← Chapters

တန်းခွဲများ

Vol. 16 Ch. 156

တန်းခွဲများ

Vol. 16 Ch. 156

စုချန်း အိပ်ရာမှ နိုးလာသောအခါ နေပင် အတော်မြင့်နေခဲ့လေပြီ။ ညပိုင်းတွင် ကြုံတွေ့ခဲ့ရသော ပါတီပွဲကြောင့် ယခုတိုင် သူ့ခေါင်းထဲတွင် မူးနောက်နောက် ဖြစ်နေသေး၏။

မနေ့ညက ချင်းလင်အာနှင့် ဝမ်တောက်ရှန်းသည် မျှော်စင်တွင် နေထိုင်သော တခြားကျောင်းသားများနှင့် တွေ့ဆုံရန် သူ့အား အတင်းပင် လာရောက် ခေါ်ယူခဲ့ကြ၏။

“နောင်ဆိုရင် ကျုပ်တို့ အားလုံးဟာ အတန်းဖော် သူငယ်ချင်းတွေ ဖြစ်ကြရတော့မယ် ဒီတော့ ငါတို့အနေနဲ့ တစ်ယောက်နဲ့ တစ်ယောက် သိထားဖို့လိုတယ် ဒီတော့ မင်းမမူးမချင် ပြန်မယ်ဆိုတဲ့ စကားကို မပြောရဘူးဟေ့”

ဝမ်တောက်ရှန်းက အထက်ပါအတိုင်း ပြောဆိုလိုက်သောအခါ စုချန်းမှာ ငြင်းပယ်နိုင်စွမ်း မရှိတော့။ ပါတီပွဲတွင် နွေးထွေးစွာ ကြိုဆိုခြင်း ခံရသော်လည်း ဝမ်တောက်ရှန်း၊ ချင်းလင်အာတို့မှအပ တခြားလူများနှင့် သူသည် အလွန်တရာ ဝေးကွာနေသကဲ့သို့ စုချန်း၏ စိတ်ထဲတွင် ခံစားနေရ၏။ လူအများ ငြင်းပယ်ခြင်း ခံလိုက်ရသကဲ့သို့ ထူးဆန်းသော ခံစားချက်တစ်မျိုး သူ့ကို ရစ်သိုင်းလွှမ်းခြုံ လာသကဲ့သို့ ထင်ရသည်။ သွေးဗီဇဆက်ခံနိုင်သူ ကျောင်းသားများ အနေနှင့် သူတို့နှင့်မတူသည့် မည်သူကိုမဆို အလေးအနက် မထားသည်မှာ အထူးတလည် အံ့သြစရာတော့ မဟုတ်။ နောက်ဆုံးတွင် ကြည်လင်ကောင်းကင် မျှော်စင်၌ သွေးဗီဇမပါသူဟူ၍ စုချန်းတစ်ယောက်သာလျှင် ရှိလေသည်။

ထိုအခါ ဤနေရာကြီး တစ်ခုလုံးသည် စုချန်းသည် ဂြိုလ်သား တစ်ကောင်နှယ် ဖြစ်နေ၏။ ကံကောင်းသည်မှာ သူတို့သည် စုချန်းအား အတော်အသင့် လိုက်လျောညီထွေစွာ ဆက်ဆံကြလေရာ အနည်းဆုံးတော့ ခင်မင်ရင်းနှီးမှု တချို့ တိုးပွားလာသည်ဟု ယူဆရ၏။

မည်သို့ဆိုစေ ဤကိစ္စများမှာ သူ့အတွက် အရေးမကြီးလှ။ နေအတော်မြင့်နေပြီ ဖြစ်လေရာ စုချန်းသည် အိပ်ရာမှထရင်း ကိုယ်လက်သန့်စင်၏။ သို့ရာတွင် မင်ချူးမရှိလေရာ မိမိဖာသာ ကိုယ်လက်သန့်စင် နေရ၍ အဆင်တော့ မပြေလှ။ သံမဏိမှာ တိုက်ခိုက်ရေး သမားသာ ဖြစ်သည်။ မိမိအရှင်သခင်ကို ဝတ်ကြီးဝတ်ငယ် ပြုစုတတ်သူမျိုးမဟုတ်။

