ရုတ်ချည်း သေဆုံးသွားခြင်း
Vol. 130 Ch. 1950
လင်းရီနှင့် ခန်ဂျိနာခါတာတို့ ရှေ့ဆုံးက ဦးဆောင်လျှောက်လှမ်းသွားခဲ့ကြသည်။ ကျန်သည့် နင်ဂျာများကိုတော့ အခြားအခန်းများထဲ စစ်ဆေးဖို့ လင်းရီ ညွှန်ကြားလိုက်၏။
အခန်းအများစုကို လင်းရီဘက်က ကြိုတင် စစ်ဆေးထားခဲ့ပြီး အတွင်း၌ မည်သူမျှ ရှိမနေဖို့က ပိုများသည်။
ဤခု နည်းဗျူဟာက အချိန်တချို့ အသုံးချပြီး လင်းရီတို့ အခန်း ၁၄၀၆ ထံ စပရိုက် တိုက်ခိုက်မှု ပေးရန်အတွက် အခွင့်အရေးကောင်းတစ်ခုကို ဖန်တီးပေးပေလိမ့်မည်။
လင်းရီ၏ အစီအစဉ်က ရှုပ်ထွေးနေခြင်းတော့ မရှိပေ။ သူနှင့် ခန်ဂျိနာခါတာက အရေးကြီးဆုံး အခန်းများဖြစ်သည့် အခန်း ၁၄၀၆ နှင့် ၁၄၀၈ ကို ကိုင်တွယ်နေစဉ် ကျန် အရေးပါမှုနည်းသည့် အခန်းများကိုတော့ အခြားသူများ ကိုင်တွယ် ဖြေရှင်းရန် ညွှန်ကြားထားခဲ့သည်။ ဤသည်က အောင်မြင်နိုင်မှု အခွင့်အရေးကို မြင့်မားစေပြီး တစ်ဖက်အဖွဲ့၏ သံသယကို လျော့ကျစေနိုင်သည်။
မကြာမီ သူတို့နှစ်ဦး အခန်း ၁၄၀၆ ၏ တံခါးဝသို့ ရောက်ရှိလာခဲ့၏။
ခန်ဂျိ နာခါတာထံ စကားအနည်းငယ် တီးတိုးပြောလိုက်ပြီး တံခါးဝသို့ လက်ညှိုးညွှန်ပြလိုက်သည်။
ခန်ဂျိ နာခါတာလည်း ခေါင်းညိတ်ပြလိုက်ပြီး အခန်းတံခါးကို ခေါက်လိုက်၏။
ဒေါက် ဒေါက် ဒေါက် …
မကြာမီ တံခါးပွင့်ဟလာခဲ့ပြီး ရွှေအိုရောင် ဆံနွယ်နှင့် လှပသည့် မျက်ဝန်းများအား ပိုင်ဆိုင်ထားသည့် အမျိုးသမီးက တံခါးလာဖွင့်ပေးသည်။ သူမက အစောပိုင်း၌ စောင့်ကြည့်ကင်မရာထက်တွင် မြင်တွေ့ခဲ့ရသည့် အမျိုးသမီးနှင့် တစ်ထေရာတည်းပင်။
သူမရဲ့ နာမည်က ဂျိုဝီဖြစ်၏။ အခန်းထဲတွင်တော့ ဂျိုဝီနှင့် အခြား အမျိုးသားတစ်ဦးက အတူ ရှိနေသည်။ သူတို့နှစ်ဦးက ဟုန်မန်ဂိုဏ်းကို ကူညီပေးရန်အတွက် ဖရီးမေဆင်ဌာနချုပ်က စေလွှတ်လိုက်ကြသူများပင်။
၎င်းတို့၏ ကိုယ်ပိုင် အဖွဲ့သားများအပြင် ဤခု စစ်ဆင်ရေး၌ စီအဆင့် ကျွမ်းကျင်သူ အဖွဲ့ဝင် ငါးဦး ပါဝင်သည်။
