ကျေးဇူးတရားကို ပြန်ပေးဆပ်ခြင်း(2)
Vol. 9 Ch. 90
“ကျွန်တော်တို့ အခုရောက်ရှိနေတဲ့ နေရာက ဒီလူငယ်စုံတွဲရဲ့ နေအိမ်ခြံဝင်းထဲမှာပဲ ဖြစ်ပါတယ်၊ အခု ပထမဆုံးဖိတ်ခေါ်ခံရတဲ့ ပြိုင်ပွဲဝင်က ခြံဝန်းထဲကို ဝင်ရောက်လာပါပြီ”
တင်ဆက်သူလျို့ စကားပြောပြီးသည်နှင့် ပရိုဂရမ်အဖွဲ့စီစဉ်ထားသည့် ပထမပြိုင်ပွဲဝင်၏ ကားက ပြိုင်ပွဲကွင်းသို့ ဝင်ရောက်လာခဲ့သည်။
ပထမဆုံးပေါ်ထွက်လာသည့် ပြိုင်ပွဲဝင်မှာ ပြိုင်ပွဲဝင်နံပါတ် (၈)ရှုဖူ ဖြစ်ပြီး သူသည်ကား ကျန်ရှိနေသော ပြိုင်ပွဲဝင်များကြားတွင် လူသိအနည်းဆုံးလည်း ဖြစ်ချေသည်။
ထိုသူမှာ အသက်လေးဆယ်အရွယ် သတ်လတ်ပိုင်း အမျိုးသားဖြစ်ကာ ပြိုင်ပွဲတွင် စိတ်တန်ခိုးပညာရှင်ဟူသည့် ခေါင်းသဥ်ကိုခံယူထားသူလည်း ဖြစ်သည်။
ထိုသူက ယင်၊ယန်မျက်လုံးများနှင့် မွေးဖွားလာသည်ဟု ဆိုထားကာ သူ ငယ်စဉ်ကပင် သရဲ၊တစ္ဆေများအား မြင်နိုင်စွမ်းရှိသောကြောင့် သူ့အနေဖြင့် ဝိဉာဉ်များနှင့် ဆက်သွယ်ကာ သဘာဝလွန်ပြဿနာများအား ဖြေရှင်းနိုင်သည်။
သို့သော် အရှေ့ပွဲစဉ်များတွင် သူ၏ လုပ်ဆောင်ချက်များမှာ ကျေနပ်စရာကောင်းလွန်းသည်တော့ မဟုတ်ချေ။ သူက စကားများ ဝင်ပြောသော်ငြား သူ ပြောသမျှ စကားများမှာ မရေမရာများဖြစ်ကာ နှစ်ခွဖြစ်နေခဲ့ပြီး ယခုတိုင် အထုတ်မခံရသေးဘဲ ကပ်ကျန်နေခဲ့ခြင်းဖြစ်သည်။
“ကြိုဆိုပါတယ် ပြိုင်ပွဲဝင်နံပါတ် (၈) ရှုဖူ၊ ဒီလူငယ်လေးနှစ်ယောက်ကတော့ ကျွန်တော်တို့ ပြိုင်ပွဲဒုတိယပိုင်းဆီမှာ ပထမဆုံး အကူအညီတောင်းသူတွေပါ၊
ဒီတစ်ခါမှာတော့ ပြိုင်ပွဲဝင်တွေကို ဘယ်လိုအချက်အလက်မှ ပေးထားတော့မှာ မဟုတ်ပါဘူး၊ လူတိုင်းက ကိုယ့်မျက်လုံးနဲ့ကိုယ်တိုင် လေ့လာကြည့်ရှုရမှာဖြစ်ပါတယ်”
“ဒီတော့ သူတို့ဆီမှာ ဘာဖြစ်နေတာလဲဆိုတာကို ကြည့်ပေးလို့ရမလား?”
