ယစ်မူးတာနဲ့ မေ့မြောတာရဲ့ ကွာခြားချက်
Vol. 130 Ch. 1948
အနီရောင် ဂါဝန်နှင့် အမျိုးသမီး၏ ဦးဆောင်မှု အောက်မှာပဲ လင်းရီတို့နှစ်ယောက်မှာ အပျော်စီး သင်္ဘော၏ ၁၃ လွှာသို့ ရောက်လာခဲ့ကြသည်။
အခန်းတည်နေရာက လင်းရီကို အံ့အားသင့်သွားစေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ချိုးယွီလော့ ပေးလာခဲ့သည့် သဲလွန်စများအရ ကျီချင်းရန်ကို ပြန်ပေးဆွဲသွားခဲ့သူက ယခု အပေါ်ထပ်တွင် ရှိနေသည်။
ကျီချင်းရန်သည်လည်း ထို့အတူပင်။
အဆုံး၌ လင်းရီသည် ဂါဝန် အနီရောင် အမျိုးသမီးနှင့်အတူ အခန်း ၁၃၄၈ သို့ ရောက်ရှိလာခဲ့၏။
သို့သော် သူ အခန်းထဲသို့ ဝင်သည်နှင့် တစ်ဖက်အမျိုးသမီးက တံခါးကို ချက်ချင်း သော့ခတ်ထားလိုက်ကာ လင်းရီ၏ လည်ပင်းကို သိုင်းဖက်လာခဲ့ပြီး ချစ်ရည်ရွှန်းလဲ့သည့် မျက်ဝန်းတို့ဖြင့် ကြည့်ရှုလာခဲ့၏။
“ တို့နှစ်ယောက်ရဲ့ တွေ့မှုက ဘုရားသခင် ဖန်တီးပေးတဲ့ လှပတဲ့ အထင်လွဲမှုလေး တစ်ခုလို့ တို့ထင်တယ်… ဒီအခိုက်အတန့်လေးမှာ တို့ မင်းရဲ့ အကြည့်တို့အောက်မှာ ယစ်မူးပါရစေနော်….”
လင်းရီ နှစ်ခြိုက်စွာပြုံး၍ အမျိုးသမီး၏ ခါးကို တွယ်ဖက်လိုက်သည်။ သို့သော် အခြား လက်တစ်ဖက်က ရုတ်ချည်းဆိုသလို အမျိုးသမီး၏ လည်ပင်းသို့ ခုတ်ပိုင်းလာခဲ့၏။
ဂါဝန်အနီရောင်နှင့် အမျိုးသမီးမှာ ချက်ချင်း မျက်ဖြူစိုက်သွားခဲ့ပြီး သေဆုံးသွားခဲ့ကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားခဲ့သည်။
“ ဒီက ယစ်မူးရုံတင် ဘယ်ဟုတ်မှာ … မေ့မြောသွားအောင်လည်း လုပ်ပေးလို့ရတယ်….”
