ကျေးဇူးတရားအား ပြန်ပေးဆပ်ခြင်း (1)
Vol. 9 Ch. 89
ကုကျစ်စုန့် ရှုယန်အား ကူညီပြီးနောက် အနောက်ဘက်စာသင်ဆောင်၏ သန့်စင်ခန်းမှ ထွက်လာခဲ့ပြီး မိနစ်အနည်းငယ်ခန့်တွင် စာသင်ဆောင်ထဲသို့ ကျောင်း၏ တာဝန်ရှိသူ နှစ်ယောက်၊ သုံးယောက်ခန့်က မျက်နှာများတွင် အပြုံးများဖြင့် ဝင်လာကြသည်။
သူတို့၏နောက်တွင် ခံ့ညားသည့် အသွင်အပြင်ရှိသော အမျိုးသားနှစ်ဦး ပါလာခဲ့သည်။
သူတို့ထဲမှ တစ်ယောက်မှာ နက်ပြာရောင် တရုတ်ရိုးရာဝတ်စုံအား ဝတ်ဆင်ထားခဲ့ကာ ရိုးရာအဝတ်ဖိနပ်များကို စီးနင်ထားခဲ့သည်။
သူ၏ ရှည်လျားသော ဆံပင်ကိုလည်း ခေါင်းထိပ်တွင် ထုံးဖွဲ့ထားခဲ့သည်။
ထိုသူမှာ ဆံပင်များ ဖြူနေပြီဖြစ်သော်လည်း သူ၏ခြေလှမ်းများ၊ မျက်နှာနှင့် မျက်လုံးများမှာ လူအိုတစ်ယောက်နှင့် လုံးလုံးမျှ မတူပေ။
အလွန်ဆုံး အသက် ၄၀၊၅၀ခန့်ဟုသာ ရှိလိမ့်မည်ဟု ထင်ရသည်။
နောက်တစ်ယောက်မှာတော့ မာန်မာနထောင်လွှားတတ်သူ ဖြစ်ပုံပေါ်ကာ အသက် ၃၀အရွယ်ခန့်ဖြစ်သည်။
သူတို့ သန့်စင်ခန်း၏အဝင်ဝကို ရောက်လျှင် ကျောင်းအုပ်မှ ချိတ်ပိတ်ထားသော သန့်စင်ခန်းတံခါးအား ညွှန်ပြကာ ပြောလိုက်ချေသည်။
“တောက်ကျန့်တို့၊ ဒီအိမ်သာက မတော်တဆမှုဖြစ်တဲ့ နေရာပါပဲ၊ ကျေးဇူးပြုပြီး ကြည့်ပေးကြပါဦး”
လူအိုကြီးက ဖြတ်ခနဲတချက်သာ ကြည့်လျက် ပြောလာသည်။
“ကလေးတစ်ယောက်က ဒီနေရာမှာ မတရားသဖြင့် အသက်ဆုံးရှုံးခဲ့ရတယ်၊ မင်းတို့လို ကျောင်းရဲ့ ဆရာတွေ၊ အကြီးအကဲတွေက ဒီကျောင်းမဆောက်ခင် အရင်နေရာက ထူးခြားနေရာဖြစ်လို့ သေဆုံးဖို့အတွက် မသင့်တော်တဲ့ နေရာဆိုတာကို သိရက်နှင့် ဘာလို့ ပြဿနာမဖြစ်ခင်ကတည်းက တစ်ယောက်ယောက်ကို လာမစစ်ဆေးခိုင်းရတာလဲ?”