ရှုဖူတစ်ယောက် ရင်ဘတ်ရှေ့တွင် လက်တစ်ဖက်ကာထားခဲ့ပြီး သူ၏ လက်ကြားထဲတွင် နံ့သာဖြူ ပုတီးကုံးအား ကိုင်ထားကာ တစ်စုံတစ်ရာ ရေရွတ်နေရင်း အကူအညီတောင်းသူနှစ်ဦးဆီသို့ ကြည့်လိုက်သည်။
သူ အနည်းငယ် ဆောက်တည်ရာမရ ဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူသည်ကား အမှန်တကယ် စိတ်တန်ခိုးပညာရှင်မဟုတ်သောကြောင့်ပင်။
သူ့အနေဖြင့် ဝိဉာဉ်များအား မြင်နိုင်သည်မှာ အမှန်ဖြစ်သော်ငြား ရံဖန်ရံခါသာ ဖြစ်ချေသည်။ တစ်ခါတလေတွင် ရှုဖူကိုယ်တိုင်တောင်မှ သူသည် အမှန်တကယ် မြင်နိုင်သည်လား၊ မျက်စိမှားနေသည်လားကိုပင် မသဲကွဲပါချေ။
သူ ဗေဒင်ဆရာတစ်ဦးထံသို့ သွားမေးခဲ့စဉ်တုန်းက ထိုဗေဒင်ဆရာက သူ့ထံတွင် အလင်းဇာတာ ရှိသောကြောင့် ရံဖန်ရံခါ လူမဟုတ်သည့် အရာများနှင့် ကြုံတွေ့နိုင်ကြောင်းနှင့် ထိုအရာများကို မြင်ရနိုင်ကြောင်းသာ ပြောခဲ့သည်။
သို့သော်လည်း သူ့ကိုယ်သူ စိတ်တန်ခိုးပညာရှင်ဟု ခေါ်ဆိုခြင်းမှာ အဓိပ္ပါယ်မရှိသည့် စကားသာဖြစ်ချေသည်။
ရှု့ဖူသည် အွန်လိုင်းဈေးရောင်းသူ တစ်ဦးသာ ဖြစ်သည်။ ကုမ္ပဏီအကြီးကြီးမဟုတ်သော်ငြား သူသည်ကား ကွေးလွယ်ဆန့်လွယ်နိုင်သည့်သူဖြစ်ကာ ဆက်ဆံရေးကောင်းသည်ကြောင့် စီးပွားရေးအား နယ်ချဲ့နိုင်ခဲ့သည်။
ပထမရာသီနှစ်ခုအတွင်း ‘ဝိဉာဉ်ရေးရာ’၏ ဝက်ဝက်ကွဲအောင်မြင်မှုအား မြင်လိုက်ရပြီးနောက် သူ့အနေဖြင့် သဘာဝလွန်ပစ္စည်းများအား ရောင်းချရန် ဆုံးဖြတ်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့ တတိယရာသီတွင် ပါဝင်ယှဉ်ပြိုင်ကာ သူရောင်းချသည့် ကုန်ပစ္စည်းများအား ယူဆောင်လာပြီး ‘ကျမ်းစာများနှင့် ရတနာများ’ အား ရောင်းချရန် ကြံစည်ခဲ့သည်။
ပရိုဂျူဆာနှင့် ဆက်သွယ်ရေးရှိခဲ့သောကြောင့် သူ့အနေဖြင့် အပိုင်းတိုင်းတွင် အတွင်းရေးအချက်အလက် အနည်းငယ်စီရခဲ့သည်။ ယခု စတုတ္ထအပိုင်းမတိုင်မီထိပင်။
ယခုအချိန်တွင်တော့ ပရိုဂရမ်အဖွဲ့သည် မည်သည့် အချက်အလက်ကိုမှ ချပြမထားခဲ့ပေ။
အကြာကြီး လေ့လာနေသယောင် ဟန်ဆောင်ပြီးနောက်တွင် ရှုဖူမှာ မည်သို့သော ထူးခြားဖြစ်စဉ်၊ မည်သည့်သရဲကိုမှ ရှာမတွေ့ခဲ့ပါချေ။
သို့သော် သူ့ရှေ့တွင် ရှိသော စုံတွဲ၌ တစုံတရာလွဲမှားနေကြောင်းကို ခံစားမိလိုက်သည်။
