တစ္ဆေနံရံတိုက်မိခြင်း(3)
Vol. 9 Ch. 83
ကုကျစ်စုန့် :
“မင်းက ဒီနှစ်ထဲမှာ ၂၁နှစ်ပြည့်လိမ့်မယ်၊ ပြီးတော့ တတိယနှစ်ကျောင်းသူတစ်ယောက်ပဲ၊ ဒါတောင်မှ မင်းရဲ့ နဖူးမှာ ဆံပင်အသစ်လေးတွေကို မြင်နေရတယ်၊ အဲဒါက နေရာရွေ့ပြောင်းခြင်းနန်းတော်ပဲဆိုတော့ မင်း နေရာပြောင်းရွှေ့လာတာက သိပ်ပြီး မကြာသေးဘူး၊
ဒါက အိမ်ကနေ ကျောင်းကို ပြောင်းရွှေ့လာတာတာမျိုးမဟုတ်ဘဲ တစ်ခါမှ မရောက်ဘူးတဲ့ နေရာအသစ်တစ်ခုကို ပထမဆုံးခြေချတဲ့ ပုံစံပဲ၊ ပြီးတော့ မင်းက အဲဒီနေရာမှာ ရေရှည်နေဖို့လည်း ဆုံးဖြတ်ထားသေးတယ်”
ပိုနီတေးနှင့်ကောင်မလေးက အံ့ဩလေးစားမှုအပြည့်နှင့်ပင် ပြောလာခဲ့သည်။
“ကျဲကျဲ၊ ကျဲကျဲက အဲဒါကိုတောင် ပြောနိုင်တယ်ပေါ့၊ ကျွန်မတို့ ကျောင်းက ဂျူနီယာနှစ်မစခင်နှင့် ပြီးတဲ့အချိန် အဆောင်ခွဲထားတယ်လေ၊ ကျွန်မတို့ ဂျူနီယာကျောင်းသားဖြစ်ပြီးတဲ့နောက်မှာ အဆောင်နေရာအသစ်ကို ပြောင်းလာခဲ့တာ မကြာသေးဘူး၊ ဒီကိုရောက်တာ မကြာသေးဘူးဆိုတာ အမှန်ပါပဲ”
ကုကျစ်စုန့်:
“မင်းရဲ့ မျက်နှာကို ကြည့်ရရင် မျက်လုံးတွေက ကြည်လင်နေပြီး မျက်နှာလိုင်းတွေကလည်း အစွန်းတွေ၊ ထောင့်တွေ ရှိနေတယ်၊ အဓိပ္ပါယ်ကတော့ မင်းက ပျော်တတ်တယ်၊ နာမည်လည်း ကြီးတယ်၊ မင်းရဲ့ ဆံပင်နဲ့ မျက်ခုံးတွေကအစ ယန်လက္ခဏာပဲ၊
မင်းဘဝရဲ့ ပထမပိုင်းမှာ ဖျားနာမှုရော၊ ဝေဒနာခံစားရတာရော ရှိမှာ မဟုတ်ဘူး၊ မင်းဘဝရဲ့ ဒုတိယခြမ်းမှာလည်း ဒီနည်းအတိုင်းပဲရှိလိမ့်မယ်၊ မင်းက ချမ်းသာပြီး အာဏာရှိတဲ့လူမျိုးဖြစ်လာမှာမဟုတ်ပေမယ့် မင်းရဲ့ဘဝကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆက်ရှိနေလိမ့်မယ်”
“အဆင်ပြေပါတယ်”
ကျောင်းသူလေးက ပျော်ရွှင်စွာနှင့်ပင် ပြောဘာသည်။
“ကျွန်မအထင်ကတော့ ကျန်းမာပြီး လုံခြုံတာကလည်း အတော်ကောင်းနေတာပဲလေ”
တင်ဆက်သူလျို့က အချိန်ကိုက် ဝင်ပြောလာသည်။
“ကြည့်ရတာ ငါတို့ရဲ့ လေးယောက်မြောက် အကူအညီတောင်းသူလေးကတော့ ကံကောင်းသူလေး ဖြစ်တဲ့ပုံပဲ၊ သူက အဆောင်မှာလည်း ဘာမှ ထူးထူးဆန်းဆန်း မကြုံခဲ့ရဘူး”
သို့သော် ကုကျစ်စုန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
