← Chapters

အပြစ်ဝန်ခံခြင်း

Vol. 16 Ch. 152

အပြစ်ဝန်ခံခြင်း

Vol. 16 Ch. 152

နဂါးကျောင်းတော်၏ စာသင်နှစ်သစ်သည် ဝင်ခွင့်ပြိုင်ပွဲကျင်းပပြီး နှစ်ပတ်အကြာတွင် စတင်မြဲဖြစ်သည်။ ထိုနှစ်ပတ်ဟူသော အချိန်သည် ကျောင်းသားသစ်များ အတွက် သူတို့၏ မိသားစုများနှင့် အားရပါးရ အလွမ်းသယ်ရမည့် အချိန်ဖြစ်သည်။ ထို့နောက်တွင်ကား သူတို့သည် ပုန်းအောင်းနေသော နဂါးကျောင်းတော်တွင် နှစ်ပေါင်းများစွာ အဆင့်မြင့် ပညာရပ်များကို လေ့လာသင်ယူ ရပေတော့မည်။

ကျောင်းသားများ နဂါးကျောင်းတော်တွင် နေထိုင်ရမည့် အချိန်ကို ငါးလ၊ တနှစ်စသည်ဖြင့် ကန့်သတ်ထားသည် မဟုတ်။ သူတို့သည် သွေးဆူပွက်ခြင်း နယ်ပယ်သို့ မရောက်သေးသရွေ့ နဂါးကျောင်းတော်တွင် နေထိုင်ရင်း လေ့ကျင့်ရမည်ဖြစ်သည်။

သွေးဆူပွက်ခြင်း နယ်ပယ်ဟူသည် နဂါးကျောင်းတော်၏ သတ်မှတ် အဆင့်အတန်းကို ရောက်ပြီဟု မှတ်ယူခြင်းခံရရန် ကျောင်းသားများ အနေနှင့် မဖြစ်မနေ ရောက်ရှိရမည့် နယ်ပယ်ဖြစ်သည်။ ထိုအဆင့်ထိ ရောက်လျှင်တော့ ကျောင်းသားများ အနေနှင့် နဂါးကျောင်းတော်တွင် ဆက်လက် နေထိုင်ရန် မလိုအပ်တော့ပဲ မိမိဘာသာ ဆက်လက် လေ့လာသင်ယူသွားရန် ဖြစ်သည်။ ကျောင်းသားအများစုသည် သွေးဆူပွက်ခြင်း နယ်ပယ်သို့ ဝင်ရောက်နိုင်ရန် အနည်းဆုံး ဆယ်နှစ်အထိ အချိန်ယူရလေ့ရှိသည်။ အကယ်၍ ဆယ်နှစ်မတိုင်မီ ထိုနယ်ပယ်သို့ ဝင်ရောက်နိုင်ခဲ့လျှင်ကား ကျန်သော နှစ်အပိုင်းအခြားကို နဂါးကျောင်းတော်၌ပင် ဆက်လက် နေထိုင်ရင်း လေကျင့်စဉ်များ ဆက်လက်ပြုလုပ်နိုင်၏။

နဂါးကျောင်းတော်သို့ ဝင်ခွင့်ရရှိသူ အများစုသည် ကျန်သော အချိန်နှစ်ပတ်ကို မိသားစုများနှင့် ပျော်ရွှင်စွာ ဖြတ်သန်းနေကြ၏။ သို့သော် ထိုအထဲတွင် စုချန်းတော့မပါ။ သူ့အတွက် စုမျိုးနွယ်စုနှင့် စုအိမ်တော်ဟုသည် နာမည်တစ်ခုထက် မပိုတော့။ သူသည် ဤနေရာဌာနနှင့် ဤလူများကို အကြီးအကျယ် စိတ်ကုန် သွားခဲ့လေပြီ။

ထိုအခါ သူသည် ဖခင်ဖြစ်သူ စုချန်းအန်နှင့် တွေ့ဆုံရန်ကိုလည်း ငြင်းပယ်လိုက်သလို စုအိမ်တော်မှ သူ့အတွက် ကျင်းပပေးသော အောင်ပွဲခံ အခမ်းအနားကိုလည်း မတက်ရောက်ခဲ့ပေ။ သူသည် မီးရောင် ထိန်ထိန်လင်းကာ ဆူညံပွက်လောရိုက်နေသော စုအိမ်တော်ကို ကျောခိုင်းပြီး အနောက်ဘက် တောင်ခြေသို့ တစ်ယောက်တည်း လျှောက်လာခဲ့လေသည်။ သူ့ဘဝသည်ကား အထီးကျန် လှချေသည်တကား။

သို့သော် တောင်ခြေ တောအုပ်အတွင်းတွင် သူတစ်ယောက်တည်းတော့ မဟုတ်။ ယခင်တွေ့နေကျ နေရာတွင် ကုချိန်းလွှာတစ်ယောက် စောင့်ဆိုင်းနေကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ ကုချိန်းလွှာ ထိုနေရာတွင် စုချန်းအလာကို စောင့်ဆိုင်း နေခဲ့သည်မှာ အချိန်အတော်ပင် ကြာမြင့်ခဲ့လေပြီ။ စုချန်း ရောက်လာသည်ကို တွေ့သည်နှင့် ကုချိန်းလွှာက မျက်လွှာတစ်ချက်ပင့်ကာ ကြည့်ရင်း ပြောလိုက်သည်။