တီးတိုးရေရွတ်လိုက်ရင်း လင်းရီသည် ဂါဝန်အနီရောင်နှင့် အမျိုးသမီးကို ရေချိုးခန်းထဲ ဆွဲခေါ်သွားလိုက်၏။
ထို့နောက် လက်တော့ကို ဖွင့်၍ သင်္ဘော၏ နက်ဝေါ့အတွင်းသို့ ဝင်ရောက်ကာ လုံခြုံရေး ကင်မရာများအား ခိုးကြည့်ရန် ကြိုးစားတော့သည်။
ယင်းက အပျော်စီး သင်္ဘောကြီးတစ်ခုလုံးကို ခြုံကြည့်နိုင်မည့် အခွင့်အရေးပင်။ အချိန်အတန်ကြာပြီးနောက် လင်းရီ အောင်မြင်သွားခဲ့လေသည်။
၁၄ လွှာရှိ မြင်ကွင်းက ပုံမှန်မဟုတ် တည်ငြိမ်နေပြီး အခြေအနေက ချိုးယွီလော့ ပြောသွားခဲ့သည်နှင့် တစ်ထေရာတည်းပင်။
အခန်း ၁၄၀၆ နှင့် ၁၄၀၈ တွင် အစောင့်နှစ်ဦးစီ စောင့်ကြပ်နေပြီး ကျန်လေးခန်းတွင်တော့ အစောင့်တစ်ဦးတည်းသာလျှင် စောင့်ကြပ်နေခဲ့လေသည်။
ထိုသို့ဆိုပါက အခန်း ၁၄၀၈ မှာ အဓိကထားပြီး စုံစမ်းစစ်ဆေးရမည့် နေရာတစ်ခုဖြစ်သည်။
ယခုက သူ့အတွက် ပြင်ဆင်မှုများ ပြုလုပ်ရမည့် အချိန်အခါပင်။
ကလင် ကလင် ကလင် …
ထိုအချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာခဲ့၏။ ယင်းက အမည်မသိ နံပါတ် တစ်ခုပင်။
“ ဟယ်လို လူကြီးမင်းလင်း …. ကျွန်တော် ခန်းဂျီ နာခါတာပါ … ဥက္ကဌဆီကနေ လူကြီးမင်းလင်းရဲ့ မစ်ရှင်မှာ အတူ ပူးပေါင်းပါဝင်ပေးဖို့ အမိန့်ရထားပါတယ်…”
လင်းရီ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်မိပြီး အာယာနဲ မစ်ဆူမှာ လုပ်ရည်ကိုင်ရည် အတော်ရှိသည်ဟု ခံစားလိုက်ရသည်။
တစ်နာရီမျှသာ ရှိသေးသော်လည်း ယခုလို ကိစ္စကြီး တစ်ခုကို ပြီးမြှောက်အောင် စီစဉ်ပြီးသွားခဲ့ချေပြီ။ မစ်ဆူမိသားစု၏ ဂျပန်တွင်း လွှမ်းမိုးနိုင်စွမ်းကို လုံးဝ လျှော့တွက်လိုက်၍ မရချေ။
“ မင်းတို့ သင်္ဘောပေါ် ဘယ်အချိန်လောက် တက်လာမှာလဲ ….”
“ ဂြိုဟ်တုဖော်ပြချက်တွေအရဆိုရင် ဗစ်တိုးရီးယားက ဂျပန် ရေပိုင်နက်ထဲကို ၁၇၀ မိနစ်ကြာရင် ဝင်ရောက်လာမယ်… ကျုပ်တို့ ကမ်းရိုးတန်း အစောင့်တပ်တွေက အဲ့ဒီ အချိန်ကျရင် ဗစ်တိုးရီးယားရဲ့ လမ်းကြောင်းကို ဝင်ပြီး နှောင့်ယှက်လို့ ရတယ်….”
“ အချိန်ကျရင် ကျုပ်တို့ဘက်က ကမ်းရိုးတန်းစောင့်တပ် အရာရှိ ၁၃၂ ယောက်နဲ့ မစ်ဆူမိသားစုရဲ့ နင်ဂျာ ၁၆ ယောက်ကို သင်္ဘောပေါ် စေလွှတ်လိုက်မယ်…. ကျုပ်တို့ ၁၆ ယောက်က လူကြီးမင်းလင်းနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးသွားမှာပါ ….”
“ ကောင်းပြီ…”
“ သင်္ဘောကို ဟန့်တားပြီးရင် မှောင်ခိုပစ္စည်းတွေ ရှာဖွေဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်္ဘောပေါ် တက်လာခဲ့ …” လင်းရီ ပြောလိုက်ပြီး “ ပြီးရင် ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့ဝင်တွေကို ပထမလွှာကနေ ၁၃ လွှာအထိ ရှာဖွေခိုင်းထားလိုက် … မင်းတို့ကောင်တွေက ငါနဲ့ ၁၄ လွှာကို လိုက်လာခဲ့ … အဲ့ဒီမှာ နောက် ဆက်လုပ်ရမယ့် အရာတွေ ထပ်ပြီး ပြောပြမယ်…”
“ ဟုတ်ကဲ့ …” ခန်ဂျိ နာခါတာက ပြောလိုက်ပြီး “ မပြတ်ဆက်သွယ်ပါ လူကြီးမင်းလင်း ….”
