← Chapters

အရှုံးကိုလက်ခံလိုက်ပါ

Vol. 16 Ch. 151

အရှုံးကိုလက်ခံလိုက်ပါ

Vol. 16 Ch. 151

ပြိုင်ပွဲကား ပြီးဆုံးသွားခဲ့လေပြီ။ ပြိုင်ပွဲဝင်များမှာလည်း ပြိုင်ပွဲ၏ ရလဒ်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လက်သင့်ခံလိုက်ရတော့မည်သာ။

ပြိုင်ပွဲဝင်များသည် အလင်းမျက်နှာပြင်တွင် ဖော်ပြထားသော အဆင့်နှင့် ရမှတ်များကို ငေးမောကြည့်ရှု နေကြ၏။ သူတို့အားလုံး၏ ရင်ထဲတွင်ကား အမည်မဖော်နိုင်သော ခံစားချက်များ ကိုယ်စီ ပေါ်ပေါက်နေကြရှာသည်။ တချို့မှာ ပျော်နေ၏။ တချို့မှာ ဝမ်းနည်းနေ၏။ တချို့မှာ စိတ်ဓာတ်ကျနေ၏။ တချို့မှာ ဒေါသထွက်နေကြ၏။ မည်မျှပင် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေကြစေကာမူ နောက်ဆုံးတွင် သူတို့အားလုံးသည် ကွင်းပြင်ကြီးကို ကျောခိုင်း၍ မိမိတို့၏ နေရာဌာနအသီးသီးဆီသို့ အလျှိုလျှို ပြန်နှင့်ကြလေသည်။

နဂါးကျောင်းတော်တွင် ပြန်လည်ဆုံတွေ့ရန် ချိန်းဆိုပြီးနောက် စုချန်းသည် ချင်းလင်အာနှင့် ဝမ်တောက်ရှန်းတို့အား နှုတ်ဆက်လိုက်၏။ ကျန်သောပြိုင်ပွဲဝင်များနှင့် မတူသည်မှာကား စုချန်းသည် သူ၏ မိသားစုရှိရာသို့ ပြန်ရမည့်အစား ပြိုင်ပွဲထွက်ပေါက်ဆီသို့ တိုက်ရိုက်ပင် လမ်းလျှောက်သွားခဲ့ခြင်း ဖြစ်သည်။

အမှန်တော့ စုချန်းအတွက် စုမျိုးနွယ်စုဟူသည် အတိတ်ကာလမှ ပတ်သက်မှု တစ်ခုထက် မပိုတော့။ ထို့ပြင် သူသည် ပြိုင်ပွဲကို စုမျိုးနွယ်၏ အမည်နာမအောက်တွင် ဝင်ရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် ၎င်းတို့ကို များစွာ မျက်နှာသာ ပေးခဲ့ပြီးဖြစ်သည်။ တခြားမျိုးနွယ်စုများ၏ ချီးကျူးဂုဏ်ပြုမှုကို စုမျိုးနွယ်စုနှင့်အတူ ရပ်တည်ခံယူရန်မှာကား များစွာ နောက်ကျ သွားခဲ့လေပြီ။ ထိုအခြေအနေမျိုးသည် မည်သည့်အခါမျှ ဖြစ်လာတော့မည် မဟုတ်။

စုချန်းချဲ့နှင့် တခြားလူများသည် စုချန်းကို အာရုံစိုက်လျက်ရှိလေရာ သူတို့အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် မမှတ်ဘဲ နယ်မြေ ထွက်ပေါက်ဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားနေသော စုချန်း၏ အပြုအမူကို ကောင်းစွာ မြင်တွေ့လိုက်ကြသည်။

“ဟင်း နည်းနည်းလေးမှ ကျေးဇူးမသိတတ်တဲ့ကောင်”

စုချန်းက တစ်သက်လုံး ကျေးဇူးပြုလာသည့် အမူအရာမျိုးနှင့် စုချန်းချိန်းက ပြောလိုက်သည်။ ထိုအခါ မျိုးနွယ်စုခေါင်းဆောင် စုချန်းချဲ့က အသံတိုးတိုးနှင့် ပြောလိုက်သည်။

“သူဟာ ငါတို့ဆီပြန်လာဖို့ ငြင်းဆန်နေတုန်းပဲ ဖေးဟူ မင်းအနေနဲ့ သူ့ကို ပြန်ခေါ်ဖို့ ကြိုးစားကြည့်ပါလား မင်းဆိုရင်တော့ သူ နည်းနည်းပါးပါး မျက်နှာသာ ပေးလောက်တယ်”

စုဖေးဟူက ရယ်မောလိုက်၏။

“သူ မျက်နှာသာပေးရင် ပေးမှာပေါ့ ဒီတော့ ဘာဖြစ်သလဲ”

