← Chapters

ကယ်ဆယ်မယ့် စစ်ဆင်ရေး စတင်ပြီ

Vol. 130 Ch. 1945

ကယ်ဆယ်မယ့် စစ်ဆင်ရေး စတင်ပြီ

Vol. 130 Ch. 1945

“ ဟက်… သူတို့ဆက်သွယ်တော့ရော ဘာအရေးလဲ … အသာစီးက ငါတို့လက်ထဲမှာပဲ ရှိတယ်… သူ့ဘာသူ ဘာပဲလုပ်လုပ် အသုံးမဝင်ဘူး …” ချိန်ချန်းရုံ ပြောလိုက်သည်။

“ ဘယ်လိုတောင် ဒိတ်အောက်လိုက်တဲ့ အုပ်စုလဲ မသိပါဘူး … တကယ်လို့ ဒီအတိုင်းသာ ဆက်သွားနေရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ နိုင်ငံတကာ စံနှုန်းမီတဲ့ အနေအထားက မကြာခင် အောက်ဆုံး ရောက်သွားတော့မှာပဲ …”

“ ဥက္ကဌကြီးကသာ သူတို့ကို မြင့်မြင်တွေးနေတာ ငါဆို ခေါင်းထဲကို မရှိတာ …” ဟဲရစ် ပြောလိုက်၏။

“ ဥက္ကဌကြီးကို ဝေဖန်ဖို့ ငါတို့မှာ အဆင့်မရှိဘူး … ငါတို့ရဲ့ လက်ရှိ မစ်ရှင်က အဲ့ဒီ အမျိုးသမီးကို စောင့်ကြည့်ထားဖို့ပဲ … ငါတို့ ဒီက မထွက်ခွာသေးခင် သူ့ အပြည့်အဝ လုံခြုံတယ်ဆိုတာ သေချာပါစေ ….”

နှစ်ဖက်ခြမ်းလုံးက သူတို့ကိုင်ဆောင်ထားသည့် ကတ်များကို စားပွဲပေါ် ချပြပြီးဖြစ်သဖြင့် ချိန်ချန်းရုံ များများစားစား ဂရုစိုက်မနေတော့ချေ။

အကယ်၍ ကျုံးဝေ့တပ်ဖွဲ့ဘက်က အင်အား အသုံးပြုလာခဲ့မည်ဆိုပါက ကျီချင်းရန် အမည်ရသည့် အမျိုးသမီးကို သူတို့ ချက်ချင်း ရှင်းလင်းသုတ်သင်ပစ်လိုက်မည်။

သင်္ဘောပေါ်တွင် သီးသန့် ရဟတ်ယာဉ်တစ်စင်း ရှိထားပြီး သူတို့အားလုံး အချိန်မ‌ရွေး ထွက်ခွာရန်အတွက် လုံလောက်၏။

“ ငါတို့တွေ ဒီတိုင်းပဲထိုင်ပြီး သတင်းမျှော်နေကြတော့မှာလား …” ဟဲရစ် ပြောလိုက်၏။ “ ငါတော့ ကျုံးဝေ့တပ်ဖွဲ့က လူတွေနဲ့ ယှဉ်ပြိုင်ဖို့ကို မစောင့်နိုင်တော့ဘူး …”

“ အခု ငါတို့ဘက်က အသာစီးရနေတယ်… ငါတို့ လုပ်ဖို့လိုတာက အေးဆေးလေး စောင့်ဆိုင်းဖို့ပဲ … ကျုံးဝေ့တပ်ဖွဲ့က ငါတို့ထက် အလျင်လိုပြီး ဆက်သွယ်လာမှာပဲ ….”

ဟဲရစ် ပခုံးတွန့်ပြလိုက်၏။ “ သူတို့သာ ရောက်မလာခဲ့ဘူးဆိုရင် ဒီခရီးက တကယ်ကို ပျင်းဖို့ကောင်းတဲ့ ခရီးစဉ် ဖြစ်သွားပြီ …”

……..

