ပိုက်ကွန်
Vol. 16 Ch. 157
မူလစွမ်းအင် အဆောင်လက်ဖွဲ့ သင်တန်း ပြီးနောက် စုချန်းသည် အဂ္ဂိရတ်ဗေဒ၊ မူလစွမ်းအင် စုပ်ယူခြင်း နည်းလမ်း လေ့ကျင့်ခန်းများ၊ မူလစွမ်းအင် ဒြပ်စင်များနှင့် ဆေးဝါးဗေဒ စသည်ဖြင့် အစဉ်လိုက်ပင် လေ့လာသင်ယူခဲ့၏။ သူ့အနေနှင့် အဂ္ဂိရတ်ပညာရှင် တစ်ယောက်၏ လမ်းကြောင်းပေါ်တွင် လျှောက်လမ်းရန် ဆုံးဖြတ်ထားပြီး ဖြစ်လေရာ သက်ဆိုင်ရာ ဘာသာရပ်များကို ပြင်းပြင်းထန်ထန်ပင် လေ့လာ သင်ယူခဲ့တော့သည်။
နေ့ခင်းဘက်ကျလျှင် သူသည် ခြောက်သွေ့နေသော ရေမြှုပ်က ရေကို မြန်ဆန်စွာ စုပ်ယူနိုင်သကဲ့သို့ အတန်းပေါင်း များစွာကို အဆက်မပြတ် တက်ရောက်ပြီး မကုန်မခန်းနိုင်သော သတင်းအချက်ပေါင်း များစွာကို အငမ်းမရ လေ့လာမှတ်သား၏။ ညရောက်လျှင် သူ၏ အခန်းသို့ပြန်လာပြီး ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းခြင်းကို ဆက်လက် လေ့ကျင့်ပြန်သည်။ ထိုမျှသာမကသေး ကျန်သော အားလပ်ချိန်များတွင် ရှေးဟောင်းအာကင်နာ နည်းစနစ်များကို ဆက်လက် လေ့လာနေခဲ့၏။
ပုန်းအောင်းနေသော နဂါးကျောင်းတော်တွင် ရှေးဟောင်းအာကင်နာ နည်းစနစ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်း၊ စာအုပ်စာပေ မြောက်များစွာ ရှိနေ၏။ သို့သော် ၎င်းနှင့် ပတ်သက်၍ သင်ကြားပို့ချမည့် သင်တန်းကား မရှိချေ။ ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးမားဆုံး ဗဟုသုတ ဘဏ္ဍာတိုက်ကြီးကို ပိုင်ဆိုင်ထားသော်ငြား လက်တွေ့ အသုံးမချပါက ဝမ်းနည်းဖွယ်ရာပင်။ သို့သော် အိုမင်းရင့်ရော်နေသော အတိတ်ကာလက နည်းလမ်းဟောင်းများသည် အသုံးမဝင်တော့ဟု ယူဆထားလေရာ ရှေးဟောင်းအာကင်နာ နည်းလမ်းများကို နဂါးကျောင်းတော်တွင် ပစ်ပယ်ထားခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။
သင်တန်းမှ ပေးလိုက်သည့် အိမ်စာများအား မပြီးစီးနိုင်သည့်တိုင်အောင် စုချန်းတွင် စမ်းသပ်စရာ အများအပြား ရှိနေခဲ့၏။ သူသည် ဆေးဝါးများနှင့် သွေးဗီဇများကို အထပ်ထပ်အခါခါ စမ်းသပ်ပြီး ဘရုခ်ပုံသေနည်းကို အသုံးပြုကာ ဆန်းသစ်သော မူလစွမ်းရည်တစ်မျိုး ဖန်တီးနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ ထိုအတွက် အချိန်ပိုမို ရရှိလာစေရန် စုချန်းသည် ကိုယ်ခန္ဓာ စွမ်းအင် စုဆောင်းခြင်း လုပ်ငန်းစဉ်ကိုပင် ယာယီအားဖြင့် ရပ်တန့်ထားခဲ့၏။ ထိုအတာအတွင်းဝယ် သူ၏ ကိုယ်ခန္ဓာစွမ်းအင် အဆင့်မှာ ရပ်တန့်နေသော်လည်း စုချန်းကား အနည်းငယ်မျှပင် ဂရုမစိုက်။ ထူးခြားသော အမြင်အာရုံကြောင်း သားရဲသတ္တဝါဆိုးများအား သတ်ဖြတ်ကာ မူလစွမ်းအင် အလင်းစက်မှုန်များအား စုပ်ယူပြီး ထိုအားနည်းချက်ကို ဖြေရှင်းနိုင်၏။ လက်ရှိကာလတွင် သူ့အတွက အရေးကြီးဆုံး အရာမှာ တန်ဖိုးမဖြတ်နိုင်သည့် ဗဟုသုတများနှင့် သတင်းအချက်များ သာလျှင် ဖြစ်လေသည်။
ဤပုံဤနည်းအားဖြင့် စုချန်းသည် သူ၏ နဂါးကျောင်းတော် ပထမ သုံးလတာကာလအား ပြင်းပြင်းထန်ထန် လေ့လာသင်ယူပြီး ကုန်လွန်စေခဲ့၏။ အချိန်ရှိသရွေ့ သူသည် သင်ယူ၏။ လေ့ကျင့်၏။ စမ်းသပ်နေ၏။ သူ့ဘဝမှာ အလွန်ရိုးရှင်းပြီး ပျင်းရိစရာ ကောင်းလွန်းသည်ဟု ထင်စရာ ရှိသော်လည်း စုချန်းအဖို့မှာကား အချိန်ကို ကုန်လို့ ကုန်သွားမှန်းပင် မသိလိုက်ချေ။ အဆက်မပြတ် တိုးပွားလာသော အသိပညာ၊ ဗဟုသုတများမှာ ပေါ်ထွက်လာပုံရသော ကြည်နူးနှစ်သိမ့်မှုသည် စုချန်း၏ ကိုယ်ပိုင်စွမ်းအားကိုလည်း တစ်ဖက်တစ်လမ်းက တိုးပွားစေခဲ့ပုံ ရလေသည်။
ဤယနေ့တွင်လည်း တခြားနေ့များနှင့် အတူတူသာ ဖြစ်သည်။ စုချန်းသည် သင်တန်း ပြီးဆုံးသည်နှင့် သူ၏ အခန်းသို့ ပြန်လာခဲ့၏။ ထို့နောက် သူသည် သုတေသန၏ အစိတ်အပိုင်း တစ်ခုအဖြစ် ဘရုခ်ပုံသေနည်းကို ဆက်လက် လေ့လာနေခဲ့၏။
ဘရုခ်ပုံသေနည်းသည် အလွန်တရာ အင်အားကြီးမားသည် ကတော့ အမှန်ပင်။ သို့သော် ခြောက်ပစ်ကင်း သဲလဲစင်တော့ မဟုတ်။ ဤပုံသေနည်းကို အသုံးပြု၍ မိမိ လိုချင်သော မည်သည့် မူလစွမ်းရည်မျိုးကို မဆို ဖန်တီး၍မရ။ အမှန်တော့ ဘရုခ်ပုံသေနည်းသည် ဂဏန်းပေါင်းစက် တစ်လုံးနှင့်သာ ပို၍ တူနေ၏။ ၎င်းသည် မူလစွမ်းအင် အဆောင်လက်ဖွဲ့ အပိုင်းအစများအား ပုံစံမျိုးစုံဖြင့် ပေါင်းစပ်ရာမှ ပေါ်ထွက်လာမည့် ဖြစ်နိုင်ဖွယ်ရာ ဓာတ်ပြုမှုများနှင့် သက်ရောက်မှုတို့ကို လူသားတို့ လျင်လျင်မြန်မြန် တွက်ချက်နိုင်စေရန် အကူအညီ ပေးနိုင်ပေသည်။