လက်ရှိကျောင်းအုပ်က အပြုံးတစ်ခုဖြင့် ဆိုသည်။
“တောက်ကျန့်၊ ကျွန်တော်က ဒီကျောင်းကို ရောက်တာ မကြာလှသေးပါဘူး၊ ဒါကြောင့် ကျောင်းရဲ့ ရာဇဝင်တွေကိုတောင် တကယ် မသိခဲ့တာပါ”
‘ဝိဉာဉ်ရေးရာ’ပရိုဂရမ်အဖွဲ့၏ ကြားဖြတ်ပြိုင်ပွဲအား စတင်တိုက်ရိုက်ထုတ်လွှင့်ချိန်တွင် လွန်ခဲ့သော ၈နှစ်က အဖြစ်အပျက်များလည်း ပေါ်ပေါက်လာခဲ့သည်။
ထို့ကြောင့် သူတို့၏ကျောင်းသည်လည်း ဒေါသကြီးနေသည့် အင်တာနက်သုံးစွဲသူများ၏ ဝေဖန်ရှုံ့ချမှုအား ခံနေခဲ့ရသည်။
လူအများစုက ကျောင်းတာဝန်ရှိသူများအား အဘယ်ကြောင့် နစ်နာသူ ရှုယန်အား ကျောင်းမှ ထွက်ခွာရန် ဖိအားပေးခဲ့သည်နည်းဟု မေးခွန်းထုတ်လာခဲ့ကြသည်။
ဤကျောင်းမှ ရှုယန်အား သွယ်ဝိုက်စွာ သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုလာခဲ့ကြလေ၏။
လက်ရှိကျောင်းအုပ်ဖြစ်သူမှာ မနက်ခင်းကပင် မြို့၏အကြီးအကဲများနှင့် ပညာရေးအကြီးအကဲများထံမှ ဖုန်းများ ဆက်တိုက်လက်ခံနေရကာ ထိပ်တန်းရှာဖွေမှုများကို အမြန်ကျသွားစေရန်အတွက် ယခုပြဿနာအား ချက်ချင်းဖြေရှင်းရန် နားပူနားဆာလုပ်ခံနေခဲ့ရသည်။
သူ မည်မျှ အထင်လွဲခံနေရသည်ကို ဘုရားသာလျှင် အသိဆုံးဖြစ်လိမ့်မည်။
သူသည်ကား ဤကျောင်းသို့ရောက်သည်မှာ တစ်နှစ်၊နှစ်နှစ်ခန့်သာ ရှိနေသေးသည်ပင်။
ဤပြဿနာအား မီးမွှေးခဲ့သော ယခင်ကျောင်းအုပ်ကတော့ ပင်စင်ယူကာ အနားယူသွားခဲ့ပြီဖြစ်သည်။ သူ့အနေဖြင့် ယခင်လူများ၏ အညစ်အကြေးများအား လိုက်လံ ရှင်းပေးနေရခြင်းပင်။
ထို့ကြောင့် အလွန်စိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် မြို့ထဲမှ နာမည်ကြီး တောက်ကျန့်တစ်ဦးအား ဖိတ်ခေါ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုတွင် ပြောခဲ့သလို သေဆုံးပြီးဝိဉာဉ်များ ရှိမရှိစစ်ဆေးရန်နှင့် ရှိနေပါက အမြန်ဖယ်ရှားပေးရန် တောင်းဆိုခဲ့သည်။
နောက်မှလိုက်ပါလာသည့် လူငယ်က မျက်နှာအမူအယာမပြောင်းဘဲ ဆိုလာသည်။
“ရှစ်ဖူ၊ ဒီနေရာပတ်လည်မှာရှိတဲ့ ယင်စွမ်းအင်တွေကိုပဲ ကြည့်ပါဦး၊ အထဲမှာ ပြဿနာရှာနေတာက သရဲကြီးတစ်ကောင်ဖြစ်နေမှာသေချာတယ်! သူက လောကရဲ့ဥပဒေကို မလိုက်နာမှာကို ကျွန်တော် စိတ်ပူမိတယ်”
အဘိုးကြီးက နှာမှုတ်လိုက်သည်။
“မြေအောက်ကမ္ဘာမှာရှိနေရမဲ့ သရဲတစ်ကောင်က ဒီနေရာမှာသောင်းကျန်းချင်သလို သောင်းကျန်းလို့ရမယ်များ ထင်နေလား?”
