ဖြတ်သန်းခြင်း
Vol. 16 Ch. 158
တစ်လခန့် အကြာတွင် ဖြစ်သည်။ ဤယနေ့တွင်ကား မည်သည့် သင်တန်းမျှ မရှိချေ။ စုချန်းသည် အိပ်ရာပေါ်တွင် ထိုင်နေ၏။ သူ့လက်ချောင်းများသည် လေထုအတွင်းရှိ တစ်စုံတစ်ရာကို ပုံဖော်နေသကဲ့သို့ ပျော့ပြောင်းညင်သာစွာ လှုပ်ရှားနေသည်။
လေများ တဝူးဝူး တိုက်ခိုက်နေသည်မှလွဲ၍ မည်သည့် ထူးခြားချက်မျှ မရှိဟု ထင်ရသော်လည်း စုချန်း၏ မျက်လုံးထဲတွင်တော့ သူ့ရှေ့တည့်တည့်ရှိ ဧရိယာတခုလုံးကို တောက်ပသော မူလစွမ်းအင်ပိုက်ကွန် တစ်ခုဖြင့် ဖုံးအုပ်ထားကြောင်း မြင်တွေ့နေရ၏။ ထိုအခါ စုချန်းက အနီးအနားရှိ သစ်သားပြား တစ်ခုကို ဆွဲယူပြီး ပိုက်ကွန်ဆီသို့ ပစ်ပေါက်လိုက်၏။ သစ်သားပြားသည် ပိုက်ကွန်နှင့် အထိဝယ် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွား၏။ ပိုက်ကွန်သည်ကား တုန်ခါရုံမျှသာ တုန်ခါသွားပြီး ပကတိအတိုင်းသာ ဆက်လက် တည်ရှိနေ၏။
အတန်ကြာသော် ပိုက်ကွန်သည် ပျောက်ကွယ်သွား၏။
အောင်ပြီဟေ့ … ။
စုချန်းတစ်ယောက် ဝမ်းသာအားရ ဟစ်ကြွေးလိုက်သည်။ ဝမ်းသာမည် ဆိုလျှင်လည်း ဝမ်းသာထိုက်ပေသည်။ ဤမူလစွမ်းရည်အား နဂိုမူလ မျှော်မှန်းထားသည်ထက် ပို၍ လျင်မြန်စွာ စုချန်း ဖန်တီးနိုင်ခဲ့၏။ ထက်ရှခြင်းနှင့် တည်ငြိမ်ခြင်းအရာတွင် မူလပုံစံထက်များစွာ သာလွန်သော ပိုက်ကွန်မျိုး ဖြစ်သည်။ အရေးအကြီးဆုံးမှာကား အလင်းယိုင်ခြင်း နည်းစနစ်ကြောင့် ပိုက်ကွန်၏ ပကတိပုံစံကို သာမန်မျက်စိနှင့် မမြင်နိုင်အောင် ဖုံးကွယ်ထားနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤမူလစွမ်းရည်သစ်သည် ရန်သူအား အလစ်အငိုက် ဖမ်းချုပ်ရန် အလွန်အသုံးဝင်သည့် နည်းစနစ်တစ်မျိုး ဖြစ်လာပေလိမ့်မည်။
အမှန်တော့ လေပိုက်ကွန်၏ ထက်ရှမှုနှင့် တည်ငြိမ်မှုမှာ အနိုင်ယူရန် အခက်ကြီး အနေအထားတော့ မဟုတ်သေး။ သို့သော် သာမန်မျက်စေ့ဖြင့် မမြင်နိုင်သော မူလစွမ်းရည် ဟူသည်မှာ တခြားစွမ်းရည်များထက် တစ်ပန်းသာ နေပြန်၏။ ထို့ပြင် စုချန်း၏ လက်ရှိ စွမ်းအင် အဆင့်အတန်းအရ ထိုထက်ပို၍ ကောင်းမွန်သော ရလဒ်များ ပေါ်ထွက်လာရန် မလိုအပ်သေးချေ။
အင်း ... ပြန်လည်ဆန်းစစ်သူများ အခန်းကိုသွားပြီး ငါ့ရဲ့ဒီစွမ်းရည်ကို စစ်ဆေးဦးမှပဲ ... ။
