ကောင်းချီပေးခံထားရတဲ့ ဘဝ(2)
Vol. 9 Ch. 88
[ငါက သူတို့နဲ့ အတန်းတူတဲ့တစ်ယောက်ပါ၊ အင်္ဂါနေ့ညက တကယ်ကြီး ကျောင်းကို ဆေးရုံကားရောက်လာပြီး ကျောင်းသူလေးတစ်ယောက်ကို ဆေးရုံတင်လိုက်ရတာကို ကြားခဲ့တယ်]
[ကျောင်းက ပို့စ်အဟောင်းတွေကတော့ မင်းတို့လုပ်တာနဲ့တင် ပြန်ပြီးရှုပ်ပွကုန်တော့မှာပဲ!]
[ဟိုတစ်နေ့က ကျောင်းရဲ့ အိမ်သာထဲမှာ ကောင်မလေးတစ်ယောက် မတော်တဆ ထိခိုက်မိခဲ့တယ်လို့ ကြားတော့ အဲဒီစီနီယာလားလို့ တွေးနေခဲ့တာ… တကယ်လည်း ဟုတ်နေတာပဲ]
တစ်ချိန်တည်းမှာပင် အင်တာနက်တွင် ကျောင်းသူလေးများ၏ လုပ်ရပ်နှင့် လွန်ခဲသည့် ၈နှစ်က စီနီယာ၏ အဖြစ်အပျက်အကြောင်း အကြိတ်အနယ်ဆွေးနွေးလာခဲ့ကြသည်။
တစ်ယောက်ကဆိုလျှင် စီနီယာကျောင်းသားလေး၏ ပုံကိုပင် ရှာတွေ့ခဲ့သည်။
ဓာတ်ပုံထဲမှ ဆယ်ကျော်သက်လေးမှာ မျက်စိစပါးမွှေးစူးစေမည့် ပုံစံမျိုး၊ ကလက်တက်တက်ဖြစ်နေတာမျိုး မဟုတ်ပါချေ။
သူသည်ကား ဆံပင်တုကိုတပ်ဆင်ကာ လျှပ်ပေါ်လော်လီမရှိသည့် အမျိုးသမီးဝတ်စုံအား ဝတ်ဆင်ထားခဲ့ပြီး ရှက်ပြုံးလေးပြုံးနေသည့် မျက်နှာလေးဖြင့် ကင်မရာသို့ ကြည့်နေခဲ့သည်။
ထိုပုံအောက်မှ မှတ်ချက်များမှာ နောင်တရသည့် စကားလုံးများ၊ ကောင်းချီးပေးခြင်းများနှင့် ယခင်ဆဲဆိုကြိမ်းမောင်းခဲ့ကြသူများအား ဆူပူဆဲဆိုနေကြသည့် စကားလုံးများနှင့်သာ ပြည့်နှက်နေခဲ့သည်။
ပရိုဂရမ်အဖွဲ့၏ နားနေခန်း နေရာတွင် ကုကျစ်စုန့်မှ သူမ၏ လက်ထောက်ရှောင်ကျိုးအား ပြောလိုက်သည်။
“ငါ ခဏအိပ်လိုက်ဦးမယ်၊ နားနေချိန်မှာ တခြားဘယ်သူ့ကိုမှ မဝင်စေနဲ့နော်”
ရှောင်ကျိုး : “ကောင်းပါပြီ၊ စိတ်မပူပါနဲ့ စုန့်ကျဲ”
ရှောင်ကျိုးအားမှာကြားပြီးသည်နှင့် ကုကျစ်စုန့် သူမ၏နားနေခန်းထဲသို့ ဝင်သွားခဲ့ကာ သာမန်လူများ မမြင်နိုင်သည့် ဝိဉာဉ်တံခါးဝအတွင်းသို့ ဝင်သွားခဲ့သည်။