“ ဒုက္ခပေးမိပြီ ….”
ဖုန်းချပြီးနောက်တွင် လင်းရီ တဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။
အရာအားလုံး စီစဉ်ပြီးသည့်နောက် ကျန်ရှိတော့သည့်အရာကား ဗစ်တိုးရီးယား သင်္ဘော ဂျပန်ရေပိုင်နက်ထဲ ရောက်ရှိဖို့ပင်။
နောက်ထပ် နာရီအတော်ကြာသည်အထိ လင်းရီသည် စခရင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သော်လည်း မည်သည့်အရာတစ်ခုမျှ ပြောင်းလဲသွားခြင်း မရှိသည်ကို သတိပြုမိလိုက်သည်။
ဤအတောအတွင်း စားသောက်ဆိုင် ဝန်ထမ်းက သူတို့ ယခင် အော်ဒါမှာထားခဲ့သည့် မနက်စာကို ပေးပို့လာသည်။ သို့သော် အခန်းတွင်းရှိ မည်သည့် ထူးဆန်းမှု တစ်စုံတစ်ရာကိုမျှ သတိမပြုမိခဲ့ချေ။
နာရီဝက်ခန့်ကြာပြီးနောက်တွင် လင်းရီ တစ်စုံတစ်ရာ မှားယွင်းနေသည်အား သတိပြုမိလိုက်၏။
၁၄ လွှာတွင် ပြောင်းလဲမှုနှင့် လှုပ်ရှားမှု တချို့ကို မြင်တွေ့လာရ၏။
လူတိုင်းက မတူကွဲပြားသည့် အခန်းများထဲသို့ ပြန့်ကျဲသွားခဲ့ကာ လင်းရီကို အတော်လေး နိုးနိုးကြားကြား ဖြစ်သွားစေခဲ့သည်။
မြင်ကွင်းတစ်ခုချင်းစီတိုင်းကို သူ့စိတ်အတွင်း၌ သံမှိုရိုက်စွဲထားသကဲ့သို့ မှတ်သားထားလေသည်။
လုံခြုံရေး ကင်မရာ မြင်ကွင်း၌ မျက်နှာဖုံးတပ်ထားသည့် လူနှင့် အနက်ရောင်ဝတ်လူက အခန်း ၁၄၀၆ ထဲမှ ထွက်လာခဲ့သည်ကို လင်းရီ မြင်တွေ့လိုက်ရသည်။
မျက်နှာဖုံးတပ်ထားသည့် လူကို မြင်တော့ လင်းရီ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့လေသည်။
မြင်ကွင်းက သိပ်မကြည်လင်သော်လည်းပဲ အဆိုပါ မျက်နှာဖုံး တပ်ထားသည့် လူက ချိုးယွီလော့ ဖော်ပြသွားသည့် ရုပ်သွင်နှင့် လုံးဝ တစ်ထေရာတည်းနီးပါးပင်။
ဤလူက နောက်ကွယ်မှနေ၍ ထိန်းချုပ်နေသူ ဖြစ်ရမည်။
ကန့်လန့်ကာ နောက်ကွယ်မှ တကယ့်အစစ်အမှန် ထိန်းချုပ်နေသူကတော့ ကြည့်ရသည်မှာ ယခု သင်္ဘောထက်၌ ရှိမနေသည့်ပုံပင်။ မဟုတ်ပါက ချိုးယွီလော့နှင့် ဆက်သွယ်ရန် ဗွီဒီယိုကောကို အသုံးပြုမှာ မဟုတ်ချေ။
၎င်းအပြင် လင်းရီ အခြား အသေးစိတ် အချက်အလက်တစ်ခုကိုလည်း သတိထားမိလိုက်၏။
