ကမ္ဘာမြေနှင့် ချိတ်ဆက်ခံထားရသည့် ဝိဉာဉ် (၁)
Vol. 9 Ch. 84
မှတ်ချက်ဧရိယာမှ ဆူညံမှုများအကြားတွင် ကုကျစ်စုန့်အသံကတော့ ဆက်လက် ထွက်ပေါ်နေခဲ့သည်။
“အဲဒီနေ့ညက သေဆုံးပြီး ဝိဉာဉ်တစ်ကောင်က ဖူဂျီပူဇော်ပွဲရဲ့ စွမ်းအင်ကို ခံစားရပြီး မင်းတို့အနားကို ရောက်လာခဲ့တယ်၊ ဒီဆက်သွယ်ချက်က မင်းတို့တွေ ဖန်တီးထားတာကြောင့် သူ့ကို ဖိတ်ခေါ်ခဲ့တာကလည်း မင်းတို့ပဲ၊
ဒီတော့ သူက မင်းတို့ တစ်ယောက်ချင်းစီပေါ်မှာ သူ့ရဲ့ အမှတ်အသားကိုထားခဲ့လို့ရနိုင်တယ်”
“မင်းတို့တွေဘယ်ကိုသွားသွား၊ ဘယ်နေရာကိုပဲ ရွှေ့ရွှေ့၊ သူက မင်းတို့ကို စာချုပ်ကနေ တစ်ဆင့် ရှာနိုင်တယ််”
ထိုစကားကို ကြားရသည့် ကျောင်းသူလေး လေးယောက်၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားခဲ့သည်။
သူမတို့တွေ ပရိုဂရမ်အဖွဲ့ထံမှ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်ခြင်းမှာလည်း ထိုအဖြစ်အား အနည်းငယ်မျှလောက် သတိပြုမိခဲ့၍သာဖြစ်ပေသည်။
သရဲခြောက်ခံရပြီးနောက် သူတို့ အဆောင်ရွေ့ပြောင်းခဲ့သည်၊ ဟိုတယ်တွင် နေခဲ့သည်၊ ကျောင်းမှ ခွင့်တိုင်ကာ အိမ်သို့ပင် ပြန်၍ နတ်ဆရာမများနှင့်ပင် တွေ့ခဲ့ကြသည်။
သို့သော် သူတို့၏ တည်နေရာ မည်သို့ပင် ပြောင်းစေကာမူ ကြောက်စရာမျက်ဝန်းတစ်စုံက သူမတို့အား အမှောင်ထဲမှ အမြဲစိုက်ကြည့်နေသည်ဟု အမြဲတမ်းခံစားနေကြရသည်။
ထိုသရဲသည် သူမတို့အား အလွတ်မပေးဟူသော ခံစားချက်မျိုးကို ရရှိနေခဲ့ကြသည်။
ပင်ကိုယ်ကပင် စိတ်ပိုင်းဆိုင်ရာ ပြိုလဲနေပြီဖြစ်သော ကျောင်းသူလေးများမှာ တွေးမိတွေးရာတွေးခဲ့ကြပြီး နောက်ဆုံးတွင် သူတို့ ကျောင်းအဆောင်၌ ညလယ်ခေါင်အချိန်အတွင်း ကစားခဲ့ကြသည့် ဘောပင်နတ်သမီးဂိမ်းအား ပြန်လည်သတိရမိသွားကြကာ သူတို့ပြောခဲ့သည့် အရာများအား တွေးတောမိနေခဲ့ကြသည်။
နောက်ဆုံးတော့ သူမတို့ ပြဿနာအား စိစစ်ဖြေရှင်းကြရန် ဆုံးဖြတ်လိုက်ကြသည်။
ကုကျစ်စုန့်မှ ပိုနီတေးနှင့် ကျောင်းသူလေးအား ပြောလိုက်သည်။
“ဖူဂျီက ဝိဉာဉ်အစီအရင်ပွဲတစ်ခုပဲ၊ အခြားတစ်ဖက်က ကိုယ့်သဘောနဲ့ကိုယ် ထွက်မသွားသရွေ့ မင်းတို့ဘက်က ဘယ်လိုနည်းနဲ့မှ စာချုပ်ကို ဖျက်လို့မရဘူး၊ မင်းကတော့ ယန်စွမ်းအင်အားကောင်းတဲ့သူဖြစ်လို့ သိပ်ပြီး မထိခိုက်နိုင်ဘူး၊
