ကမ္ဘာမြေနှင့် ချိတ်ဆက်ခံထားရသည့် ဝိဥာဥ်(2)
Vol. 9 Ch. 85
ပိုနီတေးနှင့် ကောင်မလေးမှာ ပင်ကိုကတည်းက သရဲမကြောက်တတ်ပါချေ။ ထို့အပြင် ထိုအချိန်အတွင်း၌ သူမ ခေါင်းထဲတွင် လူကိုသာ ကယ်ချင်သည့်စိတ်ဆန္ဒများတိုးဝင်နေခဲ့ပြီးနောက် သူမ အောက်ထပ်ကို ပြေးဆင်းသွားခဲ့ကာ ထွက်ခွာသွားသော သူငယ်ချင်းဖြစ်သူ၏နောက်မှ လိုက်ခေါ်ရင်း စာသင်ဆောင်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
သို့သော် အထဲသို့ရောက်သွားချိန်တွင် သူမ၏ ‘အခန်းဖော်’မှာ ပျောက်ဆုံးသွားခဲ့တော့သည်။
ပိုနီတေးနှင့် ကျောင်းသူလေးက ခေတ္တရပ်တန့်သွားပြီးနောက် ဆက်ပြောခဲ့သည်။
“အဲဒီအချိန်တုန်းက စာသင်ဆောင်ထဲက မီးတွေက လင်းထိန်နေခဲ့လို့ ကောင်းကောင်းမြင်နိုင်ခဲ့တယ်၊ ပထမထပ်ရဲ့ ဟောခန်းထဲမှာ လူတစ်ယောက်မှ မရှိခဲ့ဘူး၊ ဒါနဲ့ ကျွန်မလည်း ဆက်လျှောက်လာရင်းနဲ့ ပထမထပ်ရဲ့အိမ်သာထဲက မိန်းကလေးတစ်ယောက်ရဲ့ငိုသံကို ကြားလိုက်ရတယ်လေ”
သို့ရာတွင် ငိုကြွေးနေသည့်သူမှာ သူမ၏ ‘အခန်းဖော်’ မဟုတ်နိုင်ကြောင်းကို သူမ သေချာပေါက် သိသည်။
သို့သော်လည်း အံကို တင်းတင်းကြိတ်ကာ အိမ်သာထဲသို့ ဝင်သွားခဲ့သည်။
ထို့နောက်တွင် သူမ၏ အခန်းဖော်မှာ အိမ်သာတံခါးနောက် ကျောပေး၍ ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမသည်ကား ဘေစင်ရှေ့တွင် ရပ်နေခဲ့ကာ မျက်နှာကို လက်ဖြင့် ဖုံးအုပ်ထားလျှင် ငိုကြွေးနေခဲ့သည်။
ထို‘အခန်းဖော်’မှာ ဆံပင်ရှည်များကို ဖားလျားချထားသောကြောင့် သူမ၏ မျက်နှာမှာ လုံးလုံးလျားလျား ဖုန်းကွယ်နေခဲ့သည်။
ပိုနီတေးနှင့် ကျောင်းသူလေးမှာ တံထွေးကို မြိုချလိုက်မိကာ တုန်တုန်ယင်ယင်နှင့်ပင် သူမ၏ ‘အခန်းဖော်’အား လှမ်းခေါ်လိုက်သည်။
“ဟေး၊ နင် ဘာဖြစ်တာလဲ၊ ငါတို့အတူတူ အထုပ်တွေသိမ်းပြီးပြန်ဖို့ ပြောထားကြတာကို မေ့နေတာလား?”
ထိုအခိုက်တွင် သူမ အိမ်သာအပြင်မှ ဆူဆူညံညံခြေသံများအား ကြားလိုက်ရသည်။ သူမ၏ အခြားအခန်းဖော်များသည်လည်း သူမနှင့် ‘အခန်းဖော်ကျောင်းသူလေး’ အမည်တို့အား တကျော်ကျော်အော်ကာ လိုက်လာခဲ့ကြခြင်းပင်။
“....နင်ဘယ်မှာလဲ?”