မျက်စိတမှတ်အတွင်းမှာပင် တက္ကသိုလ်ဝင်းအတွင်းရှိ စာသင်ဆောင်တစ်ခုအတွင်းမှ အိမ်သာထဲတွင် မြေအောက်ကမ္ဘာနှင့် ချိတ်ဆက်နေသော ဝိဉာဉ်တံခါးဝတစ်ခု ပွင့်လာခဲ့သည်။
ထို့နောက်တွင် အရပ်ရှည်ကာ ခန္ဓာကိုယ် သွယ်လျသည့် အမျိုးသမီးတစ်ယောက် ထိုတံခါးဝအတွင်းမှ ထွက်လာခဲ့လေ၏။
မှောင်မည်းကျဉ်းမြောင်းသည့် နေရာငယ်လေးမှာ တိတ်ဆိတ်နေခဲ့ပြီး ဘေစင်မှ မှန်သည်လည်း အက်ကွဲနေခဲ့သည်။ ကြမ်းပြင်ပေါ်မှ မှန်ကွဲစများကို ရှင်းလင်းပြီးဖြစ်သော်လည်း တချို့ထောင့်နေရာများတွင် ခြောက်သွေ့နေပြီဖြစ်သော သွေးကွက်များက တစ်စွန်းတစ်စ ရှိနေဆဲပင်။
ကုကျစ်စုန့် လှည့်ပတ်ကြည့်ပြီးနောက် ထောင့်လေးတစ်ခုတွင် ခွေနေခဲ့သော ‘အမျိုးသမီး’အား စိုက်ကြည့်နေခဲ့သည်။
အတိအကျပြောရလျှင်ဖြင့် အမျိုးသားသရဲကို စိုက်ကြည့်လိုက်ခြင်း ဖြစ်သည်။
သူသည်ကား အသက်ရှိစဉ်က သိမ်မွေ့နူးညံ့သည့် ပုံပန်းသွင်ပြင်ရှိခဲ့သော်ငြား သေဆုံးပြီးချိန်တွင်တော့ သူ၏ ဝိဉာဉ်မှာ အမုန်းတရားများကြောင့် ပျက်ဆီးသွားခဲ့ရကာ သေဆုံးခဲ့စဉ်က ပိုးသတ်ဆေးများကြောင့် ဖျက်ဆီးခံလိုက်ရသည့် မျက်နှာအတိုင်းဖြစ်နေခဲ့သည်။
သူ၏ မျက်လုံးများမှာ နီရဲနေလဲ့ကာ သွေးများဖြင့် ချင်းချင်းနီနေခဲ့ပြီး မေးစေ့နှင့် ရင်ဘတ်တွင်လည်း ခြောက်သွေ့နေသော သွေးများစွန်းနေခဲ့သည်။
သူ၏ ရှည်လျားထူထဲသော ဆံနွယ်များသည်လည်း ပုခုံးထက်တွင် ဝဲကျနေခဲ့သည်။
အနီးအနားရှိ စွမ်းအားကြီးအရာတစ်ခုအား ခံစားမိပြီးနောက် ထိုသူမှာ သတိတကြီးဖြစ်သွားခဲ့သည်။
“ဘယ်သူလဲ?”
ကုကျစ်စုန့် : “ဒီနေရာကနေ ထွက်သွားချင်လား?”
ထိုစကားတစ်ခွန်းကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် သရဲလေးမှာ ကြောင်အမ်း မင်သက်သွားခဲ့သည်။
အသိစိတ်ပြန်ကပ်ရန် ခနကြာခဲ့ပြီး သူ၏မျက်လုံးများမှာ အတွေးများနှင့် လွန်ဆွဲနေခဲ့သည်။
ထိုသူက ကုကျစ်စုန့်အား ပို၍ သတိတကြီးဖြင့် စိုက်ကြည့်လိုက်ပြီးနောက် :
“မင်းက တောက်ကျန့်မဟုတ်ဘူးလား?? ဘာလို့ သရဲတွေကို ကူညီနေတာလဲ?”