သူသည်ကား လူများစွာနှင့် နှစ်ပေါင်းများစွာ ဆက်ဆံလာပြီးနောက် ဆင်းရဲသားဘဝမှ လက်ရှိဘဝသို့ ဤမျက်လုံးများနှင့်ပင် တက်လာခဲ့ခြင်းဖြစ်သည်။
တစ်ချက်ကြည့်လိုက်သည်နှင့် သိလိုက်သည်မှာ ထိုစုံတွဲမှ အမျိုးသားသည် ဖော်ပြထားသလောက် တည်ငြိမ်ကာ ယုံကြည်မှုအပြည့်ဖြစ်နေသည် မဟုတ်ကြောင်း တွေ့မြင်ခဲ့သည်။
တင်ဆက်သူနှင့် သူ(ရီုဖူ) တံခါးမှ ဝင်လာသည်နှင့် လူငယ်လေးမှ ဂုဏ်အသရေရှိသော အမူအယာနှင့် ဆိုခဲ့သည်။
“အဆင်ပြေတဲ့နေရာမှာ ထိုင်လို့ရပါတယ်”
သူ၏ အဝတ်အစားများမှာ အကောင်းစားများ ဖြစ်သော်လည်း ထိုတံဆိပ်များနှင့် ထိုစတိုင်ဝတ်စုံများသည် ‘ဂုဏ်အသရေရှိအမျိုးသား’များ ကြိုက်လေ့ရှိသော ပုံစံမဟုတ်ဘဲ ‘ ရင့်ကျက်မှုမရှိသည့် ကောင်လေးများ’ ကြိုက်လေ့ရှိသော အဝတ်အစားများ ဖြစ်ကာ ဆံပင်ကိုတော့ မိန်းကလေးများ သဘောကျကြိုက်နှစ်သက်တတ်သော ရင့်ကျက်သည့်အမျိုးသားတို့၏ စတိုင်ရှိနေခဲ့သည်။
တမူကွဲပြားစွာဖြင့် သူ့ဘေးမှ ဇနီးသည်၏ ဝတ်စားဆင်ယင်ပုံမှာကား သဘာဝကျစွာ လိုက်ဖက်နေပြီး ယခုဗီလာအတွင်းမှ ပြင်ဆင်ပုံများနှင့် လိုက်ဖက်ညီသော စတိုင်မျိုးဖြစ်နေလေ၏။
ထိုအချက်အလက်အား အခြေခံကာ စဉ်းစားလိုက်ပြီးနောက် ရှုဖူ ခန့်မှန်းချက်ချလိုက်သည်။
“မစ္စတာ၊ ကျွန်တော် မစ္စတာရဲ့မျက်နှာကနေ မြင်နေရတာက လက်ရှိအလုပ်အကိုင်မှာ အောင်မြင်နေပေမယ့် အရင်ကတော့ မိသားစုအခြေအနေက သိပ်ပြီးမကောင်းခဲ့ဘူး၊ ကြည့်ရတာ ဆင်းရဲနွမ်းပါးတဲ့ မိသားစုကနေ မွေးဖွားခဲ့တဲ့ပုံပဲ၊
မင်းရဲ့ ကြိုးစားမှုနဲ့ လုံ့လကြောင့် အခုအခြေအနေထိ ရောက်လာပြီး ကျောင်းကောင်းကောင်းမှာ တက်ခွင့်ရတယ်၊ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါ်လာခဲ့တယ်”
“ဒါပေမယ့် ဒီဗီလာရဲ့ ပိုင်ရှင်ကတော့ ဟောဒီ မစ်စ်မာပဲ ဖြစ်ရမယ်”
သူ၏ စကားဆုံးသည်နှင့် လူငယ်လေး၏မျက်နှာပေါ်က အပြုံးမှာ ရပ်တန့်သွားခဲ့တော့သည်။
ရှုဖူ ထိုအမူအယာအား အမိဖမ်းနိုင်ခဲ့ သူ၏ ခန့်မှန်းချက်များ မှန်ကန်ကြောင်း သိလိုက်သည်။
အမျိုးသားတစ်ယောက်အနေဖြင့် သူတို့တွင် ပို၍ လိုအပ်ချက်ရှိနေလေ၊ ထိုအကြောင်းအား ပို၍ဂရုစိုက်လေလေဖြစ်သည်။
မျိုးရိုးနာမည်လီဖြင့် လူငယ်လေးမှာ ပရိတ်သတ်ရှေ့တွင် သူ၏ ချမ်းသာကြွယ်ဝမှုနှင့် ဘဝ၏ အောင်မြင်မှုများအား ပြချင်ခဲ့သည်။ ထိုအချက်များမှာ သူ၏ ဂုဏ်ဒြပ်များအား ထင်ပေါ်စေသည်မလား။