“ဒီအတိုင်းဆိုရင် ကိုယ့်ဖာသာ ကိုယ်လက်သန်စင်တတ်အောင် လေ့လာထားမှ ဖြစ်တော့မယ်”ဟု စုချန်း၏ စိတ်ထဲတွင် တွေးတော နေမိတော့သည်။

မနက်စာ စားပြီးသည်နှင့် စုချန်းသည် ကျောင်းသို့ ထွက်ခွာလာခဲ့၏။ မည်သည့် အတန်းကို တက်ရောက်မည်မှန်း သူ့အနေနှင့် ကနဦးကတည်းက တွေးတောထားပြီးသား ဖြစ်သည်။ သူ ပထမဦးဆုံး တက်ရောက်မည့် အတန်းမှာ ဇီဝဗေဒ အတန်းပင် ဖြစ်သည်။

ဇီဝဗေဒ အတန်းကို မြောက်ပိုင်း အလင်းရောင် မျှော်စင်ရှိ စာသင်ခန်းမတွင် သင်ကြားပို့ချမည် ဖြစ်သည်။ စုချန်း ရောက်ရှိသွားသည့် အချိန်တွင် စာသင်ခန်းအတွင်း၌ လူတစ်ရာခန့် စုရုံးရောက်ရှိ နေခဲ့ပြီ ဖြစ်လေရာ အချိန်မီရုံလေးဟုသာ ဆိုရပေတော့မည်။ ထိုအခါ စုချန်းသည် အလျင်းသင့်ရာ ထောင့်တစ်ထောင့်တွင် ထိုင်ချလိုက်၏။ စာသင်ခန်းအတွင်းသို့ နောက်ထပ် ကျောင်းသား ဆယ်ယောက်မျှ ဝင်ရောက်လာသည်။ သူ့တို့နောက်တွင်ကား နှာခေါင်း အလွန်ကြီးသည့် အဘိုးအိုတစ်ဦး လိုက်ပါလာ၏။ အဘိုးအိုသည် ယခုမှပင် အိပ်ရာက ထလာသယောင် ဆံပင်များမှာ ကြွက်သိုက်ပမာ ရှုပ်ပွနေ၏။ သူသည် စာသင်ခန်းအတွင်းသို့ ရောက်သည်နှင့် အချိန်မဖြုန်း လိုဟန်ဖြင့် ချက်ချင်းပင် ဟောပြော စင်မြင့်ပေါ်သို့ တက်လိုက်ပြီး စကားစသည်။

“ဇီဝဗေဒဘာသာရပ်ရဲ့ အဓိက ရည်ရွယ်ချက်ဟာ အသက်ဇီဝရဲ့ ပင်ကိုအနှစ်သာရကို ရှာဖွေဖို့ပဲ အဲဒါက ငါတို့ကို အသက်၊ စွမ်းအင်နဲ့ သဘာဝကြားက ပတ်သက် ဆက်နွှယ်မှုတွေကို နားလည် သဘောပေါက်လာစေဖို့ ကူညီပေးလိမ့်မယ် လူအတော်များများက ဇီဝဗေဒဘာသာရပ်ကို လူသားတွေရဲ့ ကိုယ်ခန္ဓာကို လေ့လာဖို့၊ လူသား ကိုယ်ခန္ဓာ အတွင်းက စွမ်းအင်ရွေ့လျားမှုကို လေ့လာဖို့လောက်ပဲ သဘာထားကြတယ် ငါ့အနေနဲ့ကတော့ အဲဒီအမြင်မျိုးကို ပြစ်တင်ရှုတ်ချချင်တယ် ဒီဘာသာရပ်ကို လေ့လာရခြင်းရဲ့ ရည်ရွယ်ချက်က အဲဒီလောက်တော့ ဘယ်ကမလဲ ဒီဘာသာရပ်ကိုသာ တကယ် ထဲထဲဝင်ဝင် နားလည် သဘောပေါက် သွားပြီဆိုရင် မင်းတို့ဟာ လူ့ကိုယ်ခန္ဓာ အတွင်းမှာ မူလစွမ်းအင် ရွေ့လျားမှုကို နားလည် သဘောပေါက် လာရုံတင် မကဘူး မူလစွမ်းအင် အဆောင်လက်ဖွဲ့တွေ အကြောင်းကိုပါ နားလည်လာမယ် ဆေးမြစ်ဆေးပင်တွေ လူ့ကိုယ်ခန္ဓာကို ဘယ်လို သက်ရောက်နေသလဲ ဆိုတာကိုပါ တစ်ဆက်တစ်စပ်တည်း သဘောပေါက်လာမယ် ဇီဝဗေဒဆိုတာ လူသားဇီဝ ကမ္မဗေဒနဲ့ တခြားစီပဲကွ ဒီတော့ ငါပြောချင်တာက မျက်စေ့ကို ကျယ်ကျယ်ဖွင့်ထားပါ အမြင်ကျဉ်းတဲ့ လူဟာ လူ့ဘဝမှာ တကယ့် အောင်မြင်မှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ဘူး”