မင်းရဲ့ကိုယ်ပေါ်မှာရှိနေတဲ့ ယင်စာချုပ်ကလည်း အားအနည်းဆုံးပဲ၊ ကျန်နေတဲ့တဲ့ သရဲခြောက်ခံရတဲ့ ကျောင်းသူလေးနှစ်ယောက်က မင်းထက် ပိုဆိုးတယ်၊ အဆိုးဆုံးကတော့ တိုက်ရိုက်အပူးခံလိုက်ရတဲ့ ကျောင်းသူလေးပဲ”
“ငါထင်တာသာ မလွဲဘူးဆိုရင် အခြားယင်စာချုပ်နှစ်ခုကလည်း အသက်ဝင်နေပြီဆိုတော့ အခု ဒီမှာမရှိတဲ့ ကျောင်းသူလေး နှစ်ယောက်က ပိုပြီး အခြေအနေပြင်းထန်လိမ့်မယ်၊
ဖူဂျီကနေ ဖိတ်ခေါ်ခံလိုက်ရတဲ့ ဝိဉာဉ်က မင်းတို့ကို စာချုပ်ကနေ တဆင့် စတေးခံတောင်းလို့ရတယ်၊ မင်းတို့ရဲ့ကိုယ်ပေါ်က စာချုပ်သာ တည်မြဲသွားရင် သူက မင်းတို့ရဲ့ အသက်စွမ်းအင်ကို အလုံးစုံ ဝါးမျိုလိုက်လို့တောင် ရနိုင်တယ်”
လူတစ်ယောက်၏ ကိုယ်မှ ဒေါသစိတ်ဝိဥာဥ်နှင့် ယန်စွမ်းအင် ကုန်ဆုံးသွားလျှင် သူတို့သည်လည်း သေဆုံးသွားလိမ့်မည်ဖြစ်သည်။
တခြားလူများက အဆင်ပြေသေးသော်လည်း ဆံပင်ရှည်နှင့် ကျောင်းသူလေးကတော့ သူမ၏အခြေအနေမှာ အဆိုးဖြစ်ကြောင်း ကြားလိုက်ရပြီးနောက် ခြေထောက်များ ပျော့ခွေသွားကာ မတ်တပ်ပင် ရပ်မနေနိုင်တော့ပေ။
ထိုအချိန်တွင် ကျောင်းသူလေးတစ်ယောက်၏ ဖုန်းသံ ရုတ်တရက်မြည်လာခဲ့သည်။ သူမ မျက်နှာပြင်ပေါ်မှ အမည်အား ကြည့်ကာ ငိုသံပါနှင့် ပြောလိုက်သည်။
“အိပ်ဆောင်ခေါင်းဆောင်ပဲ”
အိပ်ဆောင်ခေါင်းဆောင်သည်ကား ယခုနေရာတွင် ရှိမနေသော ကျောင်းသူနှစ်ဦးမှ တစ်ဦးဖြစ်သည်။
သူမမှာ လူကြောက်တတ်ကာ ရှက်ရွံ့တက်သူတစ်ယောက်ဖြစ်ပြီး ဘောပင်နတ်သမီးဂိမ်းဆော့ကစားဖို့ကို ရပ်တန့်လိုက်ရန် အသည်းအသန် တားမြစ်ခဲ့သူလည်း ဖြစ်ချေသည်။
အိပ်ဆောင်တွင် ညများဆက်တိုက် ထူးခြားဖြစ်ရပ်တွေအား ကြုံတွေ့ရပြီးနောက် သူမ အင်မတန်ကြောက်လန့်ကာ ကျောင်းမှ ခွင့်တိုင်လိုက်ပြီး မိဘအိမ်သို့ ပြန်သွားခဲ့ခြင်းပင်။
ဖုန်းကိုင်လိုက်ပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်၏ အသံကမာကြောစွာထွက်လာခဲ့သည်။
“ငါက xxxရဲ့ အမေပါ။ မင်းတို့က သူ့ရဲ့ အခန်းဖော်တွေလား??”
“ငါ တစ်ခုလောက်ပဲ မေးပါရစေ၊ မင်းတို့လို ကျောင်းသူလေးတွေက ကျောင်းမှာ ဘာတွေများလုပ်ခဲ့လို့ ဒါမျိုးတွေ ဖြစ်နေရတာလဲ?
