← Chapters

တစ္ဆေနံရံတိုက်မိခြင်း(1)

Vol. 9 Ch. 81

တစ္ဆေနံရံတိုက်မိခြင်း(1)

Vol. 9 Ch. 81

မျက်နှာဝိုင်းကျောင်းသူလေး၏ ယင်စွမ်းအင်အား ဖယ်ရှားပေးပြီးနောက် ဒေစီ၏ စွမ်းအင်များမှာ သိသိသာသာလျော့ကျသွားပြီး မျက်နှာပေါ်တွင်လည်း ပင်ပန်းမှုက ထင်ရှား‌လာခဲ့သည်။

တင်ဆက်သူလျို့က ပရိတ်သတ်များအား ရှင်းပြပြီးနောက် ဒေစီ၏ တိုက်ရုတ်ထုတ်လွှင့်မှုမျက်နှာပြင်အား ပိတ်လိုက်ကာ သူမအား သေသေချာချာအနားယူ၍ အားဖြည့်ရန် ပြောလိုက်ချေသည်။

တင်ဆက်သူလျို့ :

“ဒုတိယမြောက် အကူအညီတောင်းခံသူကလည်း အဆောင်ထဲမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တွေကို ကြုံခဲ့ရပါတယ်၊ သူမရဲ့ရဲ့ ခုတင်က လေမတိုက်ပါပဲနဲ့ လှုပ်ရမ်းနေခဲ့တာတဲ့၊ ‌

ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် နံပါတ်(၆) ဒေစီကတော့ သူမရဲ့အနီးမှာ အငြိုးတရားပြည့်‌နေတဲ့ စွမ်းအားကြီးတစ္ဆေတစ်ကောင်ကို မြင်ခဲ့ရတယ်လို့ပြောခဲ့ပါတယ်”

“အဲဒီအဆောင်မှာ ဘယ်လိုထူးခြားတဲ့ အဖြစ်အပျက်တွေများ ဖြစ်ပျက်ခဲ့တာလဲ? အခု ပြိုင်ပွဲဝင် နံပါတ် (၁) ရှင်းယိချင်းကို တတိယမြောက်အကူအညီတောင်းသူနဲ့ တွေ့ဆုံဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ်”

တင်ဆက်သူလျို့၏စကားဆုံးသည်နှင့် ဂရိုဂရမ်နောက်ကွယ်မှ တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်များအား ထိန်းချုပ်နေသော ဝန်ထမ်းများမှ တခြားသူများ၏ မျက်နှာပြင်များအား ဖုံးကွယ်လိုက်ကာ ရှင်းယိချင်းနှင့် အကူအညီတောင်းသူ ကျောင်းသူလေးတို့၏ မျက်နှာပြင်များကိုသာ မြင်တွေ့ရတော့သည်။

ယခုအချိန်တွင်တော့ ကင်မရာရှေ့သို့ တိုးလာသည့် ကျောင်းသူလေးမှာ ဆံပင်ရှည်လေးနှင့် ဖြစ်သည်။

သူမသည် အသားဖြူကာ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် နက်မှောင်ဖြောင့်စင်းနေသော ကေသာအား ပိုင်ဆိုင်ထားသည်။

ချောမောလှပလွန်းသော်လည်း သူမ၏ မျက်ခွံများအောက်တွင်တော့ မည်းပြာရောင်သန်းနေသည်မှာ သိသာလှသည်။

“ကြည့်ရှုသူပရိသတ်များအားလုံး မင်္ဂလာပါ၊ ရှင်းတောက်ကျန့်လည်း မင်္ဂလာပါ၊ ကျွန်မက သဘာဝလွန်ပညာကို စိတ်ဝင်စားပြီး ဝိဉာဉ်ရေးရာ အစီအစဉ်ရဲ့ အမာခံပရိသတ်လည်း ဖြစ်ပါတယ်၊ ကျွန်မက ပထမရာသီတည်းက စကြည့်ခဲ့တာပါ၊