“မင်း မခံစားရတာက မင်းခန္ဓာကိုယ်က ကြံ့ခိုင်သန်မာနေလို့ပဲ၊ ဒါပေမယ့် အခုအဖြစ်အပျက်တွေက မင်းနဲ့ မဆိုင်တာတော့ မဟုတ်ဘူး”
ပိုနီတေးလေးမိန်းကလေးက အံ့အားသင့်သွားရသည်။
“မင်းကိုယ်တိုင် မင်းရဲ့မျက်စိနဲ့ အဲဒါကို မြင်ခဲ့ရတယ်၊ အဲ့ဒီအချိန်တုန်းက မင်းနဲ့ သူနဲ့ မျက်လုံးချင်းဆုံသွားခဲ့တယ်လေ”
ကုကျစ်စုန့် သူမလက်ထဲမှ ဓာတ်ပုံကို မြှောက်လိုက်သည်။ ထိုဓာတ်ပုံသည်ကား ပိုနီတေးနှင့် ကျောင်းသူလေး၏ ဓာတ်ပုံပင်ဖြစ်ပြီး သူမအသုံးပြုနိုင်ရန် ပို့ထားသည့် ပုံပင်။
သူမ၏စကားအား ကြားလိုက်ရပြီးနောက် ကျောင်းသူလေးမှာ တစ်စုံတစ်ခုကို တွေးတောလိုက်မိသကဲ့သို့ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားခဲ့သည်။
တိုက်ရိုက်ကြည့်ရှုနေသူများကတော့ မျက်စိလည်နေခဲ့ကြစဥ် ကုကျစ်စုန့်ဆက်ပြောသည်အား ကြားလိုက်ရချေသည်။
“မင်းတို့က တကယ်ပဲ အဲဒါက ဘယ်သူလဲ? မင်းတို့ကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို မသိဘူးပေါ့? ငါမြင်နေရတာကတော့ မင်းတို့အားလုံးရဲ့ကိုယ်ပေါ်မှာ အဲဒါနှင့် ချုပ်ဆိုထားတဲ့ စာချုပ်တွေ ရှိနေတယ်နော်”
“၁၊ ၂၊ ၃၊ ၄..”
သူမ၏ မျက်ဆံများက မည်းနက်နေခဲ့ကာ ကျောင်းသူလေး ၄ယောက်၏ တစ်ယောက်ချင်းစီရိုက်ထားသော ပုံများအား စားပွဲပေါ်သို့ တစ်ပုံချင်းစီချလိုက်သည်။
ထို့နောက် သူမ၏ အိတ်ထဲမှ အင်ပါယာ အကြွေစေ့များအား ထုတ်ယူလိုက်ပြီး ပုံများ၏နောက်တွင် ဆက်လက်စီတန်းချလိုက်သည်။
“…၅၊ ၆”
“လူခြောက်ယောက်၊ စာချုပ် ခြောက်ခု၊ မင်းတို့တွေက အဲဒါနဲ့ အစထဲက ဆက်သွယ်နေပြီးသားပဲ၊ နောက်ထပ်လည်း နှစ်ယောက်ထပ်ရှိရဦးမယ်၊ သူတို့ကရော ဘာလို့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ မပါလာကြတာလဲ??”
ကုကျစ်စုန့်၏ လေသံမှာ အရာရာစိတ်ဝင်စားပုံမပေါ်သည့်ဟန်ရှိပြီး အေးစက်နေခဲ့ကာ သူမ၏ နှုတ်ခမ်းထောင့်စွန်းများအား တင်းတင်းစေ့ထားလိုက်ရင်း ကင်မရာနောက်မှ မျက်ဝန်းများ ပြူးကျယ်နေသည့် ကျောင်းသူလေးအား စိုက်ကြည့်လိုက်သည်။
“မင်းတို့ နောက်ထပ် ဖုံးကွယ်ထားတဲ့ အကြောင်းလေးတွေလည်း ငါတို့ကို ပြောပြလို့ရတယ်”
[ဘုရားရေ ! သူတို့က သရဲနဲ့ စာချုပ်ချုပ်ထားတယ်လို့ ဆိုလိုတာလား? ပြီးတော့ လူကလည်း ခြောက်ယောက်တောင်မှ ရှိနေတာလား?]