စုဖေးဟူ၏ စကားကို ကြားလိုက်ရသောအခါ လူတိုင်းလိုလိုသည် မှင်တက်သွား၏။

“နောက်ဆုံးမှာတော့ ငါတို့ဟာ မျိုးနွယ်စု တစ်ခုတည်းကပဲ ဒီတော့ အချင်းချင်း ဘာကြောင့် သွေးကွဲနေမလဲ”

ထိုအခါ စုဖေးဟူက ပြောလိုက်၏။

“အဲဒီစကားကို ပြိုင်ပွဲမစခင်ကတည်းက စုချန်းကို အဖေ ပြောခဲ့သင့်တယ် သူဟာ အဖေ့ရဲ့ အကူအညီကို အများကြီး လိုအပ်ခဲ့ရှာတယ် ဒါပေမဲ့ သူလိုအပ်တဲ့ အချိန်တိုင်းမှာ အဖေဟာ သူ့ဘေးနားမှာ ဘယ်တော့မှ ရှိမနေခဲ့ဘူး”

“ငါ ... ”

စုချန်းချဲ့က တစ်စုံတစ်ရာကို ပြန်ပြောမည်ကဲ့သို့ ဟန်ပြင်လိုက်သည်။ သို့သော် အံ့သြစရာ ကောင်းလောက်အောင်ပင် မည်သည့်စကားကိုမျှ ပြောမထွက်ပဲ ဖြစ်နေရှာ၏။ ထိုအခါ စုဖေးဟူက စကားဆက်ပြန်သည်။

“လောကကြီးမှာ စက်ဆုပ်ရွံရှာစရာ အကောင်းဆုံး လူနှစ်မျိုးရှိတယ် အဖေ ... ပထမတစ်မျိုးကတော့ အကူအညီ အရမ်းလိုအပ်နေတဲ့ အချိန်မှာ အဖေ့ကို တစ်ယောက်တည်း ထားပစ်ခဲ့တတ်တဲ့ လူစားမျိုးတွေပဲ ဒုတိယ လူမျိုးတွေကတော့ အဖေ အောင်မြင်နေတဲ့ အချိန်ကျမှ အနားကို ပြန်ကပ်လာတတ်တဲ့ လူစားမျိုးတွေပဲ စုမျိုးနွယ်စုဟာ ပထမ လူစားမျိုးထဲမှာ ပါနေခဲ့ပြီးပါပြီ အဖေ ဘာကြောင့် ဒုတိယလူစားမျိုး ဆက်အဖြစ်ခံမလဲ ခေါ်မနေပါနဲ့ သူ့ဖာသာသူ သွားပါစေတော့ဗျာ”

စုဖေးဟူ၏ စကားကို ကြားသောအခါ စုမျိုးနွယ်စုဝင်များသည် ပြင်းထန်စွာ ဒေါသထွက်ကုန်ကြ၏။ သို့သော် စုချန်းချဲ့ကား အနည်းငယ်မျှ စိတ်ဆိုးဒေါသထွက်ဟန် မရှိဘဲ သားဖြစ်သူကို ပြန်လည် မေးမြန်းလိုက်သည်။

“ဖေးဟူ မင်းပြောနေတာ ငါတို့ကသာ သူ့ကို ပြန်ပြီး အခွင့်အရေးပေးဖို့ ကြိုးစားခဲ့ရင် သူက ငါတို့ကို ပိုပြီး စိတ်ဆိုးသွားဖို့သာ ရှိတယ်လို့ မင်းက ပြောချင်နေတာလား”

“မှန်ပါတယ်အဖေ”

စုဖေးဟူက ပြန်ဖြေလိုက်သည်။

“ဒီတော့ ကျုပ်တို့က သူ့ကို သွားခွင့်ပေးလိုက်ပြီး နောက်ပိုင်းကျမှသာ တဖြည်းဖြည်းနဲ့ ပြန်သိမ်းသွင်းဖို့ ကြိုးစားရမယ် ဆိုပါတော့”

တချို့က အထက်ပါသုံးသပ်ချက်ကို သဘောမကျဟန်ဖြင့် ဝင်ရောက် မေးမြန်းလိုက်သည်။

“ဒါဟာ သူ့ရဲ့လေးစားမှုကို ပြန်လည်ရရှိဖို့ အကောင်းဆုံး နည်းလမ်းပဲဗျ မဟုတ်လို့ကတော့ သူ့အနေနဲ့ စုမျိုးနွယ်စုကို ခုထက်ပိုပြီး အထင်သေးသွားဖို့သာ ရှိနေတော့တာပဲ”

