မလိုမုန်းထား ဘက်လိုက်မှု
Vol. 130 Ch. 1946
“ မစ်ဆူမိသားစုရဲ့ လွှမ်းမိုးမှုနဲ့ဆိုရင် အဲ့လို လုပ်ဖို့က ပြဿနာ မရှိပါဘူး …” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ ဒါပေမယ့် ပုံမှန်ဆိုရင်တောင် အပျော်စီး သင်္ဘောတွေ ကမ်းကပ်လာခဲ့ရင် အဲ့လိုမျိုးတွေ ရှိမရှိ စစ်ဆေးခံရမှာပဲ .. ကမ်းရိုးတန်း အစောင့်တပ်ကို တကူးတကကြီး စုစည်းနေစရာတောင် မလိုဘူး …”
“ အင်း … မင်းရဲ့ လူတွေကို အဲ့လိုမျိုး လုပ်လို့ရအောင် နည်းလမ်း ရှာပေးပါဦး … ဘယ်လိုပဲ ဖြစ်ဖြစ် အကြောင်းပြချက် တစ်ခုခုပေးပြီး သင်္ဘောပေါ် တက်လာခဲ့လိုက် …”
လင်းရီက ဤပြဿနာကို မစဉ်းစားရသေးသောကြောင့် အာယာနဲ မစ်ဆူကိုယ်တိုင် သူမဘာသူမ ကိုင်တွယ်ဖို့ လိုအပ်လာသည်။
“ အွန်း … ရတယ်လေ… ပြဿနာ မရှိဘူး .. ကျွန်မစီစဉ်လိုက်မယ်… လူကြီးမင်းလင်းက စိတ်ချထားလိုက် …” အာယာနဲ မစ်ဆူ ပြောလိုက်သည်။ “ သင်္ဘောပေါ် တက်ပြီးရင် ကျွန်မတို့ရဲ့ မစ်ရှင်က ဘာလုပ်ရမှာ ….”
“ ငါလည်း အခု သင်္ဘောပေါ်မှာ … ငါနဲ့ ဆက်သွယ်ဖို့ လူလွှတ်လိုက် … သူတို့ ဆက်လုပ်ရမယ့် နောက်ခြေလှမ်းတွေကို ငါ စီစဉ်ပေးမယ်…”
“ ဟုတ်ပြီ .. ကျွန်မ အခုပဲ စီစဉ်လိုက်တော့မယ်…”
“ အင်း … အားကိုးပါတယ် …”
ဖုန်းချပြီးနောက် လင်းရီ ဖုန်းကို အပေါ်အောက် ပွတ်ဆွဲလိုက်ရင်း လျိုဟုန်၏ နံပါတ်ကို ဆက်သွယ်လိုက်သည်။
“ အခြေအနေ ဘယ်လိုရှိလဲ … မင်း သင်္ဘောပေါ် ရောက်သွားပြီလား …” လျိုဟုန် အသံနိမ့်ပြီး မေးမြန်းလာခဲ့သည်။
“ ကျုပ် ရောက်ပြီ … ဒီတော့ စိတ်မပူနဲ့တော့ … ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုလည်း ရှာတွေ့ထားတယ်… ဒါပေမယ့် အာရုံပြောင်းအောင်လုပ်ဖို့ ခင်များဘက်က အကူအညီကို လိုတယ်…” လင်းရီ ပြောဆိုလိုက်သည်။
“ ဘာလုပ်ရမလဲ ငါတို့ကိုပြော … မင်း ပြောတဲ့အတိုင်း ငါတို့ လုပ်မယ်…” လျိုဟုန် လေးလေးနက်နက် တုံ့ပြန်လိုက်၏။
“ သူတို့နဲ့ ဆက်သွယ်တဲ့ ကြိမ်နှုန်းကို တိုးမြင့်ပြီး အလဲအလှယ်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ပုံစံပြလိုက် … ပြီးတော့ စီအဆင့် သွေးရည်ကြည်ကို ကမ်းပေးဖို့လည်း သဘောတူလိုက် ..” လင်းရီ ပြောဆိုလိုက်ပြီ “ ဒါပေမယ့် အရမ်းကြီးလည်း အားတက်သရော မဖြစ်စေနဲ့ပေါ့ … ပုံမှန် မဟုတ်တဲ့ တစ်ခုခုကို သူတို့ သတိထားမိသွားရင် ပြဿနာ တက်လာနိုင်တယ်…”
“ ငါနားလည်ပြီ … ကြည့်ပြီးမှ ကိုင်တွယ်လိုက်မယ်….” လျိုဟုန် ပြောလိုက်ပြီး “ ဒါပဲလား … တခြား ဘာလိုအပ်တာတွေ ရှိသေးလဲ …”
“ လောလောဆယ်တော့ ဒီလောက်ပဲ … ခင်များဘက်က အဲ့တာကို လုပ်နိုင်ပြီဆိုရင် ကျန်တာကို ကျုပ်ဘာကျုပ် မီးစင်ကြည့်ကလို့ရပြီ …”
“ အင်း … မင်းရဲ့ မိသားစုဝင်လည်း ပါဝင်ပတ်သက်နေတယ်ဆိုတော့ ဒီကိစ္စ ကိုင်တွယ်ရတာ မင်းအတွက်လည်း အတော်ခက်ခဲမှာပေါ့ ….”