အခု အဆောင်မှာ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်တော့ ကျွန်မကပဲ ပရိုဂရမ်အဖွဲ့ဆီကို အကူအညီတောင်းဖို့ အကြံပေးခဲ့တာပါ.. အားလုံးရဲ့ အချိန်တွေကို ဖြုန်းမိသလိုဖြစ်သွားရင်  တောင်းပန်ပါတယ်”

[ဒီကျောင်းသူလေးက ချောလိုက်တာ၊ သူမသာ သေသေချာချာလုပ်မယ်ဆိုရင် အနုပညာနယ်ပယ်ထဲကို ဝင်ချင်ရင် ဝင်လို့ရလောက်တယ်]

[ဒီညီမလေး သရဲခြောက်ခံထားရတယ်ဆိုတာ မေးစရာတောင်မလိုဘူး၊ သူမရဲ့ မျက်ကွင်းတွေညိုပြီး စိတ်အခြေအနေကလည်း မတည်ငြိမ်နေဘူး]

[တတိယမြောက် သရဲခြောက်ခံရသူ..]

တင်ဆက်သူလျို့:

“ပရိတ်သတ်ကို ဖြေပေးပါဦး၊ ဘယ်လိုကြောင့် ပြိုင်ပွဲဝင်တွေအများကြီးထဲက ရှင်းတောက်ကျန့်ကို ရွေးချယ်ခဲ့ရတာလဲ??”

ဆံပင်ရှည်ဖြင့် ကျောင်းသူလေး အနည်းငယ်ရှက်ရွံ့စွာ ဖြေလာသည် :

“တကယ်တော့ ကျွန်မ ရှင်းတောက်ကျန့်ကို အရင်က မြင်ဖူးတယ်”

“ကျွန်မတို့ မိသားစုတွေက သဘာဝလွန်ပညာရပ်ကို ယုံကြည်ကြတယ်လေ၊ အထူးသဖြင့် အမေက ယိယွမ်ကျောင်းကို သွားပြီး မနက်ခင်းနဲ့ နေ့လည်ခင်းအတန်းတွေကို နားထောင်လေ့ရှိတယ်၊

နှစ်စဥ်နှစ်တိုင်း အမေက ကျွန်မတို့ မိသားစုကို ဘုရားကျောင်းကို ခေါ်သွားပြီး တောက်ဓမ္မဆရာတွေရဲ့ ရွတ်ဖတ်သံကို နားထောင်ခိုင်းလေ့ရှိတယ်၊

မနှစ်တုန်းက ယိယွမ်ဘုရားကျောင်းမှာ ဦးဆောင်ရတဲ့ တောက်ကျန့်က ရှင်းတောက်ကျန့်လေ၊ ဒါကြောင့် ဒီတစ်ခါ ကျွန်မ ရှင်းတောက်ကျန့်ကို ရွေးခဲ့တာပါ”

ရှင်းယိချင်း အနည်းငယ်အံ့အားသင့်သွားကာ မျက်နှာ အမူအယာလည်း အနည်းငယ်တော့ ပျော့ပြောင်းသွားသည်။

“လတ်စသတ်တော့ ဘုရားကျောင်းက ကိုးကွယ်သူတွေကိုး”

“မင်းရဲ့ ဆံပင်ကို နားရွက်နောက်မှာ ညှပ်ထားပေး၊ ငါမျက်နှာတစ်ခုလုံးကို မြင်ဖို့ လိုတယ်”

ရှင်းယိချင်းမှာ မျက်နှာဖတ်ရာတွင် တော်လွန်းသည်တော့ မဟုတ်။ တောက်ဓမ္မဂိုဏ်းတွင် သူ နာမည်ကြီးရသည့် အကြောင်းအရင်းသည် ‘ကိုယ်ခံပညာ’ကြောင့်ပင်ဖြစ်သည်။ 

ရှင်းရှင်းပြောရလျှင် သူသည် တိုက်ခိုက်ခြင်းနှင့် သရဲနှင်ခြင်းတို့တွင် ကျွမ်းကျင်ကာ သူနှင့် ရွယ်တူများတွင် သူ့အား ကျော်နိုင်သူရှားပါးသည်။