ဤသို့သော အင်အားစုက မစ်ရှင်ကို ကိုင်တွယ်ရန် လိုအပ်သည်ထက်ပင် ပိုနေခဲ့ပြီး ဖြစ်သည်။ သို့တိုင် ဖရီးမေဆင်ဘက်က ၎င်းတို့ကို စေလွှတ်လာဆဲဖြစ်ပြီး ၎င်းတို့၏ အင်အားနှင့် အရင်းအမြစ် ကြွယ်ဝမှုကို ကြွားဝါချင်နေသည့်ဟန်ပင်။
“ နင်တို့ ဘယ်သူတွေလဲ … ဘာလိုချင်တာလဲ …”
ဂျိုဝီ တည်တည်ငြိမ်ငြိမ်နှင့် မေးမြန်းလိုက်၏။
စကားပြောနေရင်းဖြင့်လည်း လင်းရီနှင့် ခန်ဂျိ နာခါတာကို ခြေဆုံးခေါင်းဆုံး စစ်ဆေးကြည့်ရှုပြီးကာ သူမအပေါ် ခြိမ်းခြောက်နိုင်စွမ်း မရှိသူများ အဖြစ် တခါတည်း မှတ်ယူလိုက်သည်။
“ ငါတို့က ဂျပန်ကမ်းရိုးတန်းအစောင့်တပ်ဖွဲ့ကပဲ … ဒီခု သင်္ဘောပေါ်မှာ တရားမဝင် မှောင်ခို ပစ္စည်းတွေ တင်သွင်းလာတယ်ဆိုပြီး သတင်း အခိုင်အမာရထားလို့ လာပြီး စစ်ဆေးတာ … ဒီရဲ့ ပစ္စည်းတွေ ဂျပန်ထဲ မပျံ့နှံ့သွားစေဖို့ လူကြီးမင်းတို့ဘက်ကလည်း ကျေးဇူးပြုပြီး ပူးပေါင်းပေးပါ …”
“ ရတယ်လေ… ဝင်ခဲ့ကြ …”
ဂျိုဝီ ဖီဆန်ခြင်း မပြုခဲ့ပေ။ ထိုအစား ချိန်ချန်းရုံ ညွှန်ကြားခဲ့သည့်အတိုင်း တစ်ဖက်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ပေးလိုက်၏။
လင်းရီနှင့် ခန်ဂျိနာခါတာတို့ အခန်းထဲ ဝင်လာခဲ့ပြီး အခြား အမျိုးသားတစ်ဦးက ဆိုဖာပေါ် ထိုင်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ ၎င်းတို့နှစ်ဦးမှအပ အခန်းထဲတွင် အခြား မည်သူမျှ ရှိမနေခဲ့ချေ။
သူတို့နှစ်ဦးဝင်လာသည့် အချိန်၌ မာတင်မှာ သတင်းစာကို ဖတ်ရှုနေရင်းဖြင့် သူတို့ထံ တစ်ချက် ရှိုးကြည့်လိုက်ပြီး ၎င်းနောက် သူ့ဖတ်လက်စ သတင်းစာကို ဆက်ပြီး ဖတ်ရှုကာ များများစားစား အာရုံထားမနေခဲ့ချေ။
ထိုအချိန်တွင်တော့ လင်းရီသည် ဤနှစ်ဦး၏ အရည်အချင်းက သူ့ကိုယ်ပိုင် အရည်အချင်းထက် ကျော်လွန်နေကြောင်းကို ပိုပြီး သေချာသွားခဲ့တော့သည်။
လင်းရီတို့နှစ်ဦး အခန်းအတွင်း၌ စတင်လှန်လောရှာဖွေကြ၏။