မျက်နှာဖုံးတပ်လူနှင့် အနက်ဝတ်လူတို့ အခန်း ၁၄၀၈ ထဲ ဝင်ရောက်ပြီးသည့်နောက် ရွှေအိုရောင် ဆံနွယ်နှင့် အပြာရောင် မျက်ဝန်းပိုင်ရှင် နိုင်ငံခြားသား နှစ်ဦးက အခန်း ၁၄၀၈ ထဲမှ ထွက်လာခဲ့ကာ အခန်း ၁၄၀၆ ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ထိုအတောအတွင်း ပုံမှန်မဟုတ်သည့် တစ်စုံတစ်ရာကို လင်းရီ သွားသတိပြုမိ၏။
ဤ နိုင်ငံခြားသားနှစ်ဦး၏ လှုပ်ရှားမှုတို့က အခြားသူများနှင့် မတူညီချေ။
၎င်းတို့နှစ်ဦး၏ လှုပ်ရှားမှုက သာမန်လျှံကာ ဆန်နေသော်လည်းပဲ ပတ်ဝန်းကျင်အပေါ် နိုးနိုးကြားကြား ရှိနေသည်ကို မြင်တွေ့နေရသည်။ သို့သော်လည်း တစ်ချိန်တည်းတွင် ယင်းအပြုအမူက ထင်သာမြင်သာ မရှိနေပြန်ပေ။
ဤနှစ်ယောက်ကိုတော့ သူ့ဘက်က သတိထားရမည်ဟု လင်းရီ စိတ်ထဲ မှတ်သားထားလိုက်သည်။
သို့သော် အဘယ်ကြောင့် ယခုလို ဝန်ထမ်းအလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်ပေါ်လာရသလဲဆိုတာကိုတော့ လင်းရီ နားမလည်နိုင် ဖြစ်နေသည်။
အထိကရုဏ်း တစ်ခုခု များ ဖြစ်ပေါ်လာ၍လား။ ယင်းကလည်း မဖြစ်နိုင်ပေ။
ထိုအချိန် ချက်ခနဲ မြည်သံ တစ်ခု ထွက်ပေါ်လာသည်။ သူ့နာရီကို တစ်ချက် ငုံ့ကြည့်လိုက်တော့ သင်္ဘောက ဂျပန်ရေပိုင်နက်ထဲသို့ ဝင်ရောက်ရန် အချိန်နီးကပ်လာပြီကို သတိပြုမိလိုက်သည်။
….
လွန်ခဲ့သည့် နာရီဝက်အကြာက ချိန်ချန်းရုံသည် အခန်း ၁၄၀၆ ထဲတွင် ဟောင်ကောင်ရိုးရာ မနက်စာကို စားသောက်နေခဲ့ပြီး ဟဲရစ်က သူ့နံဘေးတွင် မတ်တပ်ရပ်နေလျက် ရှိသည်။
“ ကျုံးဝေ့တပ်ဖွဲ့ဘက်က သတင်းအသစ် ထပ်ပို့လာတယ်… သူတို့ပြောတာ စီအဆင့် သွေးရည်ကြည်ကို ကမ်းပေးဖို့ ဆန္ဒရှိတယ်… ဒါပေမယ့် အလဲအလှယ်ကို သင်္ဘောပေါ်မှာတော့ မလုပ်ချင်ဘူး ပြောတယ်….”
“ အဲ့ဒီတော့ …..၊ မင်း ဘာပြန်ပြောလိုက်လဲ ….” ချိန်ချန်းရုံ အမှုမထားသည့် အမူအရာဖြင့် မေးမြန်းလာခဲ့၏။
ဟဲရစ် ပခုံးတွန့်လိုက်သည်။ “ သူတို့ တောင်းဆိုတာကို ငြင်းပြီး မင်းခိုင်းထားတဲ့အတိုင်းပဲ အလဲအလှယ် လုပ်မယ့်နေရာကို လူတစ်ယောက်ပဲ လာခွင့်ရှိမယ်ဆိုပြီး ပြန်ပြောလိုက်တာပေါ့… “
ချိန်ချန်းရုံ ခေါင်းညိတ်လိုက်၏။ “ နေရာက ပြဿနာ မဟုတ်ဘူး … ကျုံးဝေ့တပ်ဖွဲ့က အစကတည်းကရင် ကိုင်တွယ်ရခက်တယ်… ဒီတော့ ငါတို့ ဂရုစိုက်ရမယ်…”