“ရှင်ရောက်လာတာနဲ့ အတော်ပဲ ကျွန်မ ရေချိုးမလားလို့ သခင်လေးစု ရှင့်အနေနဲ့ ကျွန်မ ရေချိုးတာကို စောင့်ကြပ်ပေးနိုင်မလားရှင့်”

ကုချိန်းလွှာ၏ ရွဲ့တဲ့တဲ့စကားကို ကြားလိုက်ရသောအခါ စုချန်းက ခါးသီးစွာ ရယ်မောလိုက်သည်။

“ဒါတွေအားလုံးဟာ ကျုပ်အပြစ်တွေပါ အမှန်တော့ အစောကြီးကတည်းက ခင်ဗျားကို အမှန်အတိုင်း ဖွင့်ပြောခဲ့သင့်တာ”

ကုချိန်းလွှာကား ဒေါသထွက်ခြင်း၊ မဲ့ရွဲ့ခြင်း အလျင်းမရှိဘဲ တည်ငြိမ်သော မျက်နှာပေးဖြင့် စုချန်းကို စိုက်ကြည့်နေ၏။ ပတ်ဝန်းကျင် တစ်ခုလုံးကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိသည်။ အတန်ကြာမှ သူမက မေးလိုက်သည်။

“ဘယ်တုန်းကလဲ”

အမှန်တော့ ဤအတောအတွင်းဝယ် စုချန်းသည် အင်မတန် ယုတ္တိရှိသော လံကြုတ်ပုံပြင် တစ်ပုဒ်ကို ကြိုတင်စဉ်းစားပြီးသား ဖြစ်သည်။ ကုချိန်းလွှာ အနေနှင့် ထိုပုံပြင်ကို လုံးဝ ယုံကြည်သွားလိမ့်မည်ဟု စုချန်း ကြိုတင်သိရှိထား၏။ သို့သော် သူမ၏ ကြည်လင်တောက်ပ လှသော မျက်ဝန်းအစုံကို မြင်လိုက်သည့် ခဏတွင်ကား သူ့နှလုံးသားသည် အိုးထိန်းစက်ပမာ သွက်သွက်ခါ လှုပ်ယမ်းသွား၏။ ကြိုတင်ကြံစီထားသော စကားများမှာလည်း ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်း မသိတော့။ သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်မှာကား ... ။

“လင်ချီးကို သတ်ပြီးကတည်းကပဲ”

“ဒါဆို ကြာလှပြီပေါ့”

ကုချိန်းလွှာသည် အလွန် ထိတ်လန့် တုန်လှုပ်သွားသော အမူအရာဖြင့် စုချန်းကို စိုက်ကြည့်နေ၏။ သူမ၏ အံသြထိတ်လန့်နေသော အမူအရာသည် သူ့ကိုယ်တွင်းရှိ သွေးများကို စုပ်ယူနေသကဲ့သို့ စုချန်း ခံစားနေရ၏။ သူ၏ စိတ်ကူးယဉ် အိပ်မက်သည် တစစီ ပြိုကွဲပျက်စီးသွားပြီမှန်း သူ နားလည်လိုက်၏။

သို့သော် စုချန်းကား ဝမ်းနည်းဟန်မရှိ။ ကုချိန်းလွှာကို ကြည့်ရင်း သူက တခွန်းချင်း ပြောလိုက်သည်။

“ဒါတွေ အားလုံးဟာ ကျုပ်အပြစ်မှန်း ကျုပ်သိပါတယ် အမှန်ဆိုရင် ကျုပ်အနေနဲ့ ပိုပြီး လွယ်ကူရှင်းလင်းတဲ့ လမ်းကို ရွေးခဲ့ဖို့သင့်တာ သင့်တင့်လျောက်ပတ်တဲ့ အကြောင်းပြချက်မျိုးတော့ ခင်ဗျားကို ကျုပ်ပေးချင်ပါရဲ့ ကုချိန်းလွှာရယ် ဒါပေမဲ့ ခင်ဗျားကိုလည်း မြင်လိုက်ရော ကျုပ်မှာ ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိတော့ဘူး။ ကျုပ်ပြောဖို့ စီစဉ်ထားတဲ့ စကားတွေလည်း ဘယ်ပျောက်လို့ ဘယ်ရောက်မှန်းမသိ ဖြစ်ကုန်ပြီ ... မှန်ပါတယ် ကုချိန်းလွှာ မှန်ပါတယ် ခင်ဗျား ရေချိုးတာကို ကျုပ် ချောင်းကြည့်မိတယ် ဒါကြောင့် ခင်ဗျားရဲ့ မိမွေးတိုင်း ဖမွေးတိုင်း ကိုယ်ခန္ဓာကို ကျုပ်မြင်ခဲ့ရတယ် ဒီမတိုင်ခင်မှာ ကျုပ်မျက်လုံးတွေ ပြန်မြင်ရပြီမှန်း ခင်ဗျားကို ပြောခဲ့သင့်ပေမဲ့ ကျုပ်မပြောနိုင်ခဲ့ဘူး။ ဒါဟာ ခင်ဗျားရဲ့ လှုပ်ရှားမှုတွေ အရမ်းမြန်လို့ မဟုတ်သလို ခင်ဗျား စိတ်ဆိုးမှာကိုလည်း ကြောက်လို့ မဟုတ်ဘူးဗျ ဒါဟာ ဘာကြောင့်လည်း ဆိုတော့ ... ကျုပ် ကြည့်ချင်လို့ ... ကျုပ် ခင်ဗျားကို ကြည့်ချင်လို့ပဲဗျ”