ဦးတည်ရာမဲ့ ရှာဖွေနေဟန် ရသော်လည်းပဲ အမှန်တကယ်တွင်တော့ လင်းရီမှ ညွှန်ကြားနေခြင်းပင်။
ရှာဖွေနေစဉ်တွင် မာတင် ရှိနေသည့် ဧရိယာတစ်ဝိုက်ကို လင်းရီ အာရုံစူးစိုက်ထား၏။ ခန်ဂျိ နာခါတာကတော့ ဂျိုဝီရှိနေသည့် အနားတစ်ဝိုက်ကို အာရုံစူးစိုက်နေသည်။
သို့သော် သူတို့ထဲ မည်သူကမျှ အဆိုပါ အသေးမွှား အချက်အလက်လေးအား သတိမမူမိကြချေ။
ဆယ်မိနစ်ခန့် ရှာဖွေ စစ်ဆေးပြီနောက် ခန်ဂျိနာခါတာက လင်းရီထံသို့ ပြောလိုက်သည်။
“ ငါတော့ ဒီမှာ ဘာမှ ရှာလို့မတွေ့ဘူး … မင်းဘက်ခြမ်းရော …”
“ ငါလည်း ဒီမှာ ဘာမှမတွေ့ဘူး …” လင်းရီ ဂျပန်လို ပြန်ဖြေလိုက်၏။
ဤသည်က သူတို့နှစ်ဦးကြား သတ်မှတ်ထားသည့် လျှို့ဝှက်ကုတ်တစ်ခုပင်။
ခန်ဂျိနာခါတာက ဦးစွာ တုံ့ပြန်လာ၍ သူ့ဘက်က လှုပ်ရှားရန် အဆင်သင့် ဖြစ်ပြီ ဖြစ်ကြောင်း အသိပေးလာခဲ့ခြင်း ဖြစ်လေသည်။
လင်းရီ၏ တုံ့ပြန် ဖြေဆိုမှုကလည်း သူ့ဘက်က အသင့်ဖြစ်ကြောင်းကို ပြန်လည် ပြောဆိုလိုက်ခြင်းပင်။
အကယ်၍ သူသာ အဆင်သင့် မဖြစ်သေးဘူးဆိုပါက ဆက်ပြီး ရှာဖွေဖို့ ပြောမှာ ဖြစ်၏။
လင်းရီ၏ လျှို့ဝှက် အချက်ပြမှုကို လက်ခံရရှိပြီးနောက် ခန်းဂျိနာခါတာက ဂျိုဝီထံသို့ လှည့်ပြီး “ ဆာနဲ့ မဒမ် … ဂျပန် ကမ်းရိုးတန်း အစောင့်တပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ လူကိုလည်း ရှာဖို့ လိုပါမယ်… ရှာကြည့်ပြီးလို့မှ ပြဿနာ မရှိဘူးဆိုရင် ကျုပ်တို့ ထွက်သွားပါတော့မယ်….”
“ နင် ဘာပြောလိုက်တယ်… ငါတို့ရဲ့ ကိုယ်ကို ရှာဖွေချင်တယ် ဟုတ်လား …”
ဂျိုဝီ၏ မျက်နှာကွက်ခနဲ ပျက်သွားခဲ့၏။ သူမ မျက်နှာထက်တွင် ဒေါသထွက်သည့် အရိပ်အမြွက်တို့ စတင် ထွက်ပေါ်လာသည်။
“ ငါက ဂူဂဲလ်ရဲ့ စီနီယာ အင်ဂျင်နီယာ တစ်ယောက်ပဲ … ငါ့ကောင်လေးကလည်း Meta မှာ အလုပ်လုပ်နေတာ … ငါတို့နှစ်ယောက်လုံးမှာ မှောင်ခိုပစ္စည်းတွေ တင်သွင်းစရာ အကြောင်းကို မရှိတာ ….”
