← Chapters

ဖြတ်သန်းခြင်း

Vol. 16 Ch. 159

ဖြတ်သန်းခြင်း

Vol. 16 Ch. 159

အခန်း ၁၅၉

မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခြင်း

ပုံရိပ်ယောင်များ ပျောက်ကွယ် သွားသည်နှင့် သူသည် မူလစွမ်းအင် ပုံစံကွက်များနှင့် ဖန်တီးထားသော အခန်းတစ်ခု အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရသည်။ ဆန့်ကျင်ဘက် နံရံတွင်ကား တံခါးပေါက်တစ်ခု ရှိနေ၏။ ထိုတံခါးပေါက်ကို တွန်းဖွင့်လိုက်သည်နှင့် မူလ ခန်းမကျယ်ကြီး အတွင်းသို့ ပြန်လည် ရောက်ရှိသွား၏။

အလွန်ပိန်လှသော ကျောင်းသား လက်ထောက်သည် စုချန်းကို မြင်တွေ့လိုက်သည်နှင့် မျက်ခုံးအစုံကို ပင့်ရင်း ပြောလိုက်သည်။

“အိုး ပထမအဆင့်ကိုတောင် အောင်မြင်ခဲ့ပြီပဲ မင်းမဆိုးဘူး”

“ကံကောင်းသွားတာပါ”

စုချန်းက သိပ်မထူးဆန်းသော လေသံနှင့် လူပိန်၏ စကားကို ပြန်လည် ခွန်းတုံ့ပြန်ရင်း တံခါးပေါက်မှ သူ၏ သက်သေခံကတ်ပြားကို ပြန်လည် ဆွဲထုတ်လိုက်ရာ ထောက်ပံ့ကြေးအမှတ် ၂၅ မှတ်တိတိ ပေါင်းထည့်ထားကြောင်း တွေ့လိုက်ရသည်။

“ဒုတိယအခန်းကို ကြိုးစားကြည့်ဦးမလား အဲဒီအခန်းကိုသာ အနိုင်ရခဲ့ရင် မင်းကို ရမှတ် ၅၀တိတိ ပေါင်းထည့်ပေးလိမ့်မယ်”

ကျောင်းသား လက်ထောက်က တိုက်တွန်းလိုက်၏။ သူ့ပုံစံမှာကား မရိုးသားသော ရည်ရွယ်ချက် ရှိဟန်မတူ။

“ကောင်းပြီလေ”

စုချန်းက အလွယ်တကူပင် သဘောတူလိုက်၏။ ထို့နောက် သူက ဒုတိယအခန်းသို့ ဝင်ရောက်လိုက်သည်။ စုချန်း ပျောက်ကွယ်သွားသည်နှင့် ကျောင်းသား လက်ထောက်က ရယ်မောလိုက်၏။

“ဟီဟိ နောက်တစ်ကောင်တော့ ခံလိုက်ရပြန်ပြီ”

သူသည် ဤနေရာတွင် အလုပ်လုပ်နေသည်မှာ ကြာမြင့်လှပြီဖြစ်ရာ အခန်းတိုင်း၏ ခက်ခဲမှု အတိုင်းအဆကို ကောင်းစွာ သိရှိထား၏။ အခန်းများအနက် ပထမအခန်းမှာ အလွယ်ကူဆုံး ဖြစ်သည်။ သို့သော် ညဏ်ရည် ထက်မြက်သော ကျောင်းသားတစ်ဦးသည် ပထမအခန်းတွင် ကြုံတွေ့ခဲ့ရသည် အန္တရာယ် အတိမ်အနက်ကို တွက်ချက်၍ ဒုတိယအခန်းကို သူ့အနေနှင့် ဖြတ်သန်းနိုင်မနိုင် ကြိုတင်မျှော်တွေး နိုင်ပေလိမ့်မည်။ တစ်ဖက်တွင်လည်း တော်ရုံတန်ရုံ ကျောင်းသားတစ်ဦးသည် ရမှတ် ၂၅ မှတ်ကို အလွယ်တကူ ရရှိလိုက်လေရာ ဒုတိယအခန်းသို့ ဆက်လက် ဝင်ရောက်ရန် ဆွဲဆောင်နေသလို ရှိ၏။ ဤနေရာတွင် ထိုကျောင်းသား၏ ကိုယ့်အင်အား အမှန်ကို ကိုယ်သိမသိဟူသော အချက်က စကားပြော လာတော့သည်။