ဤသို့ဖြင့် ချိတ်ပိတ်ထားသည့် သန့်စင်ခန်းအား ဖွင့်လိုက်ပြီးသည်နှင့် တောက်ကျန့်နှစ်ဦးက တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် အထဲသို့ ဝင်ကြည့်လိုက်သည်။
သို့သော် ဤကျဉ်းမြောင်းလွန်းသည့် နေရာလေးတွင် သရဲတစ်ကောင်၏ ရှိခဲ့ဖူးကြောင်း အရိပ်အမွတ်သာလျှင် ကျန်တော့သည်ကို မြင်လိုက်ရလျှင် သူတို့ အံ့အားသင့်သွားရတော့သည်။
သူတို့ နေရာတိုင်း ထောင့်တိုင်းကို စေ့စပ်သေချာအောင် လိုက်လံရှာဖွေပါသော်လည်း သရဲတစ်ကောင်၏ အမြီးကိုပင် မတွေ့ရတော့ပေ။
တောက်ကျန့်ငယ်က မျက်မှောင်ကြုတ်လိုက်သည်။
“ထူးဆန်းလိုက်တာ၊ ဒီလို နေ့လည်ခင်း ယန်စွမ်းအင် အထွတ်အထိပ်ရောက်နေချိန်ကြီးမှာ သရဲက ဘယ်နေရာကိုများ သွားနိုင်လို့လဲ? ဒီသရဲက နေပူပြင်းပြင်းကိုတောင် မကြောက်တော့တဲ့အထိ ကျင့်ကြံပြီးသားများ ဖြစ်နေလို့လား?”
အဘိုးကြီးက ခေါင်းကို ရမ်းလိုက်သည်။
“တစ်ယောက်ယောက်က ငါတို့ထက်ဦးပြီး သရဲကို လွှတ်ပေးလိုက်တာပဲ၊ အောက်ဘက်ကြမ်းပြင်မှာရှိတဲ့ မီးလောင်ထားတဲ့ ပြာတွေကို မြင်လား? တစ်ယောက်ယောက်က သရဲအတွက် အစားထိုးတစ်ခုလုပ်ပေးသွားတာပဲဖြစ်လိမ့်မယ်”
“ဘယ်လို?”
လူငယ်လေးမှာ အံ့ဩသွားရပြန်သည်။
“သေသူတွေကို ဖိနှိပ်ထားတဲ့ အစီအရင်ကြီးရဲ့ အောက်ကနေ သရဲကို ဖယ်ထုတ်သွားနိုင်တယ်ပေါ့? အဲဒီတောက်ကျန့်ရဲ့ ကျင့်ကြံမှုက ဘယ်လောက်တောင် မြင့်နေတာများလဲ၊
ရှစ်ဖူ၊ အဲဒီတစ်ယောက်က ဒီသရဲကို ကူညီဖို့အတွက်နဲ့ အဲဒီလို ကြီးမားတဲ့အရာမျိုး လုပ်နိုင်ပါ့မလား? ဒါမှမဟုတ်မှ သရဲကို အခြားနေရာကို ခေါ်သွားမလို့များလား??”
ဆရာဖြစ်သူ၏ တွေးတောနေသော မျက်နှာအား ကြည့်ကာ တောက်ကျန့်ငယ်မှာ ရုတ်တရက် တစုံတခုကို သတိရသွားသည်။
“ရှစ်ဖူ၊ မဟုတ်မှလွဲရော သရဲကို ခေါ်သွားတာ အဲဒီကုကျစ်စုန့်များလား?”
“ကုကျစ်စုန့်?”
အဘိုးကြီး မျက်မှောင်ကြုတ်ကာ ခေါင်းရမ်းသည်။
“မဖြစ်နိုင်ဘူး၊ အဲဒီကောင်မလေးက အသက် ၂၀ကျော်ပဲရှိသေးတာလို့ ကြားဖူးတယ်၊ ဒီလို အစီအရင်ကြီးကို ဖြိုခွဲနိုင်ဖို့ဆိုအတွက်ဆိုရင် မကောင်းဆိုးဝါးလို စွမ်းအားကြီးနေမှပဲရလိမ့်မယ်”
“ဒါ့အပြင် ရှင်းမိသားစုက ကောင်လေးက X ပြည်နယ်ဘက်မှာ ရိုက်ကူးရေးလုပ်နေတာလေ၊ အဲဒီကောင်မလေးက သူ့နှင့်အတူတူပဲဆိုတော့ အနီးအနားမှာပဲ ရှိနေမှာပဲ၊
Xပြည်နယ်က ဒီနေရာနဲ့ အဝေးကြီးပဲ၊ သူက မိုင်ပေါင်းထောင်ချီကို လျှပ်တပြတ်ရောက်အောင် ခရီးသွားနိုင်တာ ဖြစ်နိုင်မလား?”