၎င်းမှာ ဇီဝဗေဒ အတန်းတွင် စုချန်းအဖို့ ပထမဆုံးအကြိမ် သင်ယူခဲ့ရသော အကြောင်းအရာများ ဖြစ်သည်။ အဘိုးအို ပြောပြခဲ့သော စကားများကို စုချန်း၏ ဦးနှောက်ထဲတွင် စွဲမြဲစွာ မှတ်သား ထားလိုက်တော့သည်။ အဖိုးအို၏ နာမည်မှာ ကျောက်ကိုင် ဟုခေါ်သည်။ ၎င်း၏ပုံစံသည် ဤအတိုင်းကြည့်လျှင် အလွန်ပင် ဖြစ်ကတတ်ဆန်း နိုင်လှသော်လည်း သင်ကြားသည့် အခါတွင်ကား ရှင်းလင်းပြတ်သားပြီး အစီအစဉ် ကျနလှသည်။

ဇီဝဗေဒဘာသာရပ် ဟူသည် လူသားဇီဝကမ္မဗေဒနှင့် တခြားစီသာ ဖြစ်ကြောင်း အဘိုးအိုက အစဉ်တစိုက် ပြောဆိုနေသော်လည်း လူသားကိုယ်ခန္ဓာသည် ဤဘာသာရပ်၏ အကြီးကျယ်ဆုံး တွေ့ရှိမှုဖြစ်ကြောင်းကိုတော့ ငြင်းဆန်နိုင်စွမ်း ရှိဟန်မတူ။ ထိုအခါ သူက ကျောင်းသားများကို လူ့ခန္ဓာကိုယ်၏ ဖွဲ့စည်းမှုနှင့် စွမ်းရည်များအပြင် မူလစွမ်းအင်နှင့် ၎င်းတို့၏ ဆက်နွှယ်မှု အကြောင်းကို ဖြည့်စွက် သက်ကြားခဲ့၏။ သူ၏ ကျွမ်းကျင်လှသော သင်ကြားပြသပုံကြောင့် ကျောင်းသားများသည် ဇီဝဗေဒဘာသာရပ်၏ ပင်ကိုအနှစ်သာရကို တဖြည်းဖြည်းနှင့် နားလည် သဘောပေါက် လာကြတော့သည်။

ဇီဝဗေဒဘာသာရပ်သည် အဂ္ဂိရပ်ဗေဒကို လေ့လာမည့်သူ တစ်ယောက်အတွက် မဖြစ်မနေ သင်ယူရမည့် ဘာသာရပ် ဖြစ်သော်လည်း ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းခြင်း အတွက်လည်း အကျိုးသက်ရောက်မှုတချို့ ရှိနေကြောင်းကိုတော့ မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။

