နည်းပြဆရာ
Vol. 16 Ch. 154
နာမည်စာရင်း ပေးသွင်းပြီးနောက် စုချန်းသည် သံမဏိအား ကြည်လင်ကောင်းကင် မျှော်စင်သို့ ခေါ်ဆောင်လိုက်၏။ မင်ချူး၊ ကျူးဟုန်နှင့် လီရှုတို့အတွက်မူကား စုချန်းက နဂါးကျောင်းတော်နှင့် မနီးမဝေးတွင် နေရာတစ်နေရာ ရှာပြီး နေထိုင်စေ၏။ မျှော်စင်သို့ သူတို့ ရောက်ရှိသောအခါ ကောင်းကင်တစ်ခွင်လုံး မည်းမည်းမှောင် နေခဲ့လေပြီ။
မျှော်စင်ဝင်ပေါက် အနီးတွင်တော့ သိမ်းငှက်တစ်ကောင်၏ ကိုယ်ခန္ဓာနှင့် လူတစ်ယောက်၏ မျက်နှာရှိသော ကြီးမားလှသည့် ရုပ်တုကြီးတစ်ခု ရှိနေ၏။ ထိုအခါ စုချန်းက သူ၏ သက်သေခံကတ်ပြားကို ရုပ်တု၏ ပါးစပ်အတွင်းသို့ ထည့်ပေးလိုက်လေရာ တစ်ခဏ အတွင်းမှာပင် ရုပ်တုဆီမှ တောက်ပသော အလင်းရောင်တန်း တစ်ခုသည် စုချန်း၏ နဖူးပြင်ဆီသို့ ထိုးကျလာပြီး အမှတ်တံဆိပ်တစ်ခု ဖြစ်ပေါ်လာတော့သည်။ ထို့နောက် သိမ်းငှက်ကိုယ်ခန္ဓာနှင့် လူမျက်နှာရှိ ရုပ်တုထံမှ စကားသံ ထွက်ပေါ်လာ၏။
“ငါ မင်းကို မှတ်မိသွားပြီ အထဲကို ဝင်သွားပေတော့ တစ်ခုတော့ သတိထား မင်းနဖူးပေါ်က အမှတ်တံဆိပ်ဟာ ဒီကျောင်းတော်မှာ မင်းနေထိုင်နေသမျှ ကာလပတ်လုံး တည်ရှိနေလိမ့်မယ် စည်းကမ်းချက်တွေကို မဖောက်ဖျက်ပါနဲ့ တကယ်လို့ ဖောက်ဖျက်တာနဲ့ အမှတ်တံဆိပ်က အာဏာပိုင်တွေကို အကြောင်းကြား ပေးလိမ့်မယ် အဲဒီအခါမှာ ဘာဖြစ်လာမလဲ ဆိုတာတော့ ... ဟီး ဟီး ဟီး”
ရုပ်တုဆီမှ ကြောက်မက်ဖွယ်ရာ ရယ်မောသံကြီး ထွက်ပေါ် လာသော်လည်း စုချန်း၏ အမူအရာမှာကား အေးဆေး တည်ငြိမ်လှသည်။ ထိုအခါ ရုပ်တုကြီးထံမှ ညည်းတွားသံတစ်ချက် ထွက်ပေါ်လာ၏။
“ဟင် မင်းကိုစရတာ ပျော်စရာလည်း မကောင်းပါလား”
ထိုအခိုက်မှာပင် တံခါးကြီးသည် တကျွီကျွီမည်၍ ပွင့်လာ၏။ စုချန်း၏ အခန်းမှာ မျှော်စင်၏ တတိယထပ် နှစ်ဆယ့်ငါးခန်းမြောက် အခန်းဖြစ်သည်။ အခန်းရှေ့သို့ ရောက်သောအခါ အနက်ရောင် ဝတ်ဆင်ထားသော လူငယ်တယောက်ကို သူတို့ တွေ့ရှိလိုက်ရ၏။ စုချန်းကို မြင်သည်နှင့် ထိုလူ၏ မျက်ခုံးများက အပေါ်သို့ မြင့်တက်သွား၏။ ထို့နောက် သူက လျှောက်လာရင်း ပြောလိုက်သည်။
“မင်းက စုချန်းဖြစ်ရမယ် ဟုတ်ရဲ့လား ငါ မင်းကိုစောင့်နေတာ အတော်လေး ကြာသွားပြီ”
သူ့လေသံမှာ မည်သို့မျှ ထူးခြားဟန်မရှိပေ။ သို့သော် စုချန်း ရောက်လာသည်ကို ကြိုဆိုနေသည့် သဘောမျိုးတော့ ဆောင်နေ၏။ စုချန်းက မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
“ငါ့နာမည် ဖန်း ... ဖန်းဟွာလို့ ခေါ်တယ် ဒီနာမည်ကို မမေ့စေနဲ့ကွာ ဘာကြောင့်လဲ ဆိုတော့ ဒီနာမည်ဟာ မင်းအတွက် အိပ်မက်ဆိုး ဖြစ်လာမှာမို့လို့ပဲ”
“ဖန်း ...”
