ကောင်းကင်ဗျတ်စောင်းလက်ချောင်းများ
Vol. 16 Ch. 155
ထိုအခါ စုချန်းက ဂျီဟန်းယင်ကို ဖျတ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု လိုက်ပြန်သည်။ ပြီးမှ သူက မေးလိုက်၏။
“ခင်ဗျား ... ကျုပ်ကို လာရှာတာတော့ မဟုတ်ဘူး ထင်တယ် ဟုတ်ရဲ့လား”
“ဒီနေရာမှာ တခြားနေတဲ့လူ ရှိသေးလို့လား”
ဂျီဟန်းယင်က သူမ၏ လက်များကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
ကြည်လင်ကောင်းကင်မျှော်စင်၏ အထပ်တိုင်းလိုလိုတွင် အခန်းလေးခန်းစီ ရှိနေ၏။ ထောင့်တစ်ထောင့်လျင် တစ်ခန်းကျစီ တည်ရှိနေခြင်း ဖြစ်သည်။ မည်သည့်အခန်းတွင်မျှ လူမရှိသေး။ တစ်ထပ်လုံးတွင် သူတစ်ယောက်တည်းသာ ရှိမှန်း သိလိုက်ရသောအခါ စုချန်းက သက်ပြင်းချရင်း ပြောလိုက်သည်။
“ခင်ဗျားအနေနဲ့ ကျုပ်ကို တိုက်ခိုက်ချင်တယ် ဆိုရင်လည်း သဘောပဲ ဒါပေမဲ့ ဘာအမှတ်မှ ရစရာအကြောင်း မရှိဘူး ပြီးတော့ ကျုပ်ဟာ ခင်ဗျားရဲ့ ပြိုင်ဘက်အဆင့််ကို ရောက်ဖို့လည်း အတော်လေး လိုနေသေးတယ် ဆိုတာ ဝန်ခံရမှာပဲ”
ထိုအခါ ဂျီဟန်းယင်က ပြောလိုက်သည်။
“ကျွန်မ ဒီနေရာကိုလာတာ ရှင်နဲ့ တိုက်ခိုက်ချင်လို့ မဟုတ်ဘူးရှင့် မေးခွန်းတစ်ခု မေးချင်လို့ ကျွန်မနဲ့ တိုက်ခိုက်တုန်း ရှင် အသုံးပြုခဲ့တဲ့ မီးလျှံငှက်နည်းစနစ်ကို ရှင် ဘယ်ကနေ သင်ယူလာတာလဲ”
“ခင်ဗျား သိချင်နေတာ ဒါလား ဘာကြောင့်များ ဒီနည်းစနစ်ကို ဒီလောက်ထိ စိတ်ဝင်စားရတာလဲ”
စုချန်းက အံ့သြသင့်သွားဟန်ဖြင့် မေးလိုက်သည်။
“ကျွန်မဟာ သွေးဗီဇစွမ်းရည်တွေကို တန်းတူ ယှဉ်ပြိုင်နိုင်တဲ့ မူလစွမ်းရည် မှန်သမျှကို စိတ်ဝင်စားတယ်ရှင့်”
ဂျီဟန်းယင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ ထိုတိုက်ပွဲတွင် စုချန်း အသုံးပြုခဲ့သည့် နည်းစနစ်များအနက် ပေါက်ကွဲနေသော မီးလျှံငှက်သည် အင်အား အပြင်းထန်ဆုံး နည်းစနစ် ဖြစ်သည်။ ၎င်းနည်းစနစ်သည် ဂျီဟန်းယင်၏ နှင်းခါးရေခဲ လက်ဝါးရိုက်ချက်ကိုပင် အတိုင်းအတာ တစ်ခုအထိ အန်တုနိုင်ခဲ့သည်ဟု ဆိုနိုင်၏။ ထိုအဖြစ်မျိုးမှာကား အလွန်ပင် ရှားပါးလှပေသည်။
ဂျီဟန်းယင်သည် သူမ တတ်ကျွမ်းထားသော မူလစွမ်းရည်များ၏ အင်အား ပြင်းထန်မှုနှင့် စွမ်းရည်ကို ကောင်းစွာ နားလည်သဘောပေါက် ထားလေရာ ထိုစွမ်းရည်ကို ယှဉ်ပြိုင်နိုင်သည့်် တခြားစွမ်းရည်များကို စိတ်ဝင်စားသည်မှာ ဆန်းတော့ မဆန်းချေ။