ရှောင်မာသည်လည်း ရုတ်တရက် ကြက်သေ,သေသွားကာ အမျိုးသားဖြစ်သူ၏ အမူအယာကို ကြည့်ပြီးနောက် အဆောတလျင်ပြောလိုက်သည်။
“တောက်ကျန့်ပြောတာ မှန်ပါတယ်၊ အမျိုးသားရဲ့ မိသားစုက သာမန်မိသားစုကပါ၊ အဲဒါကလည်း သူ ငယ်ငယ်တုန်းက သူ့ရဲ့မိဘနှစ်ပါးလုံး ဆုံးပါးသွားလို့လေ၊ ဒါကြောင့် သူ့ရဲ့ နေထိုင်စရိတ်ရော၊ ကျူရှင်လခတွေကိုပါ သူကိုယ်တိုင်ရှာခဲ့ရတာ၊
ဒါတောင်မှ သူက နာမည်ကြီး တက္ကသိုလ်မှာ ဝင်ခွင့်ရတယ်၊
နောက်ဆုံးနှစ် ဘွဲ့မရခင်ကမှ ကျွန်မတို့ မိသားစုက ချမ်းသာကြွယ်ဝမှန်းကို သူ သိသွားခဲ့တာ၊
အဲဒီအချိန်မှာ သူ ငယ်ငယ်လေးကတည်းက ငွေကြေးစီမံမှုတွေနှင့် စုဆောင်းထားတာတွေကြောင့် သူ့ရဲ့ ပထမဆုံးကိုယ်ပိုင်ငွေနဲ့ အိမ်ဝယ်နိုင်ခဲ့တယ်လေ”
“သူက ကျွန်မကို ကောင်းမွန်ပျော်ရွှင်စရာမိသားစုတစ်ခုဖြစ်နိုင်ဖို့ အရာအားလုံးကို ပေးမယ်လို့ အမြဲတမ်းပြောတတ်တယ်၊ ဒါကြောင့်ပဲ သူက အလုပ်ကို အရမ်း ကြိုးစားရုန်းကန်နေခဲ့တာ၊
ကျွန်မကတော့ မိသားစုနောက်ခံက လူတစ်ယောက်ကို အကဲဖြတ်ဖို့အတွက် အရေးမပါဘူးလို့ ထင်တယ်၊ သူက စိတ်အားထက်သန်လား၊ လုပ်နိုင်စွမ်းရှိလား၊ တာဝန်ယူမှု၊တာဝန်ခံမှုရှိလားဆိုတာက အရေးအကြီးဆုံးလို့ ထင်ပါတယ်”
ရှောင်လီ၏ အမူအယာမှာ ခေတ္တမျှသာ တုံ့ဆိုင်းသွားပြီးနောက် ဇနီးဖြစ်သူပြောစကားကြောင့် သူသည်လည်း နူးညံ့စွာပြုံးလိုက်သည်။
“အဲဒီအတိုင်းပါပဲ၊ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ တစ်သက်လုံးကို သူမနဲ့ အတူဖြတ်သန်းချင်မိတယ်၊ ဒါကြောင့် သူမကို အမြဲလုံခြုံနေစေဖို့ကို ကြိုးစားခဲ့တာ၊
ဒါပေမယ့် သူတို့ မိသားစုက အရမ်းချမ်းသာလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး၊ ဒီဗီလာက ကျွန်တော့်ရဲ့ယောက္ခထီးက အမျိုးသမီးဆီကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးခဲ့တာပါ၊ ကျွန်တော် ဒါကို ပြောပြရလို့လည်း မရှက်ပါဘူး”
“ဒါပေမယ့် လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ကြည့်တာက ဒီနေ့ပြိုင်ပွဲရဲ့ အဓိက လုပ်ဆောင်ချက်မဟုတ်ဘူးလေ၊ တောက်ကျန့် အခြားအရာတွေရော ပြောပြလို့ရမလား?”