ဇီဝဗေဒအတန်းချိန် ပြီးသွားသည်နှင့် စုချန်းသည် မူလစွမ်းအင် အဆောင်လက်ဖွဲ့ ဘာသာရပ်အား ဆက်လက်သင်ယူရန် လေဟုန်စီးမျှော်စင်သို့ ဆက်လက် ထွက်ခွာလာခဲ့၏။ ဤဘာသာရပ်ကား အတော်ပင် လူကြိုက်များဟန် ရှိသည်။ အခန်းတွင်း၌ ကျောင်းသား လေးရာခန့်ပင် ရှိနေ၏။ စုချန်းကား အချိန်မီ ရောက်လာသည့်တိုင်အောင် ထိုင်စရာ နေရာမရှိတော့။ နံရံကိုမှီ၍ မတ်တတ်ရပ်ကာ နားထောင်ရန်သာ ရှိတော့သည်။

ထိုအချိန်တွင် အနက်ရောင် ဝတ်ဆင်ထားသော လူတယောက်သည် စာသင်ခန်း အတွင်းသို့ လမ်းလျှောက်ဝင်လာ၏။ ထိုလူမှာ ကျောင်းဝင်ရက်တွင် စုချန်း ပထမဦးဆုံး တွေ့ဆုံခဲ့ရသည့် လီဟုန်းယွင်ပင် ဖြစ်သည်။ မုတ်ဆိတ်ကျင်စွယ်များ သေသပ်စွာ ရိပ်ထားသဖြင့် ဤယနေ့တွင်ကား သူ့ပုံစံမှာ အတော်လေး ကြည့်ကောင်းနေ၏။ ဟောပြော စင်မြင့်ငယ်ပေါ်သို့ ရောက်သည်နှင့် သူက စကားစသည်။

“အားလုံးပဲ မင်္ဂလာပါ ကျုပ်နာမည် လီဟုန်းယွင်လို့ ခေါ်တယ် ဒီကနေ့ ကျုပ် ဒီနေရာကို ရောက်လာတာ မင်းတို့ကို မူလစွမ်းအင် အဆောင်လက်ဖွဲ့တွေကို ဘယ်လို ကွဲပြားခြားနားတဲ့ နည်းလမ်းတွေနဲ့ တည်ဆောက်မလဲ ဆိုတာကို ပြောပြသွားမလို့ပဲ ဖြစ်တယ်

မူလစွမ်းအင် အဆောင်လက်ဖွဲ့ ဆိုတာ သီးသန့်ဖြစ်တည်နေတဲ့ အရာမျိုး မဟုတ်ဘူး ဆိုတာ လူတိုင်း သိထားပြီးဖြစ်မယ် ထင်တယ် မူလစွမ်းအင် အဆောင်လက်ဖွဲ့ ဆိုတာ ကျုပ်တို့ ကိုယ်ခန္ဓာအတွင်းမှာ ရှိတဲ့ မူလစွမ်းအင် ဗဟိုချက် အနားမှာ တည်ရှိနေကြတဲ့ မူလစွမ်းအား အမှတ်အသားများပဲ ဖြစ်တယ် ဒါကိုလည်း လူတိုင်းနီးပါး သိထားပြီးသားပဲ ဒါပေမဲ့ မူလစွမ်းအင် အဆောင်လက်ဖွဲ့နဲ့ လူသားကိုယ်ခန္ဓာ အကြားက ဆက်နွှယ်မှုဟာ သဟဇီဝ သဘောတရား တစ်ခုပဲ ဆိုတာကိုတော့ သိတဲ့သူ အလွန်နည်းတယ် (သဟဇီဝဟူသည် မတူညီသော မျိုးစိတ်နှစ်ခု အကျိုးတူ ပူးပေါင်း ဆက်ဆံကြခြင်းကို ဆိုလိုသည် … ဤကား စကားချပ်) လူသားတွေက မူလစွမ်းအင်အဆောင် လက်ဖွဲ့တွေကို နှိုးဆွတယ် အဆောင်လက်ဖွဲ့တွေက လူသားတွေရဲ့ ကိုယ်ခန္ဓာကို ပြန်ပြီး အကျိုးသက်ရောက်စေတယ် ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် ကျုပ်တို့ လေ့ကျင့်နေတဲ့ ကိုယ်ခန္ဓာစွမ်းအင် စုဆောင်ခြင်း နည်းစနစ်တွေပေါ့ အဲဒီမှာ မူလစွမ်းအင် အဆောင်လက်ဖွဲ့တွေက ကျုပ်တို့ရဲ့ ကိုယ်ခန္ဓာကို ပြုပြင်ဖန်တီးနေတာကို မင်းတို့ မြင်တွေ့ရလိမ့်မယ်။