“ ဒါပေမယ့် အခု ပြဿနာမှာ နှစ်ဖက်လုံးက မတိုးမဆုတ်သာ အခြေအနေကို ကျရောက်နေတာပဲ … သူတို့ဘက်ကလည်း တစ်ထစ်လျှော့လိုတဲ့ ဆန္ဒရှိမနေဘူး …” ဟဲရစ် ပြောလိုက်ပြီး “ တကယ်လို့ အပေးအယူ မဖြစ်ရင် အဲ့ဒီ ခေါ်လာတဲ့ အမျိုးသမီးကို ငါတို့ တကယ်ကြီး သတ်ပစ်မှာလား …”
ချိန်ချန်းရုံသည် ဟဲရစ်အား တစ်ချက် မော့ကြည့်လိုက်၏။ “ မင်းမှာ တခြားအတွေးတွေ ရှိနေတယ်လို့ ငါ့ကို လာမပြောနဲ့ …”
“ အဲ့ဒီ ဟွာရှန့်အမျိုးသမီးက သောက်ရမ်း လှရက်လွန်းတယ်… ငါ ဒီတိုင်း မသတ်ရက်လို့ …”
ချိန်ချန်းရုံ အမူအရာကင်းမဲ့သည့် မျက်နှာထားဖြင့် “ မင်း စဉ်းစားနေတာတွေကို ငါသိတယ်… ကမ်းမကပ်ခင် အဲ့အမျိုးသမီးနဲ့ မင်းကို အချိန်ဆယ်မိနစ် ပေးမယ်… ဘာလုပ်မလဲ မင်းဘာမင်း ဆုံးဖြတ် … ပြီးတာနဲ့ ရှင်းလိုက်တော့ …”
“ မင်းရဲ့ အဲ့ဒီအကြံက မဆိုးဘူးပဲ … ဒါပေမယ့် ငါကတော့ အဲ့ဒီ အမျိုးသမီးကို ဆက်ထိန်းသိမ်းထားပြီး ကျုံးဝေ့တပ်ဖွဲ့ဆီကနေ တခြားတစ်ခုကို တောင်းဆိုလိုက်ရင် ကောင်းမလားလို့ …”
“ အဲ့တာဆို ဟုန်မန်ဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်သလို ဖြစ်သွားမှာပေါ့ …” ချိန်ချန်းရုံ ပြောလိုက်ပြီး “ ငါတို့ ပြောတဲ့အတိုင်း လုပ်ဖို့လိုတယ်… မဟုတ်ရင် ငါတို့ဘက်က လေးစားစရာ မကောင်းတဲ့ လူစားမျိုးတွေ ဖြစ်သွားလိမ့်မယ်…”
“ ဒါဆိုလည်း သူတို့တွေ အလဲအလှယ်လုပ်ဖို့ ငြင်းပါစေလို့ ဆုတောင်းတာပဲ … အဲ့ အမျိုးသမီးကို ငါ မျက်စိကျနေတာ အတော်ကြာပြီ…”
“ ဒါပေမယ့် အခုက အချိန်ကောင်း မဟုတ်သေးဘူး … မင်းစိတ်ကိုမင်း ထိန်းချုပ်ထား ….”
“ မပူစမ်းပါနဲ့ … အခြေအနေကို ငါသိပါတယ်ဟ … ဘာကို လုပ်သင့်တယ် ၊ ဘာကို မလုပ်သင့်ဘူးဆိုတာ ငါ နားလည်တယ်…”
ဒေါက် ဒေါက် ဒေါက် …
သူတို့ စကားပြောဆိုနေစဉ်မှာပဲ အလျင်လိုသည့် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
ဟဲရစ် တံခါးဖွင့်လိုက်တော့ နေကာမျက်မှန် ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက အပြင်၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
“ မစ္စတာချိန် .. မကောင်းတော့ဘူး … ဂျပန်ရဲ့ ကမ်းရိုးတန်း အစောင့်တပ်တွေက ဗစ်တိုးရီးယားပေါ်မှာ မှောင်ခိုပစ္စည်းတွေ အများကြီး တင်ဆောင်လာတယ်လို့ သတင်းရထားတယ်ပြောပြီး သင်္ဘောကို စုံစမ်း စစ်ဆေးဖို့ ရပ်တန့်ခိုင်းနေတယ်…”