[အာ.. အမျိုးသားစင်ဒရဲလားနဲ့ ပိုင်ဖူမေ့တို့ရဲ့ အချစ်ဇာတ်လမ်းပဲ၊ ငါတော့ ဒီခွေးစာက နည်းနည်း ထူးဆန်းလာသလိုထင်မိနေပြီ၊ ငါ အတွေးလွန်နေတာပဲဖြစ်လောက်မလား...]
[အားလုံးပဲ အရင်ဆုံး မဝေဖန်ကြနဲ့ဦး ၊ ဇနီးသည်က ဘာပြောလဲဆိုတာတောင် မကြားလိုက်ဘူးလား၊ ပြောသွားတဲ့အတိုင်းဆိုရင် သူမက သူမရဲ့ယောကျ်ားကို သူတို့ တက္ကသိုလ်မှာ တွဲနေတုန်းက ပိုက်ဆံရှိတာကို ပြောမထားခဲ့ဘူး၊ နောက်ပြီး သူမရဲ့ ခင်ပွန်းသည်ကလည်း တက္ကသိုလ်တက်နေရင်းတောင် အိမ်ဝယ်နိုင်တယ်ဆိုရင် မထိုက်တန်စရာအကြောင်း ရှိလို့လား?]
ရှု့ဖူ မျက်မှောင်ကြုတ်ကာ လက်ချောင်းများနှင့် ရေတွက်ချင်ယောင်ဆောင်နေသည်။ အတန်ကြာမှ သက်ပြင်းချလိုက်ကာ:
“ကျွန်တော်လည်း မင်းတို့ မိသားစုမှာ လတ်တလော ဖြစ်နေတဲ့ ပြဿနာလောက်ပဲ ဖော်နိုင်တယ်၊ ကံဆိုးနေတာပဲ၊ ဒီဗီလာရဲ့ ဖုန်းရွှေကလည်း နည်းနည်းတော့ ထူးဆန်းနေတယ်၊ ဒါပေမယ့် အဲ့တာတွေက ကျွန်တော် ကျွမ်းကျင်တဲ့ ကိစ္စရပ်တွေ မဟုတ်တာကြောင့် တောင်းပန်ပါတယ်”
ရှု့ဖူ ထွက်သွားပြီးနောက် တင်ဆက်သူလျို့က ရှုဖူကို မည်သို့ ထင်ကြောင်း စုံတွဲအား မေးလိုက်သည်။
ရှောင်မာက မျက်မှောင်ကြုတ်လျက် ပြောလာလေ၏။
“ကျွန်မကတော့ လက်ရှိကိစ္စနှင့် ပတ်သတ်ပြီး ဘာကိုမှ မသိလိုက်ရသလိုပဲ”
ထို့နောက် ပြိုင်ပွဲဝင် နံပါတ် (၃) ဘုန်းကြီးအိုနှင့် ပြိုင်ပွဲဝင် နံပါတ် (၁၀) ရှီဟိုင်ဟုန်၊ ပြိုင်ပွဲဝင် နံပါတ် (၆) ဒေစီတို့ကလည်း သူတို့ခန္ဓာကိုယ်တွင် မည်သည်မှ ထူးခြားမှု မရှိကြောင်း ဆိုခဲ့သည်။