စုဖေးဟူက အေးတိအေးစက် လေသံနှင့် ပြောလိုက်သည်။

ထိုအချိန်တွင် စုချန်းသည် ပြိုင်ပွဲနယ်မြေမှ ထွက်ခွာလာခဲ့ပြီး တောင်အောက်သို့ ဖြည်းညင်းစွာ ဆင်းလာခဲ့၏။ ထိုအခိုက်မှာပင် လူနှစ်ဦး ဝုန်းခနဲ ပြေးဝင်လာပြီး စုချန်းကို ညှပ်ပူးညှပ်ပိတ် ဝန်းရံထားလိုက်၏။ ထိုအထဲမှ တစ်ဦးက စုချန်းကို အနောက်မှနေ၍ ချုပ်ကိုင်ပြီး မလှုပ်ရှားနိုင်စေရန် ထိန်းချုပ်ထားလိုက်၏။ ၎င်းတို့၏ ကိုယ်ခန္ဓာမှ ထွက်ပေါ်နေသော အငွေ့အသက်များအရ ထိုလူနှစ်ဦး၏ အဆင့်အတန်းသည် အနည်းဆုံး သွေးဆူပွက်ခြင်း နယ်ပယ်တွင် ရှိနေကြောင်း စုချန်းက သဘောပေါက်လိုက်သည်။ သူတို့နှင့် မလှမ်းမကမ်းတွင်လည်း လူတချို့က အကွက်ကျကျ ပိတ်ဆို့ထားလေရာ စုချန်းအနေနှင့် ထွက်ပြေးနိုင်စရာ လမ်းမရှိတော့။ ထိုအခိုက်မှာပင် တစ်ယောက်က ပြောလိုက်သည်။

“ငြိမ်ငြိမ်လေးနေပြီး ကျုပ်တို့နဲ့ လိုက်ခဲ့စမ်း”

စုချန်းက ညင်သာစွာ ပြုံးလိုက်သည်။

“စိတ်ကိုလျှော့စမ်းပါ ကျုပ်မအော်ပါဘူး”

စုချန်းကို နောက်မှ ချုပ်ထားသောလူက အံ့သြသင့်သွားဟန် ပေါ်သည်။ သူက မေးလိုက်၏။

“သခင်လေးစုက ကျုပ်တို့လာမယ်မှန်း ကြိုသိနေဟန်ပေါ်တယ်”

စုချန်းက သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ထိုလူစုနှင့်အတူ လိုက်ပါ သွားတော့သည်။

“တကယ်လို့ ကျုပ်မလိုက်ဘူး ဆိုရင်လည်း ခင်ဗျားတို့ လက်လျှော့မှာ မဟုတ်ဘူးမလား ကဲ ပြောစမ်းပါဦး အကြီးအကဲစန်း ဘယ်မှာလဲ”

“ ... ”

ရေနွေးတအိုး ကျက်ခန့်အကြာတွင်ကား တောင်ထိပ်ရှိ အမြင့်ဆုံး သစ်ပင်ကြီး၏ အောက်ဝယ် လက်ဖက်ရည် ထိုင်သောက်နေသော အကြီးအကဲစန်းအား စုချန်း တွေ့ရှိလိုက်ရသည်။ သူ့ဘေးနားတွင် မတ်တတ်ရပ် နေသူများမှာကား ညတစ္ဆေ၊ ချိန်းဖေးနှင့် တခြားလူများ ဖြစ်ကြသည်။ စုချန်း၏ အေးဆေး တည်ငြိမ်လှသော အမူအရာကို မြင်တွေ့ရသောအခါ အကြီးအကဲစန်းက သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီတစ်ခါလည်း ကျုပ်တို့အစီအစဉ် သဲထဲရေသွန် ဖြစ်သွားပြီနဲ့တူတယ်”

“ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်သေးတယ် ဆိုတော့ မဆိုးဘူးပေါ့ဗျာ”

စုချန်းက ပြုံးစိစိနှင့် ပြောလိုက်သည်။

“ကဲ ထုံးစံအတိုင်းပေါ့ကွာ”

ပြောပြောဆိုဆို အကြီးအကဲစန်းက လက်ကို ဝှေ့ယမ်းပြလိုက်ရာ လူနှစ်ယောက် ရှေ့သို့တိုးလာပြီး စုချန်းထံမှ လေဟာနယ် လက်စွပ်များနှင့် မူလစွမ်းအင် ချပ်ပြားများကို ဆွဲထုတ်လိုက်ကြသည်။ အကြီးအကဲစန်းက မူလစွမ်းအင်ချပ်ပြား အတွင်း လှမ်းကြည့်လိုက်ရာ ဆာ့ခ် စွမ်းအင်အရင်းအမြစ် လေးတုံးကို တွေ့ရှိလိုက်သည်။ တဖန် သူက လေဟာနယ်လက်စွပ်များကို ရှာဖွေလိုက်ရာ မည်သည့် အလောင်းကောင် ပန်းပင်မျှပင် မတွေ့ရ။ သို့သော် အကြီးအကဲစန်း၏ အမူအရာမှာကား အနည်းငယ်မျှပင် အံ့သြဟန်မရှိပေ။