“ ကျုပ် ကျုံးဝေ့တပ်ဖွဲ့ထဲ စဝင်တဲ့နေ့ကတည်းကရင် ဒီလို ဖြစ်ရပ်မျိုးအတွက် စိတ်ကို ပြင်ဆင်ထားပြီးသားပါ … တောင်းပန်စရာ မလိုပါဘူး … ကျုပ်တို့အားလုံးက ကိုယ့်အလုပ်ကိုယ် လုပ်နေကြတဲ့ လူတွေချည်းပါပဲ …”
“ အဲ့လို စဉ်းစားတာကောင်းတယ်… ဟုတ်ပြီ … နောက်ခြေလှမ်းအတွက် ငါ စီစဉ်လိုက်ဦးမယ်… အဆက်အသွယ် မပြတ်စေနဲ့ …”
“ ကောင်းပြီ …”
လျိုဟုန်နှင့် ဖုန်းပြောပြီးနောက် လင်းရီ ဆက်လက် ပုန်းကွယ်မနေတော့ချေ။ အချိန်ကလည်း တင်းကြပ်ပြီး သူ့တွင် တခြားကိစ္စများကို ကိုင်တွယ်ဖို့ကလည်း ရှိသေး၏။
မနက်ခင်း ငါးနာရီကျော် အချိန် ရှိပြီဖြစ်သော်လည်း သင်္ဘောပေါ်တွင် လူတို့ များများစားစား သိပ်မရှိချေ။
အပျော်စီးသင်္ဘောတွင် လိုက်ပါလာခဲ့ကြသူများက အပန်းဖြေရန် အတွက်ဖြစ်၏။
ယခုလို အနားယူ ဇိမ်ခံသည့် အချိန်တွင် ရုံးဝန်ထမ်းများကဲ့သို့ မည်သူကရော အိပ်ရာ စောစီး ထကြမည်နည်း။
အင်္ကျီကို သပ်ရပ်အောင် ပြုလုပ်ပြီး လင်းရီ ယုံကြည်ချက် အပြည့်ဖြင့် ထွက်လာခဲ့ပြီး အခြားသော ခရီးသွားဧည့်သည်များနှင့် ဝင်ရောလိုက်သည်။
ခရီးသွား ဧည့်သည်များပင် ဖြစ်စေ ၊ သင်္ဘောပေါ်ရှိ ဝန်ထမ်းများပင် ဖြစ်စေ ၊ သူ့ဘေးနားက ဖြတ်သွားသည့်တိုင် မည်သူကမျှ သူ့အား သံသယမဝင်ခဲ့ကြချေ။
မကြာမီ သင်္ဘောထိပ်ရှိ ရဟတ်ယာဉ်ရပ်နားကွင်းသို့ ရောက်ရှိလာခဲ့ပြီး ရဟတ်ယာဉ်တစ်စင်း ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ဤသည်ကို မြင်တော့ သူ၏ အတွေးများအား လင်းရီ အတည်ပြုလိုက်နိုင်သည်။
ကျီချင်းရန်က တမြန်မနေ့ညက ပြန်ပေးဆွဲခံလိုက်ရခြင်းပင်။
လက်ရှိ ဗစ်တိုးရီးယား၏ အမြန်နှုန်းဖြင့် ဆိုပါက ပင်လယ်ပြင်၌ ရွက်လွင့်နေခဲ့သည်မှာ သုံးရက်ခန့် ရှိပြီ ဖြစ်၏။ ထို့ကြောင့် ကျီချင်းရန်ကို ပြန်ပေးဆွဲပြီးနောက်တွင် ယခု ရဟတ်ယာဉ်ဖြင့် သင်္ဘောပေါ်သို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ရမည်။