သူတို့သဘောတူခဲ့သည်မှာ လူငယ်စုံတွဲသည် မကောင်းဆိုးဝါးနှင့် ကြုံခဲ့ခြင်းမရှိကြောင်း၊ သူတို့အနီးတွင် မကောင်းသော စွမ်းအင်များ မရှိကြောင်းပင်ဖြစ်သည်။
ဒေစီ၏ အလှည့်တွင် သူမက ဤသို့ပြောခဲ့သည်။
“မင်းအပေါ်မှာ အမှောင်စွမ်းအင် မရှိပါဘူး၊ ဒါပေမယ့် ထူးဆန်းတဲ့ စက်ကွင်းတစ်ခုတော့ရှိနေတယ်၊ ဒါပေမယ့် ငါမြင်နေရတာက စိတ်ပူမှု၊ ပူပန်ကြောင့်ကြမှုနဲ့ ကြောက်ရွံ့မှုတွေကို မင်းတို့ရဲ့ မျက်လုံးထဲမှာ မြင်နေရတယ်၊ ပြီးတော့ သွေးလည်း ရှိနေသလိုပဲ၊ ဘာတွေကို ကြောက်နေတာလဲ? မင်းတို့မိသားစုအတွက် ဘာတွေကို စိုးရွံ့နေတာလဲ?”
“သိပ်ပြီး မကြောက်ပါနဲ့၊ ငါ Zamberto ကို မင်းတို့ကို ကာကွယ်ပေးဖို့ ပြောပေးပါမယ်”
သူမ လိုချင်သည့် အချက်အလက်ကို မသိရသော်လည်း ရှောင်မာ ဒေစီ၏ စကားအား ထောက်ခံလိုက်သည်။
“ကျွန်မ စိတ်မသက်မသာဖြစ်နေတာ အမှန်ပဲ၊ ဒါပေမယ့် ပရိုဂရမ်အဖွဲ့ရဲ့ တောင်းဆိုချက်အရ အကြောင်းအရာကိုတော့ ပြောပြလို့မရဘူး၊ ဘာပဲဖြစ်ဖြစ် ရှင့်ရဲ့ နွေးထွေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ကြည့်ရှုနေသူ ပရိသတ်များမှာ အနည်းငယ်စိတ်ပျက်စပြုလာကြသည်။ အချို့ကတော့ ပြိုင်ပွဲဝင်တော်တော်များများ ပြဿနာကို ရှာမတွေ့နိုင်သည်မှာ ထိုလူငယ်စုံတွဲအနေဖြင့် မည်သို့သော သဘာဝလွန်ဖြစ်စဉ်ကိုမှ မကြုံခဲ့ရဘဲ စိတ်စွဲနေခြင်းကြောင့် ဖြစ်ရသည်ဟု ထင်မြင်လာခဲ့ကြသည်။
ထိုအချိန်တွင် တင်ဆက်သူလျို့မှ ပြေညာလာခဲ့သည်။
“နောက်ထပ် ပြိုင်ပွဲဝင်ကတော့ ပြိုင်ပွဲဝင် နံပါတ် (၉) ဟဲမီတူဖြစ်ပါတယ်”
ဟဲမီတူ စင်ပေါ်သို့ တက်လာပြီးနောက် ကင်မရာအား ပြုံးပြလိုက်သည်။