ထိုစကားကို ကြားသော် တောက်ကျန့်ငယ်လေးလည်း ကိုယ့်ကိုကိုယ် အတွေးလွန်နေသည်ဟု ခံစားလိုက်ရသည်။
ထိုအမျိုးသမီးမှာ အင်မတန်တော်လွန်းသော တောက်ကျန့်တစ်ဦးဖြစ်ကြောင်း နာမည်ကြီးနေသော်လည်း သူမသည်ကား နယ်ဘက်မှ မွေးဖွားသူဖြစ်ကာ နာမည်ကြီးမိသားစုမှလည်း မဟုတ်ပါချေ။
အင်တာနက်ပေါ်က လူအများမှာ သူမအား ချဲ့ထွင်ချီးမွမ်းနေကြခြင်းသာဖြစ်လိမ့်မည်။
“ဒါဆို ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ?”
အဘိုးအိုက ပြောလိုက်သည်။
“ဒီနေရာက ယင်စွမ်းအင်တွေကို အရင်သန့်စင်လိုက်ဦး၊ ပြီးရင် ကျောင်းမှာ အခြား ယင်ပစ္စည်းတွေ ရှိသေးလား စစ်ကြည့်လိုက်၊ နောက်ပြီးမှ အခြားတောက်ကျန့်တွေကိုလည်း နေရာတကာမှာ လုံခြုံမှုကို ပိုဂရုစိုက်ပြီးတော့ လွတ်နေတဲ့ ဝိဉာဉ်တွေကိုလည်း ကူဖမ်းပေးဖို့ အသိပေးလိုက်ဦး”
“ဟုတ်ကဲ့ပါ”
ထိုစဉ် အခြားပြည်နယ်တစ်ခုတွင် ..
အခန်းထဲမှ အချိန်အတန်ကြာသည်အထိ စကားပြန်မရသည်ကြောင့် ရှောင်ကျိုးတစ်ယောက် အနည်းငယ်စိတ်ပူသွားခဲ့ရသည်။
သူမ အခန်းတံခါးကို ဖွင့်ကာ ကြည့်ရန် ပြင်လိုက်ချိန်မှာပင် အခန်းတံခါးမှ အတွင်းမှ ဆွဲဖွင့်ခံလိုက်ရသည်။
ထို့နောက် ကုကျစ်စုန့်က အခန်းထဲမှ ထွက်လာခဲ့လေ၏။
“ငါအိပ်ပျော်သွားလို့ မင်း စာပို့ထားတာကိုမမြင်လိုက်ဘူး”
ရှောင်ကျိုးတစ်ယောက် မျက်တောင်ခတ်လိုက်မိလေ၏။
သူမအနေဖြင့် သိပ်ပြီး မယုံကြည်လှသော်ငြား ခေါင်းငြိမ့်လိုက်သည်။
“ရပါတယ် စုန့်ကျဲ၊ ပရိုဂရမ်အဖွဲ့က စီစဉ်ပေးထားတဲ့ ကားလည်း အပြင်မှာစောင့်နေပြီဆိုတော့ သွားကြတော့မလား?”
“သွားကြစို့”
ကုကျစ်စုန့် ကားထဲသို့ ဝင်လိုက်ချိန်တွင် ပရိုဂရမ်အဖွဲ့မှာ ရိုက်ကူးရေးနေရာသို့ စောလျက်ရောက်ရှိနေပြီဖြစ်သော ပြိုင်ပွဲဝင်တချို့နှင့် အစီအစဉ် ဒုတိယပိုင်းအား စတင်နေပြီဖြစ်သည်။
တင်ဆက်သူလျို့က အပြုံးတစ်ခုနှင့် ကင်မရာဘက်သို့ ကြည့်၍ပြောလာခဲ့သည်။
“ကြည့်ရှုသူ ပရိသတ်အားလုံးပဲ မင်္ဂလာနေ့လည်ခင်းပါ ၊ နေ့လည်စာ အနားယူချိန်မှာ ကောင်းကောင်းအနားယူခဲ့ကြရဲ့လား?”
