စုချန်း ကျောင်းစတက်ပြီ
Vol. 16 Ch. 153
ရှည်လျားရစ်ခွေ မြို့တော်သည် နှစ်တနှစ်၏ ကိုးလပိုင်းကုန် ရောက်တိုင်း အလှဆုံး ဖြစ်နေလေ့ရှိသည်။ နှစ်တိုင်းလိုလို ဤအချိန်ရောက်တိုင်း အိုင်းရစ်ပန်းများ ဝေဝေဆာဆာ ဖူးပွင့်လာလေ့ရှိရာ မြို့တော်တစ်ခွင်လုံး ပန်းပင်လယ်ကြီးပမာ ဖြစ်ပေါ်နေလေ့ ရှိသည်။ ပန်းလယ်ပြင်ကြီးသည် နီရဲနေသော အုတ်မြို့ရိုးကို ဖြတ်၍ ငါးကီလိုမီတာ အကွာတွင်ရှိသော တောင်ကြောများသို့တိုင် ရောက်ရှိသွားလေရာ ထိုမြို့ရိုးကြောင့်ပင် ပန်းကမ္ဘာကြီးနှစ်ခု သီးခြား ဖြစ်ပေါ်နေကဲ့သို့ ထင်ရ၏။
အုတ်မြို့ရိုးသည် မဟာတံတိုင်းကြီးသဖွယ် နေရာတခုလုံးကို ရစ်ခွေဝန်းရံထား၏။ ၎င်းသည် ဖျတ်ခနဲ ကြည့်လိုက်လျှင် နဂါးကြီးတစ်ကောင် လဲလျောင်းနေသည်နှင့် တူလှပြီး နဂါးဦးခေါင်းနှင့် အမြီး ထိစပ်မိချိန်ဝယ် စက်ဝိုင်းသဖွယ် ဖြစ်ပေါ်လာတော့သည်။ ပုန်းအောင်းနေသော နဂါးတစ်ကောင်နှင့် တူလှသည့် အုတ်မြို့ရိုးကြောင့် ကျောင်းတော်သည်လည်း ပုန်းအောင်းနေသော နဂါးကျောင်းတော်ဟု နာမည်တွင်လာခြင်း ဖြစ်သည်။ နဂါးတကောင်နှင့် တူသည်မှာလည်း သိပ်တော့ ထူးဆန်းလှသည် မဟုတ်။ မြို့ရိုးကို တည်ဆောက်ခဲ့သူ ပညာရှင်သည် တမင်တကာပင် နဂါးကြီးတကောင် ရစ်ခွေနေသည့် ပုံသဏ္ဌာန်မျိုး တည်ဆောက်ခဲ့ သောကြောင့်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် နဂါး ကျောင်းတော်ကိုလည်း အပိုင်းကြီး ခြောက်ပိုင်းဖြင့် ခွဲခြားထား၏။
ဤယနေ့တွင်ကား နဂါးကျောင်းတော်သည် အထူးပင် သက်ဝင် လှုပ်ရှားနေ၏။ ကျောင်းတော်ဝင်ပေါက် အနီးတွင် လူပေါင်းမြောက်များစွာ စုဝေးလျက် ရှိလေသည်။ နဂါးကျောင်းတော်ကို ဝင်ခွင့်ရသည့် ကျောင်းသားများ ရောက်ရှိနေကြပြီ ဖြစ်သလို သူတို့နှင့်အတူ မိသားစုဝင်များလည်း လိုက်ပါလာရာ ပတ်ဝန်းကျင် တစ်ခုလုံး စကားပြောသံများနှင့် ဆူညံပွက်လောရိုက် နေတော့သည်။ မျိုးနွယ်စု အသီးသီးက ပိုင်ဆိုင်ကြသည့် ရထားလုံးများမှာလည်း လမ်းများပေါ်တွင် စီတန်းကာ ရပ်တန့်ထားကြလေရာ မျက်စေ့တဆုံးတိုင် ရထားလုံးတန်းကြီးမှာ မဆုံးသေးချေ။