ရဟတ်ယာဉ်အနားသို့ သွားရောက်၍ လင်းရီ တစ်ချက် အနီးကပ် ကြည့်ရှုလိုက်သည်။ ရဟတ်ယာဉ်က အရပ်သားသုံးဖြစ်ပြီး ပိုက်လော့ အပါအဝင် ထိုင်ခုံနေရာ ရှစ်ခု ရှိသည်။
တစ်နည်းဆိုရသော် သင်္ဘောပေါ်သို့ ရောက်လာကြသူများမှာ လူ ရှစ်ယောက်ထက် မပိုပေ။ ထိုအနက် တစ်ယောက်က ကျီချင်းရန် ဖြစ်၏။
ဆိုလိုသူမှာ အဓိက ပြိုင်ဘက် အင်အားစုများ၏ လူအရေအတွက်က အများဆုံး ခုနစ်ယောက်သာဖြစ်၏။
အရေအတွက်က များပြားသည့်ပုံ မပေါ်သော်လည်းပဲ ယခုကဲ့သို့ အခြေအနေမျိုး၌ လူအရေအတွက်က အင်အားမျှချေကို ဆုံးဖြတ်ပေးနိုင်ခြင်း မရှိပေ။
အရေးကြီးဆုံးကတော့ ဤလူများအားလုံးက တန်းထျန်အတွင်းမှ ခွန်အားထုတ်သည့် နည်းလမ်းကို တတ်မြောက်ကျွမ်းကျင်ပြီးထားကြသူများ ဖြစ်နေချိန်တွင်ပင်။
အလဲအလှယ် ပြုလုပ်မည့် အရာက စီအဆင့် သွေးရည်ကြည် ဖြစ်နေသည်ကိုပါ ထပ်ပေါင်းထည့်လိုက်တော့ သူတို့တွင် အခြားပြင်ဆင်ထားသည့် အရာများလည်း ကျိန်းသေပေါက် ရှိရပေဦးမည်။
သင်္ဘောပေါ်သို့ မတက်ရောက်မီတွင် ထပ်ပေါင်းပြင်ဆင်ထားမှုတို့ ပြုလုပ်ထားပြီးလောက်ချေသည်။ ထို့ကြောင့် သင်္ဘောပေါ်၌ ၎င်းတို့ ခုနစ်ဦးအပြင် အခြားသော လက်နက်ကိုင် အစောင့်များလည်း ကျိန်းသေပေါက် ရှိနေလောက်သည်။
သူ့အတွက် အတော်လေး အန္တရာယ်များသည့် အခြေအနေပင်။
အသေးစိတ် အကြောင်းအရာများအား အတည်ပြုပြီးသည့်နောက် လင်းရီသည် ဆက်လက် အချိန်ဖြုန်းမနေတော့ဘဲ သူ၏ နောက်ခြေလှမ်းအား စတင်ရန် ဟန်ပြင်လိုက်တော့သည်။
“ ဟေ့ကောင် … ခိုးကြောင်ခိုးဝှက်နဲ့ ဒီကို ဘာလာလုပ်တာလဲ …”
လင်းရီ ပြန်သွားတော့မည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို ဘေးဘက်မှနေ၍ အသံတစ်ခု ထွက်ပေါ်လာသည်။
သူ လှည့်ကြည့်လိုက်တော့ ပြောလိုက်သူက အပြာရောင် ယူနီဖောင်းနှင့် ဟွာရှဘာသာစကားကို ပြောဆိုနေခဲ့ပြီး သူ့အား စူးရှသည့် အကြည့်တို့ဖြင့် ကြည့်ရှုနေခဲ့၏။
“ ဒီသင်္ဘောပေါ် လိုက်ပါဖို့ လက်မှတ်ဝယ်ထားတာ ငါ့ဘာငါ ဘယ်နေရာသွားသွား ဘာလုပ်လုပ်ပေါ့ … မင်းနဲ့ ဆိုင်လား …” လင်းရီ တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး သံသယ ဖြစ်ဖွယ် မည်သည့် အပြုအမူကိုမျှ မပြုလုပ်ခဲ့ချေ။