စုချန်းက တီးတိုး ရေရွတ်လိုက်သည်။ သူ့စိတ်ထဲတွင်လည်း တစ်စုံတစ်ရာကို နားလည် သဘောပေါက် လိုက်သလို ရှိသည်။
“ဖန်းဆိုတော့ ထင်းရှုးမြို့တော် ဖန်းမျိုးနွယ်စုကလား”
ပြိင်ပွဲပြီးဆုံးပြီးနောက် ဖန်းမျိုးနွယ်စုများသည် စုချန်းကို ဒုက္ခပေးရန် လိုက်ရှာနေကြဟန် ရှိသည်။ သို့သော် စုချန်းက နယ်ခြားသို့ ခရီးထွက်နေခဲ့လေရာ မည်သို့မျှ ရှာဖွေတွေ့ရှိခဲ့ဟန်မတူ။
စုချန်းက ထပ်မံမေးမြန်း လိုက်ပြန်သည်။
“မင်းလည်း နဂါးကျောင်းတော်ရဲ့ ကျောင်းသားလား”
ဖန်းဟွာက အောက်ကလိအာနိုင်သော အသံဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူက လက်မထောင်ရင်း ဂုဏ်ယူ ဝင့်ကြွားသော လေသံနှင့် ပြောလိုက်သည်။
“ငါက ဒီကျောင်းရဲ့ တတိယနှစ် ကျောင်းသားပဲ ဒါ့အပြင် နဂါးအသွင်ပြောင်းခြင်း စာရင်းမှာလည်း အဆင့် ၁၄၂ နေရာမှာ ရပ်တည်ထား နိုင်သေးတယ်ကွ”
ထိုအဆင့်ကို ပြောလိုက်ရသည့် အချိန်တွင် ဖန်းဟွာ၏လေသံမှာ အထူးပင် ဂုဏ်ယူနေဟန်ရှိ၏။ ကျောင်းသားများကို အဆင့်အတန်း ခွဲခြားရန် နဂါးအသွင်ပြောင်းခြင်း စာရင်းကို အသုံးပြုကြောင်း ကနဦးကတည်းက စုချန်း သိထားပြီးသား ဖြစ်သည်။ ထိုစာရင်းပေါ်တွင် ရှိနေသူများသည် နဂါးအဆင့်သို့ မရောက်သေးဘဲ မြွေအဆင့်သာ ရှိနေသေးသည်ဟု ဆိုလို၏။ သူတို့အနေနှင့် နဂါးကျောင်းတော်၏ ပညာခန်းများကို ဆက်လက် လေ့ကျင့်ရပေဦးမည်။ ပညာစဉ် အောင်မြင်သွားပါက သူတို့သည် လူအများအကြားဝယ် နဂါးတစ်ကောင်ပမာ ဖြစ်လာပြီး လောင်စန်းနိုင်ငံတော်၏ အလွန်ထူးချွန်သော ပါရမီရှင်များဟု သတ်မှတ်ခြင်း ခံရပေလိမ့်မည်။
ထိုစာရင်းတွင်လည်း နှစ်မျိုး ခွဲခြားထားသေးသည်။ ပထမစာရင်းမှာ တစ်နှစ်တည်း အတူတူ ကျောင်းတော်သို့ ဝင်ရောက်ခဲ့သူများသာ ပါဝင်ပြီး ဒုတိယစာရင်းတွင်ကား နဂါးကျောင်းတော်တွင် အချိန်မည်မျှကြာအောင် နေထိုင်ခဲ့သည် ဟူသော အချက်ကို ထည့်သွင်း မစဉ်းစားဘဲ ထူးချွန်သူ၊ အလားအလာ ရှိသူများ အားလုံး ပါဝင်၏။ ထို့ကြောင့် ဒုတိယစာရင်းတွင် ကျောင်းသားပေါင်း ၁၀၀၀ အထိ ရှိနေတတ်သည်။