ကျောင်းတော်၏ အဓိက ဝင်ပေါက်ဆီသို့ ဦးတည်လျှောက်လှမ်းလာသူ လူဆယ်ယောက်လျင် ရှစ်ယောက်မှာ သွေးဗီဇဆက်ခံသူ တော်ဝင်မျိုးနွယ်စုဝင်များ ဖြစ်ကြသည်။ ထိုအနေအထားမျိုးတွင် စုမျိုးနွယ်စု၏ သေးငယ်သော ရထားလုံးသည် လူမြင်ကွင်းတွင် ရပ်တန့်ရန် အခွင့်မရှိ။ ထို့ကြောင့် သူတို့၏ ရထားလုံးသည် အလွန် တိတ်ဆိတ်သော ထောင့်တစ်ထောင့်တွင် ရပ်တန့်ထား လေသည်။ ရထားလုံး၏ အတွင်းတွင်ကား မင်ချူးတယောက် မတ်တတ်ရပ်လျက် ရှိသည်။ သူသည် ပြတင်းပေါက် အပြင်ကို လှမ်းကြည့်ကာ တစ်စုံတစ်ရာကို ဆန္ဒစောနေဟန်ရှိ၏။
“သခင်လေးတစ်ယောက် ဘာကြောင့်များ ခုချိန်ထိ ရောက်မလာသေးပါလိမ့် ဒီနေ့ဟာ ဝင်ခွင့် နောက်ဆုံးနေ့ပဲ ဒီနေ့သာ လွဲချော်သွားရင် နဂါးကျောင်းတော် ပြိုင်ပွဲမှာ သခင်လေးရဲ့ ကြိုးစား အားထုတ်မှုတွေ အကုန်လုံး ဆုံးရှုံးရတော့မယ်”
မင်ချူး၏ အမူအရာကို ကြည့်ရင်း လီရှုက ရယ်မောလိုက်သည်။
“မင်းကိုကြည့်ရတာ စိတ်မသက်သာလိုက်တာ ငါတို့သခင်လေးဟာ အင်မတန် စည်းကမ်းကြီးပြီး အချိန်တိကျတယ် သူ ဒီနေ့လာမယ်လို့ ပြောထားရင် သေချာပေါက် လာမှာပဲ ဒီတော့ နည်းနည်းလောက် သည်းခံပြီး စောင့်စမ်းပါကွာ”
အချိန်မှာ တရွေ့ရွေ့ ကုန်ဆုံးနေ၏။ နေမင်းကြီးသည်ပင် မိုးကုပ်စက်ဝိုင်းဆီသို့ ရောက်ရှိစပြုနေလေပြီ။ ဝင်ခွင့်ရ ကျောင်းသားများသည် နဂါးကျောင်းတော် အတွင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက် သွားကြလေရာ ၎င်းတို့၏ စကားပြောသံ၊ ဆူညံသံများမှာလည်း တဖြည်းဖြည်း လျော့ပါးစပြုလာ၏။ ပတ်ဝန်းကျင် တစ်ခုလုံးသည်လည်း မှောင်ရိပ်သန်းစ ပြုလာသည်။ ထိုအခိုက်မှာပင် မင်ချူးက စုချန်းကို လှမ်းမြင်လိုက်သည်။
“ဟော ဟိုမှာ သခင်လေးပဲဗျ သခင်လေး လာပြီ ... သခင်လေး ... ကျွန်တော်တို့ ဒီမှာဗျို့”
မင်းချု၏ မျက်လုံးမှာ စူးရှလှသည်။ အလွန်ဝေးကွာသော နေရာမှ လမ်းလျှောက်လာသော စုချန်းကိုပင် မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ သူ၏ ချစ်လှစွာသော သခင်လေးကို မြင်သည်နှင့် မင်ချူးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ မင်ချူး၏ အသံကို ကြားသည်နှင့် စုချန်းက ခေါင်းကိုမော့ပြီး အသံလာရာကို လှမ်းကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း သိမ်မွေ့သော အပြုံးတစ်မျိုး ပေါ်ပေါက်လာ၏။