သို့သော် သူသည်က အရိုးနှင့် လက္ခဏာဖတ်ခြင်းကိုတော့ အနည်းငယ်တတ်ကျွမ်းထားချေသည်သည်။

ဆံပင်ရှည်ကျောင်းသူလေးက ကင်မရာအနားသို့ကပ်လာခဲ့ကာ သူမ၏ ဆံပင်ကိုတော့ ခေါင်းစည်းကြိုးဖြင့် စည်းထားလိုက်သောကြောင့် သူမ၏ နဖူး၊နားရွက်နှင့် မျက်လုံးများ ပေါ်လွင်လာခဲ့သည်။

ရှင်းယိချင်း ကြည့်ရှုပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။

“ရပါပါပြီ၊ အခု လက်ဖဝါးတွေကို ဖြန့်ပြီး ကင်မရာဘက်ကို သေချာလေး ပြပေးပါ၊ ငါမင်းရဲ့ လက္ခဏာကို စစ်ကြည့်ချင်တယ်”

နောက်ထပ် ငါးမိနစ်လောက် စစ်ဆေးနေပြီးနောက် သူက တည်တံ့နေသည့် အမူအရာဖြင့် ခေါင်းမော့လာသည်။

“ငါက မျက်နှာတော့ မဖတ်တတ်ဘူး၊ ဒါပေမယ့် လူတစ်ယောက်ရဲ့ ယင်နဲ့ ယန်၊ ကျန်းမာရေးတို့က အရေပြား၊ အရိုး၊ စိတ်ဝိဉာဉ်တို့နဲ့ သက်ဆိုင်မှုရှိတယ်”

“ပထမဆုံး မင်းရဲ့ မျက်ခုံးတွေက ဖုထွက်နေတယ်၊ မျက်တွင်းတွေလည်း ချိုင့်ဝင်နေပြီး မျက်လုံးတွေက နက်ပြာရောင် ဖြစ်နေတယ်၊ အဲဒါက ကြောက်လန့်တဲ့ အဆင့်လက္ခဏာတွေတင် မဟုတ်တော့ဘူး၊ ယင်စွမ်းအင်က ထင်ရှားနေတဲ့ အဆင့်ကို ရောက်နေတာပဲ၊ မင်းရဲ့ ခန္ဓာကိုယ်ထဲက ယန်စွမ်းအင်တွေ အများကြီး စိမ့်ထွက်သွားပြီ၊

အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ ဝိဉာဉ်တွေက မူလအစက ယင်ဖြစ်တာကြောင့် သူတို့က မကောင်းတဲ့ ဝိဉာဉ်တွေရဲ့ တိုက်ခိုက်မှုကို ခံရပြီးရင် ပိုပြီး မတော်တဆဖြစ်တတ်ကြတယ်”

“ငါမေးမယ်၊ မင်းအနေနဲ့ အခုရက်ပိုင်း ညဘက်ဆိုရင် အိပ်ရေးပျက်တာတွေ၊ ခြေလက်တွေကလည်း အေးစက်နေတာတွေ၊ ရံဖန်ရံခါ ချွေးထွက်တာတွေ ဖြစ်နေတတ်တယ်၊ အိပ်မက်ဆိုးတွေလည်း ခဏခဏ မက်တယ်၊ ရင်ဘတ်ကလည်း တင်းကြပ်ပြီး အိပ်ရာပေါ်မှာ တစ္ဆေတစ်ကောင်က ဖိထားသလိုမျိုး ခံစားရတတ်တယ် ဟုတ်လား??”