ကုချိန်းလွှာကား ဘာပြောရမှန်း မသိတော့။ စုချန်းကိုသာ မျက်လုံး အပြူးသားနှင့် စိုက်ကြည့်နေမိ ရှာတော့သည်။ သို့သော် စုချန်းကား စကားမဆုံးသေး။ ပြောမိမှ ဆုံးအောင် ဆက်ပြောတော့မည့်ဟန်ဖြင့် စကားဆက်ပြန်သည်။

“ဟုတ်တယ်ဗျ ကျုပ် ခင်ဗျားကို တကယ်ကြည့်ချင်တာ ဘယ်လောက်ထိတောင်လည်း ဆိုရင် ခင်ဗျားရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးကို နေရာလွတ် မကျန်အောင် ကြည့်ချင်တာ ရေပေါ်မှာ တပြုံးတပျော်နဲ့ လွတ်လွတ်လပ်လပ် ဆော့ကစားနေတဲ့ ခင်ဗျားရဲ့ ပုံစံကို ကြည့်ချင်တာ ခင်ဗျားရဲ့ နှင်းပွင့်လို ဆွတ်ဆွတ်ဖြူနေတဲ့ အသားအရေကို ကြည့်ချင်တာ ခင်ဗျားရဲ့ သိပ်လှတဲ့ ကိုယ်ခန္ဓာ ကောက်ကြောင်းကို ... ”

အထက်ပါအတိုင်း စိတ်လွတ်ကိုယ်လွတ် ပြောဆိုရင်းနှင့်ပင် စုချန်းသည် စိတ်နှင့်ကိုယ် မကပ်မိတော့သော ပုံစံဖြင့် ကုချိန်းလွှာ၏ အနီးသို့ တဖြည်းဖြည်း တိုးကပ်လာ၏။

“အဲဒီအချိန်မှာ ကျုပ် သိပ်ကြောက်သွားမိတယ် ကုချိန်းလွှာ ဘာကို ကြောက်သလဲ ဆိုတော့ သိပ်ကိုလှပတဲ့ အခိုက်အတန့်လေး ပျောက်ဆုံးသွားမှာကို ကြောက်မိတာ တကယ်တော့ အဲဒီအခိုက်အတန့်ဟာ ကျုပ်ဘဝမှာ တစ်သက် မမေ့နိုင်စရာပဲဗျ ဒီလိုအချိန်လေး ကျုပ်ပါးစပ်ကြောင့် ဆုံးရှုံးသွားမှာကို ကျုပ် သိပ်ကြောက်သွားမိခဲ့တယ် အဲဒီလိုသာ ဖြစ်သွားခဲ့ရင် ကျုပ်ဘဝဟာလည်း အမှောင်ထုထဲ ပြန်ရောက်သွားသလို ခံစားရပဲဗျ”

ကုချိန်းလွှာကား စကားတစ်ခွန်းမှ မပြောနိုင်ရှာတော့။ အအတယောက်ပမာ နှုတ်ဆိတ် နေတော့သည်။ ထိုအခိုက်မှာပင် စုချန်းသည် ကုချိန်းလွှာ၏ ဘေးတွင် မတ်တတ်ရပ်လိုက်၏။ ထို့နောက် သူသည် သူမ၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ရင်း အလွန်တရာ ကြင်နာသော လေသံနှင့် ပြောလိုက်သည်။

“ပထမဆုံးအကြိမ် အလင်းရောင်ကို ပြန်မြင်ရတော့ ကျုပ်ဟာ ခင်ဗျားနဲ့အတူ ရှိနေခဲ့တယ် ကျုပ်မျက်လုံးတွေ ပြန်မြင်ရပြီလို့ သိလိုက်ရတော့ ကျုပ်ခေါင်းထဲမှာ ပထမဦးဆုံး ဝင်လာတဲ့ အတွေးက ခင်ဗျားရဲ့ မျက်နှာကို မြင်ဖူးချင်တာပဲ တကယ်လည်း ကျုပ်ဆန္ဒ ပြည့်ခဲ့ပါတယ် မျက်လုံး ပြန်မြင်ပြီးနောက် ကျုပ်မြင်တွေ့ခွင့် ရလိုက်တဲ့ အရာဟာ ကမ္ဘာပေါ်မှာ အလှဆုံးကိုယ်ခန္ဓာ ဖြစ်နေတယ်လေ တကယ်တော့ ဒီကမ္ဘာကြီးက တရားမျှတမှုတော့ အရှိသားဗျ သူက ကျုပ်ကို နှစ်ပေါင်းများစွာ မျက်ကန်းဘဝနဲ့ နေထိုင်စေခဲ့တယ် ဒါပေမဲ့ သူကပဲ ကျုပ်က အင်မတန် တန်ဖိုးကြီးတဲ့ ဆုလာဘ်ကို ပေးခဲ့ပြန်တယ် အဲဒါက ဘာလဲ ဆိုတော့ ခင်ဗျားကို မြင်တွေ့ခွင့်ရခဲ့တာပဲ ခင်ဗျား ရေချိုးတာကို မြင်ခွင့်ရဖို့ သုံးနှစ်တိတိ မျက်ကန်းဘဝနဲ့ နေထိုင်ခဲ့ရတယ်လို့များ တယောက်ယောက်က ဆိုလာလို့ရှိရင် အို သုံးနှစ်ဆိုတာ နည်းပါတယ် ဒီလို အခွင့်အရေးသာ ပြန်ရမယ်ဆိုရင် နှစ်ပေါင်းသုံးဆယ်ဆိုလည်း ကျုပ်က နေမှာပဲလို့ ရဲရဲကြီး ပြန်ပြောလိုက်မှာပဲဗျ”