စုချန်းက ခေတ္တမျှ စဉ်းစားလိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“ကျုပ်ဟာ တခြားမူလ စွမ်းရည်နှစ်မျိုးကို ပေါင်းစပ်ပြီး ဒီမူလစွမ်းရည်ကို ဖန်တီးခဲ့တာပဲ”
“ကိုယ်တိုင် ဖန်တီးထားတာ ဟုတ်လား”
ဂျီဟန်းယင်၏ မျက်လုံးများသည် အရောင်တဖြတ်ဖြတ် ဝင်းလက် တောက်ပသွား၏။
“ဒီတော့ ရှင်ဟာ ကိုယ်ပိုင်မူလ စွမ်းရည်တွေကို ဖန်တီးနိုင်တယ် ဆိုတဲ့ သဘောပေါ့ ဟုတ်လား”
“ကျုပ် ကံကောင်းသွားတာပါ”
စုချန်း၏ အမူအရာမှာကား ထိုအတွက် အနည်းငယ်မျှပင် ဂုဏ်ယူဝင့်ကြွားဟန် မရှိပေ။
“ကျွန်မကို သင်ပေးစမ်းပါ ဒီအတွက် ရှင့်ကို ဘယ်လောက် ပေးရမလဲ”
ဂျီဟန်းယင်က ဖျတ်ခနဲ မေးလိုက်၏။
လက်စသတ်တော့ ဒီလိုကိုး ...
စုချန်း၏ နှလုံးသား အတွင်းဝယ် ရယ်မောလိုစိတ်များ ပေါ်ပေါက်လာ၏။ ဤငတိမသည် သူသည် ပေါက်ကွဲနေသော မီးလျှံငှက်ကို အတော်လေး စိတ်ဝင်စားနေပုံရသည်။ ထိုအတွက်ကြောင့်ပင် ဤနေရာထိ လာရောက်၍ တောင်းဆိုနေခြင်းပေတကား။ အမှန်တော့ သေသေချာချာ စဉ်းစားကြည့်လျင် ဤကိစ္စမှာ အံ့သြစရာတော့ မဟုတ်ချေ။ သွေးဗီဇ မူလစွမ်းရည်များ ဟူသည် မွေးရာပါဖြစ်ပြီး ရှားပါး၏။ ဘုရားပေးသလောက်သာ လေ့ကျင့်နိုင်သည့် သဘောတွင် ရှိသည်။ အကယ်၍ သူမအနေနှင့် ဆက်လက် တိုးတက်လိုလျှင် သွေးဗီဇ စွမ်းရည်တို့ကို ယှဉ်ပြိုင်နိုင်သည့် တခြား မူလစွမ်းရည် တစ်မျိုးမျိုးကို လေ့လာ သင်ယူခြင်းသည်သာ အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
စုချန်းအနေနှင့်လည်း ပေါက်ကွဲနေသော မီးလျံငှက်ကို သူ့မူပိုင်အဖြစ် တစ်သက်လုံး ထိန်းသိမ်းထားရန် ဆန္ဒမရှိပေ။ သူ၏ ရည်မှန်းချက်မှာ ဘရုခ်ပုံသေနည်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပြီး အနာဂတ်တွင် ပို၍ကောင်းမွန်သော မူလစွမ်းရည်များ ဖန်တီးနိုင်ရန်သာ ဖြစ်သည်။ ထိုအနေအထိ ရောက်ရှိ လာနိုင်သောနေ့တွင် မီးလျံငှက်သည် သာမန်အဆင့် နည်းစနစ်တစ်မျိုးသာ ဖြစ်သွားဖွယ်ရာ ရှိနေ၏။ ထို့ကြောင့် ဤနည်းစနစ်ကို အသုံးချ၍ တခြား အရင်းအမြစ်တခုခု ပြန်လည် ရရှိလာအောင် စွမ်းဆောင်နိုင်ခဲ့လျှင် လုပ်သင့်လုပ်ထိုက်သော စီးပွားရေး တစ်ရပ်ဟု ဆိုနိုင်ပေသည်။
အထက်ပါအတိုင်း တစိမ့်စိမ့် တွေးတောပြီးနောက် စုချန်းက ပြောလိုက်သည်။
“ဒီမူလစွမ်းရည်မှာ အပိုင်းသုံးပိုင်း ပါတယ်ဗျ ပထမနှစ်ပိုင်းက ရှေးဟောင်းအာကင်နာ နည်းစနစ်တွေဖြစ်တဲ့ မီးလျံစက်လုံးနဲ့ ငရဲမီးလျှံ မူလစွမ်းအင်ပုံစံတွေ နောက်ဆုံးတစ်ပိုင်း ကတော့ ခေတ်ပေါ်နည်းစနစ်လို့ ဆိုရမဲ့ ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများပဲ ပထမနှစ်မျိုးက ဆွေးနွေးရှင်းပြရတာ လွယ်ပေမဲ့ နောက်ဆုံးတစ်မျိုးကတော့ အတော်လေးကို ခက်လိမ့်မယ်”
