချိန်ချန်းရုံ ပြောလိုက်သည်။
ချိုးယွီလော့ ဖန်းရှီဟုန်နှင့် ဆက်လက် စကားပြောလိုစိတ် မရှိတော့ပေ။ တစ်ဖက်သူ၏ ခိုင်မာမြဲမြံသည့် သဘောထားအရ အကယ်၍ သူမဘက်က ပိုမိုများပြားသည့် သဲလွန်စကို ရှာဖွေလိုလျှင် သူမရှေ့ရှိ ဤလူက အကောင်းဆုံး ရွေးချယ်မှု ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ဟဲရစ်က စခရင်ကို ပြန်ပြောင်းလိုက်ပြီး ချိုးယွီလော့၏ အစီအစဉ်များကို ကဖျက်ကယက် ပြုလုပ်လိုက်၏။
“ မင်းမှာ တခြား တောင်းဆိုစရာ ရှိတယ်ဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်… ငါတို့က ဒီကို စိတ်ရင်းအမှန်နဲ့ ရောက်လာခဲ့တာ …” ဖန်းရှီဟုန် ပြောဆိုလိုက်သည်။
“ ဓားစာခံကို တခြား တစ်ခုခုနဲ့ လဲလို့ ရမလား … စီအဆင့် သွေးရည်ကြည်နဲ့ မဟုတ်ဘဲနဲ့ပေါ့ ..”
“ ဆောရီးပဲ … ငါတို့ဘက်က တခြား ဘာမှမလိုအပ်ဘူး …” ဖန်းရှီဟုန် ပြောဆိုလိုက်ပြီး “ ပြီးတော့ ဒီကိစ္စမှာ တခြား ညှိနှိုင်းဆွေးနွေးစရာ အကြောင်းလည်း မရှိဘူး … ငါ မင်းကို နောက်ထပ် မိနစ်ဝက်အချိန်ပေးမယ်… အဲ့အချိန်ထိ ဆုံးဖြတ်ချက် တစ်ခု ချလို့ မပြီးသေးဘူးဆိုရင် မင်းကို သင်္ဘောပေါ်က ဆင်းခိုင်းရလိမ့်မယ်… ပြီးတော့ ငါတို့ရဲ့ ညှိနှိုင်းဆွေးနွေးမှုလည်း ဒီမှာတင် ပြီးပြီ …”
ချိုးယွီလော့ ကွက်ခနဲ မျက်နှာပျက်သွားခဲ့၏။
အခြေအနေက သူမ ထိန်းချုပ်နိုင်သည့် အတိုင်းအတာအတွင်းမှ ဖြည်းဖြည်းချင်း လွန်မြောက်လာနေသည်။
“ ကျွန်မလည်း ဒီကို စိတ်ရင်းအမှန်နဲ့ လာခဲ့တာပဲ … ဒါပေမယ့် စီအဆင့် သွေးရည်ကြည်ရဲ့ အရေးပါမှုကို ကျွန်မထက်ပိုပြီး ရှင်တို့က သိမှာပါ … ပစ္စည်းကို ကျွန်မနဲ့အတူ ယူမလာဘူး … ရှင်တို့လူတွေ ကျွန်မနဲ့လိုက်ပြီး အတူလိုက်ယူဖို့ လိုတယ်….”