တစ်ချိန်တည်းတွင် ချိုးယွီလော့မှာ သူမ၏ စပိဘုတ်ပေါ်သို့ ပြန်လည် ရောက်ရှိနေချေပြီ။

စစ်တပ်သုံး မှန်ဘီလူးကို ထုတ်၍ အပေါ်သို့ လှမ်းကြည့်လိုက်ရာ ကုန်းပတ်ပေါ်တွင် လူများ ပြည့်နှက်နေသည်ကို သူမ သတိထားမိလိုက်သည်။ ကြည့်ရသည်မှာ သူမ မထွက်ခွာသေးသရွေ့ ထွက်သွားဦးမည့်ပုံ မပေါ်ချေ။

ဤသည်ကလည်း ချိုးယွီလော့ မျှော်လင့်ထားသည့် အတိုင်းအတာ အတွင်း၌သာ ရှိသည်။

တစ်ဖက်သူ၏ သံသယကို မတိုးပွားစေရန်အတွက် ချိုးယွီလော့သည် သူမ၏ အိတ်ထောင်တွင်းသို့ တိတ်တဆိတ် လက်ရောက်သွားခဲ့ပြီး ဖုန်းကို ပင်လယ်ထဲသို့ မသိမသာ ပစ်ထည့်လိုက်ကာ စပိဘုတ်ကို ပြန်လှည့်၍ အသံနိမ့်ပြီး ပြောလိုက်၏။

“ သဲလွန်စတွေ အကုန်လုံး အသံသွင်း ဆော့ဝဲထဲမှာ ရှိတယ်… နင်ဖွင့်ကြည့်လိုက် …”

တစ်ချိန်တည်းတွင် ရေအောက်ငုပ်လျှိုးနေသည့် လင်းရီလည်း ချိုးယွီလော့၏ စကားများကို ကြားလိုက်ရလေသည်။ သို့သော် သူ၏ လက်ရှိ အခြေအနေအရ များများစားစား တုံ့ပြန်နိုင်ခွင့် မပြုချေ။

ချက်ချင်း ဆိုသလို ရေအောက်သို့ ပြုတ်ကျလာသည့် ဖုန်းထံသို့ ဦးတည်သွားလိုက်သည်။

ကျုံးဝေ့တပ်ဖွဲ့ဝင်များ အသုံးပြုသည့် ဖုန်းက သာမန် ဖလက်ရှစ် ဖုန်းများနှင့် ဆင်တူသော်လည်း ဝယ်ယူပြီးနောက်သည့်တွင် IT ဌာနက ၎င်းတို့ကို သေချာပြန်ပြီး မွမ်းမံပြင်ဆင်မှုတို့ ပြုလုပ်ပေးသည်။

ရေစိုခံသည်က သူတို့ဖုန်းများ၏ အခြေခံအကျဆုံး အရည်အချင်းတစ်ခုပင်။

ပင်လယ်ထဲ၌ပင် အချိန်အတိုင်းအတာတစ်ခုထိတိုင်အောင် အဆင်ပြေပြေ အသုံးပြု၍ရ၏။

ထိုအချိန်မှာပဲ အပျော်စီး သင်္ဘောကြီး၏ အင်ဂျင်သံမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ဂျပန်သို့ ဦးတည်၍ ခရီးနှင်လေတော့သည်။

ချိုးယွီလော့၏ ဖုန်းကို ပါးစပ်တွင် ကိုက်ထားရင်း တွယ်တက်သည့် လျှပ်စစ်ကိရိယာဖြင့် သူ့ကိုယ်သူ သင်္ဘောထံသို့ တင်းကြပ်စွာ ကုပ်တွယ်ထားလေသည်။

သူ ရေအောက်သို့ ငုပ်လျှိုးပြီးကတည်းက အချိန်တစ်နာရီကျော် ကုန်ဆုံးသွားခဲ့ပြီး ဖြစ်၏။ ဤအတောအတွင်း လင်းရီ တစ်ချိန်လုံး ရေအောက်၌ ပုန်းကွယ်နေခဲ့လေသည်။ သူ၏ ရေငုပ်ဝတ်စုံက အရည်အသွေးကောင်းမွန်သော်လည်းပဲ အရိုးခိုက်မတတ် အေးစိမ့်လှသည့် ပင်လယ်ရေက သူ၏ ကိုယ်အပူချိန်ကို ဆက်တိုက်လျှော့ချနေလျက် ရှိနေဆဲပင်။

ပြင်းထန်သည့် ရေလှိုင်းစီးကြောင်းတို့ကလည်း သူ၏ သက်လုံ တစ်ချိန်လုံး စမ်းသပ်နေခဲ့လေသည်။

ဤသို့သော အခြေအနေမျိုးတွင် လင်းရီတစ်ဦးသာလျှင် သူ၏ ကိုယ်ဟန်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ ချိုးယွီလော့နှင့် နင်ချဲတို့ဆိုပါက လုံးဝ တောင့်ခံနိုင်မှာ မဟုတ်ပေ။

သင်္ဘောပေါ်ရှိ အခြေအနေက အရေးတကြီး ဖြစ်နေပြီး ....