သူ ထိုနေရာက ထွက်သွားချင်သည်။ ထွက်သွားနိုင်ရန်လည်း နေ့တိုင်း အိပ်မက်မက်ခဲ့ရသည်။
အမှန်ကို ဆိုရပါလျှင် သူသည်ကား ငယ်စဉ်တည်းက တခြားကောင်လေးများထက် ပို၍ နူးညံ့ကာ စိတ်အထိအရှလွယ်သည့် ကလေးဖြစ်ပြီး မိန်းကလေးဝတ်စုံများအား ပို၍ သဘောကျခဲ့သည်။
သို့သော် သူ၏ မိဘများမှာကား အင်မတန်မှ ရှေးရိုးစွဲသူများ ဖြစ်ခဲ့ကြသည်။ သူတို့မှာ ဘိုးဘေးများအား ဂုဏ်ယူရစေရန်နှင့် မိသားစုအား ထိန်းသိမ်းနိုင်ရန် သားယောင်္ကျားလေးကိုသာ အင်မတန်လိုချင်မက်မောကြသူများ ဖြစ်ကြသောကြောင့် သူ့အနေဖြင့် ထိုကိစ္စအား ဘယ်သောအခါကမှ ထုတ်မပြရဲခဲ့ပေ။
ထိုအချိန်က သူ၏ ဝါသနာအား သေသေချာချာ ဖုံးကွယ်ထားခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင်တော့ ကိစ္စများက ပေါက်ကြားသွားကာ သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များလည်း လူတိုင်း၏ရှေ့မှောက်သို့ အဖြန့်ခံလိုက်ရသည်။
သူ တစ်ကြိမ်တစ်ခါမျှပင် မဆုံဘူးခဲ့ပါသည့် အင်တာနက်သုံးစွဲသူများက အင်တာနက်ပေါ်တွင် သူ့အား ဆဲရေးတိုင်းထွာကာ လှောင်ပြောင်ခဲ့ကြသည်။
သူ၏ အတန်းဖော်များနှင့် ဆရာများသည်လည်း သူ့အား ထူးဆန်းသတ္တဝါအားကြည့်သည့် အကြည့်များနှင့် ကြည့်လာကြသည်။
ကျောင်း၏ တာဝန်ရှိသူများသည် မိဘများအား ခေါ်ကာ ထိုအဖြစ်အပျက်ကြောင့် ကျောင်းကိုနာမည်ပျက်စေသည်ဟူသော အကြောင်းပြချက်ဖြင့် သူ့အား ကျောင်းမှ ထွက်ရန်ပင် ခေါ်၍ ပြောဆိုခဲ့သည်။
ဆရာများရုံးခန်းပေါက်တွင်ပင် မိဘများမှ သူ့အား အချက်ပေါင်းများစွာ ရိုက်နှက်ခဲ့ကြကာ သူ့ကြောင့် အရှက်ရ,ရကြောင်း၊ ဘိုးဘေးများသည်လည်း သူ့အတွက်နှင့် အရှက်ကွဲရကြောင်း ငိုကြွေးပြောဆိုခဲ့ကြသည်။
ထိုအချိန်သည်ကား သူ့အတွက်တော့ ကမ္ဘာကြီးပြိုလဲသွားသကဲ့သို့ပင်။
ထိုသို့အကြောင်းများကြောင့်ပင် သူ၏ ဘဝအား အဆုံးစီရင်ကာ ဤရက်စက်ခက်ခဲလှသော ကမ္ဘာကြီးမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဘုရားသခင်သည်ပင် သူ့အား ဟာသတစ်ခုအဖြစ် လှောင်ပြောင်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပါချေ။