ငါ့သမီးလေးက အိမ်ကိုပြန်ရောက်လာကတည်းက ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီး အိပ်လို့မရဘူး၊ သူမရဲ့ စိတ်အခြေအနေကလည်း ပုံမှန်မဟုတ်တော့ဘူး၊ ငါတို့ စိတ်ကျန်းမာရေးပညာရှင်နဲ့လည်း တွေ့ခဲ့ပြီးပြီ၊ အမွှေးတိုင်ထွန်း၊ ဘုရားကို ပူဇော်ခဲ့တာလည်း မထူးခြားဘူး၊ အခုဆို ငါ့ရဲ့စိတ်ကပါ ချုံးချုံးကျနေပြီ”
“ငါ့သမီးလေးက ဘာတွေများ အပြစ်လုပ်ခဲ့လို့ မင်းတို့လို ကလေးတွေနဲ့ အခန်းဖော်ဖြစ်ခဲ့ရတာလဲ? ငါ့ရဲ့သမီးလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် လူသတ်သမားက မင်းတို့တွေပဲ၊ ငါ မင်းတို့ကို တစ်သက်လုံး ခွင့်လွှတ်ပေးမှာမဟုတ်ဘူး!!”
ဆူပူပြောဆိုပြီးနောက် စိတ်ထိခိုက်နေသည့် အမျိုးသမီးက ချက်ချင်း ဖုန်းချသွားသည်။ သူမ၏ အသံကလည်း တိုက်ရိုက်ထုတ်လွှင့်မှုမိုက်ခရိုဖုန်းအထိ ဝင်ရောက်လာခဲ့လေ၏။
ထိုအချိန်မှသာလျှင် တခြားကျောင်းသူလေးများလည်း ကုကျစ်စုန့်ပြောသည့် ‘ကျန်သည့်နှစ်ယောက်၏ အခြေအနေမှာ ပို၍ ပြင်းထန်သည်’ ဆိုသော စကားကို နားလည်သွားခဲ့ကြသည်။
ဆံပင်တိုလေးနှင့် ကျောင်းသူလေး မှိုင်တွေစွာ ပြောလိုက်သည်။
“ဘယ်လိုလုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ…. အဆောင်ခေါင်းဆောင်က အစကနေ အဆုံးအထိ ဂိမ်းထဲမှာ လုံးဝကို မပါခဲ့ဘူးလေ”
ကုကျစ်စုန့် သက်ပြင်းချလိုက်သည်။
ပုံမှန်အားဖြင့် သက်ရှိကမ္ဘာတွင် မကျွတ်မလွတ်ဖြစ်နေသော သရဲများမှာ အစွဲအလမ်းကြီးကာ အငြိုးတရားများလည်း ကြီးမားသူများသာလျှင် ဖြစ်သည်။
သူတို့၏ စွမ်းအားများမှာ အသက်ရှင်စဉ်က ကြုံတွေ့ခဲ့ရသော နာကျင်ခံစားရမှုများမှ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။
သူတို့၏ အမျက်ဒေါသများ ပေါက်ကွဲသွားပြီဆိုပါက အရာအားလုံးအား ဖျက်ဆီးချင်ကြသည်။ ထိုကဲ့သို့သော သရဲများအား မျှမျှတတဖြင့် ဆုပေး၊ဒဏ်ပေးစနစ်မျိုးကိုသုံးစွဲလိမ့်မည်ဟု မျှော်လင့်ထားခြင်းမှာ သူမတို့၏ အမှားသာဖြစ်လိမ့်မည်။
သူသည် ထိုညတွင် ရှိနေခဲ့သော လူတိုင်းကို လက်စားချေနေခြင်းပင်ဖြစ်ပေသည်။
အိပ်ဆောင်ခေါင်းဆောင်ကျောင်းသူလေးမှာ အားနည်းကာ ပျော့ညံ့သောကြောင့် သူမ၏ခန္ဓာကိုယ်က ပို၍ အထိအခိုက်များနိုင်ချေရှိကာ ပိုနီတေးကျောင်းသူလေးကဲ့သို့ ခန္ဓာကြံ့ခိုင်သူများကတော့ အထိအခိုက် သိပ်ပြီးမရှိနိုင်ပေ။