အလွန်ပိန်လှသော ကျောင်းသား လက်ထောက်သည်ကား အတော်အသင့် အတွေ့အကြုံ ရင့်ကျက်သူဖြစ်လေရာ စုချန်းသည် သွေးဗီဇပါသူ မဟုတ်မှန်း ချကိချင်း သိလိုက်၏။ နဂါးကျောင်းတော်တွင် လအနည်းငယ်ခန့်သာ နေထိုင်ရသေးရုံနှင့် သွေးဗီဇမပါသူ ကျောင်းသား တစ်ယောက်အဖို့ ဒုတိယအခန်းကို ဖြတ်သန်းရန်မှာ မဖြစ်နိုင်။ ဤလူငယ်သည် မုချ ရှုံးနိမ့် ရပေလိမ့်မည်။ ထိုအဖြေမှာ လူပိန်ကျောင်းသား လက်ထောက် ရှာဖွေနေသောအဖြေ အတိအကျပင် ဖြစ်၏။ သူသည် သူတပါး၏ ရှုံးနိမ့်မှုအား စောင့်ကြည့်ရသည်ကို အလွန်ပျော်သည့် လူစားမျိုး ဖြစ်သည်။

သို့သော် ဒုတိယအခန်း၏ တံခါးပေါက်တွင် မီးစိမ်းလာပြီး တံခါးပွင့်လာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ချက်ချင်း ပျောက်ကွယ် သွား၏။ တံခါးပွင့်သွားသည်နှင့် စုချန်းသည် ရမှတ် ၅၀ ပေါင်းထည့်ထားသော သက်သေခံ ကတ်ပြားကို ကိုင်၍ အခန်းတွင်းမှ ထွက်လာ၏။

“မဆိုးဘူးဟေ့ တကယ်တော်တာပဲ”

သူက မျက်နှာပေါ်ရှိ အံ့သြသင့်မှုကို ထိန်းချုပ်ရင်း ရိုးသားဟန်ပြုကာ စုချန်းကို ကပျာကယာ ချီးကျူးလိုက်သည်။

“တတိယ အခန်းကိုကော ဝင်အုံးမလား ပထမနှစ် ကျောင်းသားတွေထဲက တချို့လောက်ပဲ တတိယအခန်းကို ရှင်းလင်းနိုင်ကြတယ်”

စုချန်းက စဉ်းစားဟန် ပြုလိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်မှာ ထိစပ်လုမတတ် ဖြစ်နေရာ အလေးအနက် စဉ်းစားနေမှန်း သိသာနေ၏။ ခေတ္တမျှ စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ စမ်းကြည့်သေးတာပေါ့”

သေစမ်း ... တကယ်ကြီးပဲဟ ... ။

ကျောင်းသား လက်ထောက်က စိတ်ထဲတွင် ကြိတ်၍ ရေရွတ်လိုက်သည်။ ဤလူငယ်ကို ကြည့်ရသည်မှာ မည်သည့် အချိန်တွင် ရပ်တန့်သင့်မှန်း နားလည်ဟန် မပေါ်ချေတကား။

ဤအခန်းတွင်းရှိ တံခါးပေါက် နှစ်ချပ်စီတိုင်းသည် နှစ်တနှစ်ကို ကိုယ်စားပြုနေ၏။ တစ်နည်းအားဖြင့် ဆိုရသော် ၎င်းသည် နဂါးကျောင်းတော်က ချမှတ်ထားသော ပုံစံဟု ဆိုနိုင်သည်။ ဆိုလိုသည်မှာ ပထမနှင့် ဒုတိယတံခါးများသို့ ဝင်ရောက်ခဲ့ပြီးဖြစ်၍ ပထမနှစ် ကျောင်းသားမျှသာ ဖြစ်သော စုချန်းအတွက် ရပ်တန့်ရမည့်အချိန် ဖြစ်သည်။ တတိယတံခါးပေါက်သည် ဒုတိယနှစ် ကျောင်းသားများအတွက် ရည်ရွယ်ထားခြင်း ဖြစ်လေရာ ပထမနှစ် ထိပ်သီး ကျောင်းသားများသာ ဤအခန်းကို ကျော်ဖြတ်နိုင် ပေလိမ့်မည်။

အမှတ်ပေး စနစ်မှာလည်း ထိုအပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။ ပထမနှစ်ကျောင်းသားသည် ပထမစာသင်နှစ်တွင် ပထမနှင့် ဒုတိယအခန်းကို ဖြတ်သန်းနိုင်ပါက အမှတ်များများ ရရှိပေလိမ့်မည်။ အကယ်၍ မဖြတ်သန်းနိုင်ပါက အမှတ်အနည်းငယ်သာ ရရှိပေလိမ့်မည်။

အလွန်ထူးချွန် ထက်မြက်သော ကျောင်းသားတချို့သာ မိမိ၏ စာသင်နှစ်ထက် ကျော်လွန်သော အခန်းများကို ဖြတ်သန်း ရှင်းလင်းနိုင်စွမ်း ရှိကြလေရာ သွေးဗီဇပင်မပါသော ဤကျောင်းသားကား ဤသို့ စွမ်းဆောင်နိုင်စရာ မရှိဟု ကျောင်သား လက်ထောက်၏ စိတ်ထဲတွင် တစ်ထစ်ချ ယုံကြည်ပြီးဖြစ်သည်။

တတိယအခန်း ... ဟုတ်လား ... အေး အေး ... မင်း လှလှပပကြီး ဒုက္ခရောက်တာကို ငါ ထိုင်ကြည့်နေလိုက်ဦးမယ် ...