အဆုံးစီရင်ပြီးသည့်နောက်တွင် သူ့အနေဖြင့် ပြန်၍ မဝင်စားနိုင်ခဲ့ဘဲ မကျွတ်မလွတ်သည့်သရဲတစ်ကောင်ဖြစ်လာခဲ့ကာ ဤကျောင်းတွင် ထာဝစဥ်ပိတ်မိသွားခဲ့ရပြီး ထွက်ခွာနိုင်ခြင်းမရှိခဲ့တော့ပေ။
နှစ်ရှည်လများ ကြာသည်ထိ နှိပ်စက်ညှင်းဆဲဒဏ်ခံရပြီးနောက်တွင် သူ ထွက်ပြေးရန်မကြိုးစားတော့ပေ။
သူ၏စိတ်များကလည်း စိတ်တည်ငြိမ်စပြုလာသည်။
ထို့နောက် သူသေဆုံးပြီးသွားသည့်အချိန်တွင် ကမ္ဘာကြီးကလည်း ပို၍ တိုးတက်လာကြောင်းကို တွေ့မြင်ခဲ့ရသည်။
သူ မိုဘိုင်းဖုန်းများမှ ကျောင်းသားလေးများကလည်း မိတ်ကပ်နှင့် စကပ်များဝတ်ဆင်ကာ အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ တင်နိုင်လာရုံသာမက အချို့ကျောင်းများတွင် ကျောင်းသားလေးများပင် ဆံပင်အရှည်ပင် ထားလို့ရနိုင်လာသည်ကို မြင်နေခဲ့ရသည်။
ထိုကဲ့သို့ ပြောင်းလဲမှုလေးများအပေါ် သူ မနာလိုဖြစ်ခဲ့ရသည်။ သို့သော် ကမ္ဘာကြီးအပေါ်ထားရှိသည့် သူ၏ မုန်းတီးမှုများကတော့ ထိုပြောင်းလဲမှုများကြောင့် အနည်းငယ်လျော့ပါးသွားခဲ့သည်။
သရဲတစ်ကောင်ဖြစ်သည့်အလျောက် သူသည်ကား လူများကို မည်သို့ ဒုက္ခပေးရမည်ဆိုသည်နှင့် ဤနာကျည်းခံစားမှုမှ မည်သို့ ထွက်ခွာနိုင်ကြောင်းကို အလိုလို သိလာခဲ့သည်။
သို့သော် အသက်ရှိစဉ်ကပင် နူးညံ့သိမ်မွေ့ကာ လူကြောက်တတ်သော သူ့အနေဖြင့် လူကိုသတ်ကာ သေဆုံးပြီးဝိဉာဉ်အား သူ့နေရာတွင် အစားထိုးမည့် လုပ်ရပ်မျိုးအား မည်သို့မှ မလုပ်ဆောင်နိုင်ခဲ့ပါချေ။
ယခင်က တောက်ကျန့်များက သူ၏ တည်ရှိမှုအား အာရုံခံစားမိကာ သူ့အား အတင်းအကြပ်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ သူတို့၏ ဝိဉာဉ်အစေခံပြုလုပ်ရန်နှင့် ဤကျောင်းမှ လွတ်မြောက်စေရန် ကူညီပေးမည်ဟု ကမ်းလှမ်းခဲ့ကြဖူးသည်။
သို့သော် သူ၏ အဖြေကတော့ ငြင်းဆန်မှုသာပင်။
လက်ရှိအချိန်တွင် သူ ကုကျစ်စုန့်အား မယုံသင်္ကာဖြင့် ကြည့်နေခဲ့သည်။
ကုကျစ်စုန့်:
“ငါက သူများတွေရဲ့ ကိစ္စကို ဝင်ရှုပ်ရတာ သဘောကျရုံပဲ၊ မင်းရဲ့ စည်းမျဉ်းတွေ၊ အသုံးဝင်ပုံတွေလိုအရာမျိုးကို ငါ ဘာမှ စိတ်မဝင်စားဘူး၊ မင်းကို အသုံးချပြီး ကြံစည်စရာလည်း မရှိဘူး”
သရဲ: “?!!”