ဒီတော့ ဒီမူလစွမ်းအင် အဆောင်လက်ဖွဲ့တွေဟာ ဘယ်နေရာကနေ ရောက်လာသလဲ ဒီကနေ့ နဂါးကျောင်းတော်ရဲ့ ပညာသင် ကျောင်းသားတွေဟာ မူလချီစွမ်းအား ပညာရှင်အဆင့်ကို ရောက်နေပြီးသားမို့လို့ ဒီမေးခွန်းရဲ့ အဖြေကို ယေဘုယျအားဖြင့် ဖြေနိုင်ဖို့တော့ သင့်တယ် အမှန်တော့ အဖြေက အလွန်ပဲ ရိုးရှင်းတယ် ဒါ ဘယ်ကနေလာသလဲ ဆိုတော့ ပြင်ပစွမ်းအင်တွေကို စုပ်ယူတာမျိုး၊ တချို့ အသက်ရှူ နည်းစနစ်တွေနဲ့ တချို့စွမ်းရည်တွေကနေ လာတာပဲလို့ ဆိုနိုင်တယ် ဒါကြောင့် ဒီကနေ့မှာ ကျုပ်ဟာ မူလစွမ်းအင် အဆောင်လက်ဖွဲ့တခု တည်ဆောက်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အခြေခံစွမ်းရည် ၆၃ မျိုးကို သင်ကြားပေးသွားမယ်”

စုချန်းသည် လီဟုန်းယွင်၏ သင်ကြားပို့ချချက်များကို ဂရုတစိုက် နားထောင်ရင်း မှတ်စုတိုများ လိုက်လံရေးသားနေ၏။

နဂါးကျောင်းတော်၏ ကျောင်းသား ဖြစ်မလာမီကပင် စုချန်းသည် ရှင်သန်ခြင်း ကျောင်းတော်ကြောင့် ဗဟုသုတအရာတွင် အတော်အတန် ပြည့်ဝနေခဲ့ပြီး ဖြစ်သည်။ အာကင်နာမျိုးစိတ်၏ အကြွင်းအကျန် ဖြစ်သည့်အလျောက် ရှင်သန်ခြင်းကျောင်းတော်သည် အလွန်ပင် ဗဟုသုတ ကြွယ်ဝသော အဖွဲ့အစည်းကြီး ဖြစ်သည်။ တစ်ဖန် သူသည် ရှေးဟောင်းအာကင်နာ မူလစွမ်းရည် တချို့ကိုပါ အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့၏။ သို့သော် လက်ရှိခေတ် မူလစွမ်းရည်များနှင့် ပတ်သက်လျင်ကား သူ၏ ဗဟုသုတမှာ အတော်ပင် နုံနဲ့သေးကြောင်း စုချန်းအနေနှင့် မဖြစ်မနေ ဝန်ခံရပေလိမ့်မည်။ သို့သော် ပြသနာမရှိ။ ထိုအားနည်းချက်ကို ဖြည့်ဆည်းရန် သူ့တွင် နည်းလမ်းရှိနေခဲ့လေပြီ။ ထိုနည်းလမ်းမှာ နဂါးကျောင်းတော်၏ ကျောင်သားတစ်ယောက် အနေနှင့် လက်ရှိခေတ်သုံး မူလစွမ်းရည်များနှင့် ပတ်သက်၍ သင်ယူစရာ ရှိသည်များကို စနစ်တကျ လေ့လာသင်ယူ သွားရန်သာ ဖြစ်သည်။