ပိုနီတေးကျောင်းသူလေး၏ လက္ခဏာဗေဒအရ သူမမှာ ထိုသရဲ၏ အပြစ်ပေးခြင်းအား မခံရသော်ငြား ယခုအဖြစ်အပျက်သည်က သူမ၏ဘဝအား သက်ရောက်မှုပြင်းထန်သွားလိမ့်မည်။
လက်ရှိအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါလျှင် သူမက နောက်ထပ်နှစ်လအကြာတွင် ကျောင်းမှထွက်လိုက်မည်ဖြစ်ကာ သူမ၏ ကျောင်းသားဘဝလည်း လမ်းဆုံးသွားခဲ့လိမ့်မည်။
ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိပြီးနောက် ကျောင်းသူလေးများမှာ မည်သည်ကိုမှ ကွယ်ဝှက်မထားတော့ရန် စိတ်ဆုံးဖြတ်လိုက်ကြသည်။
“အိပ်ဆောင်မှာ ထူးဆန်းတာတွေက အဲဒီညက စပြီး ဖြစ်လာခဲ့တာတာပါ၊ နောက်ကျတော့ ကျွန်မတို့လည်း နည်းနည်းလောက် ခန့်မှန်းမိလာကြတယ်၊ အဲဒီနေ့ညက စကားပြောနေကြရင်းနဲ့ ကျောင်းမှာ သေခဲ့ဖူးတဲ့ လူတွေအကြောင်း ရောက်သွားတယ်လေ၊ အဲဒီတုန်းက ကျွန်မတို့ သူတို့ကို မလေးမစားနဲ့ ပြောခဲ့မိကြတယ်”
ကျောင်းသားများ သေဆုံးမှုဆိုသည်က ကျောင်းများတွင် ဖြစ်လေ့ရှိသည့် ကိစ္စတစ်ခုပင်။
အများစုမှာ အလုပ်ပိခြင်း၊ စာမေးပွဲကျခြင်း၊ အချစ်ရေး၊ ကျောင်းတွင်း အနိုင်ကျင့်ခံရခြင်း အစရှိသည်တို့နှင့် ဆက်နွယ်နေသည်။
ထိုဇာတ်လမ်းများမှာ နေရာအသစ်သို့ ပြောင်းရွေ့လာသော ကျောင်းသူလေးများ၏ နှုတ်ဖျားဆီသို့ ရောက်ရှိလာခဲ့သည်။
ပိုနီတေးဆံပင်စည်းထားသည့် ကျောင်းသူလေးက နှုတ်ခမ်းအား တင်းတင်းစေ့လိုက်ရင်း ပြောခဲ့သည်။
“ကျွန်မတို့ မှန်းဆလိုက်မိတာက နောက်ဆုံးအခန်းဖော်ရဲ့ အတွေ့အကြုံကြောင့်ပါပဲ၊ သူမက စိတ်ထားဆိုးတာတော့ မဟုတ်ဘူး၊ ဒါပေမယ့် အတင်းအဖြင်းပြောရတာ အရမ်း ဝါသနာပါတယ်၊ အဲဒီညတုန်းက သူမက အရင် ဒီအကြောင်းတွေကို စကားဖော်ပြီး ဒီကျောင်းမှ လူသေဖူးတယ်ဆိုတာကို သိလားလို့ မေးလာခဲ့တာ၊
သူမက ကျောင်းတွင်းဖိုရမ်မှာ တင်ထားတဲ့ ပို့စ်ထဲက စာတွေကို မြင်ခဲ့တာလေ၊ ဒါနဲ့ ညီမတို့ ညစာစားနေတုန်းမှာ သူမက ထမင်းစားဝိုင်းအသက်ဝင်အောင်ဆိုပြီး အဲဒီအကြောင်းတွေကို စပြောတော့တာပဲ”
ထိုကျောင်းသူလေးမှာ မိုက်ရူးရဲဆန်ကာ အကြောက်အလန့်မရှိသော ကျောင်းသူတစ်ဦးဖြစ်သည်။
သူမသည်ကား သရဲနှင့် ဘုရားသခင်တို့ ရှိသည်အား မယုံကြည်ပေ။ ထို့ကြောင့် သူမက ထိုကိစ္စများတွင် အတားအဆီးနှင့် ချုပ်တည်းမှုများမရှိခဲ့ပေ။