သူမ လာရသည့် အကြောင်းရင်းအား ရှင်းပြပြီးနောက် သရဲလေးမှာ တစ်ဖက်အမျိုးသမီးက ထိုကျောင်းသူလေးများအတွက် ရောက်လာသည်ဖြစ်ကြောင်း ရိပ်မိသိရှိသွားခဲ့သည်။
ခေတ္တမျှ တိတ်ဆိတ်သွားပြီနောက် သူ ပြောလိုက်သည်။
“ငါ ဝိဉာဉ်စာချုပ်ကို ဖျက်ပေးလို့ရပါတယ်”
“ငါ့ကို ဒီနေရာကနေ ထွက်သွားပြီး ပြန်ဝင်စားလို့ရအောင် ကူညီပေးနိုင်မလား?”
“ကူညီပေးနိုင်တယ်”
သရဲလေးမှ ကိုယ့်သဘောနှင့်ကိုယ် စာချုပ်ကို ပယ်ဖျက်လိုက်သည်အား မြင်လိုက်ရပြီးနောက်တွင် ကုကျစ်စုန့် သူမ၏ အိတ်ကပ်ထဲမှ အဝါရောင်စာရွက်အထပ်အား ထုတ်ကာ ခေါက်ထားသည်ကိုဖြန့်ချလိုက်သည်။ ယခုတစ်ကြိမ် စာရွက်မှာ အလွန်ရှည်လျှားလွန်းကာ ၁မီတာကျော်ပင် ရှည်လျားနေခဲ့ပြီ။
“ခဏစောင့်ဦး”
သူမ ပြောနေရင်းနှင့်ပင် ငွေကတ်ကြေးအသေးလေး တစ်ခုထုတ်လိုက်ကာ စာရွက်အား ညှပ်တော့သည်။
သူမ၏ လက်ထဲတွင် ကော်မရှိသော်လည်း စာရွက်အစွန်းများကို ဖိလိုက်သည်နှင့် အဝါရောင်စာရွက်မှာ အလိုလိုတွဲကပ်သွားတော့သည်။
မကြာလိုက်ချေ။ မီတာတစ်ဝက်ခန့်အရှည်ရှိသည့် စက္ကူလူရုပ်အလွတ်လေးတစ်ခုက သူမ၏လက်ထဲတွင် ပေါ်လာတော့သည်။
သူမ မည်သို့လုပ်လိုက်သည်ကို သူ မသိသော်လည်း ထိုပျော့ဖတ်နေသည့် အဝါရောင်စက္ကူမှာ သူမ၏လက်ထဲတွင် ရုပ်လုံးကြွလာခဲ့ပြီး ခြေထောက်နှင့် လက်များအပြင် ခန္ဓာကိုယ်များသည်လည်း လူတစ်ယောက်အသွင်ပေါ်လာခဲ့သည်။
ကုကျစ်စုန့် ချောင်းကြည့်နေသော သရဲလေးအား ကြည့်လိုက်ပြီး :
“ရှုယန် ဟုတ်တယ်မလား?”
သရဲ အံ့အားသင့်သွားခဲ့သည်။
“ဟုတ်ပါတယ်…..”