စုချန်း အနားသို့ ရောက်လာတော့မှ နှစ်လမျှသော အချိန်ကာလလေး အတွင်း သူတို့သခင်လေး၏ ပုံစံသည် ယခင်ထက် အဆပေါင်းများစွာ ကျစ်လျစ်သိုသိပ် လာပုံရမှန်း မင်ချူးတို့ သတိထားမိကြ၏။ သူ၏ မျက်လုံးများမှာကား မြင်ရုံနှင့် ငယ်ရွယ်လှသော အသက်အရွယ်နှင့် မလိုက်အောင် ဘဝ၏ ခါးသီးလှသော အတွေ့အကြုံပေါင်း များစွာကို ခံစားခဲ့ဖူးပြီမှန်း သိသာနေ၏။
စုချန်းကို လီရှုကပင် စတင် နှုတ်ဆက်လိုက်၏။
“မတွေ့ရတာ နှစ်လလောက်ပဲ ရှိသေးတယ် သခင်လေးကို ကြည့်ရတာ အတော်လေး ပိန်သွားတယ် ဒါပေမဲ့ ပိုပြီး ကြည့်ကောင်း လာပါတယ်ခင်ဗျာ”
စုချန်းက ရယ်မောလိုက်၏။
“အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ ဒါပေမဲ့ ကျေးဇူးတင်ပါတယ် ဒါနဲ့ မျိုးနွယ်စုရဲ့ အခြေအနေက ဘယ်လိုလည်း အမေကော နေကောင်းရဲ့လား”
“အားလုံး ကောင်းကြပါတယ် ခင်ဗျာ ဒါနဲ့ သခင်လေးရဲ့ ခရီးစဉ်ကကော ဘယ်လိုလဲ ကမ္ဘာတစ်ဖက်ခြမ်းထိ ရောက်ခဲ့ရဲ့လား”
လီရှုက ပြုံးရင်း မေးလိုက်သည်။
“ကျုပ်မှာရှိတဲ့ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်း တချို့ကို သေချာအောင် လုပ်ကြည့်တဲ့ သဘောလောက်ပါပဲဗျာ”
စုချန်းက အဝေးကို ငေးကြည့်ရင်း ပြောလိုက်သည်။ သူ၏စိတ်အာရုံမှာကား တနေရာရာသို့ ရောက်ရှိနေဟန်တူ၏။
“တချို့အရာတွေဟာ ဘာမှမဆန်းကြယ်ဘူး ဆိုပေမဲ့ အမှန်တကယ် နားလည်ဖို့ကျတော့ ကိုယ်တိုင်မြင်တွေ့ရမှ ဖြစ်မှာကိုး”
“သခင်လေး ဒါတွေကို နောက်မှပြောပြီး မြန်မြန်လေး စာရင်းသွင်းလိုက်ရင် ပိုကောင်းမယ် ထင်တယ် သိပ်ကြာသွားရင် သူတို့ ကျွန်တော်တို့ကို ဝင်ခွင့်မပြုဘဲ ဖြစ်နေလိမ့်မယ်ဗျ”
ထိုအခါ စုချန်းက လီရှု၏စကားအတိုင်း စာရင်းသွင်းရမည့် နေရာသို့ ဦးတည်လိုက်၏။ သူတို့ အမှန်တကယ်လည်း နောက်ကျနေခဲ့ပေပြီ။ ထိုနေရာတွင် လူတစ်ယောက်သာ ကျန်ရှိတော့၏။ ထိုလူသည် သက်လတ်ပိုင်း အရွယ်ခန့် လူတစ်ယောက်ဖြစ်ပြီး မျက်နှာတခုလုံးတွင် အမွေးအမှင်များ ထူထပ်စွာ ပေါက်ရောက်နေ၏။ ထိုလူ ထိုင်နေသည့် ပုံစံမှာကား ခန့်ညားထည်ဝါလှသည်။
သူထံသို့ ဦးတည် လျှောက်လာနေသော စုချန်းကိုမြင်သည်နှင့် ထိုလူက ပြောလိုက်သည်။