“ကုမျိုးနွယ်စုရဲ့ ပျံသန်းနေသော ပန်းပွင့် လက်ချောင်းများကို ပြောတာလားရှင့်”
ဂျီဟန်းယင်က အံ့သြသွားဟန်ဖြင့် မေးလိုက်သည်။ စုချန်းကလည်း ဟန်မူရာ ကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ် ကျုပ်အနေနဲ့ ခင်ဗျားကို တခြားဟာတွေကို အလွယ်တကူ သင်ကြား ပေးနိုင်တယ် ဒါပေမဲ့ ဒီတခုတော့ မရဘူး တကယ်လို့များ ခင်ဗျားမှာ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများကို အစားထိုးနိုင်တဲ့ တခြားနည်းစနစ် တစ်မျိုးတလေများ ရှိမယ်ဆိုရင်တော့ အလုပ်ဖြစ်နိုင်တယ်”
“ရှင်ဟာ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများကို တခြားနည်းစနစ် တစ်မျိုးမျိုးနဲ့ အစားထိုးနိုင်တယ် ဆိုတဲ့ သဘောလား”
“ပေါက်ကွဲနေသော မီးလျှံငှက်ရဲ့ တူညီတဲ့ ဂုဏ်သတ္တိ တစ်ခုကတော့ ငရဲမီးလျှံ မူလစွမ်းအင်ပုံစံက တကဲ့ပုံသဏ္ဌာန် ပေါ်ထွက်လာဖို့ မီးလျံတွေကို ထုတ်ပေးတယ် ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ ကတော့ ပေါက်ကွဲမှုကို အဆပေါင်းများစွာ ပြင်းထန်လာစေဖို့ မြှင့်တင်ပေးတယ် ဒီတော့ တူညီတဲ့ မူလစွမ်းရည်မျိုးပဲ ပေါ်ထွက်လာမယ်လို့ ယုံကြည်ရတယ် ဒါပေမဲ့ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ ကြည့်ဖို့တော့ လိုသေးတယ် ကုန်ကုန်ပြောရရရင် နောက်ဆုံးရလဒ်က ဘာမှမဆိုင်တာမျိုးတောင် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်”
ဂျီဟန်းယင်ကား လုံးဝ တိတ်ဆိတ် ငြိမ်သက်သွား၏။ သူမ၏ ပုံစံမှာကား စုချန်း၏ အနေအထားကို ဆင်ခြင် သုံးသပ်နေဟန် ရှိသည်။ နောက်ဆုံးတွင်ကား သူမက ပြောလိုက်၏။
“ကျွန်မ နားလည်ပြီ ဒါပေမဲ့ ကျွန်မကသာ ရှင့်ကို ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများ နေရာမှာ အစားထိုးဖို့ မူလစွမ်းရည် တစ်မျိုးမျိုး ပေးနိုင်ခဲ့မယ်ဆိုရင် ဒါတွေကို ပေါင်းစပ်ပြီး မူလစွမ်းရည် အသစ်တစ်မျိုး ဖန်တီးနိုင်မယ် ဆိုတာ ရှင့်အနေနဲ့ သေချာလို့လား”
စုချန်းက ၁၀၀ ရာခိုင်နှုန်း သေချာသည်ဟု ပြောလိုက်ချင်၏။ သို့သော် သူပြောလိုက်သည် မှာကား …
“ကျုပ်အနေနဲ့ ၃၀ ရာခိုင်နှုန်း လောက်တော့ သေချာတယ်”
“ကောင်းပြီ ဒါဆိုရင်ကော”