ထိုအခါ သူက စုချန်း၏ မျက်နှာကို စေ့စေ့စပ်စပ် စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်းအနေနဲ့ အစောကြီးကတည်းက ပြင်ဆင်ထားခဲ့ပြီးသားပေါ့လေ”

စုချန်းက ပခုံးနှစ်ဖက်ကို တွန့်ပြလိုက်သည်။

“ဒါဘာမှ အံ့သြစရာ မရှိပါဘူးဗျာ ခင်ဗျား ဒီလိုလုပ်လိမ့်မယ် ဆိုတာ ကျုပ်တွေးထားပြီးသားပါ ဘာကြောင့်လည်း ဆိုတော့ ဒီလိုမှမလုပ်ရင်လည်း ခင်ဗျားမှာ နောက်ထပ် အခွင့်အရေးမှ မရှိတော့တာကိုး”

အမှန်တော့ ရှင်သန်ခြင်း ကျောင်းတော်ဟူသည် တရားမဝင် အကြမ်းဖက် အဖွဲ့အစည်းပီပီ ဗီဇမပျောက်သေးဟုသာ ဆိုရတော့မည်။ သူတို့သည် စုချန်းနှင့် သူတို့အကြား ကနဦး ဆွေးနွေးခဲ့သည်များကို သဘောတူညီဟန် ပြုခဲ့သော်လည်း ပို၍ ရှင်းလင်း လွယ်ကူသော အစီအစဉ် တစ်ရပ်ကို ပြင်ဆင်ထားခဲ့၏။ ၎င်းမှာ စုချန်းတယောက် ပြိုင်ပွဲမှ ပြန်လည် ထွက်ခွာလာသည်နှင့် အတင်းအကျပ် ဖမ်းချုပ်ပြီး ပါလာမျှ ပစ္စည်းများအား တစ်ခါတည်း သိမ်းယူလိုက်ရန် ဖြစ်သည်။

သူတို့ယူဆ ထားသည်မှာ စုချန်းအနေနှင့် ပြိုင်ပွဲမှထွက်ခွာ လာခဲ့ပါက ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်အတွင်း သူတွေ့ရှိခဲ့သမျှ ပစ္စည်းများအား တစ်ပါတည်း ယူဆောင် လာမည်မှာ သေချာပေါက်ပင် ဖြစ်သည်။ သူတို့၏ အကြံအစည်မှာကား စုချန်းကို နှစ်ရှည်လများ လေ့ကျင့်ပေးနေမည့်အစား အလောင်းကောင် ဝိညာဉ်ပန်းများကို ထိုနေရာတွင်ပင် တစ်ခါတည်း သိမ်းပိုက်လိုက်မည် ဟူ၏။ ဤသို့သိမ်းပိုက် လိုက်သော်လည်း သူတို့အနေနှင့် စုချန်းကို ဆက်လက် မလေ့ကျင့်ပေးတော့ဟု ဆိုလိုသည်တော့ မဟုတ်။ ထူးကဲလှသော ပါရမီရှင် လူငယ်တစ်ဦး သူတို့အဖွဲ့အစည်းသို့ ပူးပေါင်း ပါဝင်လာခြင်းမှာ သူတို့အတွက် ကျေနပ်နှစ်သိမ့်စရာပင် ဖြစ်သည်။ သို့သော် ထိုကိစ္စကို သူတို့က ရင်းနှီးမြှုပ်နှံခြင်းဟုသာ သဘောထားလို၏။

စုချန်း၏ ပုံပန်းသွင်ပြင်ကို မြင်လိုက်သည်နှင့် ဤတစ်ကြိမ် အစီအစဉ်သည်လည်း ရစရာမရှိအောင် ပျက်စီးသွားပြီ ဖြစ်ကြောင်း အကြီးအကဲစန်းက သဘောပေါက် ထားပြီးသား ဖြစ်သည်။ အမှန်တကယ်လည်း သူတို့သည် စုချန်း၏ ကိုယ်ပေါ်တွင် အလောင်းကောင် ဝိညာဉ်ပန်း တစ်ပွင့်တလေမျှကိုပင် ရှာမတွေ့ခဲ့ချေ။