ယခု အဆင့် ၁၄၂ ဟူသည် ဖန်းဟွာလို တတိယနှစ် ကျောင်းသားအတွက် မနိမ့်လှပေ။ ထို့ကြောင့် သူ၏အင်အားမှ မသေးလှဟု ဆိုရပေလိမ့်မည်။ သို့သော် စုချန်းအတွက်ကား ထိုသတင်း အချက်များမှာ မည်သို့မျှ အသုံးမဝင်။ ထိုအခါ သူက ခေါင်းကို ဆတ်ခနဲညိတ်ရင်း ပြောလိုက်သည်။
“ဒီတော့ မင်းက ငါ့ကို ဒါတွေ ပြောပြချင်လို့ ဒီကိုလာတာလား”
ဖန်းဟွာက စိတ်ဆိုးမာန်ဆိုးနှင့် ရယ်မောလိုက်သည်။
“စုချန်း သိပ်လည်း တုံးအချင်ယောင် မဆောင်စမ်းပါနဲ့ကွာ ငါဒီကိုလာတာ မင်းအနေနဲ့ နဂါးကျောင်းတော်မှာ အေးအေးဆေးဆေး မနေရဘူးဆိုတာ ပြောပြချင်လို့ပဲ မင်းသိထားဖို့က ငါ့မှာ မင်းကို ဒုက္ခပေးစရာ နည်းလမ်းတွေ အများကြီးရှိတယ်ကွ”
“မင်းပြောသလိုပဲ ပြန်ပြောရရင် လောလောဆယ်တော့ မင်းအနေနဲ့ ငါ့ကို ဘာမှ မလုပ်နိုင်သေးဘူးမလား”
စုချန်းက ရယ်မောကာ ဖန်းဟွာကို ထစ်ငေါ့လိုက်၏။ နဂါးကျောင်းတော်တွင် ကိုယ်ရေးကိုယ်တာကြောင့် ဖြစ်ပွားသော ရန်ပွဲများကို တင်းကျပ်စွာ တားမြစ်ထားကြောင်း စုချန်းက စည်းကမ်းချက်များတွင် ဖတ်ထားပြီးသား ဖြစ်သည်။ ဖန်းဟွာအနေနှင့် မည်မျှပင် ဒေါသထွက် နေစေကာမူ သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ စုချန်းအား ပါးစပ်ဖြင့် ခြိမ်းခြောက်ရုံမျှသာ ဖြစ်သည်။
ဖန်းဟွာက ကောက်ကျစ်စဉ်းလဲသော အသံနှင့် ရယ်မောလိုက်သည်။
“မင်းပြောထားဦးပေါ့ကွာ ဒါပေမဲ့ ခုမလုပ်နိုင်ဘူး ဆိုတာ နောင်တချိန် မလုပ်နိုင်ဘူးလို့တော့ အဓိပ္ပာယ် မသက်ရောက်ဘူးဟေ့ မင်းပြောတာမှန်တယ် နဂါးကျောင်းတော်မှာ ကိုယ်ရေးကိုယ်တာကြောင့် ဖြစ်တဲ့ တိုက်ပွဲတွေကို တားမြစ်ထားတယ် ဒါပေမဲ့ ကိုယ်ခံပညာပြိုင်ပွဲ နတ်ဆိုးအမဲလိုက် စစ်မြေပြင် မှော်ခန်းမနဲ့ မူလစွမ်းအင်လက်ခံခြင်း နန်းဆောင်တွေမှာတော့ တိုက်ခိုက်တာကို ခွင့်ပြုထားတယ်ကွ တချို့နေရာတွေမှာ ဆိုရင် သေတဲ့အထိ တိုက်ခိုက်နိုင်တယ် ခွေးသူတောင်းစားလေး မင်းအနေနဲ့ ငါ့ကို အဲဒီနေရာတွေမှာ မတွေ့ပါစေနဲ့လို့ ထိုင်ပြီးသာ ဆုတောင်းနေပေတော့”
စုချန်း၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွား၏။ သူက အလွန်လေးနက်သော ဟန်ပန်နှင့် ပြန်လည် ပြောဆိုလိုက်သည်။