အစတည်းကပင် သူမကသာ ဘောပင်နတ်သမီးဂိမ်းကို ဆော့ကစားရန် အကြံပေးခဲ့သူဖြစ်ကာ ဇာတ်လမ်းများ ပြောရန် အစဖော်ခဲ့သူသည်လည်း သူမပင်ဖြစ်ခဲ့သည်။
သူမက မြင်တွေ့ခဲ့သည့်အကြောင်းအရာများကို ပြောရုံတင်သာမကဘဲ သူမ၏ ထင်မြင်ချက်များအား ဇာတ်လမ်းပြီးတိုင်း ပြောပြဝေဖန်သေးသည်။
ဥပမာဆိုရလျှင် ချစ်သူထားရစ်ခဲ့သည်ကို မခံနိုင်သောကြောင့် ရေကန်ထဲခုန်ချကာ အဆုံးစီရင်သွားသော စီနီယာတစ်ယောက်ရှိသည်။ ထိုဇာတ်လမ်းအား ပြောပြီးနောက် ထိုကျောင်းသူလေးက :
“ဒါမျိုး အချစ်ကို အလွန်အကျူးရူးသွပ်ကိုးကွယ်တဲ့ ဦးနှောက်တွေကို ငါတကယ်ကြီး နားမလည်နိုင်ဘူး၊ တော်သေးတာပေါ့၊ ကောင်မလေးက အရင်လမ်းခွဲလိုက်လို့၊ မဟုတ်ရင် အဲဒီကောင်မလေးကတော့ စိတ်ဓာတ်ကျစရာကြီးဖြစ်နေခဲ့ရမှာ”
နောက်ထပ် ဥပမာတစ်ခုအနေဖြင့် ကျောင်းစာအား ဆယ်နှစ်ကျော် ကြိုးစားခဲ့သော စီနီယာတစ်ဦးမှာ မတော်တဆတစ်ခုကြောင့် ဘွဲ့လွန်အာမခံကြေးအား မရလိုက်ပေ။
သူမမှာ ထိုအဖြစ်အား လက်မခံနိုင်သောကြောင့် ကျောင်းပေါ်မှ ခုန်ချကာ အဆုံးစီရင်သွားရှာသည်။
ထိုကျောင်းသူလေးက ဇာတ်လမ်းအား ပြောပြီးနောက် သက်ပြင်းချပြန်သည်။
“ကျောင်းက ကောင်းပါတယ်၊ သူမကိုက သတိမထားလို့ ဖြစ်သွားရတာပဲ”
အခန်းဖော်များက သူမ ထိုသို့ ပြောဆိုနေသည်ကို သဘောမကျသော်ငြား သူမကတော့ ဆက်တိုက် ဆက်ပြောနေခဲ့သည်။
အခြားသူများက မကြိုက်ကြောင်းပြောလာသော်လည်း သူမက ‘ထားလိုက်စမ်းပါ၊ ပြောမစမ်းနဲ့တော့’ စသဖြင့် ပေါ့ပေါ့တန်တန်ပြောခဲ့သည်။
ပိုနီတေးနှင့် ကျောင်းသူလေး :
“ကျွန်မတို့ရဲ့အခန်းဖော် ပထမဆုံး ဝင်ပူးခံရပြီးတော့ အားလုံးက ကြောက်နေခဲ့ကြပြီး ဒီကျောင်းက မလုံခြုံတော့ဘူးလို့ ခံစားနေခဲ့ရတယ်၊ ဒါနဲ့ ကျွန်မတို့လည်း ကျောင်းမှာ မနေဘဲ ကျောင်းပြင်မှာ နေဖို့ တိုင်ပင်ပြီး မိဘတွေဆီဖုန်းဆက်ပြီး ကျောင်းကို ခွင့်စာတိုင်ခိုင်းလိုက်တယ်”
“အိပ်ဆောင်ထဲကလူတွေအားလုံး အပြင်ကို ထွက်နေမယ်ဆိုတော့ ကျောင်းကတော့ ထုံးစံအတိုင်း ငြင်းပယ်ခဲ့တယ်၊ သရဲခြောက်တယ်ဆိုတာကိုလည်း မယုံကြဘူးလေ၊ ဒါနဲ့ ကျွန်မတို့လည်း မိသားစုဆီကို ဖုန်းဆက်ပြီး ကျောင်းမော်ကွန်းထိန်းကို ရှင်းပြပေးဖို့ ပြောခဲ့ကြတယ်”
ကျောင်းကသာမက အချို့မိဘများကလည်း မယုံကြည်ကြပေ။