ကျောင်းသား လက်ထောက်ကား ပိတ်ထားသော တံခါးကိုကြည့်ရင်း စိတ်ထဲတွင် ကြုံးဝါးနေ၏။ သိပ်မကြာချေ။ မီးစိမ်းလေး ဖျတ်ခနဲ လင်းလာပြီး ကြေးဝါရောင် တံခါးသည် ပွင့်လာ၏။ စိတ်ထားမကောင်းသော လူပိန်သည်ကား ပါးစပ်အဟောင်းသားနှင့် ဖြစ်နေတော့သည်။

သူတောင်းစားလေး ... တယ်ဟုတ်ပါလား ... ဒီတစ်ခါလည်း နိုင်သွားပြန်ပြီ ... ။

သွေးဗီဇမပါသော ပထမနှစ်ကျောင်းသား တစ်ယောက်က ကျောင်းဖွင့်ပြီး လအနည်းငယ်အတွင်း တတိယ တံခါးပေါက်ကို ဝင်ရောက်နိုင်ခဲ့သည်ဟုသာ သတင်းပျံ့သွားပါက လူအတော်များများ အံ့သြသင့်ကုန်မည်မှာ သေချာနေ၏။ သို့သော် ဤတစ်ကြိမ်တွင်တော့ စုချန်း ကိုယ်တိုင်လည်း သက်သာလှပုံမရ။ သူ့နဖူးပေါ်တွင် ချွေးများဖြင့် ရွှဲရွဲစိုနေပြီး သူ့ပုံစံမှာလည်း အလွန်မောပန်းနေဟန် ရှိ၏။ သို့သော် သူ အလွန်ပျော်နေ၏။ အကြောင်းမှာ ဤတစ်ကြိမ်တွင် သူသည် အမှတ် ၁၀၀ တိတိ ရရှိလိုက်သည် မဟုတ်ပါလား။

ထိုအခါ သူ့ခေါင်းထဲတွင် အတွေးတခု ပေါ်ပေါက်လာ၏။ စတုတ္ထအခန်းကိုသာ ဖြတ်သန်းနိုင်ခဲ့လျင် သူ့အနေနှင့် အမှတ်မည်မျှထိ ရရှိနိုင်မည်နည်း။ သို့သော်ငြားလည်း တတိယအခန်းကို ဖြတ်သန်းနိုင်ရန် သူ့အနေနှင့် အတော်လေး အားထုတ်လိုက်ရ၏။ အဖြူရောင်မျှော်စင် ပို့ဆောင်ခြင်း နည်းစနစ်ကို သာမက မူလစွမ်းအင် အလင်းမြားတို့ကိုပါ ထုတ်သုံးလိုက် ရလေရာ နောက်တခန်းကို ဖြတ်သန်းရန် စုချန်းအနေနှင့် ယုံကြည်မှုမရှိတော့။ ထိုအခါ သူသည် ထိုစိတ်ကူးကို လတ်တလောတွင် စွန့်လွှတ်လိုက်ရ၏။

သို့တိုင်အောင် သူက ပိန်ရှည်ရှည်လူကို မေးမြန်းလိုက်သေးသည်။

“ပထမနှစ် ကျောင်းသားတွေထဲမှာ တတိယအခန်းကို ဖြတ်သန်းနိုင်တာ ဘယ်နှယောက်လောက် ရှိသလဲဗျ”

စုချန်းသည် အခန်းသုံးခန်း စလုံးကို တစ်ပြိုင်တည်း ဖြတ်ကျော်ခဲ့လေရာ ပိန်ရှည်ရှည်ကျောင်းသား လက်ထောက်၏ စိတ်ထဲတွင် အတော်လေး ရိုကျိုးလာပုံရသည်။ သူက စာရင်းစာအုပ်ကို ဖွင့်ဖတ်ပြီး တရိုတသေပင် ပြန်ဖြေလိုက်သည်။

“မင်းအပါအဝင်ဆိုရင် ခုချိန်ထိ ၈၄ ယောက်ပဲ ရှိသေးတယ်”