“ကောင်းပြီ မင်းပြောတာကို ငါမှတ်ထားမယ် တကယ်လို့ အဲဒီနေ့မျိုး ရောက်လာခဲ့ရင်လည်း မင်းဆီမှာ ငါ အသနားခံမှာ မဟုတ်ဘူး စိတ်သာချ”
ဖန်းဟွာ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တချို့ ယှက်သန်းလာ၏။
“မင်းက လေကြီးလေကျယ်နဲ့ မိုးပြောချိုးပြော ပြောတတ်တဲ့ ကောင်မျိုးပဲ မင်းဟာ တောင်သုံးလုံး နယ်မြေပြိုင်ပွဲမှာ အဆင့် ၅ ရခဲ့တယ် ဆိုတာ ငါသိပြီးသား ဒါပေမဲ့ မင်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ကောင်တွေကလည်း သာမန်ချီ စွမ်းအားပညာရှင်တွေ ဒီမယ် ဟေ့ကောင် မင်းမှာသာ ဖြတ်လမ်းနည်း မရှိခဲ့ရင် မင်းရဲ့အင်အားက ငါ့ထက် အများကြီး နိမ့်နေသေးတယ် ငါတင်မကဘူး ဒီကျောင်းက ကျောင်းသားတွေ အကုန်လုံးဟာ မင်းထက် အဆပေါင်းများစွာ အင်အားကြီးမားတဲ့ ကောင်တွေချည်းပဲ မင်းတို့ထဲက အတော်ဆုံးဆိုတဲ့ ဂျီဟန်းယင်တောင် ဒီလိုနေရာမှာ ဆရာကြီးလာလုပ်လို့ မရဘူးကွ”
“ဪ ဪ အဲဒီလိုလား”
စကားသံတသံ ထွက်ပေါ်လာ၏။ အသံရှင်မှာ ဂျီဟန်းယင်ဖြစ်သည်။ သူမသည် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏ နောက်တွင် မတ်တတ် ရပ်လျက် ရှိသည်။ သူမကို မြင်သောအခါ ဖန်းဟွာ မျက်လုံးပြူးသွား၏။
“ဂျီဟန်းယင် မင်း ဒီမှာ ဘာလာလုပ်နေတာလဲ”
“ရှင့်အနေနဲ့ ကျွန်မကို ပြန်မေးနေစရာ မလိုဘူး ခုနက ဘာပြောလိုက်တယ် ဆရာကြီး လာလုပ်လို့ မရဘူး ဟုတ်လား ပြစမ်းပါဦး ရှင့်ရဲ့ အစွမ်းအစလေး တတိယနှစ်ကျောင်းသားကြီးက ကျွန်မကို ဘယ်လောက်အထိ ဖိအားပေးနိုင်မလဲ ကျွန်မသိချင်သေးတယ်”
စကားဆုံးသည်နှင့် သူမက ဖန်းဟွာကို လက်သီးနှင့် လှမ်းထိုးလိုက်၏။ သူမ၏ နာမည်ကျော် နှင်းငှက်အဖြူရောင် ရေခဲလက်သီးကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ဖန်းဟွာ မျက်လုံးပြူးသွား၏။ ကျောင်းတော်၏ ပရဝုဏ်အတွင်းဝယ် သူ့ကို တိုက်ခိုက်ရဲသည်အထိ ဂျီဟန်းယင် တစ်ယောက် မိုက်မဲလိမ့်မည်ဟု သူ မထင်ထားချေ။ ထိုအခါ သူက လက်ဝါးများကို ဝှေ့ယမ်းပြီး အရှိန်အဟုန်နှင့် ပြေးဝင်လာသော ရေခဲနှင့် ဆီးနှင်းများ ရောပြွမ်းနေသည့် အားလှိုင်းကို ခုခံပေးလိုက်သည်။