စကားဆုံးသည်နှင့် စုချန်းသည် စိတ်ကို မထိန်းနိုင်တော့ဟန်ဖြင့် ကုချိန်းလွှာကို ငြင်သာစွာ ပွေ့ဖက်ပြီး သူမ၏ နူးညံ့ပျော့ပျောင်း လှသော ကိုယ်ခန္ဓာကို သူ့ရင်ဘတ်နှင့် ထိကပ်ထား လိုက်လေသည်။

ကုချိန်းလွှာကား လုံးဝ ကြက်သေသေနေ၏။ သူမသည် စုချန်း၏ ရင်ခွင်ကို ပြောင်းနွဲ့နွဲ့နှင့် မှီတွယ်ထား၏။ သူမ၏ နှလုံးသားမှာကား မြင်းရိုင်းပမာ ပြင်းထန်စွာ ခုန်ပေါက် နေလေသည်။ သူမ၏ အမြင်အာရုံမှာကား မှုန်ရီဝေဝါးနေ၏။

အား …

ငါ ... ငါ ... ငါ ဘာတွေဖြစ်နေတာလဲ ... ။

မူးလိုက်တာ ... ငါ့ရင်ခုန်သံတွေကလည်း မြန်နေလိုက်တာ..ဘုရား ... ဘုရား ... ဘာတွေဖြစ်နေပါလိမ့် ... ။

သူမသည် ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးလျက်ရှိပြီး မူးနောက်ကာ တစ်ကိုယ်လုံးမှာလည်း ထုံထိုင်းလျက်ရှိသည်။ ထို့နောက် သူမက စုချန်းကို မော့ကာ ကြည့်လိုက်သည်။ စုချန်းကလည်း သူမကို ကြင်နာစွာ စိုက်ကြည့်လျက်ရှိသည်။ ထို့နောက်တွင်ကား သူတို့၏ မျက်နှာနှစ်ခုသည် တဖြည်းဖြည်း နီးသထက် နီးကပ်လာ၏။ ထိုနည်းတူစွာ သူတို့၏ နှုတ်ခမ်းများမှာလည်း တဖြည်းဖြည်း ပို၍ နီးကပ် လာခဲ့လေသည်။ နှုတ်ခမ်းနှစ်စုံ ဂဟေဆက်မိသည့် အချိန်တွင်မှ ကုချိန်းလွှာက သူမတို့နှစ်ယောက် ဘာလုပ်နေမှန်း ကောင်းကောင်း အသိဝင် သွားတော့သည်။

“မလုပ်နဲ့”

အသိဝင်လာသည်နှင့် ကုချိန်းလွှာသည် စူးရှစွာ အော်ဟစ်လိုက်ပြီး စုချန်းကို အဝေးသို့ တွန်းထုတ်လိုက်သည်။ စုချန်းကား နောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်သွားသည်။ သူသည် ကုချိန်းလွှာကို ငေးကြည့်နေ၏။ သူ၏ မျက်နှာတစ်ခုလုံးမှာကား ရဲရဲနီနေတော့သည်။ ကုချိန်းလွှာ၏ မျက်နှာမှာလည်း စုချန်းကဲ့သို့ပင် ရဲရဲနီနေ၏။ သူမ၏ နှလုံးသားမှာလည်း ပြင်းထန်စွာ ခုန်ပေါက်လျက် ရှိလေသည်။ ထို့နောက် သူတို့ နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ငေးကြည့် နေမိတော့သည်။

အမှန်တော့ ကုချိန်းလွှာသည် သူမကိုယ်သူမ မည်သို့မျှ နားမလည်နိုင် ဖြစ်နေခြင်းပင်။ ကနဦးက သူ မျက်မမြင်အဖြစ် ဟန်ဆောင်ခဲ့ကြောင်း စုချန်းကိုယ်တိုင် ဝန်ခံခဲ့ပြီး ဖြစ်သည်။ အမှန်ဆိုလျှင် သူမအနေနှင့် ပြင်းထန်စွာ ဒေါသထွက်သင့်၏။ စုချန်း၏ မျက်လုံးများကိုလည်း တစ်ခါတည်း ထိုးဖောက် ပစ်လိုက်သင့်သည်။ သို့သော် စုချန်း၏ မျက်နှာကို မြင်လိုက်သည်နှင့် သူမတွင် ဒေါသဟူ၍ မြှုမှုန်တစ်မှုန်စာမျှပင် မကျန်တော့။ ထိုအစား သူမ၏ နှလုံးသားသည်သာ ပြင်းထန်စွာ တုန်ခါလာ၏။ သူမ၏ အာရုံမှာလည်း ဝေဝါးလာ၏။

မေးခွန်းများ၏ အဖြေမှာကား သူမ၏ နှလုံးသားအတွင်း၌သာ ရှိလေသည်။

ငါ ... ငါတကယ်ပဲ သူ့ကို ချစ်မိသွားပြီလား ... ဒါ ... ဒါ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ထိုအချိန်တွင် စုချန်းသည် ရှေ့ကိုနှစ်လမ်းတိတိ ထပ်တိုးပြီး ကုချိန်းလွှာကို ရဲရဲတင်းတင်းပင် ထပ်မံပွေ့ဖက် လိုက်ပြန်သည်။ သူသည် စကားတစ်ခွန်းမှ မပြောပေ။ ကုချိန်းလွှာ၏ ကိုယ်ခန္ဓာကို သူ့ရင်ခွင်ကျယ်ကြီး အတွင်းသို့ ဆွဲသွင်းနိုင်ရန်သာ အပြင်းအထန် ကြိုးစားနေ၏။ သူတို့နှစ်ယောက်၏ ကိုယ်ခန္ဓာမှာလည်း နောက်တစ်ကြိမ် ပြန်လည် နီးကပ် သွားပြန်သည်။ ဤတကြိမ်တွင်ကား ကုချိန်းလွှာသည် သူမ၏ စိတ်ခံစားချက်များကို ဆက်လက် ထိန်းချုပ်ရန် မစွမ်းသာတော့။ အဖြစ်မှာကား ယမ်းပုံမီးကျသကဲ့သို့ ပေတည်း။