ပြိုင်ပွဲ၏ အဓိကတိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင် ပွင့်လာသည်နှင့် မူလ ကြည့်ရှုနေကြသော လူများအပြင် ထိပ်တန်းရှာဖွေမှုများမှ စိတ်ဝင်စား၍ ရောက်လာကြသော ကြည့်ရှုသူ အသစ်များလည်း ဝင်လာခဲ့ကြသည်။
ငါးမိနစ်အတွင်းမှာပင် ကြည့်ရှုသူဦးရေမှာ တစ်သိန်းပြည့်လုနီးနီးဖြစ်သွားခဲ့ပြီ။
ပြိုင်ပွဲဝင်အားလုံး၏ ပရိတ်သတ်များမှာလည်း လက်ရှိတွင် အဖွဲ့လိုက်ပြိုင်ပွဲအား ကြည့်ရှုရတော့မည်ဖြစ်၍ ဤတစ်နေရာတည်းသို့ စုဝေးနေလာကြခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
သို့သော် လူအရေအတွက်နှင့် ကျော်ကြားမှုများက စိတ်ကို ကြိုတင်ပြင်ဆင်ထားသော ပရိုဂရမ်အဖွဲ့အတွက်ပင် အံဩတကြီးဖြစ်နေရဆဲပင်။
[အိုး၊ ငါ့အနေနဲ့ မစားမသောက်ဘဲ၊ တစ်ရေးလောက်တောင် မအိပ်ဘဲနဲ့ အစီအစဉ်တစ်ခုကို စောင့်ကြည့်မိတာ ဒါပထမဆုံးပဲ၊ မနက်ထဲက အစီအစဉ်ရဲ့ နောက်ဆက်တွဲတွေကို ငါ ဝေ့ပေါ်မှာ လိုက်ရှာကြည့်ရင်း အချိန်က ဒုတိယပိုင်းစတင်ချိန်ကိုတောင် ရောက်လာပြီ ]
[ဘုရားရေ! ဒီအစီအစဉ်လေးက အရမ်းကိုနာမည်ကြီးတာပဲမလား? တစ်နေ့တာတည်းမှာကို trend ဝင်နေတဲ့ ရှာဖွေမှုက ခုနှစ်ခု၊ ရှစ်ခုလောက်တောင် ရှိနေတယ်၊ ကြည့်ရှုသူကလည်း တစ်သိန်းတောင် ကျော်နေပြီ၊ မိုက်ချက်ပဲ!]
[အပေါ်ထပ်ကိုပြောချင်တယ်၊ ဒီနေ့ အစီအစဉ်ရဲ့ ပထမပိုင်းမှာ ရှာဖွေမှာ အရမ်းများနေပြီဆိုပေမဲ့ နေ့လည်ပိုင်းအဖွဲ့လိုက်ပြိုင်ပွဲမှာလည်း ထပ်ပြီးရှိလာဦးမှာပဲ!
ကြည့်ရတာ အနည်းဆုံးတော့ ထိပ်တန်းရှာဖွေမှု တစ်ဒါဇင်လောက်တောင် ဝင်လိမ့်မယ်လို့ ခန့်မှန်းရတယ်]
[ငါကတော့ ဒီတောက်ကျန့်တွေရဲ့ စိတ်တန်ခိုးပညာဆိုတာတွေကို မြင်ချင်လို့ လာခဲ့တာ၊ ဒီနေ့မနက်က ထိပ်တန်းရှာဖွေမှုက ငါလိုမျိုး လက်တွေ့မြင်ရတာကိုပဲ ယုံတဲ့သူကိုတောင် နည်းနည်းစိတ်ဝင်စားသွားစေတယ်၊
ဒါကသာ ဇာတ်ညွှန်းကြိုတင်ပြင်ထားတာ ဆိုလို့ကတော့ ဇာတ်ညွှန်းရေးတဲ့သူနဲ့ ဒါရိုက်တာက တကယ့်ကို ထူးချွန်တဲ့ ပညာရှင်ပဲဖြစ်ရမယ်!]
[တိုက်ရိုက်ထုတ်လွှင့်မှုက ဒီနေ့ ဘာလို့ အစောကြီးစတာလဲ? ပြိုင်ပွဲဝင်တွေကရော?]