“ဒီကောင် ဝိညာဉ်ပန်းတွေကို တစ်နေရာရာမှာ ဖွက်ထားခဲ့ပြီး နောက်တစ်ယောက်ကို ယူသွားခိုင်းတာ ဖြစ်ရမယ် ဒီကောင် သိပ်ယုံရတဲ့ကောင် မဟုတ်ဘူးဗျ”

အာရွန်က ဒေါသတကြီးနှင့် ပြောလိုက်သည်။

“မေးခွန်းကတော့ သူ့ကို ဘယ်သူ ကူညီနေသလဲ ဆိုတာပဲ ပြိုင်ပွဲဝင်ပေါင်း သောင်းနဲ့ချီပြီး ရှိနေတာ အဲဒီကောင်ကို ဘယ်လိုသွားရှာမလဲ ကောက်ရိုးပုံထဲ အပ်လိုက်ရှာသလို ဖြစ်နေပြီ”

ချိန်းဖေးက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

စုချန်း၏ အစီအစဉ်မှာကား ရိုးရှင်းသည်နှင့်အမျှ လက်တွေ့ကျလှသည်။ ရှင်သန်ခြင်း ကျောင်းတော်အနေနှင့် သံမဏိ၊ လီရှုနှင့် တခြားလူများကို မျက်ခြည်မပြတ် စောင့်ကြည့် ထားသော်လည်း ၎င်းတို့ထဲမှ မည်သူမျှ ပြိုင်ပွဲနယ်မြေများ အတွင်းသို့ ဝင်ရောက်ခွင့် ရှိသည်မဟုတ်။ ထို့ကြောင့် သူတို့အနေနှင့် အလောင်းကောင် ဝိညာဉ်ပန်းများ မည်သည့်နေရာတွင် ရှိနေမှန်း သိနိုင်စွမ်း မရှိတော့။ စုချန်း၏ ပူးပေါင်းဆောင်ရွက်မှုသာ မပါလျှင် အလောင်းကောင် ဝိညာဉ်ပန်းများသည် ဤကမ္ဘာလောကကြီးပေါ်မှ ထာဝရ ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။

“ဟဲ ဟဲ ကြည့်ရတာ ဒီတစ်ခါလည်း သခင်လေးစု အနိုင်ရသွားပြန်ပြီနဲ့ တူတယ်”

အကြီးအကဲစန်းက မချိသွားဖြဲနှင့်် ရယ်ပြရင်း ပြောလိုက်၏။ ထို့နောက်တွင်ကား စုချန်းကို ဦးတည်နေသည့် ရန်လိုမှုများ အားလုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ အကြီးအကဲစန်းက လက်တဖက်ကို ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ စုချန်းကို ချုပ်ကိုင်ထားသော လူက သူ့လက်များကို ဖြေလျော့ပေးလိုက်၏။ ထို့နောက် အကြီးအကဲစန်းက စုချန်းကို မျက်နှာချို သွေးလိုက်သည်။

“ဟဲ ဟဲ ဟဲ ဒီလို ကတောက်ကဆ ဖြစ်ရပ်လေးနဲ့ သခင်လေးစု စိတ်မကွက်ဖို့ မျှော်လင့်ပါတယ် ကျုပ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို အရင်အတိုင်းပဲ ဆက်သွားကြတာပေါ့”

စုချန်းက လှောင်ပြောင်သော အသံဖြင့် ရယ်မောရင်း ပြောလိုက်သည်။

“ကျုပ်အနေနဲ့ စိတ်တော့ မကွက်ပါဘူးဗျာ ဒါပေမဲ့ ခင်ဗျားတို့ အဖွဲ့အစည်းရဲ့ လုပ်ရပ်က သဘောတူညီချက်ရဲ့ တည်တံ့ခိုင်မြဲမှုကို ထိခိုက်သလို ဖြစ်သွားတာတော့ အမှန်ပဲ ဒါ စိတ်ပျက်စရာပဲဗျ တကယ်လို့ ဒီလိုသာ ဆက်လုပ်နေမယ် ဆိုရင် ကျုပ်တို့ရဲ့ သဘောတူညီချက်ကို ပြန်စဉ်းစားရတော့မယ်”

အကြီးအကဲစန်း မျက်မှောင်ကုတ်သွား၏။

“အိုး သခင်လေးစု ဘာကို ဆိုလိုတာပါလိမ့်”

“ဒီကိစ္စမှာ အဖွဲ့အစည်းဖက်က ကျုပ်ကို စပြီး လွန်လွန်ကျူးကျူး ဆက်ဆံခဲ့တာ ဆိုတော့ အဖွဲ့အစည်းအနေနဲ့ ကျုပ်ကို စိတ်ကျေနပ်အောင် တခုခုတော့ ပြုလုပ်ပေးသင့်တာပေါ့ ကျုပ်ပြောတာ မှန်ရဲ့လား”