“မင်းရဲ့သက်သေခံ ကတ်ပြားကို ပြပါ”
ပြိုင်ပွဲပြီးဆုံးပြီးနောက် ဝင်ခွင့်ရသော ပြိုင်ပွဲဝင်တိုင်းလိုလိုသည် သက်သေခံကတ်ပြား တစ်ယောက်တစ်ခုစီ ရရှိခဲ့၏။ စုချန်း၏ လက်တွင်လည်း ထိုသက်သေခံ ကတ်ပြားကို ကိုင်ထားလေသည်။ ထိုလူက ကတ်ပြားကို ကြည့်ရင်း ပြောလိုက်သည်။
“စုချန်း တောင်သုံးလုံး နယ်မြေပြိုင်ပွဲ အဆင့် ၅ ဒုတိယအဆင့် မျိုးဆက် မင်းဟာ ကြည်လင် ကောင်းကင်မျှော်စင် အခန်းနံပါတ် ၁၂ မှာ နေထိုင်ရမယ်”
နဂါးကျောင်းတော် အနေနှင့် သူတို့၏ ကျောင်းသားများကို အဆင့်သုံးဆင့်ဖြင့် ခွဲခြား သတ်မှတ်ထားကြောင်း ကနဦးကတည်းက စုချန်း သိရှိပြီးသားဖြစ်သည်။ ပထမအဆင့်တွင် လက်ရွေးစင်များသာ ပါဝင်ပြီး သူ့နောက်တွင်မှ ကျန်နှစ်ဆင့်က အစဉ်လိုက် ရပ်တည်နေကြ၏။ ထိုအဆင့် သုံးဆင့်အတွင်း မဝင်သော ကျောင်းသားများ အားလုံးကို သာမန် ကျောင်းသားများဟုသာ သတ်မှတ်ထားသည်။ ထိပ်ဆုံးသုံးယောက်ကို ပထမအဆင့်ဟု သတ်မှတ်ပြီး ထိပ်ဆုံး ဆယ်ယောက်ကို ဒုတိယအဆင့်ဟု သတ်မှတ်၏။ ထိပ်ဆုံးနှစ်ဆယ်ကိုကား တတိယအဆင့်ဟု သတ်မှတ်ထားလေသည်။
မိမိ သတ်မှတ်ခြင်းခံရသော အဆင့်ကို မူတည်၍ နဂါးကျောင်းတော်မှ ပေးအပ်ထားသော အခွင့်အရေးကလည်း ကွာခြား၏။
သာမန် ကျောင်းသားများ အားလုံးသည် အစေခံခေါ်ခွင့် မရှိသလို သာမန် အဆောင်များတွင်သာ အုတ်ရောရော ကျောက်ရောရော နေထိုင်ကြရ၏။ ထို့ပြင် သူတို့အနေနှင့် မည်သည့် အထူးခွင့်ပြုချက်မျိုးမှ လက်ခံခွင့်မရှိပေ။ ကျောင်းတောင်မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်းသာ ကြပ်တည်းစွာ နေထိုင်ကြရရှာ၏။
သို့သော် ထူးရှယ် အခွင့်အရေးများအား ခံစားသင့်သည်ဟု နဂါးကျောင်းတော်မှ သတ်မှတ်ခြင်း ခံရသည့် လူတချို့လည်း အမှန်တကယ်ပင် ရှိနေ၏။
မျက်နှာတခုလုံး အမွေးအမှင်များ ပေါက်နေသောလူသည် စုချန်းကို စာရွက် အပိုင်းအစတစ်ခု ကမ်းပေးလိုက်၏။ ထိုစာရွက်ပေါ်တွင် မိမိ ရရှိထားသည့် အဆင့်အတန်းအလိုက် ကျောင်းသားများ အနေနှင့် လိုက်နာရမည့် စည်းကမ်းချက်များကို ရေးသားထားလေသည်။