“ မိန်းကလေးချိုး … မင်း အခုလို လုပ်နေတာတွေက နည်းနည်းလေးမှ ပျော်ဖို့မကောင်းဘူးနော်… ပြီးတော့ မင်းရဲ့ လှပတဲ့ သွင်ပန်းသဏ္ဌာန်နဲ့လည်း ကိုက်ညီမနေဘူး …” ဖန်းရှီဟုန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါ့လူတွေကိုတော့ မလွှတ်ပေးနိုင်ဘူး … ဗစ်တိုးရီးယားက မနက်ဖြန် ၃ နာရီ ၂၈ မိနစ်ကျ ဂျပန် ဆိပ်ကမ်းကို ဆိုက်မှာ … မင်းတို့ကို နောက်ဆုံး အကြိမ် အခွင့်အရေး ပြန်ပေးလိုက်မယ်… တကယ်လို့ အဲ့ဒီ အမျိုးသမီးနဲ့ လဲလှယ်ချင်တယ်ဆိုရင် စီအဆင့် သွေးရည်ကြည်ကို ယူလာခဲ့ … ငါတို့ကတော့ မင်းဆီကို မလာနိုင်ဘူး …”
“ ကျွန်မက ဒီတိုင်း သတိထားနေရုံတင်ပါပဲ …”
“ ကျုံးဝေ့တပ်ဖွဲ့ရဲ့ အကြောကို ငါသိတယ်… မင်းရဲ့ တောင်းဆိုမှုကို ငါ သဘောမတူနိုင်ဘူး …” ဖန်းရှီဟုန် ပြောလိုက်ပြီး “ မိနစ်ဝက်ပြည့်ပြီ … မင်းပုံစံကြည့်ရတာ ငါတို့နဲ့ အလဲအလှယ် လုပ်ချင်တဲ့ပုံလည်း မပေါ်ဘူး … သူ့ကို ပြန်လွှတ်လိုက်တော့ …”
စကားဆုံးသည်နှင့် စခရင်မှာ အနက်ရောင်ပြောင်းသွားခဲ့ပြီး ဖန်းရှီဟုန်ဘက်က ဆက်သွယ်မှုကို ဖြတ်တောက်ပစ်လိုက်၏။
ချိန်ချန်းရုံ မတ်တပ်ရပ်၍ သူမကို ထွက်သွားဖို့ လက်ဟန်ပြလိုက်ကာ လေကုန်ခံပြီး စကားပြောဆိုမနေတော့ချေ။
ချိုးယွီလော့လည်း သူမကိုယ်သူမ အလွန်အမင်း အလေးမသာသည့် အခြေအနေသို့ ကျရောက်နေကြောင်း ကိုယ့်ကိုယ်ကို သိသည်။ တစ်ဖက်သူ၏ အနုစိတ်သည့် အကြံအစည်က ကြောက်စရာ အင်မတန် ကောင်းလှ၏။
အခြား ရွေးချယ်စရာ မရှိပါဘဲ ချိုးယွီလော့ မတ်တပ်ရပ်၍ အပြင်သို့ ထွက်ခွာသွားရတော့သည်။
သို့သော် ထိုအချိန်မှာပဲ အတွေးတစ်ခုက ခေါင်းထဲ ဝင်လာခဲ့ပြီး ထူးဆန်းသည့် အလင်းရောင်တစ်ချက်က မျက်ဝန်းထဲ ဖြတ်ပြေးသွားခဲ့၏။
အခန်းထဲက ထွက်လာခဲ့ပြီးနောက် ချိန်ချန်းရုံသည် ချိုးယွီလော့နောက်သို့ လိုက်ပါလာခဲ့ခြင်း မရှိပေ။ ထိုအစား သူမကို ခေါ်ဆောင်လာသည့် လူခြောက်ယောက်ကသာ လိုက်ပါလာသည်။