ရင်းနှီးနေသည့် အသံများအား ကြားလိုက်ရပြီးမှသာလျှင် သူမလည်း သက်ပြင်းချနိုင်ကာ ပို၍ ယုံကြည်မှုရှိလာခဲ့သည်။
သို့သော် ထိုအချိန်၌ သူမ တစ်ဖက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် မတိုင်ခင်က ခေါင်းငုံ့ကာ မျက်နှာအုပ်၍ ငိုကြွေးနေသော ‘အခန်းဖော်’သည်ကား လက်ရှိတွင် မျက်နှာကို ပြန်မော့ထားခဲ့ပြီဖြစ်ကာ သူမကို မှန်ထဲမှတဆင့် စိုက်ကြည့်နေခဲ့သည်။
‘အခန်းဖော်’နှင့် မျက်လုံးချင်းဆုံလိုက်မိချိန်တွင် ထိုရှုပ်ပွနေသော ဆံနွယ်များအောက်မှ အခန်းဖော်ကျောင်းသူလေး၏ မျက်လုံးများမှာ အငြိုးတရားများနှင့် အပြည့်ဖြစ်နေကြောင်းကို တွေ့ရှိလိုက်ရသည်။
သူမ၏ ခန္ဓာကိုယ်မှာ ငိုကြွေးထားမှုကြောင့် တုန်ရီနေဆဲဖြစ်သော်ငြား သူမ၏ နှုတ်ခမ်းထောင့်စွန်းများက ကော့ညွတ်တက်နေခဲ့ပြီး ကြောက်စရာကောင်းစွာ ပြုံးပြနေခဲ့သည်။
ပိုနီတေးနှင့် ကျောင်းသူလေးမှာ ထူးဆန်းထိတ်လန့်ဖွယ်ကောင်းလှသော မြင်ကွင်းကြောင့် အော်ဟစ်လိုက်ရင်း နောက်သို့ ဆုတ်လိုက်မိလေ၏။
အခြားအခန်းဖော်များသည်လည်း အိမ်သာအတွင်းမှ အော်သံကို ကြားကာ ပြေးဝင်လာခဲ့ကြသည်။
သူတို့ဝင်လာချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းမှာ ပိုနီတေးနှင့် ကျောင်းသူလေးက မြေပေါ်တွင် ဖင်ထိုင်ရက်သားနှင့် ရှိနေခဲ့ပြီး ကြောက်လန့်တုန်လှုပ်နေခဲ့ကာ တခြား’အခန်းဖော်’ကတော့ ဘေစင်ရှေ့တွင် ရပ်နေခဲ့ပြီး မှန်ကို ခေါင်းနှင့် ဆောင့်နေခဲ့သည်။
တခြား’အခန်းဖော်’မှာ အင်မတန်မှပင် အားသန်လွန်းကာ မှန်မျက်နှာပြင်များက အက်ကွဲသွားခဲ့ပြီး ပင့်ကူမျှင်ကဲ့သို့ အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။
ထိုမှန်ကွဲစများမှာ အခန်းဖော်၏ နဖူးနှင့် နှာခေါင်းတို့တွင် စိုက်ဝင်နေကာ မှန်ကွဲစများပေါ်တွင် သွေးများကလည်း ချင်းချင်းနီနေခဲ့သည်။
သို့ရာတွင် သူမကတော့ နာကျဉ်မှုအလျဉ်းမခံစားရသကဲ့သို့ ဆက်လုပ်နေခဲ့သည်။
ထိုနေ့ညတွင် ကြောက်ရွံ့နေသော ကျောင်းသူလေးများ၏ မျက်စိရှေ့တွင်ပင် အခန်းဖော်ကျောင်းသူလေးအား ဆေးရုံကားပေါ် သို့ တင်ခေါ်သွားသည်ကို မြင်လိုက်ရသည်။
ကျောင်း၏ခေါင်းဆောင်နှင့် ဆရာများကလည်း တစ်သုတ်ပြီး တစ်သုတ် မေးမြန်းလာခဲ့ကြသည်။
ထိုကျောင်းသူလေးမှာ ယခုထိတိုင် ဆေးရုံတွင်ရှိနေဆဲဖြစ်ပေသည်။