သရဲလေး၏နာမည်ကို အတည်ပြုပြီးနောက် ကုကျစ်စုန့် သစ်ကြံပိုးခေါက်အနှစ်သုတ်ထားသော စုတ်တံဖြင့် သူ၏ အမည်၊ မွေးဖွားသည့် ခုနှစ်တို့အား စက္ကူရုပ်တွင် ချရေးတော့သည်။
ထိုအချက်အလက်များအား သူမအတွက် စနစ်မှ အင်တာနက်ပေါ်တွင် ရှာဖွေပေးထားခဲ့ခြင်းသာဖြစ်လေ၏။
မွေးနေ့နှင့် နမည်အား ချရေးပြီးသည်နှင့် ရှုယန်သည် သူနှင့် စက္ကူရုပ်ကြားတွင် ရှင်းမပြနိုင်သော ဆက်သွယ်မှုတစ်ခု ပေါ်လာကြောင်း ခံစားလိုက်ရသည်။
သူ အံ့ဩ၍ပင် မဆုံးသေးခင် တစ်ဖက်မှတောက်ကျန့်က စက္ကူရုပ်၏ ဦးခေါင်းတွင် စုတ်တံအနုတစ်ခုဖြင့် မျက်လုံးတစ်စုံရေးဆွဲနေသည်ကို မြင်လိုက်ရပြန်သည်။
ထိုပုံများမှာ သူ၏ မျက်ခုံး၊ မျက်လုံးများနှင့်ပင် တူနေသယောင်ထင်ရသည်။
စက္ကူရုပ်၏ မျက်လုံးများကိုဆွဲပြီးနောက် နောက်ဆုံးပြင်ဆင်မှု ပြီးသွားခဲ့ပေပြီ။
ရှုယန် ရုတ်တရက် ကုကျစ်စုန့်ကိုင်ထားသည် စက္ကူရုပ်မှာ သူကိုယ်တိုင်ဖြစ်သည်ဟု သဘောပေါက်သွားခဲ့ရသည်။
ကုကျစ်စုန့် ဝိဉာဉ်မီးတောက်ငယ်လေးအား ထွန်းညှိလိုက်ပြီးနောက် အိမ်သာငယ်ထဲတွင်ပင် ထိုစက္ကူရုပ်အား မီးရှို့လိုက်သည်။
အဝါရောင်စက္ကူတို့ တမြေ့မြေ့လောင်ကျွမ်းနေသည့် မီးတောက်များကို ကြည့်ရင်း ရှုယန် သူ၏ ဝိဉာဉ်အတွင်းပိုင်းမှ ပူလောင်သည့် ခံစားချက်တစ်ခု ရရှိခဲ့သည်။
စက္ကူရုပ်လေး အလုံးစုံလောင်ကျွမ်းသွားပြီးနောက်တွင်တေား အမည်းရောင်ပြာပုံတစ်ခုသာလျှင် ကြမ်းပြင်ပေါ်တွင် ကျန်ရှိနေခဲ့တော့သည်။
ရှုယန် တွေဝေစွာဖြင့် သူ၏ လက်အား မြှောက်လိုက်သည်။
“ဒါ…. ကျွန်တော် နောက်ဆုံးတော့ လွတ်မြောက်သွားပြီလား?”
သူသည် ဤမြေ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်သွားပြီဟု ခံစားနေရသည်။
ကုကျစ်စုန့် ခေါင်းငြိမ့်ကာ ဆိုသည်။
“ငါ အဲဒီစက္ကူရုပ်ပေါ်မှာ နာမည်နှင့် မွေးနေ့ကို ရေးပြီး မင်းအတွက် အစားထိုးပုံစံ လုပ်ပေးလိုက်ပြီ၊ အဲဒါက ‘သင်္ချိုင်းဂူ’ကို လှည့်စားပြီး မင်းရဲ့နေရာအတွက် အစားထိုးတစ်ခု လုပ်ပေးလိုက်တဲ့ သဘောမျိုးပဲ၊ အခု မင်း မြေအောက်ကမ္ဘာကို သွားလို့ရပြီ”