“ စိတ်မရှိပါနဲ့ … ခင်များတို့ နှစ်ဦးရဲ့ အလုပ်အကိုင်က ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး … တကယ်လို့ လက်မခံဘူးဆိုရင် ခင်များတို့နှစ်ယောက်ကို စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားရမှာပဲ …” လင်းရီ ဖြတ်ပြီး ပြောလိုက်၏။
“ ဒီတိုင်း ကိုယ်လက် စစ်ဆေးရုံလောက်ပဲမလား …” မာတင်က သူ့ဖတ်လက်စ သတင်းစာကို ချပြီး ပြောလာခဲ့သည်။
“ ဟုတ်တယ်… ဒါပြီးရင် ကျုပ်တို့အပိုင်းလည်း ပြီးပြီ …”
“ ဒါဆိုလည်း စကြတာပေါ့ … ဒါပေမယ့် မင်းတို့နှစ်ယောက်လုံး စစ်ဆေးပြီးတာနဲ့ ငါတို့ အခန်းထဲက အမြန်ဆုံး ထွက်သွားပေးဖို့ မျှော်လင့်တယ်… ငါတို့နှစ်ယောက် အေးဆေးအနားယူနေတာကို နှောင့်ယှက်တာ မလိုချင်ဘူး …”
“ ကျုပ်တို့လည်း စည်းမျဉ်တွေအရမို့ပါ … ကျေးဇူးပြုပြီး နားလည်ပေးပါ …”
မာတင် မည်သည်ကိုမျှ မဆိုချေ။ မတ်တပ်ရပ်၍ သူ့လက်နှစ်ဖက်ကို ပြန့်ကားပေးလိုက်ကာ လင်းရီ သူ့အား စစ်ဆေးလာမှာကို စောင့်ကြိုနေလေသည်။
မာတင် မတ်တပ်ရပ်လာသည်ကို မြင်တော့ ဂျိုဝီလည်း ရှည်ရှည်ဝေးဝေးတွေ ပြောမနေတော့ချေ။
အဘယ်ကြောင့်ဆိုသော် ချိန်ချန်းရုံဘက်က ဂျပန်ကမ်းရိုးတန်း အစောင့်တပ်များ၏ တောင်းဆိုလာမှုများကို ပူးပေါင်းပေးရန် ညွှန်ကြားထားခဲ့သောကြောင့်ပင်။
ယခုလို အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အခါတွင်လည်း သူတို့ဘက်က လိုက်နာရုံမျှသာ တတ်နိုင်လေသည်။
မည်သို့ပင်ဆိုစေ စစ်ဆင်ရေး စတင်စဉ်ကတည်းက အဖွဲ့အစည်းကနေပြီး ဟောင်ကောင်မစ်ရှင်ကို ပြီးမြှောက်အောင်မြင်ရန် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားခဲ့သည်။ ထို့ကြောင့် သူတို့ထံ၌ ရွေးချယ်စရာကား မရှိပေ။
နှစ်ယောက်မှာ လက်ကိုယ်စီ ပြန့်ကားလျက် မတ်တပ်ရပ်နေခဲ့ကြပြီး လင်းရီနှင့် နာခါတာတို့ စတင်ပြီး စစ်ဆေးရှာဖွေကြ၏။
နှစ်ယောက်မှာ အရင်ဆုံး ရှေ့ခြမ်းကို စစ်ဆေးပြီး ထို့နောက် နောက်ဘက်ခြမ်းသို့ ရွေ့လျားသွားကြ၏။
ထိုအခိုက်အတန့်၌ လင်းရီ သူ့ခါးနောက်ကျောမှ စကေဘာကို ထုတ်ကာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် မာတင်၏ ပါးစပ်ကို အုပ်ထားလိုက်သည်။ ထို့နောက် စကေဘာကို လည်ပင်း သွေးလွှတ်ကြောထံ ထောက်ထားလိုက်လေသည်။