ကြည့်ရှုသူအများအပြားမှ ပြိုင်ပွဲဝင်များအကြောင်း မေးလာသည်ကို မြင်သော် တင်ဆက်သူလျို့က တစ်ခုခုကို သိုဝှက်ထားသကဲ့သို့ အပြုံးဖြင့်ပြောလာသည်။
“ဒီနေ့ရဲ့ အဖွဲ့လိုက်ပြိုင်ပွဲက နည်းနည်းလောက်ထူးခြားလိမ့်မယ်၊ မနက်က ‘အဆောင်မှအကူအညီတောင်းသူများ’နဲ့ ခပ်ဆင်ဆင်ပါပဲ”
“ပရိုဂရမ်ရဲ့ အောင်မြင်တဲ့ ထုတ်လွှင့်မှုကြောင့် အကူအညီတောင်းခံစာတွေ အမြောက်အမြားကို ပရိုဂရမ်အဖွဲ့ကနေ လက်ခံရရှိခဲ့ပါတယ်၊ ပြီးတော့ အကူအညီတောင်းသူတွေက ကျွန်တေတို့အနေနဲ့ သူတို့ကို ကူညီပြီး ဒီထူးခြားဖြစ်ရပ်တွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်”
“ဒီနေ့ အဖွဲ့လိုက်ပြိုင်ပွဲမှာတော့ ပရိုဂရမ်အဖွဲ့ဆီကို အကူအညီတောင်းသူတချို့ထဲက ရွေးချယ်ထားတာဖြစ်ပါတယ်၊
ကျွန်တော်တို့က သူတို့ကို ပရိုဂရမ်အဖွဲ့ဆီကို လာပြီး ပြိုင်ပွဲဝင်တွေနဲ့ မျက်နှာချင်းဆိုင် တိုင်ပင်ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်”
“ဘယ်လို ထူးခြားဖြစ်စဉ်တွေများ ကြုံတွေ့ခဲ့ရတာလဲ? ကျန်နေသေးတဲ့ ပြိုင်ပွဲဝင်တွေရော မြင်နိုင်မလားဆိုတာကို စောင့်ကြည့်ကြပါဦးစို့၊
ဒါဆိုရင် ပထမဆုံးအနေနဲ့ အကူအညီတောင်းသူအဖွဲ့ကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ကြရအောင်ပါ”
တင်ဆက်သူလျို့ ပြောပြီးသည်နှင့် ဘေးဘက်ဆီသို့ ပြန်ရွှေ့သွားခဲ့ကာ ရိုက်ကူးရေးကို ဆက်လက် လုပ်ဆောင်ရန် နေရာဖယ်ပေးလိုက်သည်။
ထို့တောက်တွင်တင်ဆက်သူလျို့၏နောက်မှ လျှောက်လာသော လူငယ်စုံတွဲတစ်တွဲကို ကြည့်ရှုသူများမှ မြင်လိုက်ရလေ၏။
လူငယ်လေးမှာ နာမည်ကြီးတံဆိပ်တစ်ခု၏ ဝတ်စုံအား ဝတ်ဆင်ထားကာ သူ၏ ဆံပင်သည်လည်း ရှင်းလင်းသည့် စတိုင်မျိုးရှိနေသည်။ မျက်ခုံးတို့ကလည်း ဖြောင့်တန်းပြီး ခြုံငုံပြောရလျှင် ကြည့်ကောင်းသော လူငယ်တစ်ယောက်ဖြစ်ချေသည်။
ထိုလူငယ်က တင်ဆက်သူလျို့အား နှုတ်ဆက်ရန် လက်ကမ်းလာခဲ့သည်။
“မင်္ဂလာပါ”
“မင်္ဂလာပါ၊ ပရိတ်သတ်ကိုလည်း နှုတ်ဆက်စကားပြောပေးပါဦး”
လူငယ်လေးက ကင်မရာဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်တော့်ရဲ့ မျိုးရိုးနာမည်ကတော့ လီဖြစ်ပြီး ကျွန်တော့်ကို ရှောင်လီလို့ ခေါ်လို့ရပါတယ်၊ ကျွန်တော့်ဘေးကတော့ ကျွန်တော့်ရဲ့ ချစ်သူ ရှောင်မာ ပါ၊ ဝိဉာဉ်ရေးရာအဖွဲ့ရဲ့ ပရိုဂရမ်မှာ ပါဝင်ခွင့်ရလို့လည်း ဝမ်းသာပါတယ်”