သူ တစ်ချိန်လုံးမျှော်လင့်ခဲ့ရသည့် အိပ်မက်မှာ သူ၏ လက်တစ်ကမ်းတွင် ရောက်နေပြီဖြစ်သော်ငြား ရှုယန် ရင်ထဲတွင် အနည်းငယ်ဟာဟင်းလင်း ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ့အနေဖြင့် ဤသည်ကို မယုံကြည်နိုင်စရာ သို့မဟုတ် လက်တွေ့မကျသည့်အရာဟု ထင်မှတ်နေဆဲပင်။
သူ အိမ်သာကျဉ်းလေးမှ လေပေါ်သို့ မျောလွင့်လိုက်ကာ တစ်နည်းနည်းအားဖြင့်စိတ်ပျက်နေသည့် အမူအယာတစ်ခုဖြင့် ကျောင်း၏ အရှေ့ဘက်လမ်းမပေါ်မှ ငယ်ရွယ်ကာ ချောမောလှပသည့် မိန်းကလေးများအား စိုက်ကြည့်နေခဲ့သည်။
ခဏအကြာတွင် သူ ပြောလာခဲ့သည်။
“ကျွန်တော် မြေအောက်ကမ္ဘာကို သွားတော့မယ်”
“ကောင်းပြီ”
ကုကျစ်စုန့် ရုတ်တရက် သူမ၏ဖုန်းကို ထုတ်၍ ဖွင့်လိုက်ပြီးနောက် ထိုသရဲလေးအား တစ်စုံတစ်ခုကို လာကြည့်ဖို့ ခေါ်လိုက်သည်။
ရှုယန် ခေတ္တခန့် တွေဝေနေခဲ့ပြီးနောက် လေပေါ်မှ ကုကျစ်စုန့်၏အနီးသို့ ဝဲလွင့်လာခဲ့သည်။ ဖုန်း၏မျက်နှာပြင်ပေါ်မှ အကြောင်းအရာများကို မြင်လိုက်ရပြီးနောက်တွင် သူ လုံးလုံးလျားလျား ကြက်သေ,သေသွားခဲ့တော့သည်။
ထိပ်တန်းရှာဖွေမှုအတွင်းမှ လူထောင်ပေါင်း၊သန်းပေါင်းများစွာသည် သူ တစ်ချိန်က ရှက်ရွံ့ကာ အပြစ်မကင်းခံစားခဲ့ရသော သူ၏ အမျိုးသမီးအဝတ်အစားနှင့် ဓာတ်ပုံများအား Likeပေးထားကြသည်အား မြင်ခဲ့ရသည်။
နာမည်အကြီးဆုံးမှတ်ချက်သည်ပင်လျှင် like ထောင်ပေါင်းများစွာ ရှိနေခဲ့သည်။
[မိုရီနှင့် လောင်ကျိုး : စီနီယာ ရှုယန်၊ မင်းက တကယ်ကို လှပပြီး ကြင်နာလွန်းတယ်]
အောက်သို့ ဆက်သွားလျှင် ချစ်ဖို့ကောင်းသော အင်တာနက်သုံးစွဲသူများက သူ၏ အလှအပအား ချီးမွမ်းပြောဆိုနေကြကာ သူ၏ ဝါသနာများမှာ သူ၏ ကိုယ်ပိုင်ဘဝသာဖြစ်ကြောင်း ပြောဆိုထားခဲ့ကြသည်။
ထို့နောက် သူ့အား မယုံကြည်နိုင်လောက်အောင် ချီးကျူးနေကြသည့် စကားများနှင့် သူ၏ သေဆုံးခြင်းပြီးနောက် အဆင်ပြေချောမွေ့စေရန် ဆုတောင်းစကားများစွာတို့က ရှိနေခဲ့သည်။
တစ်ချို့လူများကတော့ သူ့၏ပုံများအား ခိုးကြည့်ကာ အင်တာနက်ပေါ်သို့တင်ခဲ့သော အခန်းဖော်အား ရှာဖွေထားခဲ့ကြပြီး ထိုသူမှာ ယခုလက်ရှိတွင် ကုမ္ပဏီဝန်ထမ်းတစ်ယောက်အဖြစ် အလုပ်လုပ်နေကြောင်း ဖော်ထုတ်နိုင်ခဲ့ကြသည်။