စုချန်းနှင့် စတင်သိကျွမ်းခဲ့သည့် အချိန်မှစ၍ မသိစိတ်ထဲတွင် ကိန်းအောင်း နေခဲ့သော ကုချိန်းလွှာ၏ ခံစားချက်များကား မီးတောင်ပေါက်ကွဲသည့်နှယ် အရှိန်အဟုန်နှင့် ပွင့်ထွက်လာပုံ ရသည်။ ထို့နောက်တွင်ကား သူမသည် မိမိကိုယ်မိမိ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ စုချန်း၏ လည်ပင်းကို တင်းတင်းကျပ်ကျပ်ပင် ပြန်လည် ဖက်တွယ်မိတော့သည်။

အနမ်း ...

ရှည်ကြာလှသည့် အနမ်း ...

သူတို့နှစ်ဦးအဖို့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူရှိ မရှိတော့။ သုံးဖက်မြင် လောက၏ အပြင်ဘက်ကို ရောက်ရှိ သွားခဲ့လေပြီ။ သူတို့နှစ်ဦး အကြားဝယ် တည်ရှိနေသည့် တစ်ခုတည်းသော အရာမှာ အရှိန်အဟုန်ပြင်းပြင်း မီးတောက်လောင်နေ သကဲ့သို့သော ခံစားချက်သာ ဖြစ်လေတော့သည်။

အနမ်းသည် ကမ္ဘာကြီး တစ်ခုစာလောက် ကြာမြင့်သည်ဟု ထင်ရသည်။ နောက်ဆုံးတွင် သူတို့နှစ်ယောက် လူချင်းကွဲသွား၏။ ကုချိန်လွှာက နောက်ကို ဖျတ်ခနဲ ဆုတ်လိုက်သည်။ သူမ၏ မျက်နှာမှာကား ဆေးနီများ ဖြန်းပက်ထားသည့်ပမာ ရဲပဒေါင်းခတ်နေ၏။ ထို့နောက် သူမက နဖူးပေါ်တွင် လက်တင်ရင်း ရေရွတ်လိုက်သည်။

“ဘုရား ဘုရား ငါဘာတွေ လုပ်မိနေပါလိမ့်”

စုချန်းက ကုချိန်းလွှာကို ကြင်နာစွာ ပြုံးရင်း စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

“မင်း နှလုံးသားရဲ့ အလိုဆန္ဒနောက်ကို လိုက်မိတာလေ”

စုချန်းကား ကုချိန်းလွှာကို ထပ်မံပွေ့ဖက် လိုသေး၏။ သို့သော် ကုချိန်းလွှာက လျင်မြန်စွာ နောက်ဆုတ်ရင်း ဟန့်တားလိုက်သည်။

“အို မလာပါနဲ့”

ထို့နောက် သူမက စုချန်းကို သံသယနှင့်ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

“ရှင်ကျွန်မကို ဘာလုပ်ထားတာလဲ အဲဒါ စိတ်လှည့်စားခြင်း နည်းစနစ်လား ညှို့ငင်လိပ်ပြာ နည်းစနစ်လား ဒါမှမဟုတ် ဆေးများခတ်ထားတာလား”

ကုချိန်းလွှာ၏ မေးခွန်းကြောင့် စုချန်း ခေတ္တမျှ ဆွံ့အသွား၏။ သူပြောနိုင်သည်မှာကား

“ဒါ ဘာစိတ်လှည့်စားခြင်း နည်းစနစ်မှ မဟုတ်ဘူးကွဲ့ ဒါ အချစ်လို့ခေါ်တယ်”

အချစ်ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ကုချိန်းလွှာ၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်ခါသွား၏။ ချစ်ခြင်းမေတ္တာဟူသည် အလွန်ကျယ်ဝန်း နက်ရှိုင်းလှသော အရာဖြစ်သည်။ သူမအနေနှင့် ထိုအရာကို လက်ခံနိုင်ရန် အဆင်သင့် မဖြစ်သေး။ ထိုအခါ သူမက တုန်ယင်နေသော အသံနှင့် ပြောလိုက်သည်။

“အရင်ရက်တွေက ရှင်တို့ရဲ့ ပြိုင်ပွဲကို တောက်လျှောက် ကြည့်နေခဲ့ရတော့ ကျွန်မ အတော်လေး ပင်ပန်းနေပြီ ခုဒီကိုလာတာလည်း ရှင့်မျက်လုံး တကယ် မြင်မမြင် သိချင်လို့ လာခဲ့တာ ဒါပေမဲ့ ဒီလိုအဖြစ်မျိုး ကြုံလိမ့်မယ်လို့ မထင်ခဲ့မိဘူး ကျွန်မကို အချိန်နည်းနည်းပေးပါ ကျွန်မအနေနဲ့ သေသေချာချာ စဉ်းစားဖို့ အချိန်လိုတယ်”