အတန်ကြာသော် လက်ရှိခေတ်သုံး မူလစွမ်းရည် များသည်လည်း ရှေးဟောင်းအာကင်နာ နည်းစနစ်များထက် ရှုပ်ထွေးမှုအရာတွင် မနိမ့်လှကြောင်း စုချန်း နားလည် သဘောပေါက်လာ၏။ မူလစွမ်းအင် အဆောင်လက်ဖွဲ့ တစ်မျိုးတည်း၌ပင်လျှင် ခေါင်းစဉ်အမျိုးမျိုး ကွဲပြားနေပြီး မျက်စေ့လည်စရာ ကောင်းလှ၏။ ဥပမာအားဖြင့် ဆိုရလျှင် ... မူလစွမ်းအင် အဆောင်လက်ဖွဲ့ ဖန်တီးနိုင်သော နည်းလမ်းအမျိုးမျိုး၊ မတူညီသော လူအမျိုးမျိုးပေါ်တွင် သက်ရောက်နေသည့် မူလစွမ်းအင် အဆောင်လက်ဖွဲ့များ၏ ကွဲပြားခြားနားသော သက်ရောက်မှုများ၊ မူလစွမ်းအင်များ အပေါ် မူလစွမ်းအင် အဆောင်လက်ဖွဲ့များ၏ အကျိုးသက်ရောက်မှုများ ... စသည် စသည်ဖြင့် ခေါင်းစဉ် တစ်ခုချင်းစီသည်ပင် အလွန် ရှုပ်ထွေးလှပြီး အချိန်ယူကာ သုတေသန ပြုလုပ်ရန် လိုအပ်ကြောင်း စုချန်း တွေ့ရှိရသည်။

ထိုအခါ စုချန်းသည် အချိန်ရလျင်ရသလို လက်ရှိခေတ် မူလစွမ်းရည်များနှင့် ရှေးဟောင်းအာကင်နာ နည်းစနစ်များအကြား ကွဲပြားခြားနားမှုကို နှိုင်းယှဉ်မိ နေတော့သည်။ ပေါက်ကွဲစေနိုင်သော စွမ်းအားတွင် လက်ရှိ မူလစွမ်းရည်များသည် ရှေးဟောင်းအာကင်နာ နည်းစနစ်များထက် နိမ့်ကျ၏။ သို့သော် အသုံးဝင်မှု အရာတွင်ကား များစွာ ကျယ်ပြန့်လှသည်။

လက်ရှိခေတ် မူလစွမ်းရည်များသည် မူလစွမ်းအင်အဆောင် လက်ဖွဲ့တစ်ခုကို ဖန်တီးလိုက်ရုံနှင့် မူလစွမ်းအင်ကို သင့်တင့်လျောက်ပတ်သော အင်အားမျိုးနှင့် ထုတ်လွှတ်နိုင်လေရာ ထိုလူ၏ အသက် ရှင်သန်နိုင်သော အခွင့်အရေးမှာလည်း ပိုမို များပြားလာစေသော သဘောကို ဆောင်သည်။ ရှေးဟောင်း အာကင်နာ နည်းစနစ်များမှာကား ထိုသို့ မစွမ်းဆောင်နိုင်ပေ။ ထို့ကြောင့် ရှေးအတိတ် အတီတေကာလတွင် ပါရမီရှင်အာကင်နာ ပညာရှင်များစွာ ပေါ်ထွန်းခဲ့ဖူးသော်လည်း လက်ရှိခေတ် မူလချီစွမ်းအား ပညာရှင်များနှင့် နှိုင်းယှဉ်ရန်မှာကား မဖြစ်နိုင်တော့။