၈၄ ယောက်တောင် ရှိတယ်ဆိုပါကလား ... ။

ထိုအထဲတွင် စမ်းသပ်ရန် လာရောက်ပြီး အခန်းသုံးခန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခြင်း မရှိခဲ့သူများ၏ စာရင်းကို ထည့်တွက်ထားခြင်း မရှိသေးပင်။ သို့တိုင်အောင် နဂါးကျောင်းတော်၏ ပထမနှစ်ကျောင်းသားများထဲတွင် စွမ်းဆောင်ရည်ကောင်းသူ အတော်များများ ရှိနေသေးသည်ဟု ဆိုနိုင်၏။ ထိုအခါ စုချန်းက ထပ်မံ မေးမြန်းလိုက်သည်။

“စတုတ္ထအခန်းကို အောင်မြင်ဖူးတဲ့ လူကော ရှိသလား”

ပိန်ပိန်ပါးပါးလူက စာအုပ်ကို တဖျတ်ဖျတ် မည်အောင် လှန်ရင်း ပြောလိုက်သည်။

“ငါးယောက်ရှိတယ်ကွ”

စတုတ္ထအခန်းကို အောင်မြင်သူ ငါးယောက်တောင် ရှိနေတဲ့လား ... ။

စုချန်းက ထပ်ဆင့်မေးခွန်း ထုတ်လိုက်ပြန်သည်။

“သူတို့ဘယ်သူလည်း ကျုပ်များ သိခွင့်ရှိမလား”

ထိုလူကလည်း အလွယ်တကူပင် ဖြေလိုက်သည်။

“ငါးယောက်ထဲက နှစ်ယောက်က သူတို့ ဘယ်သူဘယ်ဝါ ဆိုတာကို မသိစေချင်ဘူး ဒါပေမဲ့ ကျန်သုံးယောက်ကတော့ ဘာမှဖုံးကွယ်ထားတာ မရှိတဲ့အတွက် ပြောပြလို့ရပါတယ် အဲဒီသုံးယောက်က ကျန်းစီချွဲ့ ယွဲ့လောင်ရှနဲ့ ဂျီဟန်းယင်တို့ပါ”

လက်စသတ်တော့ ဂျီဟန်းယင်သည်လည်း ထိုငါးယောက်ထဲတွင် တစ်ယောက် အပါအဝင် ဖြစ်နေ၏။ သူမ ပိုင်ဆိုင်ထားသော အင်အားအရ ထိုကိစ္စမှာ အံ့သြစရာ မဟုတ်ချေ။ အမှန်တော့ ဂျီဟန်းယင်သည် အခန်းငါးကိုပင် အောင်မြင်စွာ ဖြတ်ကျော်နိုင်မည့် အရည်အချင်းမျိုးရှိသူ ဖြစ်သည်။ သူမအနေနှင့် အခန်းငါးကို မဝင်ခဲ့ခြင်းမှာ သတိကြီးလွန်း၍သာ ဖြစ်ပေလိမ့်မည်။ ကျန်းစီချွဲ့နှင့် ယွဲ့လောင်ရှတို့ နှစ်ယောက်၏ အခြေအနေကိုကား စုချန်း မသိ။

အလွန်ပိန်သော ကျောင်းသား လက်ထောက်က မေးလာပြန်၏။

“အခန်းသုံးကို ရှင်းလင်းနိုင်ခဲ့ပြီ ဆိုတော့ မင်းရဲနာမည်ကို ဒီစာအုပ်မှာ စာရင်းသွင်းခွင့်ရှိပါပြီ သွင်းလိုက်ရမလား”

“ရတယ်ဗျ မလိုဘူး”

စုချန်းက ချက်ချင်းပင် ဟန့်တားလိုက်၏။ သူ့အနေနှင့် အဆင့်အတန်းနှင့် ဂုဏ်ပကာသနကို မလိုအပ်။ မည်သူက မည်သည့်အခန်းကို ဝင်ရောက်နိုင်ခဲ့သည် ဟူသော သတင်း အချက်အလက်ကို သိရပြီးနောက် သူသည် မိုးမခမြားကျန်းချန်းအန်နှင့် သွေးနတ်ဆိုး ကျုံးတင်တို့၏ အဆင့်အတန်းသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း စုချန်းက တွက်ဆမိလိုက်သည်။ တောင်သုံးလုံး ပြိုင်ပွဲတွင် အဆင့်ငါး ရရှိခဲ့ခြင်းသည် ကံကောင်းထောက်မ၍သာ ဖြစ်သော်လည်း လက်ရှိတွင်ကား အဆင့် ၅ နှင့် ထိုက်တန်သော အရည်အချင်းမျိုး အမှန်တကယ် ရှိနေပြီဖြစ်ကြောင်း စုချန်းအနေနှင့် လက်မထောင် နိုင်ခဲ့လေပြီတည်း။ သို့ရာတွင် သူ၏ ပစ်မှတ်ဖြစ်သော ပါရမီရှင် ဂျီဟန်းယင်ကို အမှီလိုက်ရန်မှာကား များစွာ ကြိုးစား အားထုတ်ရန် လိုအပ်နေပေအုံးမည်။ သို့ရာတွင် ပြသနာတော့မရှိ။ ပစ်မှတ် ဆိုကတည်းက နောက်က လိုက်နေရသည်ဟူသော အဓိပ္ပာယ်ကို ဆောင်နေသည် မဟုတ်ပါလား။