“ကောင်းပါပြီကွာ”

စုချန်းက ခေါင်းညိတ် ပြလိုက်၏။

ဤယနေ့ညတွင် ဖြစ်ပျက်ခဲ့သော ကိစ္စများသည် အမှားတခုလည်း ဖြစ်နိုင်၏။ စိတ်လှုပ်ရှားနေသည့် အချိန်တွင် မည်သည့်အရာကိုမှ အလောတကြီး ဆုံးဖြတ်ရန် မသင့်ပေ။ စုချန်း၏ ခွင့်ပြုချက်ကို ရသည်နှင့် ကုချိန်းလွှာသည် မြွေခြေလှမ်းကို အမြင့်ဆုံးထိ နှိုးဆွကာ ထိုနေရာမှ လှစ်ခနဲ ထွက်ပြေး သွားတော့သည်။ သူမ၏ လှုပ်ရှားမှုမှာ မြန်ဆန်လှပေရာ စက္ကန့်ပိုင်းအတွင်း မြင်ကွင်းမှ ပျောက်ကွယ်သွား၏။

သူမကား ထွက်ပြေး သွားခဲ့လေပြီ။ စုချန်းသည် ငြိမ်သက်စွာ ငေးမော ကြည့်ရှုနေ၏။ သူသည် လူငယ်တဦးသာ ဖြစ်သော်လည်း လှည့်ကွက်မျိုးစုံ၊ ကောက်ကျစ်ယုတ်မာမှု ပေါင်းစုံကို မျက်ဝါးထင်ထင် မြင်တွေ့ဖူးသူဖြစ်၍ အရွယ်နှင့် မလိုက်အောင် အတွေ့အကြုံ ရင့်ကျက်သူ ဖြစ်သည်။ သို့သော် သူသည် ဤတစ်ကြိမ်တွင်ကား ချစ်ခြင်းမေတ္တာ၏ လွှမ်းမိုးမှုကို ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့။

ကုချိန်းလွှာ ကိုယ်တိုင်လည်း အဘယ်ကြောင့် ထွက်ပြေးလာခဲ့မိမှန်း သူ့ကိုယ်သူ နားမလည်နိုင် ဖြစ်နေရှာ၏။ အမှန်တော့ သူသည် စုချန်းကို အပြစ်ပေးရန် ဤနေရာသို့ လာရောက်ခဲ့ခြင်းသာ ဖြစ်သည်။

ထိုနေ့ညတွင်ကား သူတို့နှစ်ယောက်လုံး အိပ်မပျော်ခဲ့ကြပေ။

***

ကုချိန်းလွှာအား ဝန်ခံမိခြင်း စုချန်း ကြိုတင်မျှော်တွေး မထားသော အရာဖြစ်သည်။ သို့သော် ထိုအရာ၏ အကျိုးဆက်သည် လျင်လျင်မြန်မြန်ပင် ဆက်လက် ပေါ်ပေါက်လာခဲ့၏။

စုချန်းအဖို့ကား ဘဝတွင် တစ်သက် မမေ့နိုင်စရာ ညတစ်ညကို ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။ သုံးရက်မြောက်နေ့တွင်ကား စုချန်းထံသို့ သတင်းတစ်ခု ရောက်ရှိလာသည်။ ထိုသတင်းမှာ ကုချိန်းလွှာတစ်ယောက် ပြည်တော်ပြန်တော့မည် ဟူသော သတင်းပင် ဖြစ်လေသည်။ ထိုသတင်းကို ကြားလိုက်ရပြီးနောက် စုချန်း၏ ဦးခေါင်းသည် လင်းနို့တကောင် ကိုက်ခဲခြင်း ခံလိုက်ရ သကဲ့သို့ နာကျင်လာ၏။

ထိုကိစ္စကို သူမအနေနှင့် ရှေးယခင်ကတည်းကပင် ဆုံးဖြတ်ထားခြင်းပေလား၊ သို့တည်းမဟုတ် ထို့နေ့ညက သူတို့နှစ်ယောက်အကြား ဖြစ်ပွားခဲ့သည့် ကိစ္စများကြောင့် အလျင်စလို ဆုံးဖြတ်လိုက်ခြင်းပေလား ဟူသည်ကိုတော့ ကုချိန်းလွှာသာလျှင် သိရှိပေရော့မည်။ ထိုအခါ အမှားတခု ပြုလုပ်မိသည့်ပမာ စုချန်း၏ စိတ်ထဲတွင် ခံစားရလာ၏။

ထို့နောက်တွင်ကား စုချန်းသည် ကုချိန်းလွှာနှင့် အဆက်အသွယ်ရရန် အပြင်းအထန် ကြိုးစားမိတော့သည်။ သို့သော် ကုချိန်းလွှာထံမှ မည်သည့် တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။ စုအိမ်တော် နောက်ကျော တောင်ခြေတောအုပ် အတွင်းသို့ နေ့တိုင်းလိုလို သွားရောက် စောင့်ဆိုင်းသော်လည်း စုချန်း မျှော်နေသူမှာကား ရောက်မလာခဲ့။

သူမကား မိမိကို အမှန်တကယ်ပင် မတွေ့ချင်တော့ပြီဟု နောက်ဆုံးတွင် စုချန်းတစ်ယောက် လက်ခံလိုက်ရသည်။ ထိုအခါ သူ့အသည်းနှလုံး တစ်ခုလုံး ကြေမွပျက်စီး သွားသည့်နှယ် ခံစားလိုက်ရ၏။

အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးနေသလို ကုချိန်းလွှာ အိမ်ပြန်မည့် နေ့သည်လည်း ဆိုက်ဆိုက်မြိုက်မြိုက်ပင် ရောက်ရှိလာခဲ့တော့သည်။ လင်မျိုးနွယ်စုမှ လူအများအပြားသည် သူမအား လိုက်ပို့ကြ၏။ စုချန်းသည် ထိုနေ့တနေ့လုံး တောင်ခြေတောအုပ် အတွင်းဝယ် တစ်ယောက်တည်း စောင့်ဆိုင်းနေခဲ့၏။ သို့သော် သူမကား ပေါ်မလာခဲ့။ စုချန်းအား နှုတ်ဆက်စကား တခွန်းမှပင် ပြောမသွားပဲ သူမသည် မြောက်ပိုင်းမြို့တော်မှ ထွက်ခွာသွားလေ၏။

စုချန်းအဖို့ကား ဘဝတွင် ပထမဦးဆုံးအကြိမ် အသည်းကွဲခြင်း ဖြစ်သည်။ ချစ်သူဘဝကိုပင် မစလိုက်ရပဲ သစ်စိမ်းချိုးခံလိုက် ရပေသမို့ သူ့အဖို့ကား အထိနာလှ၏။

အမှန်တော့ သူတို့နှစ်ယောက် ဤသို့လမ်းခွဲခဲ့ ရသည်ကို စုချန်းအဖို့ လုံးဝ နားမလည်နိုင်ခဲ့။ ကုချိန်းလွှာ သူ့အပေါ် မေတ္တာရှိကြောင်းကို စုချန်း ရင်ထဲအသည်းထဲကပင် အလိုအလျောက် သိရှိထားပြီးသား ဖြစ်သည်။ အကယ်၍ သူ၏ မေတ္တာကို သူမအနေနှင့် လက်မခံနိုင်ပင်လျှင် သူတို့နှစ်ယောက် သူငယ်ချင်းကောင်းများ အဖြစ် ဆက်လက် နေထိုင်သွားရန်သာ ရှိသည်။ နှုတ်ဆက်စကားပင် မပြောဘဲ သူ့ကို ဤသို့ထားသွားစရာ အကြောင်းမရှိပေ။ တစ်နည်းအားဖြင့် ဆိုလျှင် ကုချိန်းလွှာ၏ လုပ်ရပ်မှာ ယုတ္တိမတန်လှပေ။

မည်သို့ဆိုစေ ဤအဖြစ်အပျက်ကြောင့် သူ့အနေနှင့် လူ့သဘာဝကို အမှန်တကယ် နားမလည်သေးကြောင်း စုချန်း သဘောပေါက်သွား၏။ တချို့လူပုဂ္ဂိုလ်များ၊ တချို့ အကြောင်းအရာများကို ယုတ္တိဗေဒအပေါ် မူတည်၍ တွက်ချက်၍ မရကြောင်း သူ သိရှိလာ၏။ အကျိုးအမြတ်ကို မြန်မြန်ဆန်ဆန် တွက်ချက်နိုင်စွမ်း ရှိသော သူ့စွမ်းရည်သည် ချစ်ခြင်းမေတ္တာ အပေါ်တွင်ကား အလုပ်မဖြစ်ခဲ့ဟုသာ ဆိုရပေတော့မည်။

ချစ်ခြင်းမေတ္တာ ဟူသည်ကား မြင်းရိုင်းတစ်ကောင်နှင့် တူလှချေသည် တကား။ လမ်းညွှန်တိုင်းလည်း သွားတတ်သည့် အမျိုးမဟုတ်ဘဲ စိတ်ထင်သလိုသာ ဆောင်ရွက်တတ်သော သဘောကိုလည်း ဆောင်နေပုံရသည်။ တစ်နည်းအားဖြင့် ချစ်ခြင်းမေတ္တာဟူသည် မည်သည့် အရာနှင့်မျှ သက်ဆိုင်ခြင်း မရှိဘဲ တစ်သီးတစ်သန့် တည်ရှိနေသော အရာမျိုးသာ ဖြစ်လေသည်။

နောက်ဆုံး သတ္တုချရလျှင် ဤအဖြစ်အပျက်မှနေ၍ ချစ်ခြင်းမေတ္တာနှင့် ဆင်ခြင်တုံတရားသည် သဟဇာတ မဖြစ်ဟူသော သင်ခန်းစာတရပ်ကို စုချန်း ရရှိခဲ့၏။

တချို့လူများသည် နှလုံးသားရေးရာနှင့် ပတ်သက်၍ ရှုံးနိမ့်မှုတစုံတရာ ကြုံတွေ့ရလျှင် နာလန်မထူနိုင်အောင် ပျက်စီး သွားတတ်ကြ၏။ သို့သော် စုချန်းမှာကား ရက်ပိုင်း အတွင်းမှာပင် သာမန်အခြေအနေသို့ ပြန်လည်ရောက်ရှိ လာခဲ့လေသည်။ သို့တိုင်အောင် စုချန်းခမျာလည်း ကုချိန်းလွှာကြောင့် အတော်လေး ခံစားလိုက်ရရှာ၏။ ကုချိန်းလွှာ မြောက်ပိုင်းမြို့တော်မှ ထွက်ခွာသွားပြီဟု သိလိုက်ရပြီးနောက် သူသည် သုံးရက်တိုင်တိုင် အခန်းအောင်း နေခဲ့လေသည်။