အင်တာနက်သုံးစွဲသူများက သူ၏ ဓာတ်ပုံများနှင့် သူရေးသားခဲ့သည့် စာများအား သူလုပ်ခဲ့သည့် နည်းလမ်းအတိုင်းပင် အင်တာနက်ပေါ် တွင် ဖြန့်ဝေခဲ့ကြသည်။ လူပေါင်းများစွာကလည်း သူ့အား လက်ညိုးထိုးကာ အပြစ်တင်ဆဲဆိုနေခဲ့ကြပြီ။
ထိုအခန်းဖော်မှာ သေချင်ယောင်ဆောင်နေခဲ့သော်လည်း ဆူပူဆဲဆိုကြိမ်းမောင်းခြင်းများစွာအား ခံရပြီးနောက် မတတ်နိုင်တော့ဘဲ ရှုယန်အား ရှည်လျားသည့် တောင်းပန်စာ တစ်စောင်ရေးသားခဲ့ရသည်။
သူလုပ်ခဲ့သည့် လုပ်ရပ်များအား နောင်တရကြောင်းကို အင်တာနက်ပေါ်တွင် တင်လာခဲ့သည်။
သို့သော် လူအများကတော့ မယုံကြည်ကြပါချေ။
ထိုလူ၏ ချစ်သူသည်လည်း ကိစ္စများအား ကြားရပြီးနောက် သူနှင့် လမ်းခွဲခဲ့ပြီး ကုမ္ပဏီမှလည်း အများပြည်သူ၏ ဖိအားကြောင့် သူ့အား အလုပ်ထုတ်ပစ်ခဲ့သည်။
အခန်းဖော်တစ်ယောက် သူ့လက်ချက်ကြောင့် သေစေခဲ့သည်က သူ့ဘဝအတွက် အရိပ်မည်းကြီးတစ်ခုကဲ့သို့ ဖြစ်လာခဲ့ပြီး ဆွေမျိုး၊ သူငယ်ချင်းများသည်လည်း သူ့အား ဖယ်ကျဉ်ကြလိမ့်မည်။
ထိုအချိန်တွင် သူသည်လည်း ရှုယန်ကြုံခဲ့ရသည့် ခံစားချက်အတိုင်း ပြန်၍ ခံစားရမည်ဖြစ်သည်။
ဤသည်ကား အချိန်နောက်ကျနေသည့် တရားမျှတမှုဟုပင် ဆိုရမည်ပင်။
ရှုယန်၏ မျက်လုံးများက အရောင် တောက်ပလာခဲ့ကာ သူ့မျက်နှာပေါ်မှ ကြမ်းတမ်းသည့် အမုန်းတရားများသည်လည်း မည်သည့်အချိန်က ပျောက်ကွယ်သွားသည်ကိုပင် သတိမထားမိလိုက်တော့ပေ။
သူ ကုကျစ်စုန့်အား ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် တောက်ကျန့်”
ထိုသို့ပြောပြီးသည်နှင့် ပြန်ဝင်စားမှု၏ စွမ်းအားကို ခံစားလိုက်ရသည်ကြောင့် မြေအောက်ကမ္ဘာသို့ သွားရန်အတွက် ဝိဉာဉ်တံခါးဝဆီသို့ ခြေလှမ်းချလိုက်တော့သည်။
ရှုယန်၏ ဝိဉာဉ် ဂိတ်တံခါးဝအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်နှင့် ကုကျစ်စုန့်၏ ဖုန်းထဲတွင် စာတစ်စောင် ဝင်လာခဲ့သည်။
[ရှောင်ကျိုး : စုန့်ကျဲ၊ အခန်းထဲမှာ မရှိဘူးလား? ဒါရိုက်တာက ပြိုင်ပွဲဒုတိယပိုင်းစတော့မယ်လို့ ပြောခိုင်းလိုက်တယ်]