သူတို့အားလုံးထဲတွင် သူမ တစ်ဦးတည်းသာ ခန္ဓာကိုယ်ထိခိုက်ဒဏ်ရာရခဲ့သည် ဖြစ်သောကြောင့် သူတို့အားလုံးအား ဤခြောက်လန့်နေသော အရာသည် ထိုညက ပြောခဲ့သည့် သေဆုံးခြင်းဇာတ်လမ်းများနှင့် သက်ဆိုင်မည်ဟု ယူဆခဲ့ကြသည်။
ပိုနီတေးနှင့် ကျောင်းသူလေးက ဆက်ပြောလာသည်။
“ကုကျစ်စုန့်ကျဲကျဲ ပြောသလိုပါပဲ၊ ကျွန်မကို တိုက်ရိုက် မထိခိုက်ခဲ့ပေမယ့် ကျွန်မ အဲဒီနေ့ညက မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့ တစ်သက်လုံးမေ့နိုင်မှာ မဟုတ်ပါဘူး….”
ဆံပင်ရှည်နှင့် ကျောင်းသူလေး၏ မျက်လုံးများသည်လည်း နီရဲနေခဲ့သည်။
“ကျွန်မတို့အားလုံး ကျွန်မတို့ရဲ့လုပ်ရပ်က မှားခဲ့တယ်ဆိုတာကို သိနေပါပြီ၊ ကျွန်မတို့တွေ သေဆုံးသူတွေရဲ့အကြောင်းကို ပေါ့ပျက်ပျက် မပြောသင့်ပါဘူး၊ ကျွန်မတို့လည်း အဆောင်ထဲမှာ တစ်ချိန်လုံးတောင်းပန်ဖို့ ကြိုးစားနေခဲ့တာပါ၊ သူမသာ စိတ်ကျေနပ်မယ်ဆိုရင် ကျွန်မတို့ ငွေစက္ကူတောင် မီးရှို့ပေးချင်ပါတယ်”
ထိုစကားများအား ကြားပြီးနောက် ပြဿနာရှာနေသော သရဲမှာ ကျောင်းတွင်းမှ မကျွတ်မလွတ်သရဲတစ်ကောင် ဖြစ်ကြောင်း ကုကျစ်စုန့် သေချာသွားသည်။
ဘဝတွင် မကျေနပ်မှုများ ရှိခဲ့သော သရဲတစ်ကောင်၊ အနီးအနားရှိ ဝိဉာဉ်နည်းလမ်းတစ်ခုအား အာရုံခံမိ၍ ရောက်လာသောအခါ သူ့၏အကြောင်းကို မကောင်းပြောနေသည်ကို ကြားရပြီး ဟာသတစ်ခုအနေဖြင့် လှောင်ရယ်ပြောဆိုခံနေရသည်ကို ကြားလိုက်ရလျှင် မည်သူက ဒေါသမထွက်ရှိမည်နည်း?
ကျောင်းသူလေးများမှာ ဆိုးဆိုးဝါးဝါးလုပ်ရပ်ကို မလုပ်ခဲ့ဘူးဆိုသော်ငြား သူတို့မှာ ပကတိ ဖြူစင်ကြသူများလည်း မဟုတ်ကြပေ။
တင်ဆက်သူလျို့ကတော့ ကြားရသည်များကြောင့် အံ့ဩမှင်သက်နေခဲ့သည်။ မှတ်ချက်ဧရိယာတွင်လည်း ကျောင်းသူလေးများ “မှားသည်၊မမှားဘူး”ကိစ္စကို အငြင်းအခုံများ ဖြစ်နေကြသည်ကြောင့် သူက ချက်ချင်းပင် ထိန်းချုပ်လိုက်သည်။
“ဒီတော့ ကျွန်တော်တို့ရဲ့ ပြိုင်ပွဲဝင် နံပါတ်(၇) ကုကျစ်စုန့်ကတော့ အကူအညီတောင်းသူတွေ ကြုံရတဲ့ အဖြစ်အပျက်တွေကို မြင်နိုင်ရုံတင်မကဘဲ သရဲခြောက်တဲ့ အဆောင်ရဲ့ ဖြစ်ရပ်မှန်ကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါပြီ၊
တကယ်တော့ ကလေးတွေကလည်း တမင်လုပ်တာမဟုတ်သလို ကိုယ့်အပြစ်ကိုယ်လည်း သိရှိ ပြီး ဆင်ခြင်နေပါပြီ၊ ဒီတော့ စုန့်စုန့်အနေနဲ့ သူတို့ကို ကူညီပေးနိုင်မလား??”