သူ့ပုံစံမှာ ကစားစရာအရုပ်သစ် လက်ဆောင်ရထားသော ကလေးနှင့် တူလှသည်။ တပင်တပန်း ဖန်တီးထားရသော နည်းစနစ်သစ်အား အလွန်အမင်း စမ်းသပ်လိုနေ၏။ ဤအတောအတွင်းဝယ် သူသည် မူလစွမ်းအင်ပုံစံများအား ဆက်လက် လေ့လာနေခဲ့ရာ အဖြူရောင် မျှော်စင်ပို့ဆောင်ခြင်း နည်းစနစ်၊ ဝိညာဉ်အမြစ်တွယ်ခြင်းနှင့် မူလစွမ်းအင် အလင်းမြား နည်းစနစ်များနှင့် ပတ်သက်၍ ပို၍ ရင်းနှီးလာခဲ့၏။ ယခုတစ်ဖန် နည်းစနစ်သစ် တစ်ခုကို ဖန်တီးလိုက်နိုင်သောအခါ လူငယ်ပီပီ မာန်တက်လာပြီး မိမိ၏ အရည်အချင်းကို စမ်းသပ်လို စိတ်ပေါ်လာသည်မှာ အံ့သြစရာ မဟုတ်ပေ။
ရုတ်တရက် ပေါ်ပေါက်လာသော အတွေးကြောင့် စုချန်းသည် ထိုင်နေရာမှ ဖြုန်းခနဲ ထရပ်လိုက်ပြီး နဂါးကျောင်းတော်၏ အကြိမ်တစ်ရာ ပြန်လည်ဆန်းစစ်သူများ ခန်းမသို့ ဦးတည် လျှောက်လာခဲ့တော့သည်။ ပြန်လည်ဆန်းစစ်သူများ ခန်းမဟူသည်မှာ ကျောင်းသားများ မိမိတို့၏ တိုးတက်မှုကို ပြန်လည် ဆန်းစစ်နိုင်စေရန် နဂါးကျောင်းတော်မှ အထူးတည်ဆောက်ထားသော ခန်းမဖြစ်သည်။ စုချန်းအဖို့ ထိုခန်းမသို့ သွားခြင်းမှာ ဤတကြိမ်သည် ပထမဦးဆုံး ဖြစ်သည်။ ထိုနေရာသို့ ရောက်သည်နှင့် အလွန်ကြီးမား ကျယ်ဝန်းသော အခန်းကြီး တစ်ခန်းကို စုချန်း မြင်တွေ့လိုက်ရ၏။
ခန်းမကြီးကား ကျယ်သလောက် ဆန်းကြယ်ဟန်ရှိ၏။ တစ်ဖက်တစ်ချက် တွင်လည်း ကြေးဝါစစ်သူရဲ ဆယ့်ရှစ်ယောက်စီ မတ်တတ် ရပ်နေကြောင်း တွေ့ရှိရသည်။ ထိုစစ်သူရဲများသည် ဖြတ်ခနဲကြည့်လျင် ကျောက်ရုပ်များနှင့် တူလှပြီး နတ်ဆိုးရုပ်သေးရုပ်များ ကဲ့သို့ပင် ကျောင်းတော်၏ အမိန့်နှင့် ညွှန်ကြားချက်များကို တစ်သွေမတိမ်း လိုက်နာစောင့်ထိန်းရသူများ ဖြစ်၏။
ခန်းမကြီး၏ အတွင်းတွင်တော့ ကြေးဝါတံခါး အချပ်နှစ်ဆယ်တိတိ ရှိနေ၏။ တံခါးတိုင်းတွင် မတူညီသော ရုပ်ပုံတစ်မျိုးစီကို ရေးထိုးထားလေသည်။ ထိုတံခါးများသည် မည်သည့် အဓိပ္ပာယ်ကို ဆောင်နေကြောင်း စုချန်းမသိ။ သို့သော် ကံကောင်းထောက်မသည်မှာ ထိုနေရာတွင် ကျောင်းသား လက်ထောက်များလည်း ရှိနေ၏။ စုချန်း ချည်းကပ်လိုက်သော ကျောင်းသား လက်ထောက်မှာ အလွန်ပိန်၏။ ကြိုးတစ်ချောင်းကို လိမ်ကျစ်ထားသည်နှင့်ပင် တူနေသေးသည်။ စုချန်း၏ မေးခွန်းကို သူက စိတ်ရှည်လက်ရှည်ပင် ရှင်းပြလေသည်။