လင်းရီကလည်း သူ၏ အကောင်းဆုံး အထွတ်အထိပ် အခြေအနေတွင် ရှိမနေချေ။

သူ့အဖို့ …. ဤသည်က ကြီးမားသည့် စမ်းသပ်စစ်ဆေးမှုကြီး တစ်ခုပင် …

ရိုးရှင်းသည့် ချိန်ညှိမှု တစ်ချက် ပြုလုပ်ပြီးနောက် လင်းရီ ဖုန်းကို ပါးစပ်တွင် ကိုက်ကာ တွယ်တက်သည့် လျှပ်စစ်ကိရိယာဖြင့် သူ့ကိုယ်သူ သင်္ဘောကိုယ်ထည်သို့ တောက်တဲ့တစ်ကောင်နှယ် တွယ်ကပ်ထာလိုက်သည်။

ထို့နောက် သင်္ဘောထက်သို့‌ မော့ကြည့်လိုက်၏။ အန္တရာယ်ကင်းရှင်းကြောင်း အတည်ပြုပြီးနောက် လက်တစ်ဖက်ကို လွှတ်ကာ ဖုန်းထဲရှိ အသံသွင်း ဆော့ဝဲကို ဖွင့်လိုက်သည်။

အဆက်မပြတ် တိုက်ခတ်နေသည့် ပင်လယ်လေသံတို့က အသံသွင်းမှု ဖြစ်စဉ်ကို အတော်လေး အနှောင့်အယှက် ဖြစ်နေစေကာ လင်းရီမှာ စကားတစ်လုံးခြင်းကို သေချာ အာရုံစူးစိုက်၍ နားထောင်နေရတော့၏။

“ ငါတို့ ညှိနှိုင်းဆွေးနွေးတဲ့ အခန်းက အပျော်စီး သင်္ဘောရဲ့ ထိပ်ဆုံးလွှာ အခန်း ၁၄၀၆ မှာပဲ …”

“ ဥက္ကဌကျီက ဘယ်လို ခြိမ်းခြောက်မှုမျိုးမှ မခံထားရဘူး … ကောင်းကောင်းမွန်မွန်နဲ့ ရှိနေတယ်… ဒါပေမယ့် ဗစ်တိုးရီးယားက မနက်ဖြန် ညနေ ၃ နာရီ ၂၈ ကျရင် ဂျပန် ဆိပ်ကမ်းဆီ ကမ်းကပ်တော့မှာ … အဲ့ အချိန်မတိုင်ခင် ငါတို့ ဥက္ကဌကျီကို မကယ်နိုင်ဘူးဆိုလို့ကတော့ တစ်ဖက်လူက လှုပ်ရှားလာတော့မှာပဲ …”

“ ငါ လေ့လာဆန်းစစ်မိသလောက်ဆိုရင် တစ်ဖက်လူက သင်္ဘောရဲ့ ထိပ်ဆုံးလွှာတစ်ခုလုံးကို အပြတ်ငှားရမ်းထားတာ ဖြစ်ရမယ်… အဓိက အခန်းတွေက ၁၄၀၆ နဲ့ ၁၄၀၈ ပဲ … ဥက္ကဌကျီက အခန်း ၁၄၀၈ ထဲမှာ ရှိနေဖို့ များတယ်… တခြား သံသယဝင်ဖို့ ကောင်းတဲ့ အခန်းတွေက ၁၄၀၇,၁၄၀၉,၁၄၁၀ နဲ့ ၁၄၁၁ တို့ပဲ …”

“ သင်္ဘောပေါ်က လုံခြုံရေးက မတင်းကြပ်ထားဘူး … နင် အသာလေး ခိုးဝင်လို့ရတယ်…”