“ ဒီရဟတ်ကွင်းက ငွေလျှံတဲ့ သူဌေးကြီးတွေအတွက်ပဲ … ဒီကို ဘယ်သူမှ လာလို့ မရဘူး … မင်း ဆိုင်းဘုတ်တွေ စာ မဖတ်တတ်ဘူးလား …” အပြာရောင် ယူနီဖောင်းနှင့် အမျိုးသားက ပြောဆိုလိုက်၏။
လင်းရီ မျက်လုံး ကစားကြည့်လိုက်တော့ အမှန်ပင် တားမြစ် ဆိုင်းဘုတ်များအား မြင်တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ ပုန်းကွယ်ဖို့အတွက် နေရာဆိုးတစ်ခုအား ရွေးချယ်မိလိုက်သည့်ပုံပင်။
“ မလာနဲ့ဆိုလည်း မလာဘူးပေါ့ … အဲ့တာဆိုလည်း ငါ အခု သွားပြီ …”
လင်းရီ ဆက်လက် ငြင်းခုန်မနေတော့ဘဲ သူ၏ နဂို ခြေလှမ်းများအတိုင်း ပြန်လည်ဦးတည်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ ယူနီဖောင်းနှင့် အမျိုးသားက ရပ်တန့်လာခဲ့၏။
“ မလှုပ်နဲ့ …"
လင်းရီ ရပ်တန့်ပြီး နောက်သို့လှည့်ကာ ထိုလူအား မေးခွန်းထုတ်သည့် အကြည့်ဖြင့် ပြန်လည် ကြည့်ရှုလိုက်သည်။
“ မင်း ဘာဖြစ်ချင်နေတာ …”
“ မင်း ဒီကို မဟုတ်တာ တစ်ခုခု လုပ်ဖို့ ရောက်လာခဲ့တာမလား … မင်းရဲ့ ကိုယ်ကို ရှာဖွေကြည့်ဖို့ လိုမယ်…”
“ ဒီမှာ ရဟတ်ယာဉ်အစုတ်ကြီးကလွဲလို့ ဘာမှ မရှိတာကို ငါက ဘာ မဟုတ်တာတွေ လျှောက်လုပ်ရမှာ .. ငါ့ကို ဆီခိုးထုတ်ဖို့ ရောက်လာတဲ့လူလို့များ မင်း ထင်နေလား….”
ပြောပြီးနောက် လင်းရီ သူ့နောက်ရှိ လှေကားထစ်များအား လက်ညှိုးထိုးပြလိုက်သည်။
“ ဒီဧရိယာကို မင်းတို့က ချိတ်ပိတ်ထားတာမျိုးလည်း မလုပ်ထားဘူး … တခြား ခရီးသွားဧည့်သည်တွေလည်း ဒီကို တက်လာလို့ရတယ်… တကယ်လို့ တကယ်ကြီး တားမြစ်ထားတဲ့နေရာဆို မင်းတို့ကောင်တွေက ပိတ်ဆို့ထားတာမျိုးတွေ လုပ်ထားလေ… မင်းဘာမင်း အတွေးတွေ လွန်ပြီး ငါ့ကို လာမစွပ်စွဲနဲ့ …”
“ တခြားလူတွေလည်း တက်လာချင် တက်လာနိုင်တယ်… ဒါပေမယ့် မင်းက ဟွာရှန့်လူမျိုး ဖြစ်နေတော့ ပိုပြီး သံသယဝင်ဖို့ ကောင်းတယ်…."