“တံခါးပေါက်နှစ်ဆယ်ဟာ အင်အား အဆင့်အတန်း အမျိုးမျိုးကို ကိုယ်စားပြုတယ် ကျောင်းသားသစ်တွေဟာ ဘယ်ဖက်ခြမ်းမှာရှိတဲ့ ပထမတံခါးကနေ ဝင်ရမယ် အထဲရှိတဲ့ ဟာတွေကို ရှင်းလင်းနိုင်မယ် ဆိုရင်တော့ ဒုတိယမြောက်တံခါးကို ဆက်ဝင်ခွင့်ရမယ် ထပ်ဖြည့်ပြီး ပြောရမယ် ဆိုရင် တံခါးနောက်မှာ ရှိတဲ့အရာတွေ မှန်သမျှဟာ ထောက်ပံ့ကြေး အမှတ်တွေပဲ သူတို့အားလုံးကို ရှင်းနိုင်ရင် ဒီအမှတ်တွေဟာ မင်းအတွက်ပဲ အမှတ် ဘယ်လောက်များများ ရမလဲ ဆိုတာကတော့ တံခါးတစ်ချပ်ကို မင်းဘယ်နှစ်ခေါက် ဝင်ခဲ့သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်တယ် များများ ဝင်ခဲ့လေလေ မင်း ရရှိလာမဲ့ အမှတ်က နောက်ပိုင်းမှာ နည်းလာလေလေပဲ”
“ဒီတော့ ခင်ဗျား ဆိုလိုတာက ဒီတံခါးထဲက အရာတွေကို ရှင်းလင်းနိုင်မယ် ဆိုရင် ကျွန်တော့အနေနဲ့ အမှတ် များများစားစား ရနိုင်မယ် တကယ်လို့ အကုန်လုံးကို မရှင်းနိုင်ရင်တောင် အမှတ် နည်းနည်းပါးပါးတော့ ရဦးမယ်ဆိုတဲ့ သဘောပေါ့”
“သိပ်မှန်တာပေါ့ ကျောင်းသားတိုင်းဟာ သူတို့ရဲ့ အင်အားနဲ့ လုပ်နိုင်စွမ်းကို ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက် ထားရမယ်”
ထိုအခါ စုချန်းက ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော်လည်း နှစ်အတော်ကြာအောင် လေ့ကျင့်ထားတာ ဖြစ်တဲ့အတွက် ဒီစမ်းသပ် စစ်ဆေးခြင်းကို ဆောင်ရွက် ကြည့်ချင်တယ်”
“ရတယ်လေ မင်းလည်း ဝင်ရောက် စမ်းသပ်ပိုင်ခွင့် ရှိတယ် ဒါပေမဲ့ တစ်ခုတော့ မှတ်သားထားဦးကွ ဒီကျောင်းတော်မှာ နေထိုင်တဲ့ အချိန်ကာလ ကြာမြင့်လာလေလေ မင်းရရှိနိုင်တဲ့ အမှတ်ဟာလည်း နည်းလာလေလေပဲ ပြီးတော့ တံခါးတိုင်းမှာလည်း သတ်မှတ်ထားတဲ့ အချိန်ကာလ ရှိသေးတယ် မင်းဟာ မင်းရဲ့ အဆင့်အတန်းထက် နိမ့်တဲ့ တခါးပေါက်ထဲကို ဝင်မိပြန်ရင်လည်း အမှတ်နည်းနည်းပဲ ရလိမ့်မယ် တကယ်တော့ တို့ကျောင်းတော်က ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လက်တစ်လုံးခြားလုပ်ပြီး အမှတ်ယူဖို့ ဆိုတာကတော့ တယ်မလွယ်ဘူးဟေ့”
ဤသို့ဆိုလျှင် ကျောင်းသားတစ်ယောက် အနေနှင့် ထောက်ပံ့အမှတ် များများစားစား ရရှိရန် မည်သို့ ဆောင်ရွက်ရမည်နည်းဟု မေးစရာရှိသည်။ အဖြေမှာကား တံခါးပေါက်တစ်ခု အတွင်းသို့ အကြိမ်အရေအတွက် အနည်းဆုံးနှင့် တတ်နိုင်သမျှ မြန်မြန်ဆန်ဆန် ဝင်ရောက်ဖြတ်သန်းရုံမှ တစ်ပါး အခြားမရှိ။ ဤသို့ ဆောင်ရွက်နိုင်ရန်မှာ အနှီကျောင်းသားသည် ထိုက်သင့်သော အင်အား ရှိရမည့်အပြင် မိမိ၏ လုပ်ဆောင်နိုင်စွမ်းကိုလည်း ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်ထားရန် လိုအပ်၏။ အမှန်တော့ လူတစ်ယောက် အနေနှင့် မိမိ၏ အင်အားနှင့် လုပ်ဆောင်နိုင်စွမ်းကို သဘောပေါက်ထားရန်မှာ သေရေးရှင်ရေး အခြေအနေတွင် များစွာ အရေးပါလှပေသည်။ မိမိအခြေအနေကို သဘောမပေါက်ဘဲ မိုက်ရူးရဲဆန်သူသည် သေတွင်းသို့ ခုန်ချသူနှင့် အတူတူသာတည်း။