ဆံရှည်နှင့်ကျောင်းသူလေးက ခေါင်းငြိမ့်သည်။

“အမှန်ပါပဲ၊ ရှင်းတောက်ကျန့်ပြောတာ မှန်ပါတယ်၊ ပြီးခဲ့တဲ့ ညတွေတုန်းက ကျွန်မအိပ်နေတဲ့ အချိန်  အိပ်ရင်းနဲ့ စကားပြောတာ၊ သွားကြိတ်တာမျိုးတွေ လုပ်တယ်လို့ အခန်းဖော်တွေကပြောတယ်၊  ကျွန်မ အရင်က ဒါမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး”

ရှင်းယိချင်း :

“အားအင်ကုန်ခမ်းတဲ့အပြင်ကို မင်းရဲ့ လက်ဖဝါးမှာလည်း ကန့်လန့်ဖြတ်မျဉ်းတွေ အများကြီး ရှိနေတယ်၊ မင်း ခုနက လက်ဖဝါးကို ဖြန့်ပြတော့ မင်းရဲ့ လက်သည်းတွေက မီးခိုပြာရောင်သန်းနေတာကိုလည်း တွေ့လိုက်ရတယ်၊ အဲဒါတွေက ဖွဲ့စည်းမှုတွေ အရမ်းများပြီး စုလာတာတွေပဲ”

ထိုစကားကို ကြားရသော ကျောင်းသူလေး အံ့အားသင့်သွားခဲ့သည်။

“ကျွန်မလက်မှာ အခုတလော လိုင်းသေးသေးလေးတွေ ပေါ်နေခဲ့တာတော့ အမှန်ပဲ၊ ကျွန်မက အဲ့တာကို ချွေးပြန်တာများလို့ အရေပြားတွန့်သွားတယ် ထင်နေတာ”

ထိုစဉ်တွင် တင်ဆက်သူလျို့မှ မေးလိုက်သည်။

“ဒါဆိုရင် တတိယအကူအညီတောင်းသူရဲ့ ယင်အားနည်းမှုနဲ့ ယန်ချီစွမ်းအင် ဆုံးရှုံးမှုတွေက ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို ပြိုင်ပွဲဝင်နံပါတ်(၁)အနေနဲ့ ပြောပြနိုင်မလား??”

ရှင်းယိချင်း ခိုင်မာစွာဖြင့် ပြောလာသည်။

“သူ သရဲပူးတာ ခံရဖူးလို့ပါ၊ အဲ့တာတွေက သရဲပူးတာခံရပြီး ကျန်ခဲ့တဲ့ နောက်ဆက်တွဲလက္ခဏာတွေပဲ”

တင်ဆက်သူလျို့က ကျောင်းသူလေးကို မေးလိုက်သည်။

“ဟုတ်ပါသလား??”

ဆံပင်ရှည်ကျောင်းသူလေးက ခေါင်းညိမ့်ကာ ထောက်ခံလိုက်သည်။ ထို့နောက် သူမတွင် ဖြစ်ပျက်ခဲ့သည့် သဘာဝလွန်ဖြစ်ရပ်များအကြောင်းအား အလုံးစုံပြောပြလာချေသည်။

အဆောင်တွင် သရဲခြောက်ခံရပြီး တတိယနေ့တွင် ကျောင်းသူလေးများက ကျောင်းအုပ်နှင့် အဆောင်ထိန်းချုပ်ရေးဌာနသို့ သွားကာ အဆောင်ပြောင်းပေးရန် တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သည့် နှစ်ရက်အတွင်း အခြားအိပ်ဆောင်များမှ ကျောင်းသူများကလည်း သူမတို့အခန်းမှာ ညဘက်တွင် အော်ဟစ်နေကာ ညလယ်ခေါင်တွင် ဆူညံနေကြသည်ကြောင့် အားလုံးအိပ်ရေးပျက်ရတဲ့အတွက်ကြောင့်၊ ထိုကိစ္စကို မကျေနပ်သည့်အတွက် တိုင်စာတင်ထားကြသည်။

ထို့ကြောင့် ကျောင်းမှလည်း သူတို့အား ချက်ချင်း အဆောင်ပြောင်းပေးရန် စီစဉ်ပေးခဲ့သည်။