ကျောင်းသူလေးများ၏ ဇွတ်အတင်းတောင်းဆိုမှုကြောင့်သာ မိဘများနှင့် ဆရာများ သဘောတူညီမှုရကာ ကျောင်းမှ ထွက်ခွာ၍ အနီးအနားရှိ ဟိုတယ်တွင် တည်းခိုခွင့်ရသည်။
“ကျွန်မတို့တွေ ထွက်ခွင့်ရတော့ အဆောင်ကို ပြန်သွားပြီး ပစ္စည်းတွေ ထုတ်ပိုးဖို့ ချိန်းထားကြတာ၊ ဒါပေမယ့် အရင်နေ့ညကလို ထပ်ဖြစ်ပြန်တယ်၊ ကျွန်မတို့အားလုံး ပစ္စည်းတွေ သိမ်းပြီးသွားပေမယ့် ဇာတ်လမ်းတွေ ပြောပြတဲ့ သူငယ်ချင်းကတော့ တစ်ချိန်လုံးပျောက်နေခဲ့တယ်”
ပိုနီတေးကျောင်းသူလေးက ထိုနေ့ညက အဖြစ်အပျက်အား ပြန်ပြောပြနေသည်။
“ကျွန်မ အဲဒီတုန်းက ရှင်းမပြနိုင်လောက်တဲ့ ခံစားချက်မျိုး ရလိုက်တယ်၊ ဒါက အရင်နေ့ညက အဖြစ်အပျက်နဲ့ ဆက်စပ်နေနိုင်တယ်ဆိုတဲ့အတွးမျိုးလေ၊ ဒါနဲ့ ကျွန်မလည်း အဆောင်ဝရန်တာကို ထွက်ပြီး ငုံ့ကြည့်လိုက်တော့ တကယ်လည်း သူက မနေ့ကနဲ့ တစ်နေရာတည်း၊ အဆောင်ရှေ့က မီးတိုင်အောက်မှာ ရပ်နေတာကို မြင်လိုက်ရတယ်…”
ယမန်နေ့ညက ဆံပင်ရှည်နှင့် ကျောင်းသူလေး တစ္ဆနံရံတိုက်မိပြီး ဝင်ပူးခံရချိန်က နေရာတွင်ပင်ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ ယခုကျောင်းသူလေး၏ ခေါင်းက အပေါ်သို့မော့နေခဲ့ကာ မျက်လုံးသေကြီးများဖြင့် အဆောင်ပြတင်းပေါက်အား တည့်တည့်စိုက်ကြည့်နေခဲ့ခြင်းပင်။
လမ်းမီးတိုင်၏ မီးရောင်မှိန်ဖျော့ဖျော့အောက်တွင် အခန်းဖော်သူငယ်ချင်း၏ မျက်နှာပေါ်မှ ထူးဆန်းသည့် အပြုံးအား သူမ မြင်တွေ့လိုက်ရသည်။
ဆောင်းဦးကာလ၏ ညနေခင်းလေပြေသည် အနည်းငယ်နွေးထွေးနေဆဲဖြစ်သော်ငြား ပိုနီတေးဖြင့် ကျောင်းသူလေးမှာ တစ်ကိုယ်လုံးချမ်းစိမ့်သွားပြီးနောက် သူမက သာမန်မဟုတ်သည့် အရာတစ်ခုအား မြင်လိုက်ရကြောင်း သဘောပေါက်သွားသည်။
အခန်းဖော်ကျောင်းသူမှာ မည်မျှကြာကြာ ထိုပုံစံလုပ်နေခဲ့သည်ကို သူမ မသိပေ။ သူမ အောက်ထပ်ကို ငုံ့ကြည့်ရင်း ဦးရေပြားများထိပင် ကြက်သီးမွှေးညင်းထသွားခဲ့သည်။
ထိုအချိန်တွင် ‘အခန်းဖော်’သည် ရုတ်တရက်အကြည့်လွှဲလိုက်ကာ ထွက်ခွာသွားခဲ့လေသည်။
ပိုနီတေးဖြင့် ကျောင်းသူလေး၏ နှလုံးသားထဲတွင် ခံစားလိုက်ရသည်မှာ သူမ၏ ‘အခန်းဖော်’ထွက်သွားသည်ကို ဤအတိုင်းထားလိုက်မည်ဆိုပါလျှင် သူမအတွက် တစ်သက်လုံး နောင်တရနေမည့် အဖြစ်အပျက် ဖြစ်လာလိမ့်မည်ဟုပင်။
*