နဂါးကျောင်းတော်အဖို့ ဤခန်းမကို တည်ဆောက်ထားရခြင်း၏ တကဲ့ရည်ရွယ်ချက်မှာ ကျောင်းသားများ အနေနှင့် မိမိ၏ အင်အားကို ချင့်ချိန်တွက်ဆ တတ်စေရန်သာ ဖြစ်သည်။ ထို့ကြောင့် သူတို့က ဤခန်းမကို အကြိမ်တစ်ရာ ပြန်လည်ဆန်းစစ်သူများ ခန်းမဟု တင်စား ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ အကယ်၍ ကျောင်းသား တစ်ယောက်သည် အခန်းတစ်ခန်းတည်းကို အကြိမ်တစ်ရာတိတိ ဝင်ရောက်ခဲ့ပါက ထိုကျောင်းသားအဖို့ တစ်မှတ်မျှ ရရှိတော့မည်မဟုတ်။
ထိုစဉ် ကျောင်းသား လက်ထောက်က စုချန်းကို မေးမြန်းလိုက်သည်။
“မင်း ဝင်ချင်တာ သေချာပြီလား သာမန်အားဖြင့်တော့ ဒီနေရာဟာ စာသင်နှစ်ကုန်ခါနီးမှ အလုပ်များလေ့ ရှိတယ် ဘာပဲဖြစ်ဖြစ် ဒီထဲကို ဝင်မယ်ဆိုရင်တော့ မင်း ရရှိထားတဲ့ ထောက်ပံ့ကြေး အမှတ်တချို့ကို ဝင်ကြေးအဖြစ် အသုံးပြုရလိမ့်မယ်”
လက်စသတ်တော့ ဤအခန်းသို့ ဝင်ရောက်ခြင်းကြောင့် စုချန်းအတွက် အကျိုးအမြတ် များများစားစား ရမည့်ဟန် မရှိပါကလား။ သို့သော် စုချန်း ဤနေရာသို့ ရောက်ရှိလာသည်မှာ အကျိုးအမြတ်ကြောင့် မဟုတ်။ ထိုအခါ သူက ပြောလိုက်သည်။
“ခုကိုပဲ ဝင်တော့မယ်ဗျို့”
“သိပ်ကောင်းတယ်ဟေ့ ငါကလည်း ဒီလို ပြတ်သားတဲ့ လူစားမျိုးကိုမှ ကြိုက်တာကွ”
ကျောင်းသား လက်ထောက်က စုချန်းကို လက်မထောင်ပြရင်း ပြောလိုက်သည်။
“မင်းရဲ့သက်သေခံကတ်ပြားကို တံခါးထဲမှာ ထိုးလိုက် ဒါဆိုရင် မင်း ဝင်လို့ရပြီ”
ထို့နောက် စုချန်းက တံခါးပေါက်ကို လှမ်းကြည့်လိုက်ရာ တံခါးပေါ်တွင် သေးငယ်သော အပေါက်တစ်ပေါက်ကို တွေ့လိုက်ရသည်။ ထိုအပေါက်ထဲသို့ သက်သေခံ ကတ်ပြားကို ထည့်လိုက်သည်နှင့် တံခါးသည် ဖြည်းညင်းစွာ ပွင့်လာတော့သည်။
အခန်းတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် စုချန်း၏ အမြင်အာရုံ တစ်ခုလုံးသည် ဝေဝါးသွား၏။ ထို့နောက် သူသည် ကန္တရတစ်ခု၏ အလယ်တွင် မတ်တတ် ရပ်နေကြောင်း တွေ့ရှိလိုက်ရတော့သည်။ ထင်ယောင်ထင်မှား ဖြစ်နေရန် ဖန်တီးထားမှန်း သိနေသော်လည်း ပြင်းထန်သော အပူဒဏ်ကြောင့် သူ နေရထိုင်ရ ခက်လာ၏။