၎င်း၏ အကူအညီဖြင့် စုချန်းသည် မည်သည့်နည်းစနစ်ကိုမျှ အတုယူနေစရာ မလိုတော့ဘဲ မူလစွမ်းရည် အသစ်တစ်မျိုး ဖန်တီးရန် လိုအပ်သည့် တွက်ချက်မှုပေါင်း များစွာကို ပြီးမြောက်နိုင်ခဲ့၏။ နှစ်လခန့် ပြင်းပြင်းထန်ထန် အားထုတ်ပြီး သကာလ သူသည် လှိုဏ်ခေါင်း၏ အဆုံးတွင် အလင်းရောင်တန်း တချို့ကို တွေ့မြင်ရသကဲ့သို့ အောင်မြင်ရန် လမ်းစတချို့ကို ဖော်ထုတ်နိုင်စ ပြုလာတော့သည်။
***
စုချန်း၏ လက်ချောင်းများသည် ဗျတ်စောင်း တီးခတ်နေသကဲ့သို့ တဖျတ်ဖျတ်နှင့် လျင်မြန်စွာ လှုပ်ရှားနေ၏။ အတန်ကြာသော သူ့လက်ချောင်းများမှ နေ၍ ပူလောင်ပြီး နီရဲနေသော အလင်းတန်းများ ထွက်ပေါ်လာပြီး လေထဲတွင် မီးလျှံပိုက်ကွန်ကြီး တစ်ခုအသွင် ဖြစ်ပေါ်လာတော့သည်။
ထိုအခိုက်မှာပင် စုချန်းသည် ရွှေပြားတပြားကို ဆွဲထုတ်ကာ လေထဲသို့ ပစ်လွှတ်လိုက်၏။ ရွှေပြားသည် လေထဲတွင် ပိုက်ကွန်မရှိသည့်ပမာ ချောချောရှုရှုပင် ဖြတ်သန်းသွား၏။ သို့သော် မီးလျှံပိုက်ကွန်ကို ကျော်လွန်သွားချိန်မှာပင် ၎င်းသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ ၎င်း၏ အဖျားအနား များမှာလည်း အရည်ပျော်နေကြောင်း တွေ့ရှိရသည်။ ထို့နောက်တွင်ကား မီးလျံပိုက်ကွန်သည် လေထဲမှ ပျောက်ကွယ်သွား၏။
“အဲဒါ ကောင်းကင်ဗျတ်စောင်း လက်ချောင်းများကို အသုံးပြုပြီး ဖန်တီးလိုက်တဲ့ နည်းစနစ် အသစ်လား”
စုချန်း၏ နောက်ကျောဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။ စုချန်း အထိတ်တလန့်နှင့် လေထဲသို့ ထခုန်လိုက်မိသည်။ ထို့နောက် နောက်ကို လှည့်ကြည့်လိုက်ရာ ဂျီဟန်းယင်တစ်ယောက် သူ့အခန်းတွင်းသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။
“ခင်ဗျား ဒီအခန်းထဲကို ဘယ်လို ရောက်လာသလဲ”
စုချန်း၏ မျက်လုံးများမှာ အံ့သြသင့်ခြင်းကြောင့် ဝိုင်းဝိုင်းလည်နေ၏။ မအံ့သြလျှင်လည်း ခံနိုင်ရိုးလား။ ဤအခန်းသည် ကျောင်းသားများ ကိုယ်ပိုင်အခန်း ဖြစ်လေရာ နဂါးကျောင်းတော်မှ အထူးကန့်သတ်ထားသော နေရာဖြစ်သည်။ ထိုနေရာမျိုးကို ဤမိန်းကလေးက အဘယ်ကြောင့် ဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက် သွားလာနေရသနည်း။
“ကျွန်မရဲ့ ကိုယ်ပိုင် နည်းပြဆရာကို ရှင် မမေ့နဲ့ဦးလေ”