အဆောင်အသစ်ကို ရွေ့ပြီး ပထမနှစ်ရက်တွင် နောက်ထပ် ထူးဆန်းသည်များ ထပ်မဖြစ်တော့။

ကျောင်းသူလေးများ၏ ရင်ထဲမှ ပူပန်စိတ်များလည်း တဖြည်းဖြည်းလျော့ကျလာခဲ့သည်။ သူတို့ထင်ကြသည်မှာ ထူးဆန်းသည့် အဖြစ်အပျက်များ ကြုံရခြင်းသည် သူတို့နေခဲ့သည့် အဆောင်ကြောင့်သာလျှင် ဖြစ်ရသည်ဟုပင်။

ဆံပင်ရှည်လေးနှင့် ကျောင်းသူလေးသည် ကျောင်းဌာနများနှင့် ကလပ်များတွင် ပါဝင်သူတစ်ယောက်ဖြစ်ကာ ထိုနှစ်ရက်သည် အဖွဲ့လိုက်ညစာစားရန်ရက်များဖြင့် တိုက်နေခဲ့သည်။

သူမ၏ အဆောင်တွင် ဖြစ်ပျက်နေသည့် ထူးဆန်းဖြစ်ရပ်များကြောင့် မသွားရန် စီစဉ်ထားသော်လည်း နှစ်ရက်ဆက်တိုက် တည်ငြိမ်နေမှုကြောင့် သူမအတွက် ထူးဆန်းမှုများ ပြီးဆုံးပြီဟု တွေးလိုက်ကာ ထိုနေ့ညက ညစာစားပွဲသို့ သွားခဲ့သည်။

သူမက အသီးဝိုင်ခွက်သေးလေး တစ်ခွက်သာ သောက်ခဲ့ပြီး ညဉ့်နက်သည့်အချိန်အထိလည်း မနေရဲခဲ့ပေ။

၈နာရီတွင် ညစာ စားပြီးနောက် သူမက သီချင်းသွားဆိုကြမည့် ကလပ်အဖွဲ့ဝင်များအား နှုတ်ဆက်ကာ အဆောင်သို့ တစ်ယောက်တည်း ပြန်လာခဲ့သည်။

ဆံပင်ရှည်နှင့်‌ ကျောင်းသူလေးက ထိုနေ့ညတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားကာ ပြောလိုက်သည်။

“ကျွန်မတို့ ကျောင်းနားလေးမှာ မိန်းကလေးအဆောင်ဘက်ကို လှည့်နေတဲ့ မြစ်အတုအသေးလေးတစ်ခုရှိတယ်၊ လမ်းရဲ့ အဲဒီဖက်ခြမ်းမှာ လမ်းမီးတွေလည်း ရှိတော့ မှောင်မိုက်နေတာမျိုးမရှိဘူး၊

ဒါပေမယ့် အဲ့ဒီနေ့က ပတ်ဝန်းကျင်က မှောင်မိုက်ထိုင်းမှိုင်းနေခဲ့တာ၊ လမ်းကလည်း ရှင်းလင်းပြီး ခွေးတစ်ကောင်ကြောင်တစ်မြီးမှကို မတွေ့ရဘူး”

“ကျွန်မလည်း စိတ်ထဲမှာ ကြောက်လာပြီး လမ်းကိုပဲမြန်မြန် ဆက်လျှောက်နေခဲ့တယ်၊ ကျွန်မရဲ့စိတ်ထဲမှာ အဆောင်ကို မြန်မြန်ရောက်ချင်တဲ့ စိတ်ပဲရှိတယ်၊ ဒါပေမယ့် လမ်းကြီးက ရှည်လွန်းပြီး မဆုံးနိုင်အောင်ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ?

ကျွန်မ အဆောင်အောက်ထပ်က မီးတွေကိုတောင် မမြင်ရဘူး၊ ဒီအတိုင်း အဆုံးအစမဲ့ လမ်းဆက်လျှောက်နေခဲ့ရသလိုပဲ…..”