ထိုစကားအား ကြားရသည့်နောက်တွင် ကျောင်းသူလေးများက ခေါင်းကို ဆက်တိုက်ငြိမ့်ရင်း ကုကျစ်စုန့်အား မျှော်လင့်တကြီးဖြင့် ကြည့်နေခဲ့ကြသည်။
ကုကျစ်စုန့်ခေတ္တမျှ စဉ်းစားနေပြီးနောက် ပြောလိုက်သည်။
“မင်းပြောတာက နောက်ဆုံးကျောင်းသူလေးရဲ့ မတော်တဆမှုက စာသင်ဆောင်ရဲ့ အိမ်သာထဲမှာ ဖြစ်ခဲ့တာနော်?”
“မှန်ပါတယ်”
“ရိုက်ကူးရေးကိရိယာတစ်ခုနဲ့ အဲဒီနေရာကို သွားလိုက်ပါ၊ အဲဒီမှာ တစ်ခုခု ပြဿနာရှိလားဆိုတာကို ကြည့်ချင်တယ်၊ ပုံမှန်ဆိုရင် ကိုယ့်ကိုကိုယ် သတ်သေတဲ့လူတွေက ကမ္ဘာကြီးနှင့် ချိတ်ဆက်ပြီး မကျွတ်မလွတ်ဖြစ်နေတတ်တယ်၊
ဒါပေမယ့် မင်းတို့ရဲ့အခြေအနေကတော့ နည်းနည်းလောက် ထူးခြားနေတယ်၊ ငါထင်တာတော့ အဲဒီသရဲက မသေခင်အချိန်မှာ အဲဒီနားလေးမှာ ရှိခဲ့တာဖြစ်လိမ့်မယ်”
ကျောင်းသူလေးများက တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်လိုက်ရင်း စာသင်ဆောင်ဘက်သို့ ရိုက်ကူးရေးကိရိယာများနှင့် ထွက်လာကြသည်။
မှတ်ချက်ဧရိယာတွင်တော့ ငြင်းခုံနေကြဆဲပင်ဖြစ်သည်။
[ဒီလို ဖြစ်တာ နည်းတောင်နည်းသေးတယ်၊ ဒါက ဘုရားနဲ့ သရဲတွေကို မရိုမသေလုပ်တဲ့ ရလဒ်ပဲ]
[သူတို့တွေ စကားလေးနည်းနည်းပြောလိုက်မိတာနဲ့ အဆောင်မှာရှိတဲ့ လူတွေ အကုန်လုံးကို လက်စားချေတယ်ပေါ့၊ တော်တော်လေး ရက်စက်တဲ့ သရဲပဲ၊ ဒီလိုသရဲမျိုးကတော့ သေအောင် ရိုက်သင့်တယ်!]