ပြောပြောဆိုဆို ဂျီဟန်းယင်က လက်ဖဝါးများကို ဆတ်ခနဲ လှုပ်ရှားလိုက်လေရာ သူမ၏ လက်ချောင်းများသည် ဗျတ်စောင်း တီးခတ်နေသော ပုံစံမျိုး ဖြစ်ပေါ်လာ၏။ ထိုလက်ချောင်းများမှ ထွက်ပေါ်လာသော အားလှိုင်းများသည် ကြက်ခြေခတ်ပုံစံ ဖြစ်ပေါ်နေပြီး ၎င်းတို့ကို လေထုထဲတွင် တွေ့မြင်နေရသည်ကပင် အလွန် ရှုချင့်စဖွယ် ကောင်းလှသည်။
ဂျီဟန်းယင်တွင် ထိုစွမ်းရည်မျိုး ပိုင်ဆိုင်ထားလိမ့်မည် မဟုတ်ဟု ယူဆထားလေရာ စုချန်း အတော်လေး အံ့သြသွား၏။
“ဒါ ဘာတုန်းဗျ”
“ကောင်းကင်ဗျတ်စောင်း လက်ချောင်းများလို့ ခေါ်တယ် ဒီစွမ်းရည်ကို အသုံးပြုပြီး ငါဟာ ဗျတ်စောင်းပေါ်က ကြိုးတွေလိုမျိုး အားလှိုင်းတွေနဲ့ တဖက်လူကို တိုက်ခိုက်နိုင်တယ်”
စုချန်း၏ မျက်ခုံးနှစ်ဖက်မှာ အပေါ်သို့ မြင့်တက်သွား၏။ အမှန်တော့ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများနှင့် ကောင်းကင်ဗျတ်စောင်း လက်ချောင်းများမှာ တခြားစီသာ။ ထို့ကြောင့် ထိုနည်းစနစ်နှစ်မျိုးကို ဖလှယ်အသုံးပြုရန်မှာ မဖြစ်နိုင်။ သို့သော် စုချန်းနှင့် ဂျီဟန်းယင်သည် ရှေးရိုးစွဲ ထင်မြင် ယူဆချက်များကြောင့် နောက်ဆုတ် သွားမည့်သူများ မဟုတ်ပေ။ အမျိုးမျိုး အဖုံဖုံ တီထွင်ကြံဆ လိမ့်မည်သာ။ နောက်ဆုံးတွင် သူတို့၏ ပန်းတိုင်မှာကား မီးလျံငှက်လို စွမ်းရည်မျိုး ပေါ်ထွက်လာရန်သာ ဖြစ်သည်။
ထိုအခါ စုချန်းက ပြောလိုက်၏။
“ကြိုးစားကြည့်မယ် ဒါပေမဲ့ အာမတော့ မခံနိုင်ဘူး”
ဂျီဟန်းယင်ကလည်း မလိုအပ်သော စကားလုံးများဖြင့် အချိန်မဖြုန်းလိုသူ ဖြစ်လေရာ စုချန်းကို ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်သည်။
“ဒီအတွက် ရှင့်ကို ဘယ်လောက် ပေးရမလဲ”
စုချန်းက ခေတ္တမျှ စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။
“ကျုပ်အတွက် ပေးရမဲ့ အဖိုးအခအနေနဲ့ ကောင်းကင်ဗျတ်စောင်း လက်ချောင်းများလို့ပဲ သဘောထားလိုက်မယ် တကယ်လို့ ကျုပ်သာ အောင်မြင်သွားရင် ခင်ဗျားအတွက် ဒီနည်းစနစ်လိုပဲ အင်အားပြင်းထန်တဲ့ နည်းစနစ်အသစ်တစ်မျိုး ရရှိလာလိမ့်မယ်”
“အပေးအယူ ဖြစ်ပြီ”
ဂျီဟန်းယင်က စာအုပ်ငယ် တစ်အုပ်ကို စုချန်းထံ ပစ်ပေးရင်း ပြောလိုက်သည်။ ထိုစာအုပ်မှာကား ကောင်းကင်ဗျတ်စောင်း လက်ချောင်းများစာအုပ်ပင် ဖြစ်လေတော့သတည်း။ ထို့နောက် ဂျီဟန်းယင်သည် ထိုနေရာမှ ထွက်ခွာသွားလေ၏။ နည်းစနစ်အသစ် ဖန်တီးရန် အချိန်မည်မျှ ကြာမည်နည်းဟုပင် တစ်လုံးတစ်ပါဒမျှ မေးမြန်းခဲ့ခြင်း မရှိပေ။