ထို့နောက် စုချန်းသည် အခန်းလေး တံခါးပေါက်ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး ထိုနေရာမှ ထွက်ခွာ လာခဲ့တော့သည်။ အလွန်ပိန်သော ကျောင်းသား လက်ထောက်သည် လေးစားသော အမူအရာနှင့် စုချန်းအား စိုက်ကြည့်လျက် ကျန်နေခဲ့လေသည်။

***

ခုနစ်လဟူသော အချိန်သည် လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွား၏။ အချိန်ကြာ လာသည်နှင့်အမျှ နဂါးကျောင်းတော်တွင် ထောက်ပံ့ အမှတ်များသည် အလွန်အရေးကြီးကြောင်း စုချန်း သိရှိလာ၏။ ကျောင်းတော်မှ ပေးထားသော ဝန်ဆောင်မှုများကို ရရှိနိုင်ရန် ကျောင်းသားများသည် ထိုအမှတ်များနှင့် ဖလှယ်ယူကြရခြင်း ဖြစ်သည်။ လူအများ ပြောစကားအရ ဤစနစ်သည် ကျောင်းသားများအကြား ကွာဟချက်ကို လျှော့ချနိုင်စေရန် ဖန်တီးထားသည်ဟူ၏။ ချမ်းသာကြွယ်ဝသော ကျောင်းသားများ အနေနှင့် ငွေကိုရေလိုသုံးကား တခြားကျောင်းသားများအပေါ် အသာစီးရယူခြင်းကို ထိန်းချုပ်နိုင်စေရန် ထောက်ပံ့ကြေး အမှတ်များကို အစားထိုး အသုံးပြုစေသည် ဟူသော အဓိပ္ပာယ် ဖြစ်သည်။

သို့ရာတွင် လူတန်းစားမညီမျှမှု ဟူသည် နေရာတိုင်းတွင် ရှိစမြဲသာတည်း။ တော်ဝင်မျိုးနွယ်စုဝင်များအဖို့ သွေးဗီဇပိုင်ရှင်များ ဟူသည့် မွေးရာပါ အခွင့်ထူးကို ပိုင်ဆိုင်ထားပြီးသား ဖြစ်လေရာ မည်မျှပင် ကန့်သတ်ထားစေကာမူ သာမန်ကျောင်းသားများ အနေနှင့် ၎င်းတို့ကို ယှဉ်နိုင်ရန် ခဲယဉ်းလှ၏။ အနှီလူတန်းစား မညီမျှမှုသည် ကံတရားကြောင့်သာ ဖြစ်လေရာ မည်သူက မည်သူ့ကို အပြစ်ပုံချလေမည်နည်း။

သူ မူလပိုင်ဆိုင်ထားသော ရမှတ်များအပြင် အပိုဆောင်းရမှတ် ၁၇၀ အထိ ရရှိပြီးနောက် စုချန်းက စာကြည့်တိုက်သို့ သွားရောက်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်သည်။

အာကင်နာမျိုးစိတ်များ အကြောင်းကို ထဲထဲဝင်ဝင် လေ့လာခဲ့ပြီးကတည်းက စုချန်းသည် ဗဟုသုတ ရှာမှီးရာတွင် အခြားသူများထက် အဆပေါင်းများစွာ ပို၍ ကြိုးစား အားထုတ်လာခဲ့၏။ ၎င်းမှာ မျိုးစိတ်နှစ်စိတ်အကြား ကွဲပြားခြားနားမှုများနှင့်လည်း သက်ဆိုင်နေ၏။

အာကင်နာမျိုးစိတ်တို့၏ အင်အားဟူသည် ၎င်းတို့၏ အသိညဏ်ပညာ ဗဟုသုတမှ လာ၏။ အာကင်နာပညာရှင်တိုင်း လိုလိုသည် ကမ္ဘာလောကကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုတို့ကို အစဉ်တစိုက်ပင် ရှာဖွေလေ့လာ စူးစမ်းခဲ့ကြသည်။ လူသားများမှာကား အာကင်နာများနှင့် မတူပေ။ လူသားများသည် အသိပညာပိုင်း ဆိုင်ရာကို ပစ်ပယ်မထားကြ သော်လည်း ၎င်းတို့၏ အသိပညာ ဗဟုသုတ မှန်သမျှသည် ကိုယ်ခန္ဓာစွမ်းအင် စုဆောင်းခြင်း၊ လေ့ကျင့်ခြင်းနှင့်သာ အမြဲတစေ ဆက်စပ်နေလေ့ ရှိသည်။ လူသားတို့အတွက် အသိပညာဟူသည် ၎င်းတို့၏ မူလစွမ်းအင် တိုးပွားလာစေရန်နှင့် မူလစွမ်းရည်များကို အသုံးချနိုင်ရန်သာ ဖြစ်ကြသည်။ မူလစွမ်းအင်နှင့် ပတ်သက်ခြင်း မရှိလှသော တခြားဗဟုသုတ မှန်သမျှသည် လူသားတို့၏ ကမ္ဘာတွင် အရေးမကြီး။