ပြောပြောဆိုဆို သူက စာရွက်အပိုင်းအစ တစ်ခုကို ဆွဲထုတ်လိုက်၏။ ထိုစာရွက်သည်ကား ဤအခိုက်အတန့်အတွက် စုချန်း ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ စာရွက်ပေါ်တွင် သူလိုအပ်သည့် ပစ္စည်းတချို့ကို အစဉ်အလိုက် ချရေးထားလေသည်။ ၎င်းကို ကြေးနီသမင် မြင်တွေ့သောအခါ လေထဲသို့ ထခုန်မိတော့သည်။

“မြူခိုးထင်းရှုးမျိုးစေ့ ၁၀၀ ၊ အသားစား သစ်ပင်မျိုးစေ့ ၁၀၀၊ လျင်မြန်စွာ ကြီးထွားခြင်း နည်းစနစ်တစ်မျိုး၊ မုသားဖော် မူလစွမ်းရည်တစ်မျိုး ... ဟမ် ခွေးမသား တိရစ္ဆာန်ကောင် ငါ့ကို အခြောက်တိုက်ကြီး လာဓားပြတိုက် နေပါလား”

စုချန်း တောင်းဆိုလိုက်သည့် အရာများသည် ကြေးနီသမင် ပိုင်ဆိုင်သည့် ပစ္စည်းများ ဖြစ်ကြလေရာ သူစိတ်ဆိုးသည်မှာ အထူးတလည် အံ့သြစရာတော့ မဟုတ်။ ကြေးနီးသမင်မ ဆိုထားနှင့်၊ အကြီးအကဲစန်း ကိုယ်တိုင်ပင် ဒေါသထွက်လာ၏။

“ဝိညာဉ်မြှုပ်နှံခြင်းဆိုင်ရာ တံခါးပေါက်ထဲက ပစ္စည်းတွေကိုလည်း မင်းက သိမ်းပိုက်ထားပြီးပြီ ဒါကိုလည်း ကျုပ်တို့က ထပ်ပေးရဦးမှာပေါ့ ဟုတ်လား”

စုချန်းက ပြုံးလိုက်၏။

“ဘာဖြစ်လို့ မပေးရမှာလဲ သဘောတူညီချက်ကို ခင်ဗျားတို့ကအရင် ချိုးဖောက်တာလေ ဒီတော့ သေချာပေါက် ပြန်ပေးရမယ်”

“ဟင် အရိပ်တပ်ဖွဲ့နဲ့ တိုက်ခိုက်တုန်းက မင်းကကော ကျုပ်တို့ကို မလိမ်ခဲ့ဘူးလား”

ကြေးနီသမင်က စုချန်းကို အပြစ်တင်လိုက်၏။

“လိမ်ခဲ့တယ်လေ ဘာဖြစ်သလဲ”

အံ့သြစရာ ကောင်းလောက်အောင်ပင် စုချန်းက ချက်ချင်း ဝန်ခံလိုက်သည်။

“ဒါပေမဲ့ ခင်ဗျားတို့ ကျုပ်ကို ဖမ်းမမိခဲ့ဘူး တကယ်တော့ ခင်ဗျားတို့သာ ပါးနပ်ရင် အဲဒီကရသမျှ ရတနာတွေဟာ ခင်ဗျားတို့ဟာပဲ အဲဒီလိုသာဆိုရင် ကျုပ်က ဝန်ခံလိုက်ပြီး ရတနာတွေကို ခင်ဗျားတို့ လက်ထဲ အကုန်ထည့်ပေးလိုက်မှာပဲ”

စုချန်၏ စကားလုံးများမှာကား ရှင်းလင်း ပြတ်သားလှသည်။ သူက စကားဆက်ပြန်၏။

“ခင်ဗျား ရှုံးသွားရင် အရှုံးကို လက်ခံရမှာပဲ ရှင်သန်ခြင်း ကျောင်းတော်ကကော ဘာမို့လို့လဲ”

စုချန်း၏ စကားကြောင့် သူတို့အားလုံး အကြီးအကျယ် ဒေါသထွက်လာ၏။ ထိုအခိုက်မှာပင် တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ဟုတ်တယ်ဟေ့ ဟုတ်တယ် သူပြောတာအမှန်ပဲ မင်းရှုံးသွားပြီ ဆိုမှတော့ အရှုံးကို လက်ခံရတော့မှာပဲ”