ဂျီဟန်းဟင်၏ ရေခဲလက်သီးကား အမှန်တကယ်ပင် အင်အား ပြင်းထန်လှသည်။ ဖန်းဟွာသည် သုံးကြိမ်တိုင်တိုင် ကာကွယ်လိုက်သောလည်း အားလှိုင်းကို ပျက်ပြယ်သွားစေရန် မစွမ်းဆောင်နိုင်ခဲ့။ ရေခဲလှိုင်းသည် သူ့ထံသို့ တိုးဝင်မြဲ တိုးဝင်လာ၏။ ထိုအခါ ဖန်းဟွာက စူးရှစွာ အော်ဟစ်လိုက်ပြီး ကြောက်စရာ ကောင်းသော အရှိန်အဟုန်ဖြင့် နောက်ကို ဆုတ်ပေးလိုက်သည်။ ဂျီဟန်းယင်၏ အားလှိုင်းသည် အရပ်ရှစ်မျက်နှာသို့ ပြန့်ကျဲသွားပြီး အားလှိုင်းဗဟိုချက်သည် ကနဦး ဖန်းဟွာ မတ်တတ်ရပ်နေသော နေရာကို တိတိကျကျပင် ထိမှန်သွား၏။
သူမ၏ ပထမတိုက်ခိုက်မှု လွဲချော်သွားသည်နှင့် ဂျီဟန်းယင်က လက်ချောင်းများကို အသုံးပြုပြီး ဖန်းဟွာကို လှမ်းထိုးလိုက်သည်။ ဝိညာဉ်ခွဲလက်ချောင်းကို အသုံးပြုလိုက်ခြင်း ဖြစ်သည်။
အန္တရာယ် အငွေ့အသက်များကို ရရှိလိုက်ခြင်းကြောင့် ဖန်းဟွာသည် တစ်ကိုယ်လုံးရှိ မူလစွမ်းအင်များကို စုစည်းလိုက်သည်။ ထို့နောက် သူက ဓားကို ဆွဲထုတ်ပြီး ဂျီဟန်းယင်ကို လှမ်းထိုးကာ ကျယ်လောင်သော အသံနှင့် ပြောလိုက်၏။
“တယ်လဲ မာနထောင်လွှားနေတဲ့ ဟာမပါလား ဒီမယ် ဂျီဟန်းယင် ငါက မင်းကို ကြောက်နေတယ်များ ထင်သလားကွ”
အားလှိုင်းနှစ်ခု ဆုံစည်းသွားချိန်ဝယ် ဝုန်းခနဲ ပေါက်ကွဲသွားပြီး လေအေးစီးကြောင်း တစ်ခု ဖြစ်ပေါ်လာ၏။ ထို့နောက်တွင်ကား လေထုတစ်ခုလုံး အေးစက်လာပြီး ပုံသဏ္ဌာန်မရှိသော အားလှိုင်းများသည် ဟိုမှသည်မှ ပျံ့လွင့်နေလေသည်။ အေးစက်သော အားလှိုင်းများနှင့် ဝင်းလက်သော ဓားရောင်များမှာကား လေထုထဲမှာပင် ပူးချည်ခွာချည် ဖြစ်နေ၏။ အတန်ကြာသော ရန်ဖြစ်နေသူ နှစ်ယောက်သည် လူချင်းကွဲသွား၏။ မည်သူက မည်သူ့ကို အသာရလိုက်သည်ကိုကား မျက်နှာကို မြင်ရုံနှင့် အကဲခတ်ရန် ခက်လှသည်။
မည်သို့ဆိုစေ ကျောင်းသားသစ် ဂျီဟန်းယင်က တတိယနှစ်ကျောင်းသား ဖန်းဟွာကို လက်ရည်တူ ယှဉ်ပြိုင်နိုင်ခဲ့သည်ကို ကြည့်လျင် ဂျီဟန်းယင်၏ ထိတ်လန့်စရာ အင်အားကို မြင်သာနေ၏။
“မင်း ... မင်း ...”