ထို့ပြင် လက်ရှိခေတ်သုံး မူလစွမ်းရည် အများစုသည် သင်ကြားလေ့လာရန် လွယ်ကူပြီး တိုက်စစ်ခံစစ် ဘက်စုံအသုံးပြုနိုင်၏။ ဥပမာအနေနှင့် မိုးကြိုးဓားကို ကြည့်နိုင်သည်။ မိုးကြိုးဓားသည် စုချန်း တတ်ကျွမ်းထားသော တခြား စွမ်းရည်များထက် အင်အားနည်းသော်လည်း တိုက်စစ်ခံစစ် သုံးနိုင်၏။ ထိုအတွက်ကြောင့်ပင် တောင်သုံးလုံးပြိုင်ပွဲတွင် ဖန်းယွဲ့နှင့် ငွေဝတ်စုံလူငယ်တို့၏ ပူးပေါင်း တိုက်ခိုက်မှုကို စုချန်း ခုခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းအာကင်နာ နည်းစနစ်ဖြစ်သော မီးလျှံစက်လုံးတွင် ထိုကဲ့သို့သော စွမ်းဆောင်ရည်မရှိ။

၎င်းမှာ လက်ရှိခေတ်သုံး မူလစွမ်းရည်များ၏ အကျိုးကျေးဇူးများ အနက်မှ တစ်ခုဖြစ်သည်။ လီဟုန်းယွင်၏ သင်ကြားပို့ချချက်များကို နားထောင်ပြီး စုချန်းသည် မူလစွမ်းအင် အဆောင်လက်ဖွဲ့နှင့် ပတ်သက်၍ အတော်လေး နားလည် သဘောပေါက်လာ၏။

ရှေးဟောင်းအာကင်နာ နည်းစနစ်များ၏ မူလစွမ်းအင်ပုံစံလောက် မရှုပ်ထွေးသော်လည်း မူလစွမ်းအင် အဆောင်လက်ဖွဲ့တစ်ခု ပေါ်ပေါက်လာရန် သီးခြား လုပ်ဆောင်မှုတစ်ခု လိုအပ်၏။ မူလစွမ်းအင် အဆောင်လက်ဖွဲ့မှာ တစ်ခုတည်း ဖြစ်သော်လည်း ၎င်းကို မည်သည့်အချိန် မည်သည့်နေရာတွင် ပေါ်ပေါက်လာအောင် ပြုလုပ်မည်နည်းဟူသော အချက်အပေါ် မူတည်၍ သက်ရောက်မှုမှာ များစွာ ကွဲပြား ခြားနားသွားခြင်း ဖြစ်သည်။ ထို့ပြင် မိမိ၏ ဦးစားပေးမှုနှင့် လိုအပ်ချက်အပေါ် မူတည်၍ အဆောင်လက်ဖွဲ့တစ်ခု ဖန်တီးရန် သင့်တော်သည့် စွမ်းအင် စုဆောင်းခြင်း နည်းလမ်းတစ်မျိုးကို လေ့ကျင့်ထားရန်လည်း လိုအပ်သေး၏။

စုချန်းအပါအဝင် ကျောင်းသားများကား ဆန်းကြယ်လှသည့် အကြောင်းအရာများကို နားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ သူတို့ထဲမှ အများစုသည် ချက်ချင်းလိုလို လက်တွေ့ စမ်းသပ်ချင်လွန်း၍ ဖင်တကြွကြွနှင့် ဖြစ်နေကြလေသည်။

သင်တန်းသည် အချိန် အတိအကျမှာပင် တန်းဖြုတ်လိုက်၏။

“ဒီနေ့ သင်ခန်းစာကို ဒီမှာပဲ ရပ်နားလိုက်မယ် အချိန်မရတဲ့အတွက် ကျုပ်အနေနဲ့ သုံးမျိုးလောက်ပဲ ပြောပြနိုင်ခဲ့တယ် ဒီဘာသာရပ်ကို စိတ်ဝင်စားရင်တော့ ကျုပ်ရဲ့ နောက်လာမဲ့ သင်တန်းအချိန်တွေမှာ မပျက်မကွက် တက်ရောက်ကြပါ”

အထက်ပါအတိုင်း ပြောဆိုပြီးသည်နှင့် လီဟောက်ယွင်သည် စာသင်ခန်း အတွင်းမှ ထွက်ခွာ သွားလေသည်။

All Chapters