စုချန်းသည် ဂျီဟန်းယင်၏ ကျောပြင်ကို ကြည့်ရင်း တစိမ့်စိမ့် စဉ်းစား တွေးတောနေ၏။ အတန်ကြာသော် ဂျီဟန်းယင် အဘယ်ကြောင့် မမေးခဲ့မှန်း သူ သဘောပေါက် လာသည်။ အင်အားပြင်းထန်သော သွေးဗီဇမဟုတ်သည့် မူလစွမ်းရည် တစ်မျိုးမျိုးကို ရရှိရန်မှာ အင်မတန် ခက်ခဲလှ၏။ ထို့ကြောင့် ချီစွမ်းအား ပညာရှင်များသည် ထိုစွမ်းရည်မျိုးကို ဝှက်ဖဲအဖြစ်သာ သိမ်းထားလေ့ ရှိကြသည်။ ဂျီဟန်းယင်၏ ဆရာဖြစ်သူပင် သွေးဗီဇမဟုတ်သည့် မူလစွန်းရည်မျိုး တစ်မျိုးသာလျှင် တတ်ကျွမ်းထား၏။ သို့သော် သူ တတ်ကျွမ်းထားသော နည်းစနစ်မှာ အဆင့်မြင့် လျှို့ဝှက်စွမ်းရည်မျိုး ဖြစ်လေရာ ဂျီဟန်းယင်အနေနှင့် သင်ယူရန် မသင့်လျော်လှ။
ဝှက်ဖဲအဖြစ် အသုံးပြုနိုင်မည့် မူလစွမ်းရည်တစ်မျိုး ရရှိရန် ကောင်းကင်ဗျတ်စောင်း လက်ချောင်းများကို အဖိုးအခဖြစ် ပေးလိုက်ရ၍ ဂျီဟန်းယင်အတွက် မနစ်နာလှ။ ထိုအတွက်ကြောင့်ပင် ဂျီဟန်းယင်သည် အချိန်မည်မျှ ယူမည်နည်းဟူသော မေးခွန်းကို မမေးခဲ့ခြင်း ဖြစ်သည်။ ရှုံးနိမ့်နိုင်ချေ များသော်လည်း ရရှိလာမည့် အကျိုးအမြတ်က ကြီးမားလွန်းပေရာ ကြိုက်သလောက် အချိန်ယူပစေဟု သူမက သဘောထားပုံ ရသည်။
ဂျီဟန်းယင် သူ့မြင်ကွင်းမှာ ပျောက်ကွယ် သွားသောအခါ စုချန်းက စာအုပ်ကို လှန်လှော ဖတ်ရှုလိုက်သည်။ အတန်ကြာသော် ဂျီဟန်းယင်၏ လှုပ်ရှားမှုတချို့ကို စုချန်း နားလည် သဘောပေါက် စပြုလာ၏။
နောက်ဆုံးတွင် သူက အခန်းတွင်းသို့ ဝင်လာခဲ့တော့သည်။ နဂါးကျောင်းတော်မှ ကျောင်းသားများအတွက် ပြင်ဆင်ပေးထားသော အခန်းသည် အလွန်ပင် ကျယ်ဝန်းလှ၏။ အိပ်ခန်းနှင့် ဧည့်ခန်းအပြင် ကျောင်းသားများ ကိုယ်ခန္ဓာစွမ်းအင် လေ့ကျင့်နိုင်ရန် သီးသန့်ခန်း တစ်ခန်းပင် ပါသေး၏။ ကြည်လင်ကောင်းကင် မျှော်စင် တစ်ခုလုံးကိုကား ရွှေနှင့်ပုံသွင်းထားပြီး မူလစွမ်းအင်ပုံစံနှင့် အားဖြည့်ထားလေရာ အလွန်ပင် မာကျောကြံ့ခိုင်လှ၏။ ကျောင်းသားများ အနေနှင့် မည်မျှပင် ပြင်းပြင်းထန်ထန် လေ့ကျင့်စေကာမူ မျှော်စင်အနေနှင့် ပြိုကျသွားစရာမရှိ။
အခန်းတွင်းသို့ ရောက်သည်နှင့် စုချန်းသည် ပစ္စည်းများကို နေသားတကျ နေရာချ၏။ ကိုယ်လက်သန့်စင်၏။ ပြီးမှ သူက လေ့ကျင့်ရေး အခန်းသို့ လျှောက်လာခဲ့သည်။ ထိုအခန်းအတွင်း၌ မူလစွမ်းအင်များကို စုပ်ယူနိုင်ရန် သေးငယ်သော မူလစွမ်းအင် ပုံစံကွက်တစ်ခုကို မြှုပ်နှံထား၏။ ကျန်သော နေရာများထက် မူလစွမ်းအင် သိပ်သည်းဆ အထူးပင် များပြားလှပေရာ ဤနေရာသည် လေ့ကျင့်သူကို အကျိုးထူးစေမည်မှာ သေချာလှသည်။ မြောက်များလှစွာသော ကျောင်းသားများသည် ဤနေရာမျိုးတွင် ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းရန် အိပ်မက်မက်နေလေ့ ရှိကြသည်။