[သူတို့က အရင် ပမာမခန့်လုပ်ပြီး သွားစိန်ခေါ်တာလေ၊ အခြားလူတွေကို အပြစ်တင်နေလို့ မရဘူး]
[… …]
စာသင်ဆောင်အား ရောက်လာပြီးနောက် ထိုအဆောင်မှာ စာသင်ရန်အတွက် အသုံးပြုနေဆဲဖြစ်သော်ငြား မတော်တဆမှုဖြစ်သည့် အိမ်သာကိုတော့ ချိတ်ပိတ်ထားသည်ကိုတွေ့လိုက်ရသည်။ တံခါးကို သော့ခတ်ထားခဲ့ကာ ဝင်ခွင့်တားမြစ်ထားသည့် စာကိုပင် ကပ်ထားခဲ့လေသည်။
ကျောင်းသူလေးများလည်း စာသင်ဆောင်မှ ထွက်ကာ ကျောင်းနောက်ကျောဘက်ရှိ အိမ်သာ၏ ပြတင်းပေါက်မှ တစ်ခုခုများ မြင်နိုင်မလားဟု သွားကြည့်လိုက်ကြပြန်သည်။
စာသင်ဆောင် နောက်ဘက်သို့ လျှောက်နေချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု၏ အခြားတစ်ဖက်မှ ကုကျစ်စုန့် ရုတ်တရက်ပြောလိုက်သည်။
“မရှာနဲ့တော့၊ သူက ဒီမှာ ရှိတယ်”
သူမက မျက်လုံးများကို ဖွင့်လိုက်ကာ သူမ၏ မျက်ဆံများသည်လည်း မည်းနက်နေခဲ့သည်။
“မကျွတ်မလွတ်ဖြစ်နေတဲ့ သရဲက မင်းတို့ကို ကြည့်နေတယ်”
ကျောင်းသူလေးများ: “!!!”
ကြည့်ရှု့သူများ: “!!!”
သူမ၏ မျက်လုံးထဲတွင်တော့ တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာမျက်နှာမူထားသည့် ပြတင်းပေါက်သည် အမုန်းတရားများ လွှမ်းမိုးနေကာ အနီရောင်မျက်လုံးတစ်စုံကလည်း ကျောင်းသူလေးများအား စိုက်ကြည့်နေခဲ့သည်။
ရှီဟေးဟုန်နှင့် ရှင်းယိချင်းတို့သည်လည်း ဝိဉာဉ်ခံစားနိုင်စွမ်း ပွင့်ပြီးဖြစ်သောကြောင့် သူတို့မှာ အကောင်အထည်လိုက်ကို မမြင်ရသောငြား ယင်စွမ်းအင်များအား မြင်နေရသည်။
ရှင်းယိချင်း အသံကို မြှင့်ကာ ပြောလိုက်သည်။
“မြန်မြန် အဲဒီအနားကနေ ခွာလိုက်တော့၊ အဲဒီနေရာက အန္တရာယ်များတယ်!”
ကုကျစ်စုန့် :
“မင်းတို့ရဲ် ကင်မရာကို နည်းနည်း အပေါ်ကို မော့လိုက်၊ ဘေးပတ်ဝန်းကျင်က အဆောက်အဦတွေကို နှစ်ခါလောက် ရိုက်ပြပေး၊ ငါအတည်ပြုချင်တာလေး တစ်ခုရှိတယ်”
ပိုနီတေးနှင့် ကျောင်းသူလေး ခေါင်းငြိမ့်ကာ ဖုန်းကင်မရာကို ယူ၍ ပတ်ဝန်းကျင်တွင် လမ်းနှစ်ပတ်ခန့် လျှောက်ပြလိုက်သည်။
အလံတိုင်နားကို ရောက်သောအခါ ကုကျစ်စုန့်က ထိုနေရာတွင် ရပ်ရန် ပြောလိုက်သည်။
“မင်းပြောခဲ့တာ မင်းတို့ မြင်လိုက်တဲ့ သရဲက အနက်ရောင် ဆံပင်ရှည်နဲ့ မျက်နှာနဲ့ ပါးစပ်မှာ သွေးစွန်းနေတယ် ဟုတ်လား?”