လင်းရီ မာတင်၏ ပါးစပ်ကို အုပ်လိုက်သည်နှင့် တစ်ဖက်သူမှာ တစ်စုံတစ်ရာမှားယွင်းနေသည်ကို သတိပြုမိသွားခဲ့ပြီး ချက်ချင်း တုံ့ပြန်လာခဲ့သည်။
သို့သော် သူ သိရှိသွားခဲ့သည့် အချိန်၌ လင်းရီမှာ သွေးလွှတ်ကြောအား ဖြတ်တောက်ပြီးနေခဲ့ချေပြီ။
ချက်ချင်းဆိုသလို မာတင်၏ လည်ပင်းရှိ သွေးများက ရေပန်းတစ်ခုနှယ် အရှေ့သို့ ပန်းထွက်လာခဲ့၏။
သူ၏ မျက်လုံးနှစ်ဖက်မှာ ပြူးကျယ်နေခဲ့ပြီး ရှင်သန်လိုစိတ် ပြင်းပြစွာဖြင့် လည်ပင်းကို ဖိနှိပ်ထားပြီး အကောင်းဆုံး ရုန်းကန်နေခဲ့လေသည်။ သို့ဖြစ်သည့်တိုင် အဆုံးသတ်ထိ လင်းရီ၏ ချုပ်နှောင်ထားမှုအောက်မှ မလွန်မြောက်နိုင်ဘဲ မိနစ်ဝက်အတွင်း အသက်သေဆုံးသွားခဲ့တော့သည်။
တစ်ချိန်တည်းတွင် ခန်းဂျိနာခါတာသည်လည်း လင်းရီနှင့် အချိန်ကိုက်တွင် လှုပ်ရှားခဲ့လေသည်။
သူသည်လည်း ဒီ အဆင့်ဖြစ်ပြီး သူ၏ ခွန်အားက လင်းရီအောက် အနည်းငယ် နိမ့်ကျသော်လည်းပဲ ထောက်ချိန်နှင့်တော့ လက်ရည်တူလောက်ရှိ၏။
၎င်းကြောင့်ပဲ သူ၏ လှုပ်ရှားမှုတို့က လင်းရီအောက် စည်းချက်တစ်ခုစာမျှ နှေးကွေးနေခဲ့လေသည်။
အဆိုပါ အချိန် စက္ကန့်အပိုင်းအခြားလေးကပဲ ဂျိုဝီကို လက်တုံ့ပြန်ရန် အခွင့်အရေး ရရှိသွားခဲ့စေသည်။
“ ချီးပဲ …”
ဂျိုဝီ၏ ဒေါသက မီးတောင်တစ်ခုနှယ် ပေါက်ကွဲထွက်လာခဲ့သည်။
သူမ ရုတ်ချည်း တိုက်ခိုက်ခံရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပါချေ။
စောက်စုတ်စောက်ပဲ့ ဟွာရှန့်တွေရဲ့ ကောက်ကျစ်တဲ့ နည်းလမ်းက သူမကို အလစ်ငိုက်ဖမ်းလိုက်တာပဲ …
ကျိန်ဆဲရင်းဖြင့် ဂျိုဝီ တိုက်ခိုက်ရန်အတွက် နောက်သို့ လှည့်လိုက်သည်။
သူမ၏ တုံ့ပြန်မှုက ကောင်းမွန်သော်လည်းပဲ လုံလောက်ခြင်းတော့ မရှိခဲ့ချေ။
ခန်ဂျိနာခါတာ၏ ဓားမြောင်က သူမ၏ လည်ပင်း သွေးလွှတ်ကြောအစား ရင်ညွှန့်ရိုးသို့ ခြစ်မိသွားခဲ့လေသည်။
ရုန်းရင်းဆန်ခတ် အခြေအနေ၌ သူမဘက်က အစွမ်းကုန်ရုန်း၍ ခန်ဂျိနာခါတာကို နောက်သို့လွှင့်သည်အထိပင် ကန်ကျောက်လိုက်နိုင်သည်။
သို့သော် ထိုအချိန်မှာပဲ လင်းရီ သူ၏ ဓားမြောင်ကို လေထဲဝဲလိုက်၏။
ယင်းက ဂျိုဝီ၏ လည်ပင်းအလည်တည့်တည့်သို့ ထိုးစိုက်သွားခဲ့လေသည်။
ဤသို့ဖြင့် ဖရီးမေဆင်၏ ကျွမ်းကျင်သူနှစ်ဦးလုံးမှာ ၎င်းတို့၏ သေမင်းနှင့် ဆုံတွေ့သွားခဲ့ရတော့သည်။
စာစဉ် (၁၃၀) ပြီး၏။