ပျာယာခတ်ခြင်း ကင်းစွာဖြင့် ချိုးယွီလော့ သူမ၏ ဖုန်းကို ထုတ်လိုက်၏။
ဤသည်ကို မြင်တော့ ချိန်ချန်းရုံ၏ လက်အောက်ငယ်သားက ချက်ချင်း ပြောလာသည်။
“ မိန်းကလေးချိုး .. အခုက သင်္ဘောပေါ်မှာပဲ ရှိသေးတယ်… သင်္ဘောပေါ်မှာ ဆက်သွယ်ရေး ကိရိယာတွေကို သုံးခွင့် မပြုထားဘူး …”
“ နင့်ကိုယ်နင် တအား ဝင်ပါလွန်းနေပြီလို့ မထင်ဘူးလား …” ချိုးယွီလော့ အေးစက်စက် ပြောဆိုလိုက်၏။ “ ဒါ ငါ့ဖုန်း … ငါ့ဖုန်းငါ သုံးလို့မရဘူးပေါ့ … ဒီခု သင်္ဘောပေါ်မှာ လူတစ်ထောင်ကျော်ရှိတယ်… သူတို့ တစ်ယောက်ချင်းစီတိုင်း အသုံးပြုလို့ မရအောင် နင်တို့ ကန့်သတ်နိုင်လို့လား …”
“ သင်္ဘောပေါ်ကလူတွေ သုံးတာကိုတော့ ငါတို့ မကန့်သတ်ထားဘူး … ဒါပေမယ့် မင်းက မတူဘူးလေ … ဗစ်တိုးရီးယားပေါ်ကနေ မဆင်းမချင်း မင်းသုံးလို့မရဘူး …” အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ပြောလိုက်သည်။
“ အစတုန်းကတည်းကရင် ငါတို့ဘက်က မင်းဖုန်းကို ဘာမှ မစစ်ဆေးဘဲ စိတ်ရင်းအမှန်ကို ပြသထားခဲ့ပြီးပြီ … ဒီတော့ မင်းလည်း အဲ့ဒီ တစ်ချက်ကို ထောက်ရှုပြီး ငါတို့ကို ပြန်နားလည်ပေးနိုင်မယ်လို့ မျှော်လင့်တယ်… ဒါဆို နှစ်ဦးနှစ်ဖက်လုံးအတွက် အဆင်ပြေတယ်…”
“ တပ်ဖွဲ့ထဲက လူတွေတောင် ငါ့ကို အဲ့လိုလေသံမျိုးနဲ့ စကားလာမပြောရဲတဲ့ဟာ နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ …”
“ မိန်းကလေးချိုး … ကိစ္စတွေက ဒီအခြေအနေထိတောင် ရောက်လာနေပြီကို မင်း ဘာပြဿနာမှ မရှာဖို့ ငါမျှော်လင့်တယ်…” ချိန်ချန်းရုံ ပြောလိုက်ပြီး “ ငါတို့ဘက်က ကျုံးဝေ့တပ်ဖွဲ့ကို ထိုက်သင့်တဲ့ လေးစားမှု ပေးထားခဲ့ပြီးပြီ … မင်းကချည်း ငါတို့ကို ခက်ခဲအောင် လုပ်နေတာ … တကယ်လို့ ရွေးချယ်စရာ မရှိတော့ရင် ငါတို့ဘက်က တခြားနည်းလမ်းတွေ သုံးဖို့ကို စိတ်ရှိနေမှာ မဟုတ်ဘူးနော်… ဒါပေါ့ .. တကယ်လို့ ငါပြောတဲ့ စကားတွေက မင်းကို သက်တောင့်သက်သာ မဖြစ်စေဘူးဆိုရင်လည်း ငါကပဲ တောင်းပန်ပါတယ်….”