[!!!ဘယ်လိုတွေတောင် ဖြစ်ကုန်တာလဲ? နောက်ထပ် နှစ်ယောက်ကျန်သေးတယ်လို့ပြောချင်လား? သူတို့ကရော ဘယ်ကိုရောက်သွားကြတာလဲ?]
[စုန့်စုန့် လူရေပြနေတာကိုကြည့်ရင်း ငါကတော့ထုံထိုင်းသွားတာပဲ. ကလေးတွေရဲ့ မျက်နှာကိုကြည့်ရတာ သူတို့တွေ တကယ်ကို တစ်ခုခုဖုံးကွယ်ထားတဲ့ပုံပဲ]
[ ညီအစ်ကိုတို့! ငါ မျက်လုံးကွယ်နေတဲ့အချက်ကို ရှာတွေ့ပြီ၊ ကောင်မလေးတွေရဲ့ နောက်ကျောမှာ အိပ်ဆောင်က ခုတင်တွေကိုမြင်ရတယ် ဟုတ်တယ်မလား? အဲဒါတွေက နှစ်ထပ်ခုတင်တွေလေ၊ ငါဒါကိုမြင်တော့ ထူးဆန်းတယ်လို့တော့ ထင်လိုက်သားပဲ။ ဘာလို့လဲဆိုတော့ ငါတို့ကျောင်းက လူလေးယောက်အခန်းဆိုရင် ခုတင်နဲ့စားပွဲတစ်လုံးစီရတာလေ၊ အဲဒါတွေက ခုတင်နှစ်ထပ်မဟုတ်တဲ့အတွက်ရတာလေ၊
ဒါပေမယ့် ငါက ကျောင်းမတူတော့ နေရာထားတဲ့ပုံစံမတူတာနေမှာပါဆိုပြီး သိပ်မတွေးလိုက်မိတာ၊ တကယ်လို့ ခြောက်ယောက်ခန်းဆိုရင်တော့ နေရာချထားပုံကအဓိပ္ပါယ်ရှိသွားပြီ…]
တိုက်ရိုက်ထုတ်လွှင့်မှု၏ အခြားတစ်ဖက်တွင် ကျောင်းသူလေးများမှာ ပြာယာခတ်သွားကာ ဟန်ပင် မဆောင်နိုင်ကြပေ။
ကုကျစ်စုန့် မျက်မှောင်ကြုတ်ကာ သူမ၏ မေးစေ့အား ကုတ်ခြစ်လိုက်ကာ အဖျက်သဘောဖြင့် ပြောလိုက်သည်။
“မင်းတို့ မပြောချင်ရင်လည်း ဇွတ်မပြောခိုင်းတော့ဘူး၊ ငါကတော့ မြင်သင့်တာ မြင်ပြီးသွားပြီ၊ တင်ဆက်သူလျို့ ၊ ကျွန်မ အလုပ်ဆင်းလို့ရပြီလား??”
တင်ဆက်သူလျို့: “?!!”
“ဒါက……”
သူ ရှက်ရွံ့စွာ ပရိုဂရမ်အဖွဲ့အား လှမ်းကြည့်လိုက်သည်။ အခုလိုမျိုး ဇာတ်ရှိန်တက်နေချိန်တွင် ရုတ်ချည်းရပ်တန့်လိုက်ပါက ကြည့်ရှု့သူများက မသေရုံတမယ် ဆူပူကြပေလိမ့်မည်ဖြစ်သည်။
ကုကျစ်စုန့် စကားဆုံးသည်နှင့် ဖြစ်ပျက်လာမည့်အရာကို မျှော်လင့်စောင့်စားနေကြသော ပရိသတ်များမှာ မှတ်ချက်ဧရိယာအတွင်း ပေါက်ကွဲကုန်ကြတော့သည်။
[??? ဒီမိန်းမကတော့! ငါ့ကို ဒူးထောက်ပြီး တောင်းပန်ရအောင် မလုပ်နဲ့!]