ဒုတိယအဆင့် ကျောင်းသားတစ်ယောက် အနေနှင့် စုချန်းသည် ကျောင်းတော်မှ ပေးအပ်သော အထူးအခွင့်အရေး ငါးရပ်ကို လက်ခံရရှိလိုက်၏ ၎င်းတို့ကို ဖတ်ကြည့်ရင်း စုချန်း ဝမ်းသာသွားသည်။ ထို အခွင့်အရေး များမှာကား …
၁။ သူနှင့်အတူ အစေခံတယောက် ခေါ်ယူခွင့်ရရှိ၏။
၂။ သူ့အနေနှင့် မူလစွမ်းအင် သိပ်သည်းဆ များပြားသော အဆောင်မျိုးတွင် နေထိုင်ခွင့်ရှိသည်။
၃။ သူသည် ကိုယ်ပိုင်နည်းပြကို ရွေးချယ်နိုင်သည်။
၄။ သူသည် ထောက်ပံ့ကြေးအဖြစ် အမှတ်တစ်ရာတိတိကို လက်ခံရရှိမည် ဖြစ်သည်။
၅။ သူသည် ဦးစားပေးကုသမှု အဆင့်ကိုးဆင့်ကို ဖွင့်လှစ်ခွင့်ရှိသည်။
ထောက်ပံ့ကြေး အမှတ်များသည် နဂါးကျောင်းတော်၏ အထူးအခွင့်အရေးဟု သတ်မှတ်နိုင်သည်။ ၎င်းအမှတ်များသည် စာကြည့်တိုက် ကဲ့သို့သော ကန့်သတ် နေရာများကို ဝင်ခွင့်ရရှိရန် အလွန်ပင် အရေးပါ၏။
နဂါးကျောင်းတော်တွင် ထိုကဲ့သို့သော ထပ်တိုး အခွင့်အရေးများကို ရရှိရန် နည်းလမ်း နှစ်သွယ်ရှိ၏။ ကျောင်းသားများသည် ကျောင်းတော်မှ ခိုင်းစေသော လုပ်ငန်း တာဝန်များကို ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်ခြင်းအားဖြင့် ထောက်ပံ့အမှတ်များ ရရှိနိုင်၏။ နဂါးကျောင်းတော်တွင် အမျိုးမျိုး အထွေထွေသော ပြိုင်ပွဲများ၊ လေ့ကျင့်ခန်းများနှင့် စာမေးပွဲများ ရှိ၏။ တာဝန်ရှိသူ တစ်ယောက်ယောက်က စီစဉ်သည့် အထက်ပါ ပြိုင်ပွဲ သိုမဟုတ် စာမေးပွဲများတွင် များသောအားဖြင့် ဆုလာဘ်မှာ ထောက်ပံ့ကြေး အမှတ်များ ဖြစ်နေတတ်သည်။ မည်သို့ဆိုစေ နဂါးကျောင်းတော် ဟူသည် ခွန်အားနှင့် စွမ်းဆောင်ရည်သာ ပဓာနကျသော နေရာဌာနမျိုး ဖြစ်သည်။ ထို့ကြောင့် အထက်ပါ နည်းလမ်းများကို အသုံးပြု၍ ထောက်ပံ့ကြေး အမှတ်များ ရယူခြင်းထက် မိမိ၏ စွမ်းဆောင်ရည်ကို ပြသပြီး အမှတ်ရယူခြင်းကသာ လူအများကြားတွင် ပို၍ ရေပန်းစားသော နည်းလမ်းဖြစ်သည်။
ယခု စုချန်းရရှိလိုက်သည့် အမှတ်၁၀၀မှာလည်း ပြိုင်ပွဲတွင် အဆင့် ၅ နေရာရအောင် တိုက်ပွဲဝင်နိုင်ခဲ့သည့် စွမ်းဆောင်ရည်အတွက် ဆုလာဘ်ပင် ဖြစ်သည်။ လူအတော်များများ အတွက် အမှတ် ၁၀၀ ရရှိဖို့ ဟူသည်မှာ အလွန်ခက်ခဲသည့်အရာ ဖြစ်သည်။ နဂါးကျောင်းတော်သို့ တက်ရောက်ခွင့် ရပြီးကတည်းက ကံကောင်းလှပြီဟု ဆိုနိုင်သောလည်း သာမန် ကျောင်းသားများနှင့် ထိပ်တန်းအဆင့် ကျောင်းသားများ အကြားဝယ် အခွင့်အရေးမှာ များစွာ ကွာခြားလှ၏။