အမျိုးသမီးငယ်လေးက ဆံပင်ကို နားရွက်နောက်တွင် သိမ်းလိုက်ကာ ရှက်ပြုံးလေးနှင့် ဆိုသည်။
“အားလုံး မင်္ဂလာပါ၊ ကျွန်မရဲ့ မျိုးရိုးနာမည်က မာ ဖြစ်ပါတယ်”
တင်ဆက်သူလျို့:
“နှစ်ယောက်သား အရမ်းချစ်ကြပုံပဲ၊ ဆက်ဆံရေးလည်း တော်တော် အဆင်ပြေပုံတယ်”
ရှောင်မာက ဘေးဘက်မှ သူမ၏ ချစ်သူအား လှမ်းကြည့်လိုက်ကာ ခေါင်းငြိမ့်ပြလာသည်။
“မှန်ပါတယ်၊ ကျွန်မတို့က ကောလိပ်တက်ရင်း ဆုံခဲ့ကြတာလေ၊ သုံးနှစ်လောက် တွဲပြီးတဲ့နောက် သူက ကျွန်မအပေါ်မှာ အမြဲတမ်း ကြင်နာတယ်၊ ကျွန်မရဲ့ တစ်သက်လုံးကိုတောင် သူနဲ့ အတူဖြတ်သန်းနိုင်တယ်လို့ တွေးမိတယ်၊ ဒါကြောင့် ကျွန်မတို့ ဘွဲ့ရပြီးတာနှင့် လက်ထပ်ခဲ့ကြတာ၊ အခုဆို အိမ်ထောင်သက် ၁နှစ်ကျော်ပြီ”
[ဝါး.. လူချောလေးနဲ့ မိန်းမလှလေး၊ မျက်လုံးထဲကို ထင်ပေါ်လွန်းတာပဲ၊ သဘာဝလွန်အစီအစဉ်ကြည့်နေရင်းနဲ့ ဘာကြောင့် ငါက ခွေးစာစားနေရပြန်တာလဲ!]
[အမြင်ပေါင်းစုံနှင့် သေသေချာချာစူးစမ်းလေ့လာပြီးနောက် ဒီညီမလေးက ပိုက်ဆံရှိတဲ့ အလှလေးမျိုးပဲ၊ သူမဝဲ့လက်ကောက်ဝတ်က မြွေရိုးလက်ကောက်က သေးသေးမျှင်မျှင်လေးကို စိန်အစစ်နဲ့ စီထားတာ၊ အဲ့တာက သိန်းကျော်တန်တဲ့ လက်ဝတ်ရတနာပဲ၊ အခြား မထင်ရှားဘူးလို့ ထင်ရတဲ့ နားကပ်တွေနဲ့ ဆွဲသီးတွေကလည်း သောင်းကျော်တန်တွေနော်. အဲ့ဒီအဝတ်အစားတွေ၊ လက်ကိုင်အိတ်တွေဆိုရင်တော့ ပြောမနေနဲ့တော့…]
[ဒါမျိုးအချစ်ကို ပုံပြင်တွေမှာပဲ ရှိတယ်လို့ ထင်ခဲ့တာ၊ တကယ်ကို အားကျနေပြီ]
တင်ဆက်သူလျို့က ကင်မရာဆီသို့ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျွန်တော်တို့အနေနဲ့ ဒီလူငယ်စုံတွဲဆီကနေ အကူအညီတောင်းစာ လက်ခံရခဲ့ပါတယ်၊ သူတို့ရဲ့အိမ်နဲ့ သူတို့ဘဝမှာ ထူးဆန်းတာတွေ ဖြစ်နေတယ်လို့ ပြောခဲ့ကြတယ်လေ၊
အဲဒီအဖြစ်အပျက်တွက သူတို့ရဲ့ နေ့စဉ်ဘဝမှာလည်း အနှောင့်အယှက်ဖြစ်ပြီး တော်တော်လေး ဒုက္ခရောက်ခဲ့တယ်တဲ့”
“သူတို့တွေ ဆွေးနွေးပြီးတဲ့နောက် ဒီပရိုဂရမ်အဖွဲ့ဆီကို အကူအညီတောင်းခဲ့ကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့ကြုံရတဲ့ အဖြစ်အပျက်တွေက တော်တော်လေးကို ထူးဆန်းလွန်းတယ်လို့ ဆိုနိုင်တာကိုး၊ သူတို့ အကူအညီတောင်းတဲ့ ကိစ္စတွေမှာ တော်တော်ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ရှိနေခဲ့တဲ့အတွက် ပရိုဂရမ်အဖွဲ့ကလည်း လက်ခံခဲ့ပါတယ်”
*