ဂျီဟန်းယင်က ဂရုမစိုက်သည့် အမူအရာနှင့် ပြောလိုက်ည်။ ထို့နောက် သူမသည် မြေကြီးပေါ်မှ ရွှေပြားအပိုင်းအစကို ကောက်ယူကာ ဂရုတစိုက်နှင့်ပင် လေ့လာနေ၏။
စုချန်းကား အတော်ပင် စိတ်ဆိုးမာန်ဆိုး ဖြစ်နေခဲ့လေပြီ။ တစ်ခါတလေ လူတချို့၏ ဥပဒေကို ကျော်လွန်၍ အလွဲသုံးစား လုပ်ရပ်မျိုးကို ကြုံတွေ့ရသည်မှာ စိတ်ပျက်ဖွယ်ရာ ကောင်းလှပေ၏။ သူမ၏ နည်းပြဆရာသည် မည်သို့သော လူစားမျိုးများ ဖြစ်လေသနည်း။ ဂျီဟန်းယင်ကား စုချန်း၏ စိတ်ခံစားချက်များကို ဂရုစိုက်ဟန်မတူ။ သူမက မေးမြန်းလိုက်သည်။
“ကျွန်မ မျှော်လင့်ထားတာ ထက်တောင် မြန်မြန်ဆန်ဆန် တိုးတက်လာသားပဲ ဒါပေမဲ့ ဒီနည်းစနစ်ကို ကြည့်ရတာ မီးလျှံငှက်နဲ့ သိပ်မတူသလိုဘဲ ဟုတ်ရဲ့လားရှင့်”
“ဟုတ်တယ် နောက်ဆုံးမှာတော့ ကောင်းကင်ဗျတ်စောင်း လက်ချောင်းများဟာ ပျံသန်းနေတဲ့ ပန်းပွင့်လက်ချောင်းများနဲ့ တခြားစီပဲဆိုတာ ပေါ်လွင်သွားတာပေါ့ ကျုပ်အနေနဲ့ အထပ်ထပ် အခါခါ ကြိုးစားခဲ့ပေမဲ့ ရလဒ်ကတော့ တခြားစီပဲဗျ အဲဒီနောက်မှာတော့ ကျုပ်တစ်ခု စဉ်းစားမိလာတယ် တကယ်လို့ ပျံသန်းနေသော ပန်းပွင့်လက်ချောင်းများကို မသုံးတော့ဘူး ဆိုရင်ကော မီးလျှံငှက်ကို ဆက်ပြီး မဖန်တီးတော့ဘူး ဆိုရင်ကော ဘာဖြစ်မလဲ ဘာမှမဖြစ်ဘူးဗျ တကယ်တော့ မူလစွမ်းရည် တစ်ခုကို ဖန်တီးခြင်းဆိုတာ ချစ်ခြင်းမေတ္တာနဲ့ သဘောတရား အတူတူပဲ လိုက်ဖက်ညီခြင်း ဆိုတာ အရေးအကြီးဆုံးပဲ အဲဒီလို စိတ်ကူးစိတ်သန်း ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်တည်း ကျုပ်ဟာ ပေါက်ကွဲနေသော မီးလျှံငှက် ဖန်တီးတာကို စွန့်လွှတ်လိုက်ပြီး မီးလျှံပိုက်ကွန်ကို ဖန်တီးမိတော့တာပဲ ဒီအတွက် ခင်ဗျား စိတ်မရှိဖို့ ကျုပ်မျှော်လင့်ပါတယ်”
အမှန်တော့ စုချန်းသည် ဤကဲသို့ မီးလျှံပိုက်ကွန်မျိုး ဖန်တီးရန် ချင်းလင်အာနှင့် တိုက်ပွဲပြီးကတည်းက စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် သူသည် အဆက်မပြတ် နောက်ဆုတ်ပေးခဲ့ရ၏။ ထိုသို့ နောက်ဆုတ်သည့် အချိန်တွင် တစ်ဖက်လူများ၏ တိုက်ခိုက်မှု အရှိန်အဟုန်ကို ရပ်တန့်သွားစေရန် မိုးကြိုးဓားကို အသုံးပြုခဲ့ရသည်။ သို့သော် မိုးကြိုးဓား၏ အင်အားမှာ နည်းပါးလှပေရာ ထင်သလောက် အကျိုးသက်ရောက်မှု မရှိခဲ့။ အကယ်၍ ထိုအချိန်ကသာ စုချန်းတွင် ဤကဲ့သို့ မီးလျှံပိုက်ကွန် နည်းစနစ်မျိုး ပိုင်ဆိုင်ထားခဲ့လျှင် သူ့ထံသို့ ပြေးဝင်လာသူ မှန်သမျှ ခေါင်းနှင့်ကိုယ် အိုးစားကွဲ သွားပေလိမ့်မည်။