အမှန်တော့ ချည်းကပ်ပုံ ချည်းကပ်နည်း ကွာခြားခြင်းဟူသည် ရုပ်ပိုင်းဆိုင်ရာ ကွဲပြားခြင်း အပေါ်တွင်လည်း များစွာ မူတည်နေ၏။ အာကင်နာမျိုးစိတ် ဟူသည် ရုပ်ပိုင်းဆိုင်ရာ အလွန်အားနည်းပြီး ညဏ်ရည်မြင့်မားသူများ ဖြစ်ကြလေရာ ၎င်းတို့အနေနှင့် မူလစွမ်းအင်ပုံစံများ ဖန်တီးရေးကိုသာ အထူးတလည် အာရုံစိုက်ခဲ့ခြင်းမှာ အံ့သြစရာတော့ မဟုတ်ချေ။ ထိုအခါ တခြားမျိုးစိတ်များ အနေနှင့်လည်း အာကင်နာ နည်းစနစ်များကို လေ့လာပြီး အသုံးပြုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ နည်းစနစ်သည် ကိုယ်ခန္ဓာအတွင်း စီးဆင်းနေသော မူလစွမ်းအင် အပေါ်သာ သက်ရောက်သောကြောင့် ဖြစ်သည်။ သို့သော် လူသားများ တီထွင်လိုက်သည့် မူလစွမ်းအင် အဆောင်လက်ဖွဲ့များမှာကား လူသားများ၏ ကိုယ်တွင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်လေရာ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာ အပေါ်တွင်ပါ သက်ရောက်မှုများ ရှိနေ၏။ တစ်နည်းအားဖြင့် လူသားတို့သည် မိမိကိုယ်တွင်းရှိ ဖွဲ့စည်းထားသော မူလစွမ်းရည်ကို နှိုးဆွ အသုံးပြုလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားတို့၏ နည်းစနစ်ကို တခြားမျိုးစိတ်များ အသုံးပြုရန်မှာ မဖြစ်နိုင်ချေ။

သို့ရာတွင် စုချန်းသည်ကား မည်သူနှင့်မတူပဲ တစ်မျိုးတစ်ဘာသာ ဖြစ်နေ၏။ သူသည် ရှေးဟောင်းအာကင်နာ နည်းစနစ်များနှင့် လက်ရှိခေတ်သုံး မူလစွမ်းရည်များကို အချိုးကျနစွာ ပေါင်းစပ်နိုင်ခဲ့၏။ တစ်နည်းအားဖြင့် သူသည် အတိတ်နှင့် ပစ္စုပ္ပာန်ကို ပေါင်းစပ်နိုင်မည့် လမ်းကြောင်းသစ် တစ်ခုကို မထင်မှတ်ဘဲ ဖော်ထုတ်မိလိုက်ခြင်း ဖြစ်သည်။ ဤလမ်းကြောင်းကို သူ့ဖာသာသူ ဖော်ထုတ်မိခြင်း ဖြစ်သော်လည်း ဤလမ်းကြောင်းကို လျှောက်မည့် သူများအနက် စုချန်းသည် ပထမဦးဆုံး မဟုတ်။ လက်ရှိခေတ်ကာလတွင် တီထွင်ဆန်းသစ်ထားသော အာကင်နာ နည်းစနစ်တချို့ ရှိပြီးဖြစ်သည်။ ဝိညာဉ်မျက်လုံးသည် ထိုအထဲမှ တစ်ခုဖြစ်သည်။ သို့သော် ရှုပ်ထွေးမှုကြောင့်သော် လည်းကောင်း၊ စစ်မြေပြင်တွင် အသုံးမဝင်သောကြောင့် သော်လည်း သူ့ရှေ့မှ ဆရာ့ဆရာများကား ရှုံးနိမ့်ခဲ့ကြပုံရသည်။ စုချန်းအဖို့ကား ဘရုခ်ပုံသေနည်းနှင့် ထူးခြားသော အမြင်အာရုံကြောင့် အောင်မြင်မှု သရဖူကို ဆွတ်ခူးနိုင်ရန် တခြားလူများထက် အခွင့်သာနေ၏။