လေးရက်မြောက်နေ့မှ စုချန်းတယောက် အခန်းတွင်းမှ ထွက်လာ၏။ ထိုနေ့မှာပင် သူသည် မိခင်ဖြစ်သူထံသို့ သွားရောက်၍ အရိုအသေပြု၏။ လမ်းတွင် တွေ့ကြုံသမျှ လူများကိုလည်း ပြုံးပြုံရွှင်ရွှင်ပင် နှုတ်ဆက်၏။ အတိတ်တုန်းက သူနှင့် ကတောက်ကဆ ဖြစ်ဖူးသူများကိုပါ မချန် တခုတ်တရ နှုတ်ဆက်ခြင်း ဖြစ်သည်။ စုချန်းချဲ့ကား ၎င်းကိုကြည့်ရင်း စုချန်းတစ်ယောက် စုမိသားစုဆီသို့ ပြန်လည် ရောက်ရှိလာပြီဟု ယူဆကာ အထူးပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရှာသည်။

သို့သော် သူ၏ ပျော်ရွှင် ဝမ်းမြောက်မှုသည် တရက်မျှသာ ခံခဲ့ပြီး နေလာ၍ နှင်းပျောက်ရသည့်ပမာ လွင့်ပျောက် သွားရှာ၏။ အကြောင်းမှာ နောက်တစ်နေ့မှာပင် စုချန်းသည် သံမဏိကိုခေါ်ကာ စုအိမ်တော်ကို စွန့်ခွာ သွားခြင်းကြောင့် ဖြစ်သည်။

စုချန်းသည် စာတစောင်တော့ ချန်ထားရစ်ခဲ့၏။ ထိုစာထဲတွင်ကား ကမ္ဘာလောကကြီး တစ်ခုလုံးကို သူကိုယ်တိုင် မြင်တွေ့လို၍ ထွက်ခွာသွားခြင်း ဖြစ်ကြောင်း၊ လတ်တလော သူ၏ ဦးတည်ရာမှာ ကောင်းကင်တိမ်တိုက် နယ်ခြား ဒေသပင် ဖြစ်ကြောင်း ရေးသားထား၏။ ထိုနယ်ခြားဒေသမှာ သတ္တဝါဆိုးကြီးများ အမြဲတစေ ဝင်ရောက် တိုက်ခိုက်တတ်သော ဒေသဖြစ်ပြီး အန္တရာယ်များလှ၏။ ထိုစာကိုဖတ်ပြီး တန်ဟွားယွီ တစ်ယောက် အတော်လေး စိတ်ရှုပ်သွား၏။ သို့သော် စုချန်းကား ပျောက်ချင်းမလှ ပျောက်ကွယ် သွားခဲ့လေပြီ။

နှစ်လခန့်အကြာ အလွန်ဝေးကွာလှသော နယ်ခြားဒေသမှ နေ၍ စုအိမ်တော်သို့ စာတစ်စောင် ရောက်ရှိ လာပြန်သည်။

စုချန်ထံမှ စာပင်ဖြစ်သည်။ ထိုစာထဲတွင် စုချန်းသည် နယ်ခြားဒေသတွင် ကြုံတွေ့ခဲ့ရသည့် အကြောင်းအရာများကို အသေးစိတ် ရေးသားထားပြီး သူ အန္တရာယ်ကင်းကြောင်း၊ တန်ဟွားယွီ အနေနှင့် သူ့ကို စိတ်ပူစရာ မလိုကြောင်း နှစ်သိမ့်ထား၏။ တစ်ဖန် သူသည် အလွန်ဝေးကွာသော နေရာကို ရောက်ရှိနေ၍ စုအိမ်တော်ကို ပြန်ရန် အချိန်မရှိတော့လေရာ နဂါးကျောင်းတော်သို့ တိုက်ရိုက် သွားလိုက်ကြောင်း ဖော်ပြထား၏။ ထို့နောက် သူသည် မင်ချူးနှင့် ကျူးဟုန်ကို သူ့ထံသို့ ပို့ဆောင်ရန် မှာကြားထား၏။ စာ၏ နောက်ဆုံးပိုင်းတွင်ကား စုချန်းသည် ဆွေမျိုးသားချင်းများ သာကြမာကြရဲလားဟု အလွန် ယဉ်ကျေးသော လေသံနှင့် မေးမြန်းထားသည်။ သို့သော် ထိုမေးခွန်းများတွင် မည်သည့် သံယောဇဉ် အငွေ့အသက်ကိုမျှ မတွေ့ရချေ။

စုချန်း၏ ရှည်လျားလှသော စာကိုဖတ်ရင်း တန်ဟွားယွီက သက်ပြင်းချကာ တီးတိုး ရေရွတ်လိုက်သည်။

“အင်း သူ အရွယ်ရောက် လာခဲ့ပြီပဲကိုး”

(မှတ်ချက် ... မူရင်းရေးသားသူ zerofate ၏ ပထမဆုံးစာအုပ် ဤနေရာတွင် အဆုံးသတ် သွားသည်။ ဒုတိယတစ်အုပ်တွင် သူသည် အခန်း၁မှ ပြန်လည် အစပြု ရေးသားထားသည်။ သို့သော် ကျွန်တော် အနေနှင့်ကား စာဖတ်သူများ မျက်စေ့လည် မသွားစေရန် လာမည့်အခန်းကို ၁၅၃ ဟုသာ နံပါတ်စဉ်တပ်၍ ဆက်လက် ရေးသားသွားမည် ဖြစ်သည်)

All Chapters