သို့သော်ငြားလည်း ဂျီဟန်းယင်၏ တိုက်ခိုက်မှု ပုံစံမှာကား မိမိကိုယ်မိမိ ယုံကြည်မှု လွန်ကဲလွန်းပြီး တစ်ဖက်သားကို အမြဲတမ်းလိုလို ဖိအားပေး၍ တိုက်ခိုက်တတ်၏။ ထိုအခါ စုချန်း ဖန်တီးလိုက်သော ခံစစ်အသွင် မီးလျှံပိုက်ကွန် နည်းစနစ်ကို သူမ သဘောကျမကျ ဆိုသည်မှာ အတော်ပင် ပြောရခက်သော ကိစ္စဖြစ်သည်။
ထိုအခါ ဂျီဟန်းယင်က ပြောလိုက်သည်။
“ကျွန်မအနေနဲ့ တိုက်စစ်ကို သဘောကျတယ် ဆိုတာ ဘယ်သူမှာ ကျွန်မကို ခံစစ်အနေအထားထိ ရောက်အောင် ဖိအားမပေး နိုင်သေးလို့ပဲရှင့်”
ဘယ်လောက်တောင် ယုံကြည်မှုလွန်ကဲ နေလိုက်သည့် ဂျီဟန်းယင်ပေနည်း။
“ဒါပေမဲ့ တစ်နေ့နေ့မှာ ခံစစ်အသုံးပြုရမဲ့ အနေအထားမျိုး ပေါ်မလာဘူး လို့တော့ မပြောနိုင်ဘူးပေါ့လေ ဘာကြောင့်လည်း ဆိုတော့ လက်တလော အခြေအနေမှာတင် နဂါးကျောင်းတော်မှာ ကျွန်မထက် အင်အားကြီးမားတဲ့လူ ရိုက်သတ်လို့ မကုန်အောင် ရှိနေသေးလို့ပဲ”
ဂျီဟန်းယင်၏ စကားကို ကြားသောအခါ စုချန်းက သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
“ခင်ဗျား ဒီလိုသဘောထားတာ ကောင်းပါတယ် ဒါပေမဲ့ လတ်တလောမှာတော့ ကျုပ်ဖန်တီးနေတဲ့ မီးလျှံပိုက်ကွန်ဟာ တည်ငြိမ်မှု မရှိသေးဘူး မာကျောကြံ့ခိုင်မှု အားနည်း နေသေးတယ် ခင်ဗျားမြင်တဲ့အတိုင်းပဲ သာမန်လက်ဝါးရိုက်ချက် တစ်ချက်နဲ့တင် ပိုက်ကွန်တစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားလိမ့်မယ် မီးလျှံချည်မျှင်တွေက ပါးလွန်းတဲ့အတွက် ကြာရှည်မခံနိုင်ဘူး ဖြစ်နေတယ်”
တစ်ဖက်အရာဝတ္တု၊ ရန်သူများကို ပြတ်ရှသွားစေရန် ချည်မျှင်များသည် သေးမျှင်ပါးလွှာနေရန် လိုအပ်၏။ တစ်ဖက်တွင်လည်း အလွန် ပါးလွှာလွန်းခြင်းကြောင့် တည်ငြိမ်မှု မရှိဘဲ ဖြစ်နေပြန်သည်။ ထို့ကြောင့် ပါးလွှာမှုနှင့် တည်ငြိမ်မှုသည် မီးလျှံပိုက်ကွန်၏ အစွန်းနှစ်ဖက်ကဲ့သို့ ဖြစ်နေ၏။ စုချန်းအနေနှင့် ထိုအစွန်း နှစ်ဖက်အကြား ပဟေဠိ အဖြေညှိနိုင်အောင် ကြိုးစားရပေလိမ့်မည်။