နဂါးကျောင်းတော်တွင် ကျောင်းသားများကို အဆင့်ခွဲနိုင်ရန် နှစ်တိုင်းလိုလို ကြီးမားသည့် ပြိုင်ပွဲမျိုး ပြုလုပ်လေ့ရှိ၏။ အကယ်၍ သင်သည် ထိုပြိုင်ပွဲတွင်သာ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့ပါက မိမိ ရရှိထားသော အခွင့်အရေးများအား အခြားကျောင်းသား တစ်ယောက်ကို လွှဲပြောင်းပေး ရပေလိမ့်မည်။ ထို့ကြောင့် ကျောင်းသားများ အနေနှင့် မိမိ၏ အရည်အချင်းကို မြင့်တက်လာစေရန် အစဉ်အမြဲ ကြိုးစား အားထုတ်နေရန် လိုအပ်၏။ ကျောင်းတွင်းပြိုင်ပွဲကြီး ပြီးဆုံးသွားသည့် နောက်တွင် မည်သည့် ပြိုင်ပွဲဝင်မဆို ထူးချွန်သူ၊ အလားအလာ ရှိသူဟု သတ်မှတ်ခြင်း ခံရနိုင်ပြီး အထူး အခွင့်အရေးများကို ရရှိလာနိုင်ပေသည်။
စာရွက်တွင် ရေးသားထားသည့် စည်းကမ်းချက်များကို ဖတ်ရှုပြီးနောက် စုချန်းက မေးလိုက်၏။
“ကျွန်တော့်အနေနဲ့ ကိုယ်ပိုင်နည်းပြကို ခုချက်ချင်း ရွေးချယ်ဖို့ လိုအပ်ပါသလားခင်ဗျာ”
ထိုလူက ရယ်မောလိုက်သည်။
“အမှန်အတိုင်း ပြောရရင်တော့ မလိုအပ်သေးဘူး ခုချိန်ဟာ ဘယ်နည်းပြနဲ့မှ မရင်းနှီးသေးတဲ့ ကာလဖြစ်တဲ့အတွက် ဒီအချိန် ကိုယ်ပိုင်နည်းပြကို ရွေးချယ်တာဟာ မျက်မမြင်တစ်ယောက် ဆင်ကို စမ်းသပ်သလို ဖြစ်နေမှာပဲ နဂါးကျောင်းတော်ရဲ့ စည်းကမ်းအရ ကျောင်းထဲဝင်ပြီး တစ်နှစ်အတွင်း ကြိုက်တဲ့အချိန်မှာ ကိုယ်ပိုင်နည်းပြကို ရွေးချယ်နိုင်တယ် ကျောင်းသားတွေ ကိုယ်ပိုင်နည်းပြ ရွေးချယ်တဲ့ကိစ္စဟာ နည်းပြတွေ အပေါ်မှာလည်း ဖိအားရှိနေတာတော့ အမှန်ပဲ တကယ်လို့ ကျောင်းသားတစ်ယောက် ရွေးချယ်လိုက်တဲ့ နည်းပြဟာ ပါရမီမရှိဘူး ဒီကျောင်းသားကို တိုးတက်လာအောင် သင်ကြားနိုင်စွမ်း မရှိဘူးဆိုရင် အဲဒီနည်းပြ ကိုယ်တိုင်လည်း အလုပ်ပြုတ် သွားနိုင်သေးတယ်”
အထက်ပါ စကားကို နားထောင်ရင်း ထိုလူသည် သူ့ကို တစ်စုံတစ်ရာ ပြောပြရန် ကြိုးစားနေသကဲ့သို့ စုချန်း ခံစားလိုက်ရသည်။ ထိုအခါ သူက ပြောလိုက်၏။
“ဒီလိုဆိုတော့ ကျွန်တော့်အနေနဲ့ နည်းပြတစ်ယောက် အလောတကြီး ရွေးချယ်စရာ မလိုသေးဘူးဆိုတဲ့ သဘောပေါ့လေ”