[ရှောင်မေ့မေ့တို့၊ ပြဿနာရှိတယ်ဆိုရင်လည်း ငါတို့ကို ပြောပြလို့မရဘူးလား? မင်းတို့က ဒီအစီအစဉ်ကို လာပြီး အားလုံးကို အရူးလုပ်နေလို့တော့ ဘယ်ဖြစ်မလဲ!]
ကျောင်းသူလေးများက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ နောက်ဆုံးတော့ ဆံပင်ရှည်လေးနှင့် တစ်ယောက်က ပရိသတ်ဘက်သို့ ခါးညွတ်ကာ တောင်းပန်လိုက်သည်။
“အားလုံးပဲ၊ တောင်းပန်ပါတယ်၊ ကျွန်မတို့က တမင်တကာဖုံးကွယ်ထားဖို့ မရည်ရွယ်ပါဘူး၊အဆောင်မှာ နောက်ထပ် နှစ်ယောက်ကျန်ပါသေးတယ်၊ ဒါပေမယ့် သူတို့လည်း သရဲအခြောက်ခံခဲ့ရတာပါ၊ တစ်ယောက်က ဆေးရုံတက်နေရပြီး နောက်တစ်ယောက်ကတော့ ရန်ဖြစ်ပြီး စိတ်ကစဉ့်ကလျားဖြစ်နေလို့ ကျောင်းက အနားခံထားရတာပါ၊ ဒါကြောင့် သူမလည်း အိမ်ကိုပြန်သွားခဲ့ပါတယ်”
“ကျွန်မတို့ ပရိုဂရမ်အဖွဲ့ဆီမှာ အကူအညီတောင်းတော့ သူတို့ကို မဆက်သွယ်ခဲ့ရပါဘူး၊ ဒါကြောင့် သူတို့က သူတို့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို သူများကို ပြချင်လား၊မပြချင်လားဆိုတာ မသိတာကြောင့် ဖုံးကွယ်ထားခဲ့မိတာပါ၊ အားလုံးကို တောင်းပန်ပါတယ်”
ရှင်းပြချက်အား နားထောင်ပြီးနောက် ပရိသတ်က နားလည်ပေးကြသည်။ ထို့နောက် တစ်စုံတစ်ယောက်က မေးလာချေသည်။
[ပြိုင်ပွဲဝင် နံပါတ်ခုနှစ်ပြောတာက မင်းတို့က သရဲကို ရှာပြီးတော့မှ သူနဲ့ စာချုပ်ချုပ်ထားတာဆို? ဒါကို ဘာလို့ ဘာမှ မသိဘူးတို့၊ ရန်မစဖူးပါဘူးတို့ ပြောနေရတာလဲ?]
ဆံပင်ရှည်နှင့် ကောင်မလေးက စိတ်ဆင်းရဲစွာနှင့် မချိပြုံးလေး ပြုံးလိုက်သည်။
“ကျွန်မတို့တွေ ဘယ်သူ့ကိုမှ မလိမ်ခဲ့ပါဘူး၊ အစကတော့ ကျွန်မတို့ ဘယ်သူမှ မတွေးမိကြဘူး၊ နောက်တော့ သေချာပြန်စဉ်းစားရင်း သံသယတော့ ဝင်လာပေမယ့် ဘယ်သူမှ ဒါကို အတည်မပြုရဲကြဘူး….”
သူမ အံကိုကြိတ်ကာ မေးလိုက်သည်။
“ကျွန်မ ကုကျစ်စုန့်ကျဲကျဲကို မေးချင်ပါတယ်၊ အဲ့တာကို ကျွန်မတို့ကိုယ်တိုင်ပဲ လုပ်ခဲ့တာလား?”