ပထမဆုံး ဆံပင်တိုနှင့် ကျောင်းသူလေး ခေါင်းငြိမ့်သည်။
“ဟုတ်ပါတယ်၊ ကျွန်မ အဲ့ဒီနေ့ညက မြင်လိုက်ရတယ်။ အဲလိုပုံစံပါပဲ”
“အဲဒါက ကမ္ဘာကြီးနှင့်ချိတ်ဆက်ခံထားရတဲ့သရဲပဲ၊ ဒါပေမယ့် ထူးဆန်းတာက သူက အသက်ရှိစဉ်တုန်းက ယောင်္ကျားလေးတစ်ယောက်ဖြစ်ခဲ့တယ်”
“ဘယ်လို?!”
“ဒါပေမဲ့ သူက အဲဒီနေ့ညတုန်းက နှုတ်ခမ်းနီဆိုးပြီး အနီရောင် ဝတ်စုံလေးတောင် ဝတ်ခဲ့သေးတယ်လေ”
ကုကျစ်စုန့် ထိုစကားအား ဆက်မပြောတော့ဘဲ ကျောင်းသူလေးများအား လှည့်ပတ်ကြည့်ရန်သာ ညွှန်ကြားလိုက်သည်။
“ဒီစာသင်ဆောင်က မင်းတို့ကျောင်းရဲ့ အနောက်ဘက်ခြမ်းမှာ ရှိရမယ်၊ အဲဒီမှာ ကျောင်းခန်းထဲကို ဝင်ထွက်သွားလာနေတဲ့ ကျောင်းသားတွေကလွဲလို့ အခြားဘယ်သူမှ ရှိမှာမဟုတ်ဘူး၊ ဒါပေမယ့် မင်းတို့ရှေ့မှာ အဲဒီ အလံမရှိတဲ့ အလံတိုင် သုံးခုတောင် ရှိနေတာ ထူးဆန်းတယ်လို့ မထင်ဘူးလား?? “
ထိုစကားကို ကြားလျှင် ကျောင်းသူလေးများလည်း လှည့်ပတ်ကြည့်ရင်း အမှန်ပင် ထူးဆန်းနေကြောင်း သတိထားမိသွားသည်။
သူမတို့မှာ ကျောင်းဆောင်၏ အနောက်ဘက်ခြမ်းတွင် ရောက်နေကြခြင်းဖြစ်ကာ ဓာတုဗေဒဓာတ်ခွဲခန်း တစ်ခုမှလွဲ၍ မည်သည့် စာသင်ဆောင်တစ်ခုမှ မရှိပေ။
ကျောင်းတွင်းအိပ်ဆောင်နှင့် ကစားကွင်းများဆိုလျှင် ပို၍ပင် မဖြစ်နိုင်ပေ။ ထိုသို့ဆိုပါလျှင် အဘယ်ကြောင့် ဤနေရာတွင် အလံတိုင် သုံးခုပင် ရှိနေရပါသနည်း??
အလံတိုင်တွင် အလံတပ်ဆင်ထားခြင်း မရှိသလို တိုင်ခြေတွင်လည်း အလံမရှိချေ။ သံတိုင် သုံးခုကိုသာလျှင် မြေကြီးထဲသို့ ထိုးစိုက်ထားသည်။
သံတိုင်များ၏ရှေ့တွင်တော့ ကျောင်းပတ်လည်တွင် ကာရံထားသည့် သံပန်းများနှင့် သစ်ပင်ခြုံနွယ်များသာ ရှိတော့သည်။
သံပန်းတံတိုင်းရှေ့မှ မြက်ခင်းပြင်တွင် ပုံစံရိုးရိုးရှင်းရှင်းရှိပြီး အနီရောင်ဆေးဖြင့် သုတ်ထားသော ကျောက်တုံးပြားများ ရှိနေသည်။
ကျောင်းသူလေးများမှာ ကျောင်းဖွင့်ရက်များတွင် စာသင်ခန်းသို့ စက်ဘီးနှင့် လာနေကြဖြစ်ပြီး ထိုမြင်ကွင်းအားလည်း မြင်နေကြဖြစ်သည်။
သို့သော် မည်သူကမျှ ထိုအရာများသည် ဘယ်အတွက်ရှိနေသည်ကိုမတွေးမိခဲ့သလို အလံတိုင် သုံးတိုင် ရှိနေခြင်းတို့အား မေးခွန်းမထုတ်ခဲ့ကြပေ။
ဆံပင်စည်းထားသည့် ကျောင်းသူလေးက နှာခေါင်းအား ပွတ်လိုက်ရင်း ဆိုသည်။
“နည်းနည်းထူးဆန်းသလိုပဲ...”