“ဆိုပါတော့ ပြီးတော့ နဂါးကျောင်းတော်ရဲ့ သင်ကြားပုံကို မင်းနားလည်သွားအောင် ကျုပ်က အကျဉ်းချုံးပြီး ရှင်းပြပေးလိုက်မယ် နဂါးကျောင်းတော်မှာ တန်းခွဲပေါင်း သုံးဆယ့်တစ်ခုထိ ရှိပြီး ဘယ်ဘာသာရပ်တွေကို သင်ကြားပေးသလဲ ဆိုတော့ မူလစွမ်းအင်ဖွံ့ဖြိုးလာပုံ သမိုင်းကြောင်း၊ မူလစွမ်းအင် အဆောင်လက်ဖွဲ့၊ စုပ်ယူခြင်း နည်းလမ်း၊ မူလစွမ်းအင်ပုံစံများ၊ ကုန်ကြမ်းပစ္စည်းများ၊ မူလစွမ်းအင် ဒြပ်စင်များ၊ ဇီဝဗေဒ၊ဆေးဝါးဗေဒ၊ အဂ္ဂိရတ်ဗေဒနဲ့ တခြားဘာသာရပ် တချို့ပေါ့ကွာ ဘယ်ဘာသာရပ် ဘယ်တန်းခွဲမှာမှ ဘယ်သူကတော့ မသင်ရဘူး ဆိုတဲ့ ကန့်သတ်ချက်မရှိဘူး သူတို့ရဲ့နေရာနဲ့ အချိန်ကို အချိန်စာရင်းပေါ်မှာ ဖတ်ရှုနိုင်တယ် ဆိုလိုတာက မင်းအနေနဲ့ ကြိုက်တဲ့ဘာသာရပ်ကို ကြိုက်သလို ရွေးချယ်ပြီး သင်ယူနိုင်ခွင့် ရှိတယ် ကျောင်းတော်အနေနဲ့ ဘာတားမြစ်ချက်မှ မရှိဘူး ငါတို့ဘက်ကတော့ မင်းဟာ ဘယ်ဘာသာရပ်တွေကို ဦးစားပေးပြီး သင်ယူသင့်သလဲ ဆိုတဲ့ အကြံညဏ်မျိုးပဲ ပေးနိုင်မယ် ဘယ်လို အကြံညဏ်မျိုးလည်း ဆိုတော့ ဥပမာကွာ ... မင်းဟာ မူလစွမ်းအင်ပုံစံ ဆရာတစ်ဆူ ဖြစ်ချင်တယ်ဆိုရင် မူလစွမ်းအင်ဖွဲ့စည်းမှု အခြေခံများ၊ ကုန်ကြမ်းများနဲ့ မူလစွမ်းအင် ကူးပြောင်းခြင်း စတဲ့ ဘာသာရပ်တွေကို ဦးစားပေး သင်ယူသင့်တယ် မင်းဟာ ဆေးဝါးဖော်စပ်သူ ဓာတုဗေဒပညာရှင်တစ်ယောက် ဖြစ်ချင်ရင် ဆေးဝါးဗေဒ၊ ဇီဝဗေဒနဲ့ အဂ္ဂိရတ်စတဲ့ ဘာသာရပ်တွေကို သင်ယူသင့်တယ် တကယ်လို့ မင်းဟာ မူလချီစွမ်းအား ပညာရှင်တစ်ယောက် ဖြစ်ချင်ရင် စုပ်ယူခြင်းနည်းလမ်း လေ့ကျင့်ခန်း၊ မူလစွမ်းအင် အဆောင်လက်ဖွဲ့နဲ့ မူလစွမ်းအင်ဖွံ့ဖြိုးမှု စတဲ့ဘာသာရပ်တွေကို သင်ယူသင့်တယ် စတဲ့ အကြံညဏ်မျိုး တွေပေါ့ကွာ”
ထိုလူ၏စကားကို နားထောင်ရင်း စုချန်းသည် နဂါးကျောင်းတော်တွင် မည်သည့် တန်းခွဲများအား တက်ရောက်သင့်ကြောင်း တဖြည်းဖြည်း နားလည်လာ၏။ နဂါးကျောင်းတော်၏ သင်ကြားရေး စနစ်သည် သိုးများကို လွတ်လပ်စွာ ထိန်းကျောင်းထားသည့် နည်းလမ်းနှင့်ပင် ဆင်တူနေ၏။ ကျောင်းသားများ အနေနှင့် များစွာ လွတ်လပ်ခွင့် ရရှိထားသည်။ တစ်ချိန်တည်းမှာပင် သူတို့အပေါ်၌ ဖိအားတချို့ ရှိနေ၏။