ကုကျစ်စုန့် အတည်ပြုပေးလိုက်သည်။
“အမှန်ပဲ၊ အတိအကျပြောရရင် မင်းတို့ကိုယ်တိုင် အဲဒါကို ဖိတ်ခေါ်ခဲ့တာ”
သူမ၏စကားအား ကြားရပြီးနောက် ကျောင်းသူလေးများ၏ မျက်လုံးများတွင် မျက်ရည်များဝဲလာကြပြန်သည်။ ဆံပင်တိုနှင့် ကျောင်းသူလေး မျက်ရည်များသုတ်ကာ ရှိုက်ငိုရင်း ပြောလိုက်သည်။
“ဒါက ဟုတ်၊မဟုတ်တော့ မသိပါဘူး၊ တကယ်တော့ ကျွန်မတို့ အားလုံးက ဒီကမ္ဘာမှာ သရဲဆိုတာ အမှန်တကယ်မရှိဘူးလို့ ထင်ခဲ့ကြတယ်၊ ဒါကြောင့် ဒီအတိုင်းပျင်းလာတာနဲ့ တစ်ခုခုကစားဖို့ လုပ်ခဲ့ကြတာ”
ဂျူနီယာနှစ်တွင် ကျောင်းသူလေးများမှာ အဆောင်သစ်သို့ ပြောင်းရွေ့ရသည်။
ကျောင်းမှာ အခြားမြို့တစ်မြို့၏ ဆင်ခြေဖုံးနေရာတွင် တည်ရှိကာ ချမ်းသာကြွယ်ဝသည့် နေရာမျိုးတော့ မဟုတ်ပေ။ သို့သော် ကျောင်းတွင် ထိုအဆောင်၏ အတိတ်အကြောင်း ရာဇဝင်များရှိနေသည်။
နေရာသစ်အား ရွှေ့လာပြီးနောက် ကျောင်းသူလေးများသည် စိတ်လှုပ်ရှားနေသလို စိတ်လည်း ပျက်နေမိသည်။ အဆောင်တွင် ညစာစားနေရင်းဖြင့် သူတို့က အတင်းအဖြင်းများပြောခဲ့ကြပြီး အရင် စီနီယာများ လက်ဆင့်ကမ်းခဲ့သည့် အကြောင်းများဆီကို စကားစမိသွားခဲ့ကြသည်။
သတ္တိရှိသော ကျောင်းသူတစ်ယောက်က ရုတ်တရက်ပြောလာခဲ့သည်။
“နင်တို့တွေ ဖိုရမ်မှာ တင်ထားတဲ့ လျို့ဝှက်ဆန်းကြယ်အရေ့ကိစ္စ ပို့စ်ကို မြင်ခဲ့ကြလား?? ဒီနေရာမှာ အရင်က အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့ဖူးတယ်ဆိုပဲ”
သူမပြောသည့် ပို့စ်ဆိုသည်မှာ ကျောင်းတွင် သေဆုံးခဲ့ဖူးသူများ စာရင်းနှင့် သရဲခြောက်တတ်သော နေရာများပင်ဖြစ်သည်။
သို့သော် အချို့ကတော့ မယုံကြည်ကြ။
“ငါကတော့ သရဲကိုရော၊ ဘုရားကိုရော အယုံအကြည်မရှိဘူး၊ အဲဒါတွေက လူတွေကို ခြောက်လှန်းဖို့ သက်သက် လုပ်ထားတာပဲ”
ဝိုင်အနည်းငယ်သောက်ထားခြင်းကြောင့်လားမသိသော်လည်း ကျောင်းသူလေးများမှာ တက်ကြွနေခဲ့ကြသည်။
ဆံပင်တိုလေးနှင့် ကောင်မလေးက ငိုရှိုက်ရင်း ဆက်ပြောသည်။
“အဲ့ဒီနောက်…..ကျွန်မတို့ ဘောပင်နတ်သမီးဂိမ်းကို ဆော့ခဲ့ကြတယ်”
ကုကျစ်စုန့်: “…”
[???]
[အာ.. ညဘက်ကြီးကိုလေ… သူတို့တွေ ကိုယ့်ကိုကိုယ် သတ်ချင်နေကြတာပဲ?!]
[သေချာပေါက် မင်းတို့ တစ်ခုခုကို ဆင့်ခေါ်လိုက်ပြီးတော့ သေသေချာချာ ပြန်မပို့မိတာပဲဖြစ်ရမယ်!]