ထိုအခိုက်မှာပင် သူ့ခြေထောက်အောက်မှ အလင်းရောင်တစ်ခု ဝုန်းခနဲ ထွက်ပေါ်လာပြီး သူထံသို့ ပျံ့လွင့်လာ၏။ တိုက်ခိုက်မှုမှာ မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ် လှသော်လည်း စုချန်းက အလွယ်တကူပင် ဘေးကို ခြေတစ်လှမ်းရွေ့ပြီး ရှောင်တိမ်း ပေးလိုက်သည်။ အနက်ရောင် အရိပ်သည် သူ၏ ပထမတိုက်ခိုက်မှု လွဲချော်သွားသည်နှင့် ကျယ်လောင်စွာ ဟိန်းဟောက်ကာ စုချန်းထံသို့ နောက်တကြိမ် ခုန်ဝင်လာပြန်သည်။ လက်စသတ်တော့ တံလျှပ်ကြောင် မြီးတိုတစ်ကောင်နှင့် ရင်ဆိုင်တိုးနေခြင်း ပေတကား။ သူ့ဘဝတွင် ပထမဆုံး သတ်ဖြတ်ခဲ့ဖူးသော သားရဲသတ္တဝါဆိုးမှာ တံလျပ်ကြောင်မြီးတိုပင် ဖြစ်သည်။ သို့သော် ဤနေရာမျိုးတွင် ဤသတ္တဝါမျိုးနှင့် တိုက်ခိုက် နေရလိမ့်မည်ဟုကား သူ လုံးဝမျှော်လင့်မထား။
အမှန်တော့ တံလျပ်ကြောင်မြီးတို ဟူသည် တောနက်များတွင်သာ ကျက်စားတတ်သည့် သတ္တဝါဖြစ်သည်။ ထို့ကြောင့် သူရင်ဆိုင်နေရသည့် သတ္တဝါသည် မုချ ပုံရိပ်ယောင်သာ ဖြစ်ရပေလိမ့်မည်။ သို့သော် ပုံရိပ်ယောင်ဖြစ်ဖြစ်၊ သတ္တဝါအစစ်ပင်ဖြစ်ဖြစ် သူ့အတွက် ယခုအချိန်တွင် အရေးမကြီးတော့။ လက်ရှိ သူ့အင်အားအရ ကြောင်မြီးတို တစ်ကောင်ကို အလွယ်တကူပင် ရှင်းလင်းပစ်နိုင်၏။ သို့သော် စုချန်း ဤနေရာသို့ လာရောက်ရသည့် ရည်ရွယ်ချက် အစစ်အမှန်မှာ တံလျပ်ကြောင်မြီးတိုကို သတ်ဖြတ်ရန်မဟုတ်။ မိမိ၏ ပိုက်ကွန်ကို စမ်းသပ်ရန် ဖြစ်လေရာ သူက ချက်ချင်းပင် ကြောင်မြီးတို၏ ရှေ့တွင် လေပိုက်ကွန် တစ်ခုကို ဖန်တီးလိုက်တော့သည်။
ကြောင်မြီးတိုသည် ပိုက်ကွန်ကိုဖြတ်၍ စုချန်းထံသို့ ပျံသန်းလာ၏။ စုချန်းကား အနည်းငယ်မျှ ရှောင်တိမ်းခြင်းမပြု။ ၎င်း၏ လက်သည်းများ စုချန်း၏ လည်မျိုကို ဖောက်တော့မည့် အချိန်မှာပင် ကြောင်မြီးတိုသည် ပြင်းထန်စွာ တုန်ခါသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျ သွားတော့သည်။
ကြောင်မြီးတို ပျောက်ကွယ်သွားသည်နှင့်် ဒုတိယ ဝင်ရောက်လာသည်ကား စစ်သားအုပ်စုများ ဖြစ်သည်။ သာမန် စစ်သားအုပ်စုသာ ဖြစ်သော်လည်း ၎င်းတို့သည် ကိုယ်ပေါ်တွင် သံကိုယ်ကြပ် ဝတ်စုံများ ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း ချွန်ထက်သော ဓားများကိုယ်စီ ကိုင်ဆောင်ထား၏။ ထို့ပြင် ၎င်းတို့သည် အုပ်စုလိုက် တိုက်ခိုက်ခြင်းကိုလည်း အထူးပင် ကျွမ်းကျင်ပုံရသည်။