“အားလုံးပဲ မင်္ဂလာပါ၊ မတွေ့ရတာ ကြာပြီ”
သူသည်ကား အသက် ၂၀၊ ၃၀ ခန့်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး သူ၏မျက်လုံးများမှာ အနည်းငယ်ရှည်လျားသွယ်စင်းနေသည်။ သူက ရွှေအိုရောင် ထိုင်းဝတ်စုံကို ဝတ်ဆင်ထားကာ ပုခုံးထောက်အရှည်ရှိသည့် ဆံပင်အား အဖျားနားတွင် ကျစ်ဆံမြီးကျစ်ထားသည်။
ဤအစီအစဉ်တွင် မပါဝင်သေးခင်ကတည်းက ဤသူမှာ အင်တာနက်ပေါ်တွင် သူ၏ ချောမောသည့် အသွင်အပြင်နှင့် လျို့ဝှက်သော ပုံစံတို့ကြောင့် ပရိတ်သတ်အခိုင်အမာရှိသူတစ်ဦးဖြစ်သည်။
သူ့အား နှစ်သက်ကြသူများကတော့ တိုက်ရိုက်ထုတ်လွှင့်မှုခန်း၏ မှတ်ချက်ဧရိယာများတွင် ပရိုဂရမ်အဖွဲ့မှ ဟဲမီတူအား ရိုက်ကူးသည့်အချိန် နည်းလွန်းသည်ဟု မကျေမချမ်း ပြောလေ့ရှိကြသည်။
သူ တံခါးမှ ဝင်လာသည်နှင့် ရှောင်မာဆီသို့ စူးစိုက့ ကြည့်လာခဲ့သည်။
သူ၏ မျက်လုံးအကြည့်များက အမျိုးသမီး၏ ဝမ်းဗိုက်သို့ တဖြည်းဖြည်းရွေ့သွားခဲ့လေ၏။
ထိုအချိန်တွင် ရှောင်မာတစ်ယောက် ဝမ်းဗိုက်အတွင်း အေးစိမ့်စိမ့်ခံစားလိုက်ရကာ ဖောက်ထွင်းအကြည့်ခံလိုက်ရသကဲ့သို့လည်း ခံစားလိုက်မိသည်။ သူမ အနည်းငယ်ထိတ်လန့်သွားခဲ့ရပြီး ခင်ပွန်းသည်၏ လက်အား ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်လိုက်ကာ သူမ၏ ဝမ်းဗိုက်အား လက်နှင့် ဖုံးကွယ်လိုက်မိသည်။
ချက်ချင်းပင် တစ်ဖက်မှမိန်းကလေးဆန်သော တောက်ကျန့်ပညာရှင်လေးမှ ပြောလာခဲ့သည်။
“ဒီကျဲကျဲကို ဂုဏ်ပြုပါတယ်”
တင်ဆက်သူလျို့ အံ့ဩစွာ ဝင်မေးလိုက်သည်။
“ဘာကို ဂုဏ်ပြုချင်တာများလဲ?”