ထိုအချိန်တွင် ကျောင်းသူလေး၏ အခန်းဖော်များ၏ အသံသည်လည်း  ပေါ်ထွက်လာကြသည်။

“အဲဒီနေ့က သူမ ဖုန်းဆက်တော့ ရှစ်နာရီကျော်လောက်က ညစာစားပြီးလို့ ကျောင်းကို ပြန်လာတော့မယ်လို့ ပြောခဲ့တယ်၊ ကျွန်မတို့လည်း အဆောင်မှာ အကြာကြီးစောင့်နေခဲ့တာ၊ ကျွန်မတို့ရဲ့ကျောင်းအိပ်ဆောင်က ည ဆယ်နာရီခွဲဆိုရင် ပိတ်တယ်လေ၊

အဲဒီနေ့ညက ကျွန်မတို့ ဆယ်နာရီအထိ စောင့်နေတာတောင် သူမပြန်ရောက်မလာခဲ့ဘူး၊ ကျွန်မတို့ဖုန်းတွေလည်း ဆက်တိုက်ခေါ်နေခဲ့ပေမယ့် တစ်ခေါက်မှ မကိုင်ခဲ့ဘူး၊ သူမနှင့် ညစာအတူစားခဲ့တဲ့ အတန်းဖော်တွေကို မေးကြည့်ပြန်တော့လည်း သူပြန်သွားတာ ကြာလှပြီလို့ပဲ ပြောခဲ့ကြတယ်”

“သူမဆီမှာ တစ်ခုခုမှားနေပြီလို့ ထင်ခဲ့လို့ ကျွန်မတို့ အပြင်ထွက်ရှာကြတယ်၊ ဆယ်နာရီခွဲလို့မှ ရှာမတွေ့ရင် ကျောင်းအုပ်ဆီကို ဖုန်းဆက်မယ်လို့ တွေးထားကြတယ်၊

ဒါပေမယ့် ကျွန်မတို့ အောက်ထပ်ကို မဆင်းခင် အဆောင်ပြတင်းပေါက်ကနေ ကြည့်လိုက်တော့ အောက်ထပ်မှာ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်”

“ကျွန်မတို့တွေ ဂရုတစိုက် အနီးကပ်ကြည့်လိုက်တော့ သူဖြစ်နေတယ်လေ!!”

သူမ ဆံပင်ရှည်ကျောင်းသူလေး၏ နာမည်အား ပြတင်းပေါက်မှ ဆက်တိုက်ခေါ်နေခဲ့သော်လည်း ကောင်မလေးကတော့ အဆောင်အောက်ထပ်တွင် မည်သည့်အသံကိုမျှ မကြားရသကဲ့သို့ ရပ်နေခဲ့သည်။

ထိုစဉ်အချိန်တွင် ကောင်မလေးသည် သူမ၏အသံကို ကြားနိုင်ရမည်ဖြစ်သော်လည်း တုံ့ပြန်မှုမရှိခဲ့ပေ။

ဖြေးညှင်းစွာဖြင့်သာ သူမ၏အရှေ့မှ လမ်းမီးတိုင်အား လှည့်ပတ်နေခဲ့သည်။

တခြားအခန်းဖော်များလည်း အောက်ထပ်သို့ ပြေးသွားကာ ဆံပင်ရှည်နှင့် ကျောင်းသူလေးဖြင့် မနီးမဝေးနေရာသို့ ရောက်သောအခါ သူမ၏ မျက်လုံးများမှာ အသက်မဲ့လျက်ရှိနေသည်အား မြင်တွေ့လိုက်ရတော့သည်။

မျက်လုံးများက အရှေ့တည့်တည့်သို့သာ ကြည့်နေခဲ့ပြီး သူမ၏ ချောမောလှပသည့် မျက်နှာသည် လမ်းမီးတိုင်အရောင်အောက်တွင် ဖြူဆုတ်နေခဲ့သည်။

ထိုအချိန်တွင် သူတို့၏အခန်းဖော်သူငယ်ချင်းမှာ မူမမှန်သည်ကို သတိထားလိုက်မိပြီးနောက် အားလုံးတုန်လှုပ်သွားခဲ့ကြသည်။

ထို့ကြောင့် သူငယ်ချင်းများမှာ ထိုကျောင်းသူလေး၏ နာမည်အား အဝေးမှသာ လှမ်းအော်ရဲခဲ့ကြသည်။