ထိုအခါ စုချန်းကလည်း နောက်ထပ် လေပိုက်ကွန်တခုကို ဖန်တီးလိုက်ပြန်သည်။ စစ်သားများသည်ကား ပိုက်ကွန်ကို တစ်ယောက်ပြီး တစ်ယောက် ဝင်တိုးနေကြ၏။ ဤတစ်ကြိမ်တွင်ကား စုချန်း၏ လေပိုက်ကွန်သည် ပထမတကြိမ်ကလောက် အသုံးမတည့်တော့ချေ။ ပိုက်ကွန်၏ ချည်မျှများသည် စစ်သားများ၏ သံကိုယ်ကြပ် ဝတ်စုံများကို အလုံးစုံ ပြတ်တောက်သွားအောင် မစွမ်းဆောင်နိုင်သလို ၎င်းတို့ အုံလိုက်ကျင်းလိုက် ဝင်တိုးနေသောကြောင့် ပိုက်ကွန်သည်လည်း ကျိုးပဲ့စပြုလာ၏။ သို့တိုင်အောင် ၎င်းတို့သည် ဒဏ်ရာအပြင်းအထန် ရရှိကုန်ကြ၏။
စုချန်းက နောက်ဆုတ်ရင်း နောက်ထပ် လေပိုက်ကွန် တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ စစ်သားများကလည်း ဝင်တိုးကြပြန်သည်။ ပိုက်ကွန်ငါးခုတိတိ ဖန်တီးပြီးချိန်တွင်ကား စစ်သားများအားလုံး ပျောက်ဆုံး သွားတော့သည်။
နောက်ထပ် ဝင်ရောက် လာသည်မှာကား များပြားလှသော ငှက်အုပ်ကြီး ဖြစ်သည်။ ၎င်းတို့ကို မြင်လျှင် စုချန်း အလွန် ဝမ်းသာသွား၏။ လေပိုက်ကွန်သည် ထိုရန်သူမျိုးအတွက် အလွန် အသုံးတည့်မှန်း မေးခွန်းထုတ်နေစရာ မလို။ ထိုငှက်အုပ်ကိုလည်း စုချန်းက လေပိုက်ကွန် တစ်ခုတည်းနှင့် ရှင်းထုတ်လိုက်နိုင်၏။
စမ်းသပ်ချက်တချို့ ပြီးဆုံးပြီးနောက် သူ့နည်းစနစ် အသစ်သည် နေရာအနေအထား အမျိုးမျိုးတွင် အသုံးဝင်ကြောင်း စုချန်း တွေ့ရှိလာ၏။ မည်သည့် မူလစွမ်းရည်မဆို ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ပြီးမှသာလျှင် လက်တွေ့ အသုံးဝင်မဝင် ဆုံးဖြတ်သင့်ပေသည်။ ယခုလည်း စုချန်းသည် လေပိုက်ကွန်ကို လက်တွေ့အသုံးချ စမ်းသပ်ပြီးပြီဖြစ်၍ ပွဲမဝင်ခင် ပြင်ကကျင်းပပြီးပြီဟု ဆိုနိုင်သည်။
စုချန်းကား အရာအားလုံးကို စနစ်တကျ မှတ်သားထား၏။ ၎င်းတို့သည် နောင်အနာဂတ်ကာလ တိုးတက်မှုများအတွက် သူ၏ အခြေခံအုတ်မြစ်များ ဖြစ်လာကြပေလိမ့်မည်။ လောကတွင် ပြစ်ချက်ကင်းသော အရာဟူ၍ မရှိ။ အမြဲတစေ အားနည်းချက်များကို ရှာဖွေပြုပြင် နေရမည်သာ ဖြစ်သည်။ တစ်စုံတစ်ရာကို စိတ်ထဲထင့်နေပါက ထိုနည်းစနစ်အား ပြုပြင်မွန်းမံရန် လိုအပ်နေသေးသည်ဟု ယူဆရပေလိမ့်မည်။
ထိုအချိန်တွင် အခန်းတွင်းမှ နောက်ထပ် မည်သည့်အန္တရာယ်မှ ထွက်ပေါ် မလာတော့ကြောင်း စုချန်း တွေ့ရှိလိုက်ရသည်။ သူသည် ပထမ စစ်ဆေးခြင်း အခန်းအား အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့လေပြီ။