“ဒီကျဲကျဲက ကိုယ်ဝန်ရှိနေပြီ၊ သူမရဲ့ခန္ဓာကိုယ်အတွင်းမှာ စွမ်းအင်အစိုင်အခဲတစ်ခု မွေးဖွားစပြုနေတာကို ကျွန်တော် ခံစားလို့ရနေတယ်၊ အဲဒါက ဒီမိသားစုမှာ နောက်ထပ် မိသားစုဝင်အသစ်တိုးတော့မယ်ဆိုတဲ့ သဘောပဲ”
“ မစ်စ်မာ ၊ ဒါက ဟုတ်ပါသလား? ကျွန်တော်တို့ ပရိုဂရမ်အဖွဲ့ကို အရင်တုန်းက ဘာမှမပြောထားတော့ ကျွန်တော်တို့လည်း ဘာကိုမှ မသိထားခဲ့ရဘူး”
ရှောင်မာ ရုတ်တရက် ထိတ်လန့်သွားရာမှ ပြန်လည် သက်သာလာပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“ကျွန်မ တကယ် ကိုယ်ဝန်ရှိနေတာပါ၊ ကလေးက နှစ်လရှိနေပြီ၊ ဒါပေမယ့် ဒါကို ကျွန်မလည်း မနေ့ကမှ သိရတာပါ၊ ပရိုဂရမ်အဖွဲ့ကို ဆက်သွယ်ခဲ့တဲ့ အချိန်တုန်းက ကျွန်မတို့လည်း မသိသေးပါဘူး”
သူမ၏ ခန္ဓာကိုယ်တွင် မည်သို့ မသက်မသာဖြစ်ခြင်း၊ နေမကောင်းခြင်းများကိုမှ မခံစားခဲ့ရပေ။
ငယ်ရွယ်သည့် အရွယ်ကောင်းဖြစ်သည်ကြောင့် သူမ နှစ်အနည်းငယ်ခန့် အလုပ်တွင် သေသေချာချာနစ်မြှုပ်ထားချင်ခဲ့သည်။
ကလေးတစ်ယောက် ရှိလာလျှင် အလုပ်လုပ်ရန် အဆင်မပြေနိုင်တော့ပေ။ ထိုကလေးငယ်အား ပြုစုပျိုးထောင်ရန်မှာလည်း နှစ်နှစ်၊ သုံးနှစ်ခန့် အချိန်ပေးရလိမ့်မည်ဖြစ်သည်။
သူတို့ လက်ထပ်ပြီးချိန်တွင်လည်း နောက်ကျမှသာလျှင် ကလေးယူကြရန် ခင်ပွန်းသည်နှင့် သဘောတူထားပြီးဖြစ်သောကြောင့် သူတို့ အမြဲတမ်း ကြိုတင်ကာကွယ်ခဲ့ကြသည်။
ယခုလတွင် သူမ၏ လစဉ်ဓမ္မတာသည် လဝက်ခန့် နောက်ကျနေခဲ့သော်လည်း ယခင်ကလည်း အချိန်မမှန်ဖြစ်ခဲ့ဖူးသောကြောင့် သူမ၏ စိတ်ထဲတွင် သိပ်ပြီးအလေးမထားခဲ့ပေ။
မမျှော်လင့်ထားစွာနှင့် ယခင်အပတ်က သူမ ဆီများသော အစားအစာ တစ်ခု စားမိလိုက်ပြီးနောက် ချက်ချင်း ပျို့အန်ချင်စိတ်ပေါ်လာခဲ့သည်။
ထို့ကြောင့် သူမ စိတ်ထဲတွင် မသင်္ကာဖြစ်လာရသည့်အတွက် ဆေးရုံသို့သွားကာ ကိုယ်ဝန်ရှိ၊မရှိ စစ်ဆေးမှု ခံယူခဲ့သည်။
ကလေးငယ်၏ ရောက်ရှိလာမှုမှာ ရုတ်ချည်းဖြစ်လွန်းခဲ့ပြီး သူမ၏ လက်ထဲတွင်လည်း အလွန် အရေးကြီးသော ပရောဂျက်ကြီးတစ်ခုရှိနေခဲ့သည်။
ထို ပရောဂျက်မှာ လောလောလတ်လတ် ဖြေရှင်းကိုင်တွယ်ရမည့် ပရောဂျက်ဖြစ်၍ သူမအနေဖြင့် ညဘက်တွင်လည်း နောက်ကျသည်အထိအလုပာလုပာရန်လိုအပ်ပြီး ပြည်နယ်မျာ့ကိုဖြတ်သန်းကာ ခရီးရှည်ထွက်၍ ညှိနှိုင်းမှုများလည်း လုပ်ဆောင်ရန်လိုအပ်နေခဲ့သည်။
ရှောင်မာတစ်ယောက် အလုပ်ဆက်လုပ်ရမည်လော၊ နားလိုက်ရမည်လောကို ဝေခွဲမရဖြစ်နေခဲ့ရသည်။