လက်ရှိ သူ၏ အဓိက ပြသနာမှာကား ဗဟုသုတ နည်းပါးလွန်းနေခြင်း ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန်မှာလည်း နဂါးကျောင်းတော်၏ ပင်မစာကြည့်တိုက်ထက် ပို၍ ကောင်းမွန်သော နေရာမရှိ။

စာကြည့်တိုက်သို့ ရောက်ရှိခဲ့သောအခါ ထိုနေရာတွင်လည်း ပြန်လည်ဆန်းစစ်သူများ ခန်းမကဲ့သိုပင် ကျောင်းသား လက်ထောက်များ ရှိနေ၏။ ကျောင်းသားများအနေနှင့် ထိုနေရာတွင် အပိုတာဝန် ထမ်းဆောင်ခြင်းဖြင့် သင့်တင့်သော ထောက်ပံ့ကြေး အမှတ်တချို့ကို ရရှိနိုင်၏။ ဤတစ်ကြိမ် စုချန်း ချည်းကပ်လိုက်သော ကျောင်းသား လက်ထောက်မှာ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးတစ်ဦး ဖြစ်သည်။ စုချန်းအား လူသစ်မှန်း သိလိုက်သည်နှင့် အနှီ မိန်းကလေး လက်ထောက်က အောက်ပါအတိုင်း ရှင်းပြပြောဆိုလိုက်သည်။

“ဒီအထဲက စာအုပ်တွေကို အပြင်ကို ယူသွားခွင့်မရှိဘူး ဒီစာကြည့်တိုက်ထဲမှာပဲ ဖတ်ရှုရမယ် ဖတ်ရှုတဲ့ တစ်နာရီတိုင်းအတွက် အမှတ် ၁၀ မှတ်စီ ကျသင့်မယ် တကယ်လို့ ရှင်ဟာ အထူးအခွင့်အရေးတချို့ ပိုင်ဆိုင်ထားသူ ဆိုရင်တော့ ဦးစားပေး အဆင့်အတန်းပေါ် မူတည်ပြီး လျှော့ဈေးနဲ့ ဖတ်ရှုနိုင်တယ်”

သူမ၏ စကားအတိုင်းသာ ဆိုပါက ဒုတိယအဆင့် ကျောင်းသား တစ်ယောက်ဖြစ်ပြီး ဦးစားပေးကုသမှုအဆင့် ၉ ရရှိထားသော စုချန်းသည် တစ်နာရီအတွက် ရမှတ် ၉ မှတ်သာ ကျသင့်ပေတော့မည်။ ထိုအခါ သူက ထပ်မံ မေးမြန်းလိုက်၏။

“ဦးစားပေးအဆင့်ကို ဘယ်လိုမြှင့်တင်ရမလဲဗျ”

“ရှင့်အနေနဲ့ ကျောင်းတော်က ပေးအပ်တဲ့ တာဝန်တချို့ကို ကျေပြွန်အောင် ဆောင်ရွက်ပြီး ဒီအဆင့်တွေကို မြှင့်တင်နိုင်တယ် ဒါမှမဟုတ်ရင်လည်း ထောက်ပံ့ကြေး အမှတ်တွေကို အသုံးပြုပြီး ဝယ်ယူနိုင်တယ် ဦးစားပေး အဆင့်အတန်း ၉ ကို သွားချင်ရင် ရှင့်အနေနဲ့ အမှတ် ၁၀၀ နဲ့ ဝယ်ယူရလိမ့်မယ်”

စုချန်းသည် ကနဦးကတည်းက ဦးစားပေး အဆင့် ၉ ရရှိထားမှန်း မိန်းကလေးက မသိရှိလေရာ အသေးစိတ်ပင် ရှင်းလင်း ပြောပြနေ၏။ စုချန်းက ထပ်မံ မေးခွန်းထုတ် လိုက်ပြန်သည်။

“ဒါဖြင့် ဦးစားပေး အဆင့် ၉ ကနေ အဆင့် ၈ ကို သွားချင်ရင်ကောဗျ”

“ထောက်ပံ့ကြေးအမှတ် ၁၅၀ နဲ့ ဝယ်ယူရလိမ့်မယ် တစ်ခုရှိတာက ရှင်အခု ဝယ်လိုက်တဲ့ ဦးစားပေး အဆင့်ဟာ စာကြည့်တိုက် တစ်ခုတည်းအတွက် တင်မကပဲ တစ်ကျောင်းလုံးအတွက် အကျုံးဝင်တယ် ဒါကြောင့် တခြားနေရာတွေမှာလည်း အသုံးဝင်နေလိမ့်မယ်”

စုချန်းက ခေတ္တမျှ စဉ်းစားရင်း သူ၏ သက်သေခံကတ်ပြားကို ဆွဲထုတ်ကာ ပြောလိုက်သည်။

“ကျွန်တော် အဆင့် ၈ ကို သွားမယ်”