ဖန်းဟွာက ဂျီဟန်းယင်ကို မျက်လုံးကြီးပြူးကာ ကြည့်နေ၏။ သူ့ကို ကြည့်ရသည်မှာ အပြင်းအထန် ဒေါသထွက်နေဟန် ရှိသည်။
ထိုအချိန်မှာပင် သူတို့နားအတွင်းသို့ အသံတစ်သံ တိုးဝင်လာ၏။
“ဒီလောက်ဆိုရင် တော်လောက်ပြီ နဂါးကျောင်းတော်မှာ ကိုယ်ရေးကိုယ်တာကြောင့် ဖြစ်တဲ့ တိုက်ပွဲတွေကို တင်းကျပ်စွာ တားမြစ်ထားတယ် ဂျီဟန်းယင် မင်းဟာ ကျောင်းသစ်ဖြစ်တဲ့အတွက် ဒီတစ်ခါ သတိပေးရုံလောက်နဲ့ပဲ ပြီးသွားတယ်မှတ်ပါ ဒီအမှားမျိုး နောက်တစ်ခါ မဖြစ်အောင် သတိထားပါ ဖန်းဟွာ မင်းဟာ ကျောင်းသားဟောင်း ဖြစ်ရက်နဲ့ ဘာကြောင့် ကြည်လင်ကောင်းကင် မျှော်စင်မှာ ဝေ့လေ့ကြောင်ပတ် လုပ်နေရတာလဲ ဒါတင်မကသေးဘူး ကျောင်းသားသစ် တစ်ယောက်နဲ့ပါ ရန်ဖြစ်လိုက်သေးတယ် ဘယ်လောက်တောင် အရိုအသေ တန်လိုက်သလဲ ဒါကြောင့် မင်းရဲ့ ထောက်ပံ့ကြေးအမှတ် ၁၀ မှတ် အဖြတ်ခံရမယ် အဲဒီကနေ အခု ထွက်ခဲ့စမ်း”
ဖန်းဟွာ ထိတ်လန့်သွား၏။ သူက စောဒက တက်လိုက်သည်။
“ဆရာ ဒါမတရားပါဘူး ရန်ဖြစ်တာ နှစ်ယောက်လုံး ပါတာကို ဘာကြောင့် ကျွန်တော် တစ်ယောက်တည်းကိုမှ ရွေးပြီး အပြစ်ပေးရတာလဲ”
“ရယ်စရာ ကောင်းလိုက်တာ ငါဘာပြောတယ် ဘာလုပ်တယ် မင်းက မေးခွန်း ထုတ်စရာလား ဘာလဲ မင်းက မကျေနပ်ဘူးလား အဲဒါဆိုရင် အမှတ် ၂၀ ဖြတ်တယ်ကွာ ခုချက်ချင်း အဲဒီနေရာက ထွက်ခဲ့စမ်း”
စကားဆုံးသည်နှင့် လေပြင်းတစ်ချက် တိုက်ခတ်လာပြီး ဖန်းဟွာအား မျှော်စင်၏ အပြင်ဘက်သို့ ပို့ဆောင် လိုက်တော့သည်။
အဖြစ်အပျက်ကို ကြည့်နေရင်း စုချန်း အံ့သြနေ၏။ ဘာတွေများ ဖြစ်ပျက်နေသနည်း။ ဆရာ၏ ဆုံးဖြတ်ချက်မှာ အမှန်တကယ်ပင် ဘက်လိုက်သယောင် ရှိနေသည်။ သို့သော် သူတို့သည် ကျောင်းသားသစ်များသာ ဖြစ်သည်။ ထိုဆရာက အဘယ်ကြောင့် သူတို့ဘက်မှ ကူညီနေရသနည်း။
အထက်ပါအတိုင်း စဉ်းစားပြီး စုချန်း အံ့သြနေစဉ် ဂျီဟန်းယင်၏ အသံ ထွက်ပေါ်လာ၏။
“ကျေးဇူးတင်ပါတယ်ဆရာ”
အဟွတ် … အဟွတ် …
ချောင်းဆိုးသံတစ်သံ ထွက်ပေါ်လာ၏။
“တယ်ခက်တဲ့ ကောင်မလေးပဲ ဒီလောက်ထိ ပြသနာမရှာနဲ့လေ ဒီသတင်းသာ ပျံ့သွားမယ် ဆိုရင် သိပ်မကောင်းဘူးကွဲ့”
သို့သော် ဂျီဟန်းယင်ကား ဂရုစိုက်ပုံမရ။
“ကျွန်မက ဒီသတင်းကို ပျံ့ကိုသွားစေချင်တာပါဆရာ ဒါနဲ့ ဒီကျောင်းတော်မှာ ကျွန်မ အလိုဆန္ဒရှိသလို ပြုမူဆောင်ရွက်နိုင်ဖို့ ဘယ်တွေများ လိုအပ်မလဲဟင်”
ဂျီဟန်းယင်၏ စကားကြောင့် စုချန်းနှင့် သူမ၏ ဆရာ နှစ်ဦးလုံးလိုလို မျက်လုံးပြူးကုန် ကြတော့သည်။