ဂျီဟန်းယင်သည် ဦးခေါင်းကို ငုံ့၍ တစုံတရာကို အသည်းအသန် စဉ်းစားနေ၏။ သူမ၏ ပုံစံမှာ စုချန်း၏ ပဟေဠိကို ဝိုင်းကူညှိပေးနေဟန် ရှိသည်။ အတန်ကြာသော် သူမက လွှတ်ခနဲ ပြောလိုက်သည်။
“တကယ်လို့ ရှင့်ရဲ့ နည်းလမ်းကို ပြောင်းလိုက်မယ် ဆိုရင်ကော”
“ကျုပ်က ဘယ်လို ပြောင်းရမှာလဲ”
“ရှင့်ရဲ့ပိုက်ကွန်ကို မမြင်ရအောင် လုပ်လိုက်မယ် ဆိုရင်ကော”
“မမြင်ရအောင် ဟုတ်လား”
စုချန်း အံ့သြသင့်သွား၏။ သူ့မျက်နှာပေါ်တွင်ကား စိတ်လှုပ်ရှားသော အမူအရာများ ပေါ်ပေါက် လာလေသည်။
“ခင်ဗျား တော်တယ် ဒါပေမဲ့ ကျုပ်ဟာ မီးလျံပိုက်ကွန်ရဲ့ ချည်မျှင်တွေကို တည်ငြိမ်အောင် မလုပ်နိုင်ကတည်းက ဒီပိုက်ကွန်ရဲ့တခြား အသုံးဝင်နိုင်မဲ့ နည်းလမ်း အမျိုးမျိုးကို စဉ်းစားခဲ့ပြီးပြီ ဥပမာ ခင်ဗျားပြောတဲ့ မမြင်ရအောင် ဖုံးကွယ်ထားမဲ့ နည်းလမ်းမျိုးပေါ့ဗျာ ဒါပေမဲ့ ပြသနာက ဒါကိုသာ လုပ်မယ်ဆိုရင် နောက်ထပ် မူလစွမ်းရည်တစ်မျိုး ပေါင်းထည့်ဖို့ လိုအပ်နေတာပဲဗျ”
မူလစွမ်းရည်များ ပေါင်းစပ်လေလေ ပိုမိုရှုပ်ထွေးလေလေ ဖြစ်သည်။ ထိုအခါ ၎င်းကို အသုံးပြုနိုင်ရန် ယခင်ကထက် ပိုမို၍ တွက်ချက်ရန်၊ ယခင်ကထက် ပိုမို၍ စမ်းသပ်ရန် လိုအပ်လာပြီး အသုံးပြုသော အခါတွင်လည်း မလိုအပ်သော အသေးစိတ် အချက်အလက် များနှင့်သာ ပြည့်နှက်နေတော့မည် ဖြစ်သည်။ အမှန်တကယ် ကျွမ်းကျင်စွာ မထိန်းချုပ်နိုင်ဘဲ တကယ့် စစ်မြေပြင်တွင် ထိုနည်းစနစ်မျိုးကို အသုံးပြုရန် ကြိုးစားပါက ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် အတူတူသာ။
ယခု စုချန်း၏ မီးလျှံပိုက်ကွန် သည်လည်း မူလစွမ်းရည်သုံးမျိုး ပေါင်းစပ်ထားပြီး ဖြစ်လေရာ နောက်တစ်မျိုးကိုသာ ထပ်မံပေါင်းထည့် လိုက်ပါက တိုက်ပွဲတွင် အသုံးချနိုင်ရန် အလွန်ခက်ခဲသော အခြေအနေမျိုးသို့ ဆိုက်ရောက် သွားပေလိမ့်မည်။
ထိုအခိုက်မှာပင် ဂျီဟန်းယင်က လွှတ်ခနဲ မေးမြန်းလိုက်သည်။
“ရှင် ဘာဖြစ်လို့ မီးကို သုံးထားတာလဲ”
စုချန်း ဖြေရခက်သွား၏။ ဂျီဟန်းယင်က စကား ဆက်ပြန်သည်။