ကုကျစ်စုန့် :
“မင်းတို့ရှေ့က ကျောက်တုံးပြားလေးတွေက ဖုန်းရွှေအရဆိုရင် သင်္ချိုင်းကမ္ဗည်းကျောက်ပြားတွေပဲ၊ အလွယ်ပြောရရင် အဲ့တာက သေပြီးသူများကို ဖိနှိပ်ထိန်းချုပ်ထားတဲ့ ကျောက်တိုင်ပဲ၊ သူက သင်္ချိုင်းဂူလိုမျိုးဘဲ သက်ရောက်မှု ရှိပေမယ့် စွမ်းအားနဲ့ ကျယ်ပြန့်မှုကတော့ ပိုပြီး အားကောင်းတယ်၊ အဲဒီ အနီရောင်နဲ့ ဆွဲထားတဲ့ အစီအရင်တွေက ‘အနားယူခြင်းဂါထာ’တွေအဖြစ်သတ်မှတ်နိုင်တယ်၊
အဲဒါက ဒီမြေအောက်က သေဆုံးပြီး ဝိဉာဉ်တွေကို စိတ်ကျေနပ်အောင် ချော့မြူထားတဲ့ ဂါထာတစ်မျိုးပဲ”
“ပြောရရင် ဒီလောက်ကြီးတဲ့ ကျောက်တိုင်တွေက သင်္ချိုင်းတွေမှာပဲ ရှိတတ်ကြတယ်၊ ဒီတော့ ဒီလိုကျောက်တိုင်တွေ ရှိနေတဲ့ ကျောင်းတစ်ကျောင်းဆိုရင် ဖြစ်နိုင်ချေက တစ်ခုပဲရှိတယ်၊
ဒီကျောင်းနေရာက အရင်တုန်းက သင်္ချိုင်းကုန်းတစ်ခုပဲ၊ညပြီးတော့ အမည်မသိရတဲ့ လူတွေ အများကြီး မြှုပ်နှံထားခဲ့တဲ့ နေရာဖြစ်လို့ ကျောက်တိုင်တွေနဲ့ ဖိနှိပ်ထားရတာပဲ”
“မင်းတို့ရဲ့ ရှေ့က (အလံတိုင်)တိုင်သုံးတိုင်ကို ကြည့်လိုက်၊ အဲတာတွေက အမွှေးတိုင်ထွန်းတဲ့ ခွက်ထဲက အမွှေးတိုင်တွေနဲ့ ပုံစံမတူဘူးလား? အဲဒါကလည်း သေဆုံးပြီးသူတွေကို ထိန်းထားတဲ့ ဖုန်းရွှေဖွဲ့စည်းပုံတစ်ခုပဲ”
ကျောင်းသူလေးများမှာ အစက မည်သည့်အရာကိုမှ မမြင်မိသော်ငြား ထိုအရာများ၏ အကြောင်းအမှန်တရားအား ကြားရပြီးနောက် သူမတို့ ခြေအောက်တွင် နင်းထားသော မြေကအစ ကြောက်ဖို့ကောင်းလာသကဲ့သို့ ခံစားမိလာခဲ့သည်။
ဆေးနီဖြင့် ရေးဆွဲထားသော ကမ္ဗည်းတိုင်များအား ကြည့်ကာ မသိစိတ်ကြောင့် သူတို့၏ ခြေလှမ်းများကို နောက်သို့ဆုတ်မိသွားခဲ့သည်။
သို့သော် ထိုအကြောင်းအရာများသည် သူမတို့အား ခြောက်လှန့်နေသော သရဲနှင့် မည်သို့ သက်ဆိုင်ပါသနည်း??
*