သို့သော် ကန့်သတ်ချက်မဲ့ တန်းခွဲများမှနေ၍ သူ့အနေနှင့် အခြေခံသတင်း အချက်အလက်မျှကိုသာ ရရှိပေလိမ့်မည်။ အကယ်၍ သူသည် အဆင့်မြင့်မြင့် လေ့လာသင်ယူ လိုပါက ၎င်း၏ ဗဟုသုတနှင့် လေ့ကျင့်စဉ်များအား ပြောပြပြီး ဘေးနားမှနေ၍ အနီးကပ် လမ်းညွှန် ပေးနေမည့် နည်းပြတယောက်တော့ မဖြစ်မနေ လိုအပ်သည်မှာ အမှန်ပင်။
နည်းပြများ အနေနှင့်လည်း ကျောင်းသားများနှင့် ပတ်သက်၍ ကျောင်းသား၊ တပည့်ရင်းချာနှင့် အမွေဆက်ခံသူဟူ၍ အဆင့်ခွဲထား သေးပေသည်။ ကန့်သတ်ချက်မဲ့ တန်းခွဲများတွင် တက်ရောက် သင်ကြားနေသူများ အားလုံးသည် ကျောင်းသားများသာ ဖြစ်ကြပြီး ကိုယ်ပိုင်နည်းပြ ရွေးချယ်ခွင့် ရှိသူများကိုကား တပည့်ရင်းချဟု သတ်မှတ်ထား၏။ ထိုတပည့်ရင်းချာများထဲမှ နေ၍ နည်းပြဆရာသည် ထူးချွန်သူတချို့ကို စိတ်ကြိုက်ရွေးချယ်ပြီး အမွေဆက်ခံမည့်သူဟု သတ်မှတ်လိုက်၏။ ထိုအမွေဆက်ခံမည့် သူများသည် မိမိဆရာ၏ အမွေအနှစ်များ အားလုံးကို ဆက်ခံခွင့် ရရှိကြလေသည်။
“အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်ဆရာ”
စုချန်းက ထိုလူကို အရိုအသေပြုရင်း ပြောလိုက်သည်။ သူ့အနေနှင့် နဂါးကျောင်းတော်၏ အခြေအနေကို အကြမ်းဖျင်း နားလည် သဘောပေါက်သွားပြီ မဟုတ်ပါလား။
ထိုလူက သူ၏ ပါးသိုင်းမွေးများကို ပွတ်သပ်ရင်း အားရပါးရ ရယ်မောလိုက်သည်။
“ကျုပ်နာမည် လီဟုန်းယွင်လို ခေါ်တယ် ကျောင်းတော်ရဲ့ ဆရာတွေထဲက တစ်ယောက်ပဲ ကျုပ်အဓိက သင်ကြားပေးတာက မီးလျှံအမျိုးအစား အပါအဝင် မူလစွမ်းအင်အဆောင် လက်ဖွဲ့တွေကို ဘယ်လို တည်ဆောက်ရမလဲ ဆိုတာပဲ မင်းအနေနဲ့ စိတ်ဝင်စားရင် ကျုပ်ရဲ့ သင်တန်းတွေကို တက်ရောက် သင်ကြားနိုင်တယ်”
အမှန်တော့ ဆရာများတွင်လည်း ကိုယ်ပိုင်လုပ်ငန်းစဉ်များ ရှိကြ၏။ တပည့်များများကို ကောင်းကောင်းမွန်မွန် ကြားပေးနိုင်လေလေ ထိုဆရာ၏ အဆင့်အတန်းသည် ပို၍ မြင့်မားလေလေဖြစ်ပြီး အဆင့်အတန်းနှင့် လျော်ညီသည့် ဆုလာဘ်များကိုလည်း ရရှိတတ်သည်။ တစ်ခါတစ်ရံတွင် ထူးချွန်သော ကျောင်းသားတစ်ယောက်နှင့် ပတ်သက်၍ ဆရာအချင်းချင်း ခိုက်ရန် ဖြစ်ပွားသည်မျိုးပင် ရှိတတ်လေရာ လီဟုန်းယွင်က သူ့ကိုယ်သူ မိတ်ဆက်ပေးခြင်းမှာ အဆန်းမဟုတ်ချေ။