“ဘာလို့သုံးထားလဲ ဆိုတော့ ရှင့်အနေနဲ့ ပေါက်ကွဲနေတဲ့ မီးလျှံငှက်ကို ပြန်ဖန်တီးဖို့ စိတ်ကူးရှိနေသေးလို့ပဲ ဟုတ်တယ်မလား တကယ်တော့ ဒီနည်းစနစ်ဟာ မီးလျှံငှက်နဲ့ ဘာမှမဆိုင်မှန်း ကျွန်မတို့ သိနေပြီပဲ ဒီတော့ ဘာအတွက်ကြောင့် မီးလျှံစက်လုံးနဲ့ ငရဲမီးလျှံ နှစ်မျိုးလုံးကို အခြေခံအဖြစ် ဆက်သုံးနေတော့မလဲ ဒီနှစ်မျိုးထဲက တစ်မျိုးကိုပဲ ကျွန်မတို့ သုံးမယ် ဆိုရင်ကော”
စုချန်းကား ဂျီဟန်းယင်၏ စကားကို တစိမ့်စိမ့်နှင့် ပြန်လည် သုံးသပ်နေ၏။ ဂျီဟန်းယင်က စကားဆက်ပြန်သည်။
“တကယ်တော့ ဒီနည်းစနစ်ရဲ့ တကဲ့ရည်ရွယ်ချက်က တစ်ဖက်ရန်သူကို ပိတ်ဆို့ဖို့နဲ့ ဒဏ်ရာရစေဖို့ပဲမလား ဒီတော့ သူ့မှာ ပုံဖျက်ဖုံးကွယ်မှုနဲ့ ဒဏ်ရာ ရစေနိုင်တဲ့ စွမ်းအင် ရှိဖို့လိုတာပေါ့ မီးလျံတွေကို ထည့််သွင်းလိုက်ရင် ဒဏ်ရာရစေနိုင်တဲ့ စွမ်းအားပိုလာပေမဲ့ ပုံဖျက်ဖုံးကွယ်တဲ့ နေရာမှာ ကန့်သတ်ချက် အများကြီး ဖြစ်သွားလိမ့်မယ် ဒီတော့ ရှင့်အနေနဲ့ တခြား မူလစွမ်းရည် တချို့ကို အစားထိုး ကြိုးစား ကြည့်ပါလားရှင့်”
စုချန်း၏ မျက်ခုံးနှစ်ဖက်က အပေါ်သို့ မြင့်တက်သွား၏။
“ခင်ဗျားပြောတာ မှန်တယ် ကျုပ် အရင်ကတည်းက ဒါကို ဘာကြောင့် မစဉ်းစားမိပါလိမ့် ဒီအတိုင်းဆိုရင် လုပ်ရကိုင်ရ ပိုလွယ်သွားမှာပဲကို”
စုချန်းသည် သူ့ကိုယ်သူ အလွန်အမင်း ဒေါသထွက်လာ၏။ ထို့နောက်တွင်ကား သူတို့နှစ်ယောက်သည် တစ်နေ့လုံးလိုလို ခေါင်းချင်းဆိုင် ဆွေးနွေးခဲ့ကြ၏။ ထိုဖြစ်ရပ်မှ နေ၍ စုချန်းအတွက် အဖိုးမဖြတ်နိုင်သော သင်ခန်းစာ တစ်ခုကို ရရှိခဲ့၏။ ထိုသင်ခန်းစာမှာ သူ့အနေနှင့် တစ်စုံတစ်ခုကို ကောင်းမွန်စွာ ဆောင်ရွက်လိုလျှင် မှန်ကန်သော နည်းလမ်းကို အသုံးပြုရမည့်အပြင် မှန်ကန်သော ဦးတည်ချက်မျိုး ထားရှိရန်လည်း လိုအပ်ကြောင်းပင်။ အသုံးပြုသော နည်းလမ်းမှာ မိုးပျံအောင် ကောင်းမွန်နေစေကာမူ လမ်းမှားပေါ်တွင် လျှောက်လှမ်းမိပါက အချိန်သာ ကုန်သွားပေလိမ့်မည်။ မောင်ပုံကား စောင်းတတ်လိမ့်မည် မဟုတ်။