***

ထိုအချိန်တွင် လင်ကျင်းချွင်း တစ်ယောက်သည် မှောင်မည်းနေသော နောက်ဖေးလမ်းကြား အတွင်း သတိကြီးစွာဖြင့် လမ်းလျှောက်နေ၏။ နောက်ဆုံးတွင်ကား လမ်းအဆုံးဝယ် သေးငယ်သော တံခါးတစ်ချပ်ကို သူတွေ့ရှိလိုက်ရသည်။ သူက တံခါးကို တစ်ချပ်ပြီး တစ်ချပ် တွန်းဖွင့်လိုက်လေရာ နောက်ဆုံးတွင် ကျောက်တုံး အခန်းတစ်ခန်း အတွင်းသို့ ရောက်ရှိသွားကြောင်း တွေ့လိုက်ရသည်။

အခန်းတွင်း၌ လူတစ်ယောက် ထိုင်နေ၏။ ထိုလူမှာ စုချန်း၏ ရထားလုံး မောင်းသမား ကျူးဟုန်ပင် ဖြစ်လေတော့သည်။ အခန်းတွင်းသို့ ဝင်လာသည့် လင်ကျင်းချွင်းကို မြင်သည်နှင့် ကျူးဟုန်က မျက်နှာကိုရှုံ့မဲ့ကာ မပီမသနှင့် ပြုံးပြရင်း မေးလိုက်သည်။

“နောက်ဆုံးတော့ ခင်ဗျား ရောက်လာပြီကိုး ပစ္စည်းကော ပါလာရဲ့လား”

ထိုအခါ လင်ကျင်းချွင်းက သူ့ရင်ဘတ်ကြားမှ လက်စွပ်ကို ဆွဲထုတ်ပြီး ကျူးဟုန်၏ ရှေ့တွင်ချပေးလိုက်သည်။ ကျုးဟုန်က လက်စွပ်ကို တစ်ချက်မျှပင် မကြည့်ဘဲ လက်ခံလိုက်သည်။ တစ်ဖန် သူက လင်ကျင်းချွင်းကို မေးလိုက်ပြန်၏။

“ခင်ဗျား ဒီလက်စွပ်ကို ဖွင့်ကြည့်ခဲ့သေးလား”

လင်ကျင်းချွင်းက ကပျာကယာ ငြင်းဆန်လိုက်၏။

“ကျုပ်အနေနဲ့ သခင်လေးစုရဲ့ အမိန့်ကို မလွန်ဆန်ရဲပါဘူးဗျာ ဒါကြောင့် ဖွင့်ကြည့်ဖို့ နေနေသာသာ ချောင်းတောင်မကြည့်ခဲ့ပါဘူး”

ပြောသာ ပြောလိုက်ရသည်။ သူ့ရင်ထဲတွင်ကား ကျယ်လောင်စွာ ကျိန်ဆဲနေ၏။

ခွေးမသားအစေခံ သခင်အားရကျွန်ပါးဝ လာလုပ်နေတယ် စုချန်းလက်အောက်က လွတ်တာနဲ့ မင်းတော့ သေပြီပဲ။

“မဟုတ်ဘူးဗျ”

ကျူးဟုန်က လှောင်ပြုံးပြုံးရင်း ပြောလိုက်သည်။

“ကျုပ်တခုမေးဦးမယ် ခင်ဗျားအနေနဲ့ ခု စိမ့်သလို အေးသလို ခံစားနေရသလား”

လင်ကျင်းချွင်း ထိတ်လန့်သွား၏။

“ခင် ... ခင်ဗျား ဘယ်လိုလုပ် သိနေတာလဲ”

ကျူးဟုန်က ရှင်းပြလိုက်သည်။

“ဒီအထဲက ပစ္စည်းဟာ အင်မတန် အဆိပ်ပြင်းထန်တယ်ဗျ သခင်လေးက ခင်ဗျားကို မပြောလိုက်ဘူးလား”

လင်ကျင်းချွင်း ခမျာကား ကြက်ကြီးလည်လိမ်သကဲ့သို့ စကားမပြောနိုင်တော့ပဲ ဆွံ့အသွားရှာ၏။ အမှန်တော့ စုချန်းက မပြောခဲ့ခြင်းမဟုတ်။ သူက မယုံကြည်ခဲ့ခြင်းသာ ဖြစ်သည်။ သူ ယူဆသည်မှာ စုချန်းအနေနှင့် သူ့ကို အသုံးချလိုသော်လည်း မယုံ၍ လိမ်ညာပြောခဲ့ခြင်းသာ ဖြစ်သည်ဟူ၍ပင် ဖြစ်သည်။

“ရော့ ခင်ဗျား မျက်နှာကို ခင်ဗျား ပြန်ကြည့်ဦး”