ခဏအကြာ ကျောင်းသူလေးက ခေါင်းမော့လာပြီးနောက် ဘေးဘီဝဲယာသို့ ကြည့်ကာ အဆောင်နှင့် မျက်နှာချင်းဆိုင်မှ မြစ်ကမ်းဘက်သို့ ပြေးထွက်သွားတော့သည်။

သူငယ်ချင်းများက ကြောက်လန့်လွန်းသောကြောင့် သိပ်ပင် မတွေးနိုင်တော့ပဲ ကောင်မလေးနောက်မှာ ပြေးလိုက်ကာ ရပ်တန့်ဖို့သာ အော်ပြောနေခဲ့ကြသည်။

ကံကောင်းစွာဖြင့် မြစ်ကမ်းဘေးတွင် ကျောင်းမှ ကာရံထားသော ခြံစည်းရိုးတစ်ခုရှိနေခဲ့သည်။ ထို့ကြောင့် ပြေးလိုက်လာပြသော အခန်းဖော်များက ဆံပင်ရှည်နှင့် ကျောင်းသူလေးအား အဆောင်သို့ ပြန်လည်ဆွဲခေါ်လာနိုင်ခဲ့ကြသည်။

အခန်းဖော်ကောင်မလေးက ဆက်ပြောသည်။

“အဲဒီတုန်းက သူမက အရမ်းကို အားသန်နေခဲ့တာ၊ ကျွန်မတို့အားလုံး သူ့ကို ဘယ်လိုမှ ချုပ်ထားလို့မရခဲ့ဘူး၊ ဒါနှင့်  ရုတ်တရက်  အင်တာနက်ပေါ်မှာ ပြောကြတဲ့တစ်ခုကို သတိရသွားခဲ့တယ်၊ သရဲပူးခံရရင် အော်ဟစ် ဆဲဆိုပြီး ရိုက်နိုင်တယ်တဲ့၊

ကျွန်မလည်း သူ့နားရွက်နား ကပ်အော်ပြီး ကျောလည်း ရိုက်ပုတ်ပေးလိုက်တယ်”

“သူမ အသိစိတ်ပြန်ဝင်ဖို့အတွက် ၂မိနစ်၊၃မိနစ်လောက်တော့ ကြာခဲ့တယ်၊ အဲဒီအချိန်ကျမှ ကျွန်မတို့လည်း သူမကို အဆောင်ထဲထိ ခေါ်လာခဲ့ကြတာ၊ ပြန်ရောက်တော့ သူမရဲ့ခန္ဓာကိုယ်အနှံ့မှာ ကုတ်ရာ၊ခြစ်ရာဗလပွနဲ့ အညိုအမည်းတွေလည်း စွဲနေတာကို မြင်လိုက်ရတယ်”

ဆံပင်ရှည်နှင့် ကောင်မလေးက ဆက်၍ ပြောလိုက်သည်။

“ကျွန်မကတော့ ဘာကိုမှ မမှတ်မိခဲ့ဘူး၊ညအချိန်တွေလည်း ဘယ်လောက်တောင် ကြာသွားတာလဲဆိုတာကိုလဲ မသိခဲ့ဘူး၊ ကျွန်မထင်တာက ကျွန်မ လမ်းလျှောက်နေတာ ဆယ်မိနစ်လောက်ပဲ ရှိနေခဲ့တယ်လို့ ထင်နေတာ၊

နောက်တော့ အခန်းဖော်တွေရဲ့ အသံကို ကြားလိုက်ရပေမယ့် ကျွန်မ သူတို့ကို မမြင်ရပြန်ဘူး၊ ကျွန်မ အရမ်းကြောက်နေတာနဲ့ အသံကြားရတဲ့ဘက်ကို ပြေးသွားခဲ့မိတာ....”

သို့သော် သူမ လုံခြုံသည်ဟု ထင်ကာ ပြေးလိုက်သောအရပ်မှာ  မြစ်ကမ်းပါးဘက် ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။

*

All Chapters