ချိန်ချန်းရုံ၏ စကားကိုကြားတော့ ချိုးယွီလော့ ဘာမျှ ဆက်ပြောမနေတော့ချေ။
“ ညှိနှိုင်းဆွေးနွေးတာလည်း ပြီးသွားပြီဆိုတော့ အခု ငါ့ဖုန်းပေါ်က ဥစ္စာကို ဖယ်လိုက်လို့ ရပြီလား …”
“ သင်္ဘောပေါ်က ဆင်းခါနီးကျ ငါတို့ ဖယ်ပေးမယ်… ဒါပေမယ့် အခုတော့ မဟုတ်သေးဘူး …” ချိန်ချန်းရုံ ပြောလိုက်သည်။ “ ပြီးတော့ မလိုတာတွေ လျှောက်မလုပ်ချင်တဲ့ … ငါတို့ဘက်က ခွင့်မပြုပေးနိုင်ဘူး …”
ချိုးယွီလော့ ပခုံးတွန့်ပြလိုက်ပြီး အခြားဘာမျှ ထပ်မပြောတော့ချေ။
ချိန်ချန်းရုံ၏ ယှဉ်တွဲတွေးခေါ်ပြမှုက သူမကို မည်သည့်ခွန်အားမျှ ထုတ်သုံး၍ မရအောင် ပြုလုပ်နေသည်။
မကြာမီ ချိုးယွီလော့မှာ သူမ တက်လာခဲ့သည့် နေရာသို့ ရောက်ရှိလာခဲ့၏။
တစ်ချိန်တည်းတွင် အနက်ရောင်ဝတ်စုံနှင့်လူက ဖုန်းတွင် တပ်ထားသည့် ကာကွယ်ရေး ကိရိယာကို ဖယ်ရှားပေးလိုက်သည်။
ချိုးယွီလော့ သူမဖုန်းကို ပြန်ယူ၍ ဖွင့်လိုက်၏။ ထို့နောက် တစ်ချက် စစ်ဆေးကြည့်ကာ အိတ်ထောင်ထဲ ပြန်ထည့်လိုက်သည်။
သို့သော် သူမ အိတ်ထောင်ထဲ ထည့်လိုက်သည့် အချိန်၌ အသံဖမ်းသည့် လုပ်ဆောင်မှုကို ဖွင့်ထားလိုက်လေသည်။
အဆိုပါ အသေးစား လုပ်ဆောင်မှုလေးကိုတော့ မည်သူကမျှ သတိမပြုမိလိုက်ကြချေ။
ချိုးယွီလော့ လေကုန်ခံမနေတော့ဘဲ ကြိုးလှေကားသို့ တွယ်၍ လှေအောက်သို့ ဆင်းရန် ဟန်ပြင်သည်။
လမ်းတစ်ဝက်တွင် ခေါင်းမော့ကြည့်လိုက်ရာ သင်္ဘောထက်ရှိ လူများက သူမကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း မြင်တွေ့လိုက်ရလေသည်။ သို့သော် ဤသည်ကပင် သူမအတွက် အန္တရာယ်ကင်းသည့် အကွာအဝေး ဖြစ်နေပြီး ဖြစ်၏။
ဆင်းသည့် အရှိန်နှုန်းကို ရည်ရွယ်ချက် ရှိရှိ နှေးကွေးလိုက်ကာ တစ်စုံတစ်ရာကို ပြောဆိုနေသကဲ့သို့ နှုတ်ခမ်းကို လှုပ်ရှားလိုက်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် စပိဘုတ်၏ ဘေးဘက်ခြမ်းသို့ ပြန်လည် ရောက်ရှိလာသည်။
တစ်ချိန်တည်းတွင် သူမကို လိုက်ပို့ပေးရန် တာဝန်ယူထားသည့် အနက်၀တ်နှင့်လူလည်း ပြန်လည်ထွက်ခွာသွားခဲ့ကြပြီး ချိန်ချန်းရုံနှင့် တွေ့ဆုံသည်။ သို့သော် ကျန်သည့် လူငါးယောက်ကတော့ ကုန်းပတ်၌သာ ကျန်နေရစ်ခဲ့၏။
“ မစ္စတာချိန်….” အနက်ရောင်ဝတ်စုံနှင့် အာရှသားက နှုတ်ဆက်လိုက်၏။
“ သူ အခု အောက်ရောက်သွားပြီ … ဒါပေမယ့် သူ့ကြည့်ရတာ ကျုံးဝေ့တပ်ဖွဲ့နဲ့ ဆက်သွယ်ဖို့ကို အတော်လေး စိတ်မရှည်ဖြစ်နေတဲ့ပုံပဲ … လှေကားတစ်ဝက်မှာတင် စကားတွေ ပြောနေပြီ …”