စာကြည့်တိုက် တစ်ခုတည်း အတွက်သာ အကျုံးဝင်နေခဲ့လျှင်ပင် ဤကဲ့သို့ ဝယ်ယူလိုက်ခြင်းသည် ထိုက်တန်သည်ဟု စုချန်းက ယူဆ၏။ အကြောင်းမှာ နောက်ပိုင်းတွင် သူသည် တစ်နာရီလျှင် ၈ မှတ်သာ ကျသင့်တော့မည် မဟုတ်ပါလား။ ရမှတ် ၁၅၀ ကို အသုံးပြုကာ အဆင့် ၈ ကို ဝယ်ယူနေသော စုချန်းကို မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက အံ့သြသင့်စွာ ကြည့်လိုက်သည်။

ထောက်ပံ့ကြေးအမှတ် ၁၅၀ ဟူသည်မှာ နည်းပါးလှသော အရေအတွက် မဟုတ်။ ပို၍ အရေးကြီးသည်မှာ စုချန်းသည် သူ့ထောက်ပံ့ကြေးအမှတ် ၁၅၀ လုံးကို တစ်နာရီလျှင် တစ်မှတ် သက်သာရန် အတွက်သာ အသုံးပြုလိုက်သကဲ့သို့ ဖြစ်နေခြင်းပင်။ အဆိုပါ ထောက်ပံ့ကြေး အမှတ်နှင့် ထိုက်တန်သော တန်ရာတန်ကြေးကို ရရှိရန် သူသည် စာကြည့်တိုက်တွင် အနည်းဆုံး နာရီ ၁၅၀ ခန့် အချိန်ဖြုန်းရမည်ဖြစ်ပြီး ထိုအတွက် နောက်ထပ် ထောက်ပံ့ကြေးအမှတ် ၁၂၀၀ ခန့် ထပ်မံ အသုံးပြုရမည်ကဲ့သို့ ရှိနေ၏။ သို့သော် ထောက်ပံ့ကြေး အမှတ်များ လောက်လောက်ငင မရှိလျှင်ပင် သူ့ယုံကြည်ချက်အတိုင်း ဆောင်ရွက်ရန် စုချန်းသည် ဝန်လေးတတ်သူ မဟုတ်။

ကျောင်းသားဟူသည် အများပြည်သူသုံး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ထောက်ပံ့ကြေးအမှတ် များများစားစား ရကြသူများမဟုတ်။ ထိုအနေအထားတွင် မိမိ၏ အမှတ်ကို စာကြည့်တိုက်တွင် လာရောက်ဖြုန်းတီးသူ အများစုမှာ ကျောထောက်နောက် နည်းပါးသူ၊ အင်အားနည်းသူများသာ ဖြစ်နေတတ်၏။ သူတို့အနေနှင့် အရေးကြီး ပုဂ္ဂိုလ် တစ်ယောက်ယောက်၏ မျက်နှာသာပေးခြင်း ခံရဖို့ဆိုသည်မှာ အိပ်မက်သဖွယ်သာ ဖြစ်လေရာ အလွယ်တကူ ရရှိနိုင်သော နေရာများတွင်သာ ကိုယ်ခန္ဓာစွမ်းအင် မြင့်တက်စေသော နည်းလမ်းများကို လိုက်လံ ရှာဖွေကြသည့် သဘောဖြစ်သည်။

ထို့ကြောင့် မိန်းကလေးက စုချန်းက အံ့သြသင့်စွာ စိုက်ကြည့်နေခြင်း ဖြစ်သည်။ သို့သော် စုချန်းကား သူမ၏ အထင်အမြင်ကို အနည်းငယ်မျှပင် ဂရုမစိုက်။ အဆင့် ၈ ကို ဝယ်ယူပြီးသည်နှင့် စာကြည့်တိုက် အတွင်းသို့ ဝင်ရောက် လာခဲ့လေသည်။

စာကြည့်တိုက်အတွင်းသို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် သူ့အမြင်အာရုံ အတွင်းသို့ အလွန်တရာ ရင်းနှီးကျွမ်းဝင်လှသော ပုံပန်းသဏ္ဌာန် တစ်ခုက တိုးဝင်လာ၏။

စုချန်း၏ တစ်ကိုယ်လုံးသည်ကား မိုးကြိုးပစ်ခံလိုက်ရ သကဲ့သို့ ရှိလေ၏။ သူ့ခြေထောက်များသည်လည်း ကြမ်းပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ ထင်ရသည်။

သူ့နှုတ်ဖျားမှ တီးတိုးရေရွတ်သံ ပေါ်လာ၏။

"ကုချိန်းလွှာ"

All Chapters