ကျူးဟုန်က မှန်တစ်ချက်ကို ပစ်ပေးရင်း ပြောလိုက်သည်။ မိမိ၏ မျက်နှာကို မှန်ပေါ်တွင် ရိပ်ခနဲ မြင်လိုက်သည်နှင့်် လင်ကျင်းချွန်းတစ်ယောက် အလွန် ထိတ်လန့်သွား၏။ သူ့မျက်နှာ တစ်ခုလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ဖွေးဆုတ်နေပြီး သူ့နှုတ်ခမ်းများမှာကား ခရမ်းရင့်ရောင် သမ်းနေ၏။ တစ်ချိန်က ဂုဏ်ကျက်သရေ တင့်တယ်လှသော ရုပ်ဆင်းအင်္ဂါသည် ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့လေပြီ။ ထိုအခါ သူက ကြောက်လန့်တကြားနှင့် အော်ဟစ်တော့သည်။

“အမယ်လေး ကျုပ်အပြစ်ပါဗျာ ကျုပ်အပြစ်ပါ ချောင်းကြည့်မိတဲ့ ကျုပ်အပြစ်ပါ သခင်လေးက သေသေချာချာ ရှင်းပြခဲ့ပါလျက်နဲ့ မယုံကြည်မိတာ ကျုပ်မှားပါပြီ ကျေးဇူးပြုပြီး ကျုပ်ကို ကယ်ပါဦးဗျာ”

ကျူးဟုန်က အေးစက်သော လေသံနှင့် ပြောလိုက်သည်။

“ချောင်းကြည့်မိရုံ လောက်ပဲမို့လို့ ခင်ဗျား ကံကောင်းသွားတယ် မှတ်ပါ တကယ်လို့ ဒီအထဲက ပန်းပွင့် တစ်ပွင့်တလေကိုများ သွားထိမယ် ခိုးမယ် ဝှက်မယ် ဆိုရင်တော့ သခင်လေးတောင်မှ ခင်ဗျားကို မကယ်နိုင်တော့ဘူး”

ပြောပြောဆိုဆို သူက ဆေးပုလင်းငယ်ကို ဆွဲထုတ်လိုက်သည်။ ထိုအထဲတွင် စုချန်း ကြိုတင် ပြင်ဆင်ထားသည့် အဆိပ်ဖြေဆေး ရှိနေ၏။ ဆေးပုလင်းကို မြင်သည်နှင့် လင်ကျင်းချွင်းက အတင်းပင် ဆွဲယူရန် ဟန်ပြင်လိုက်သည်။ ထိုအခါ ကျူးဟုန်က ပြောလိုက်သည်။

“ခင်ဗျားဟာ သခင်လေးရဲ့အမိန့်ကို ဆန့်ကျင်ပြီး သူ့ရဲ့ပစ္စည်းတွေကို ချောင်းကြည့်ခဲ့တယ် ဒီအတွက် သခင်လေး ကျေနပ်လောက်တဲ့အထိ အပြစ်ပေးခံသင့်တယ် မထင်ဘူးလား”

“ဘာ”

လင်ကျင်းချွင်း ထိတ်လန့်သွား၏။ ထိုအခိုက်မှာပင် ကျူးဟုန်က ထိုင်နေရာမှ မတ်တတ် ထရပ်လိုက်သည်။ သူ့လက်ထဲတွင်လည်း အလွန်ထူသော သစ်သားတုတ် တစ်ချောင်းကို ကိုင်ထားလေသည်။ ထို့နောက် သူက ကျယ်လောင်သော အသံနှင့် အောက်ပါအတိုင်း ပြောဆိုလိုက်သည်။

“သခင်လေး အမိန့်တော် မှတ်လိုက်တယ် လင်ကျင်းချွင်းဟာ သခင်လေးရဲ့ အမိန့်ကို မနာခံခဲ့ဘူး ဒီအတွက် အပြစ်ဒဏ်အဖြစ် တုတ်နဲ့ အချက်၈၀ အရိုက်ခံရလိမ့်မယ် လင်ကျင်းချွင်း ဒူးထောက်ပြီး ပြစ်ဒဏ်ကို ခံယူပါ”

“မင်း ... မင်း ...”

လင်ကျင်းချွန်းက ကျူးဟုန်ကို မျက်လုံးပြူးကာ ကြည့်နေ၏။

ကျူးဟုန်က အေးစက်သော လေသံနှင့် ပြောလိုက်သည်။

“ခင်ဗျားအနေနဲ့ ဆက်ပြီး အသက်ရှင်ချင်သေးတယ် ဆိုရင် သခင်လေးရဲ့ အမိန့်ကို တိတိကျကျ နားထောင်သင့်တယ်ဗျ သခင်လေး ပြောသလိုပေါ့ ...”

“ခင်ဗျား ရှုံးသွားပြီဆိုရင် အရှုံးကို လက်ခံလိုက်ပါ”

All Chapters