“ စောက်အဓိပ္ပာယ် မရှိတာ … ငါက ဟွာရှန့်လူမျိုး ဖြစ်တာနဲ့ပဲ မင်းက ငါ့ကို ရှာဖွေချင်တယ်ပေါ့ …” လင်းရီ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်၏။
“ ဟွာရှ ပြည်မကြီးသားတွေက ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ကောင်တွေ … စူပါ့ စူပါ ချမ်းသာတဲ့ သူဌေးကြီးတွေမှ ဒီလို သင်္ဘောမျိုးပေါ် လိုက်စီးနိုင်တာ … မင်းတို့လို လူမျိုးတွေက ဒီနေရာနဲ့ မတန်ဘူး … ဒါကြောင့်မို့ မင်းကို စစ်ဆေးရမှာပဲ …” ယူနီဖောင်းနှင့် အမျိုးသားက ပြောလိုက်၏။ “ ပြီးတော့ ဧည့်သည်တော်တော်များများက ခုတလော သူတို့ရဲ့ ပိုက်ဆံအိတ်တွေ ပျောက်နေတယ်ဆိုပြီးလည်း တိုင်ကြားထားသေးတယ်… ဒီတော့ မင်းရဲ့ အိုင်ဒီ၊ လက်မှတ်နဲ့ ခရီးသွားခွင့် ပါမစ် ငါ့ကိုပြ .. စုံစမ်းစစ်ဆေးဖို့ အကုန်ထုတ်လာခဲ့ …”
လင်းရီ မျက်လုံးပွင့်၍ ယူနီဖောင်းနှင့် သင်္ဘောသားအား ကြည့်လိုက်သည်။ “ မင်းရဲ့ စကား နားထောင်ရသလောက်တော့ ငါတို့ ပြည်မကြီးသားတွေ အပေါ် တော်တော်လေး ဆိုးတဲ့ အမြင်တွေ ရှိခဲ့ဖူးတယ်နဲ့တူတယ်….”
“ အဲ့လို မရှိပါဘူး …” ယူနီဖောင်းနှင့် အမျိုးသားက အမှုမထားသည့် လေသံဖြင့် ပြောလိုက်ပြီး သူ၏ မျက်နှာအမူအရာမှာတော့ အတော်လေး မောက်မာနေခဲ့၏။ လင်းရီကို လေးလေးနက်နက်ပင် သဘောမထားချေ။
တကယ့်တကယ်တွင်လည်း သူ့ဘက်က လင်းရီကို ပစ်မှတ်ထားနေခြင်း မဟုတ်သလို သင်္ဘောပေါ် လိုက်ပါလာသည့် အခြား ဟွာရှန့်လူမျိုးများကိုလည်း ဂရုစိုက်မနေချေ။
သူ့မျက်လုံးထဲတွင် ဟွာရှန့် နိုင်ငံသားများက သူများအပေါ် အမြတ်ထုတ်တတ်သည့် ကလိမ်ကကျစ် အယုတ်တမာများ ဖြစ်ပြီး လူ့အဆင့်အတန်း အင်မတန် နိမ့်ကျသည့် အတန်းစားမျိုး ဖြစ်ကာ ယခုလို သင်္ဘောနှင့် သူတို့က မတန်ချေ။
“ မဖြစ်နိုင်မှာကိုတော့ စိုးရိမ်မိသား … မင်းမှာ ငါ့ကို အဲ့လိုမျိုး လုပ်ပိုင်ခွင့် မရှိဘူး …”
ဦးစွာ အနေဖြင့် လင်းရီတွင် သင်္ဘောစီးခွင့် လက်မှတ်လည်း ရှိမနေချေ။ အကယ်၍ ရှိခဲ့လျှင်လည်း အဘယ်ကြောင့် တစ်ဖက်ကတောင်းတိုင်း ထုတ်ပေးရမည်နည်း။
သူ့ရှေ့ရှိ သင်္ဘောသား၏ ကံကြမ္မာကိုတော့ လင်းရီစိတ်ထဲတွင် အမိန့်ချမှတ်ထားပြီး ဖြစ်သည်။
ယူနီဖောင်းနှင့် အမျိုးသားက သူ့နောက်ကျောမှနေ၍ ရှော့ခ်တိုက်စက်ကို ထုတ်လာခဲ့ပြီး လင်းရီထံသို့ ချိန်ရွယ်ကာ မိန့်မိန့်ကြီး ပြောလိုက်သည်။
“ ဟွာရှန့် … မင်း ကိုယ့်အဆင့်ကိုယ် သိဖို့ မျှော်လင့်တယ်… မင်းကို ဒီလိုမျိုး သင်္ဘောပေါ် ပေးတက်နေတာကတင် ဘုရားသခင်က ကြင်နာလွန်းနေပြီ …. ငါ ပြောတဲ့ အတိုင်း လုပ်လိုက် … မဟုတ်ရင် ငါ့ဘက်က အတင်းအကြပ် လုပ်ယူရလိမ့်မယ်…”