ကျောင်းသူလေးတစ်ယောက်က လက်ကိုခါရမ်းပြလိုက်သည်။
“မဟုတ်ပါဘူး၊ ကျွန်မတို့ ကစားပွဲကို ပြီးအောင်တောင် မလုပ်လိုက်ရပါဘူး၊ ဒီအတိုင်း ပစ္စည်းတွေထုတ်ပြီး၊ အမူအယာနှစ်ခုလောက်ပဲလုပ်ခဲ့တာ၊ အင်တာနက်ပေါ်က ပြောထားသလို ဘောပင်နတ်သမီးကို မေးမြန်းတဲ့စကားတောင် ပြီးအောင် မဖတ်လိုက်ပါဘူး၊ အဲဒီအချိန်တုန်းက ညဘက်ကြီးဆိုတော့ ကြောက်လာကြတာနှင့် ကျွန်မတို့ ရပ်တန့်လိုက်ကြတာ”
“ရပ်လိုက်ပြီးတော့လည်း ဘောပင်နဲ့ စာရွက်က မလှုပ်တာ သေချာအောင် စောင့်ကြည့်ပြီးမှပဲ ပစ္စည်းတွေကို သိမ်းလိုက်တာပါ”
ထိုကြောင့်ပင် သူတို့ ထိုကိစ္စနှင့်ပတ်သက်နေလိမ့်မည်ဟု တွေးပင် မတွေးမိကြချေ။
ကုကျစ်စုန့် ကူကယ်ရာမဲ့စွာ မေးလိုက်သည်။
“မင်းတို့တွေ အဲဒီဂါထာကို ဘယ်ကနေရှာတွေ့လာတာလဲ?”
“အင်တာနက်ပေါ်ကလေ…. သူတို့က ရုပ်ရှင်ထဲမှာလည်း အဲလိုပဲ ခေါ်ကြတာဆိုတော့… ကျွန်မတို့ လက်ဟန် နှစ်ခုပဲ လုပ်ခဲ့တာပါ!!”
ထိုကိစ္စနှင့် ပတ်သတ်၍ ကုကျစ်စုန့်တစ်ခုတည်းသာ ပြောနိုင်သည်။
‘ မသိနားမလည်သည့်သူထံတွင် အကြောက်တရားမရှိပေ’
“ဘယ်လို ဘောပင်နတ်သမီးကို ပြောနေတာလဲတော့ မသိဘူး၊ ဒါပေမယ့် မင်းတို့လုပ်ခဲ့တဲ့ အစီအရင်က ဖူဂျီလို့ခေါ်တဲ့ ပညာရပ်ရဲ့ အခွဲတစ်ခုပဲ၊ အဲဒါက ဂါထာရွတ်တာ ပြီးဖို့ရော၊ ဖိတ်ခေါ်ပွဲပြီးဖို့ပါ မလိုအပ်ဘူး”
ဖူဂျီသည်က ‘စုန်းပညာ’မှ ဆင်းသက်လာခြင်းပင်ဖြစ်သည်။ သို့သော် ၎င်းနည်းလမ်းမှာ မှန်ကန်ဖြောင့်မတ်သည့်လူများ ကျင့်သုံးသည့် ပညာရပ်တော့ မဟုတ်ပေ။
ထိုပညာရပ်၏ သဘောတရားအရ သရဲ၊တစ္ဆေများအား ကမ္ဘာအကြောင်းနားလည်နိုင်ရန် ဖိတ်ခေါ်နိုင်ခြင်းဖြစ်သည်။
ယေဘုယျအားဖြင့် ဖိတ်ခေါ်သူသည်က အလျားလိုက်တုတ်တစ်ချောင်းနှင့် ဘောပင်တစ်ချောင်းအသုံးပြုရသည်။ လူနှစ်ယောက်သည် အလျားလိုက်တုတ်ချောင်းအား လက်ချောင်းများနှင့် ကိုင်ထားကာ အောက်တွင် သဲခင်းထားသော စားပွဲတစ်လုံးရှိသည်။
သဲစားပွဲပေါ်တွင် ဘောပင်ဖြင့် လိုင်းများဆွဲပြီးနောက် တောက်ကျန့်သည် ‘ကောင်းကင်ဘုံစာအုပ်’ အား ဖတ်ရွတ်ရသည်။
ထို့နောက် မဖတ်မှီ တုတ်ချောင်းဖြင့် သဲစားပွဲအား မျက်နှာပြင်ညီအောင် ညှိရသည်။