ဂျီဟန်းယင်အဖို့လည်း စုချန်းသည် ပါရမီရှင်တဦးဖြစ်ကြောင်း ခြွင်းချက်မရှိ လက်ခံလိုက်ပြီ ဖြစ်သည်။ မူလစွမ်းရည်များအား ပေါင်းစပ်ခြင်းဟူသည် အလွန်ရှုပ်ထွေးပြီး အသေးစိတ် တွက်ချက်မှု အများအပြား ပြုလုပ်ရန် လိုအပ်၏။ တချို့လူများ ဆိုလျှင် သေသာသေသွား၏။ မည်သည့် အောင်မြင်မှုမှ မရရှိခဲ့။ သို့သော် ဤလူငယ်သည်ကား လအနည်းငယ်မှာပင် မူလစွမ်းရည် အသစ်တစ်မျိုး၏ ကနဦးပုံစံတစ်ခုကို ဖန်တီးနိုင်ခဲ့လေပြီ။ ထို့ပြင် သူသည် ၎င်းစွမ်းရည်သစ်ကို ပြွတ်သိပ် ကြပ်ညှပ်နေသည့် စာသင်ချိန်များ ကြားထဲကပင် ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်လေရာ မည်မျှ ထူးချွန်ကြောင်း သိသာနေ၏။
ပေါင်းစပ်မှု အသစ်မှာနေ၍ မရေမတွက်နိုင်သော ဖြစ်နိုင်ချေများ ပေါ်ပေါက်လာ၏။ ထိုအခါ စုချန်းအနေနှင့် မည်သည့် မူလစွမ်းရည်များက တစ်ခုနှင့်တစ်ခု ပေါင်းစပ်ရန် သင့်လျော်ကြောင်းကို မရေမတွက်နိုင်သော တွက်ချက်မှုပေါင်း များစွာ ပြုလုပ်ရန် လိုအပ် လာတော့သည်။ အခြားတစ်ဖက်မှ ပြန်တွေးလျင် စုချန်းအနေနှင့် နောက်ထပ် မူလစွမ်းရည် တချို့ကို နားလည် တတ်ကျွမ်းရန် လိုအပ်လာခြင်း ဖြစ်သည်။
ဤနေရာတွင် ဂျီဟန်းယင်၏ တွေးခေါ်ယူဆပုံသည် အရေးပါလာ၏။ ရင်းနှီးမြှုပ်နှံသူ အများစု၏ အမြင်တွင် ရင်းနှီးမြှုပ်နှံမှု တစ်ခုမှနေ၍ အကျိုးအမြတ် အများအပြား ရရှိနိုင်မည်ဟု မျှော်လင့်ပါက ငွေပင်ငွေရင်း ပိုမိုစိုက်ထည့်၍ ရင်းနှီးမြှုပ်နှံ လိမ့်မည်သာ။ ဂျီဟန်းယင်သည်ကော ဘာထူးမည်နည်း။ သူမ၏ အမြင်အရ စုချန်းတွင် အလားအလာ အများကြီးရှိသည်ဟု ယူဆထားပြီး ဖြစ်လေရာ မူလစွမ်းအင် တချို့ကို စိုက်ထုတ် ပေးလိုက်ရသည်မှာ ရရှိလာမည့် အကျိုးအမြတ်နှင့် စာလျှင် ပြောပလောက်စရာမရှိ။
ထိုနေ့ညတွင် ဂျီဟန်းယင်သည် စုချန်းအား မူလစွမ်းအင် အများအပြားကို ထုတ်ဖော် ပြသခဲ့၏။ ၎င်းတို့ကို အထပ်ထပ် အခါခါ စီစစ်ပြီးနောက် နောက်ဆုံးတွင် စုချန်းက မူလစွမ်းအင် နှစ်မျိုးကို အပြီးသတ် ရွေးချယ်လိုက်သည်။ ထိုမူလစွမ်းအင် နှစ်မျိုးမှာ လေအနားစောင်း နည်းစနစ်နှင် အလင်းယိုင်ခြင်း နည်းစနစ်တို့ပင် ဖြစ်သည်။
လေအနားစောင်း နည်းစနစ်သည် စုချန်း၏ ပိုက်ကွန်ချည်မျှင်များအား ထက်ရှ လာစေလိမ့်မည်။ အလင်းယိုင်ခြင်း နည်းစနစ်သည်ကား ထိုပိုက်ကွန်ကို မမြင်ရအောင် ကူညီပေးပေလိမ့်မည်။
စုချန်း ကနဦးက ပြောခဲ့သလို မူလစွမ်းရည်များ ပေါင်းစပ်ခြင်းတွင် လိုက်ဖက်ညီခြင်းမှာ အခရာကျ လှချေသည်တကား။