“ ဒီခု စစ်ဆင်ရေးကို နောက်ကွယ်ကနေ ထိန်းချုပ်နေတဲ့လူက အာရှလူမျိုးပဲ … ငါတို့ ဗွီဒီယိုကောနဲ့ ဆက်သွယ်ဖြစ်ကြတယ်.. ဒီမှာ တာဝန်ယူထားတဲ့လူကတော့ အသက်ငါးဆယ်လောက် ရှိမယ့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးပဲ … မျက်နှာဖုံး တပ်ထားပြီး သူ့မျက်လုံး ထောင့်စွန်းမှာ မှဲ့ပါတယ်… ဒါပေမယ့် သူ့လေသံက ဟောင်ကောင်လေသံတော့ နည်းနည်းစွက်တယ်…”

“ သူ့နားတစ်ဝိုက်မှာ ရှိတဲ့ အစောင့်အကြပ်တွေက အတော်လေး သန်မာတယ်… အနည်းဆုံးတော့ စီ - အဆင့်တွေချည်းပဲ …”

ချိုးယွီလော့က စကားကို အမြန် ပြောသွားခဲ့သည်။ အရှိန်ပြင်းပြင်းနှင့် တိုက်ခတ်နေသည့် ပင်လယ်လေတို့ပါ ထည့်ပေါင်းလာခဲ့တော့ သူမ၏ အသံသွင်းလုပ်ငန်းစဉ်မှာ အတော်လေးကို နှောင့်ယှက်ခံထားရလေသည်။ အရေးကြီး သတင်းအချက်အလက်များကို မစစ်ထုတ်နိုင်မီ နောက်ထပ် နှစ်ကြိမ်မျှ လင်းရီ နားထောင်လိုက်ရ၏။

စကားလုံးတိုင်းက သူ့အတွက် အကူအညီ ကြီးကြီးမားမား ပေးနိုင်သည့် အထောက်အပံ့များပင်။

အသံသွင်းထားသည့်ဖိုင်ကို နားထောင်ပြီးနောက် ချိုးယွီလော့၏ ဖုန်းကို ရေထဲ လွင့်ပစ်လိုက်ပြီး သင်္ဘောထက်သို့ သေချာ ဂရုတစိုက်နှင့် တွယ်တက်တော့သည်။

နာရီဝက်ခန့် ကြာပြီးနောက် လင်းရီ အံတင်းတင်းကြိတ်၍ ကုန်းပတ်ပေါ်သို့ တက်လိုက်၏။ ရေငုပ်ဝတ်စုံနှင့် လျှပ်စစ်သံလိုက်ကိရိယာကို ချွတ်ပြီး ပင်လယ်ထဲ ပစ်ချလိုက်သည်။

ထို့နောက် ထောင့်တစ်ခုသို့ လှစ်ခနဲပြေးကာ ကိုယ့်ကိုယ်ကို ဖုံးကွယ်လိုက်ပြီး အသက်ရှူချိန် အနည်းငယ်ရအောင် ဖန်တီးလိုက်သည်။

လင်းရီ ပင်ပန်းမောဟိုက်စွာ အသက်ရှူနေခဲ့ရ၏။ ပြင်းထန်သည့် ရေစီးကြောင်းတို့ကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသည့်အတွက် သူ့မှာ သက်လုံကလည်း သိပ်မကျန်တော့ချေ။ ကျောတွင် ကီလိုဒါဇင်ခန့်လေးသည့်အခြား ပစ္စည်းကိရိယာများကိုလည်း သယ်ပိုး၍ နာရီဝက်ကျော်ကြာအောင် တွယ်ကပ်ထားရသည်က လင်းရီကိုယ်တိုင်ပင် မခံမရပ်နိုင် ဖြစ်ရလောက်သည်အထိ ပင်ပန်းလွန်းလှ၏။

အောင်အောင်မြင်မြင်နှင့် ခိုးဝင်နိုင်ပြီးနောက်တွင် လင်းရီ ချက်ချင်းလက်ငင်း မလှုပ်ရှားသေးချေ။ ချိုးယွီလော့ ပေးထားသည့် သဲလွန်စများကို သေချာ ပြန်ဆန်းစစ်လေသည်။