ဖိတ်ခေါ်သူမှာ ကျွမ်းကျင်သော တောက်ကျန့်ဖြစ်ပါက မြေအောက်ကမ္ဘာမှ တစ္ဆေကြီးများအား သက်ရှိကမ္ဘာသို့ ဖိတ်ခေါ်နိုင်ကာ အောင်မြင်မှုကြီးမားခဲ့သော ရှေးခေတ်မင်းသားများနှင့် စစ်သူကြီးများကိုပင် ဖိတ်ခေါ်နိုင်သည်။
သို့သော် စွမ်းအားမဲ့သည့် သာမန်လူများအနေဖြင့် လိုအပ်သော လုပ်ဆောင်ချက်များကို ပြုလုပ်ပါလျှင် သူတို့အနီးမှ ကိုယ်ရှိန်ကိုယ်ဝါပြောင်းလဲကာ အနီးအနားမှ သရဲ၊တစ္ဆေများကိုသာ ဆွဲဆောင်နိုင်မည်ဖြစ်သည်။
ကျောင်းသူလေးများသည် ဖိတ်ခေါ်ပွဲ မပြီးဆုံးသည်ကြောင့် ဂါထာရွတ်ဖတ်ခြင်းမအောင်မြင်ဟု ထင်ခဲ့သော်ငြား သူတို့သည် အင်တာနက်နှင့် ရုပ်ရှင်ဒရာမာများ၏ လှည့်စားမှုခံလိုက်ရသည်။
အနည်းငယ်ရှင်းပြပြီးနောက် သူတို့အားလုံး ကြက်သေ,သေနေကြသည်။
ကုကျစ်စုန့်:
“အကြမ်းဖျင်းကတော့ နေရောင်အောက်မှာ လှည့်ပတ်သွားနေတဲ့ သရဲတွေ( လူလောကမှ ငရဲတစ္ဆွေတွေ)က အဲဒီစွမ်းအင်ကို ခံစားနိုင်စွမ်းရှိကြတယ်၊ သူတို့က မင်းဆီကို လာပြီး ကြည့်ကြလိမ့်မယ်၊ ဒါပေမယ့် မင်းက သာမန် ဖူဂျီပူဇော်ပွဲပဲ လုပ်တာဖြစ်ပြီး ဘာကိုမှ မစတေးထားဘူးလေ ဒီတော့ ဆိုးဝါးတဲ့ သရဲတွေကတောင် မင်းကို လှည့်ကြည့်မှာ မဟုတ်ဘူး”
အခြေအနေအား သုံးသပ်ပြီးနောက် သူတို့နှင့် ထိုအရာကြားတွင် ဆက်စပ်မှုတစ်ခု အမှန်ပင် ရှိနေခဲ့သည်။
ထိုစာချုပ်အား ထိန်းသိမ်းရန်အတွက် သရဲ၏ စွမ်းအားကိုပါ အသုံးချရမည်ဖြစ်သည်။
သူသည် အသိအမှတ်ပြုမှုရော၊ တံစိုးလက်ဆောင်ပါ မရခဲ့သောကြောင့် (သရဲ)ကိုယ်တိုင်၏ အသက်စွမ်းအင်ကို အသုံးချရမည်ဖြစ်သည်။ မည်သို့သောသရဲမျိုးကမှ သူတပါးအကျိုးအတွက်သာရှိပြီး ကိုယ့်ကိုကိုယ် ထိခိုက်နာကျင်စေမည့် ရွေးချယ်မှုအား လုပ်မည်မဟုတ်ပါချေ။
ကုကျစ်စုန့်၏ လေသံမှာ အေးစက်သွားခဲ့သည်။
“အဲဒီဝိဉာဉ်က သူ့ကိုယ်သူ ဆုံးရှုံးခံပြီး မင်းတို့ ခြောက်ယောက်ကို ရေဆုံးမြေဆုံးအထိ လိုက်ပြီး ခြောက်လန့်နိုင်လောက်တဲ့အထိ သူ့ကို ဒေါသထွက်စေပြီး သူ့ရဲ့အကြီးမားဆုံးနာကျည်းချက်ကိုသာ မင်းတို့တွေ မတူးဆွခဲ့ဘူးဆိုရင်ပေါ့”