အခန်းတွင်းရှိ မူလစွမ်းအင် ပုံစံကွက်ကို မြင်သည်နှင့် စုချန်းက မသိမသာ ပြုံးလိုက်သည်။ ထို့နောက် သူက လက်စွပ်အတွင်းမှာ ဆေးဖက်ဆိုင်ရာ ဘက်စုံသုံး မီးပြင်းဖိုကို ဆွဲထုတ်ပြီး စွမ်းအင်ပုံစံကွက်အတွင်း နေရာချလိုက်သည်။
“အင်း ဒီတစ်ခါတော့ အဆင့်ခြောက် မူလမီးပြင်းဖိုရဲ့ စွမ်းရည်ကို အပြည့်အဝ ထုတ်ယူ အသုံးချနိုင်တော့မယ်”
ထိုမီးပြင်းဖိုကို စုချန်းက ဆရာကြီးဖန်းထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုမီးဖိုကို အသုံးချရန် ပတ်ဝန်းကျင်တွင် မူလစွမ်းအင်ပုံစံကွက် ရှိနေရန် လိုအပ်၏။ မူလပစ္စည်းများ ကဲ့သို့ပင် ဆေးဘက်ဆိုင်ရာ မီးပြင်းဖိုကိုလည်း အဆင့် ၉ ဆင့်အထိ ခွဲခြားထား၏။ ဤမီးဖိုသည် လတ်တလော စုချန်း ပိုင်ဆိုင်သော ပစ္စည်းများအနက် တန်ဖိုး အကြီးမားဆုံးအရာ ဖြစ်သည်။ မူလစွမ်းအင်ပုံစံများနှင့် ပတ်သက်၍ ကျွမ်းကျင်မှု သိပ်မရှိသေးသဖြင့် ဤမီးဖိုကို လတ်တလော အသုံးမပြုသေးဟု စုချန်း ယခင်က တွေးထားခဲ့၏။ သို့သော် သူ နေထိုင်သော အခန်းတွင် မီးဖိုကို နှိုးဆွပေးနိုင်သည့် မူလစွမ်းအင်ပုံစံကို အရန်သင့် တွေ့ရှိရလေရာ ရေကန် အသင့်ကြာအသင့် ဖြစ်သွားလေပြီ။
ထို့နောက်တွင်ကား စုချန်းသည် သူ့လက်စွပ်အတွင်းမှ အလုပ်စားပွဲ၊ အမျိုးမျိုး အဖုံဖုံသော ဖန်ခွက် ဖန်အိုးများ၊ ဆေးရည်များကို ဆွဲထုတ်ပြီး အခန်းတွင် စနစ်တကျ နေရာခ ထားလိုက်၏။ အချိန်အနည်းငယ် အတွင်းမှာပင် လေ့ကျင်းရေး အခန်းသည် အဂ္ဂိရတ်ပညာဆိုင်ရာ သုတေသန အခန်းအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
နောက်ဆုံးတွင်တော့ သူသည် အချိန်စာရင်းကို ဆွဲထုတ်ပြီး လာမည့်ရက်များတွင် မည်သည့် ဘာသာရပ်များကို ဦးစားပေး သင်ယူသင့်ကြောင်း ဆင်ခြင်သုံးသပ်ပြန်သည်။ ထိုအချိန်မှာပင် အပြင်ဘက်မှ အသံတချို့ကို စုချန်း ကြားလိုက်ရသည်။
“စုချန်းရေ စုချန်း”
ဝမ်တောက်ရှန်းနှင့် ချင်းလင်အာတို့ ရောက်ရှိလာခြင်း ဖြစ်သည်။
စုချန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။
ဤယနေ့တွင်ကား သူ့အဖို့ ပျင်းရိနေရန်ပင် အချိန်မရှိတော့ ပေတကား။