ကျီချင်းရန်က အချိန်တစ်ခုထိတိုင်အောင် ဘေးကင်းလုံခြုံနေသေးသည်။ သူ့ဘက်က အလျင်လိုစရာ မလိုချေ။ သို့သော် ကျန်ရှိသည့် အချိန်ကိုတော့ သေချာကောင်းမွန်စွာ အသုံးချဖို့လိုအပ်၏။

နောက် ဒုတိယ တစ်ချက် အနေဖြင့် တစ်ဖက် အစောင့်များ၏ တိုက်ပွဲခွန်အားက သူ့ထက် သာလွန်နေလျက် ရှိသည်။ ၎င်းတို့ထံ၌ ခဲယမ်းလက်နက်များပင် ရှိနေနိုင်သည်။ ဤသည်က အန္တရာယ်များသည့် လက္ခဏာရပ် တစ်ခုဖြစ်၏။

၎င်းကြောင့်ပဲ ဤခု စစ်ဆင်ရေးကို အလျင်စလို ကမှူးကရှူး လျှောက်လုပ်၍ မဖြစ်ပေ။ ဉာဏ်ရည်ဉာဏ်စွမ်းကို ကျင်လည်စွာ အသုံးချ၍ ပြဿနာကို ဖြေရှင်းဖို့ လိုသည်။

အချိန်အတော်ကြာသွားခဲ့ပြီးနောက် လင်းရီ နာရီကို တစ်ချက်ကြည့်လိုက်သည်။ မနက် လေးနာရီ အချိန် ရှိနေပြီ ဖြစ်၏။

ဝေးကွာသည့် ကောင်းကင်ယံတွင် အဖြူရောင် အလင်းတန်းတို့အား စတင် မြင်တွေ့လာရပြီး မနက်ခင်း နေ့သစ် တစ်နေ့သည်လည်း စတင်လာချေပြီ။

လင်းရီ မြေပုံကို ဖွင့်၍ လက်ရှိ လမ်းကြောင်းနှင့် အမြန်နှုန်းကို တွက်ချက်မှု ပြုလိုက်သည်။

လက်ရှိ အနေအထားအတိုင်းဆိုပါက နောက်လေးနာရီတွင် ဗစ်တိုးရီးယား၏ ဂျပန်၏ ရေပိုင်နက်ထဲသို့ ရောက်ရှိသွားမှာ ဖြစ်၏။

ဤသည်က သူ့အတွက် အခွင့်အရေးကောင်းပင်။

ထိုကိစ္စအား တွေးမိသည်တွင် အာယာနဲ မစ်ဆူထံသို့ လင်းရီ ချက်ချင်း ဖုန်းခေါ်လိုက်၏။

ပထမ တစ်ကြိမ်တွင် မည်သူမျှ ဖုန်းကိုင်မလာချေ။ သို့သော် လင်းရီ နောက်တစ်ကြိမ် ထပ်ခေါ်တော့မည့် အချိန်မှာပဲ အာယာနဲ မစ်ဆူဘက်က ဆက်သွယ်လာခဲ့၏။

“ လူကြီးမင်းလင်း … ကျွန်မဆီ ဖုန်းမဆက်သွယ်ဖြစ်တာတောင် အတော်ကြာပြီနော်…” အာယာနဲ မစ်ဆူ ရွှင်မြူးစွာ ပြောလာခဲ့ပြီး “ ဘာလို့ မနက်အစောကြီး ဖုန်းခေါ်လာတာ … ကိစ္စ တစ်ခုခု ရှိလို့လား …”

“ မင်းကို အခုချက်ချင်း တစ်ခုခု လုပ်ပေးခိုင်းချင်တာလေး ရှိလို့ပါ အာယာနဲမိန်းကလေး …”

“ ဟင် .. ဟုတ်လား … အဲ့တာဆို ပြောလေ…”

“ နောက် လေးနာရီကြာရင် ဟောင်ကောင်က ရွက်လွင့်လာတဲ့ ဗစ်တိုးရီးယား သင်္ဘောက ဂျပန် ရေပိုင်နက်ထဲ ရောက်လာလိမ့်မယ်… ဂျပန်ရဲ့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့တွေကို မင်းဘက်က ဆက်သွယ်ပြီး သင်္ဘောပေါ်ကို တားမြစ်ပစ္စည်းတွေ ရှိမရှိ စစ်ဆေးရေး ဝင်ပေးလို့ရနိုင်မလား …”

All Chapters